← Chapters

မဟာ အသွင်ပြောင်ခြင်း (၂)

Vol. 112 Ch. 1565

မဟာ အသွင်ပြောင်ခြင်း (၂)

Vol. 112 Ch. 1565

အခြားတစ်ဖက်၌...

“အဲဒါက...”

ဝူယု၏ မဟာ အသွင်ပြောင်းခြင်းကို ကြည့်ကာ ထျန်းရှန်းယန် တစ်ယောက် အလွန်ပင် ထိတ်လန့် တုန်လှုပ် သွားခဲ့၏။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း၏ ကျင့်ကြံခြင်း နည်းလမ်းမှာ အင်ပါယာ ကလန်၏ ကျင့်ကြံခြင်း နည်းလမ်းနှင့် ဆက်စပ်နေကြောင်း သူ ကောလဟလ တစ်ချို့ကို ကြားဖူးပေသည်။ သို့သော်လည်း ထိုအရာမှာ ချဲ့ကားထားသည့် ယူဆချက် တစ်ခု ဖြစ်လိမ့်မည်ဟုသာ သူ ကောက်ချက်ချခဲ့သည်။

အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာနှင့် အင်ပါယာ အကြံပေးတို့မှာ ထိုနည်းလမ်းကို စစ်ဆေးပြီးနောက် မည်သည့် အရေးယူ ဆောင်ရွက်မှုမျိုးကိုမှ မလုပ်ခဲ့လေရာ အင်ပါယာ ကလန်သားများ အတွက် အဖြေက ရှင်းလင်းပေသည်။ အကယ်၍ ဝူယုသာ အင်ပါယာ ကလန်၏ ကျင့်ကြံခြင်း နည်းလမ်းကို အမှန်တကယ် ခိုးယူ ကျင့်ကြံထားပါက ထိုအရာက သေဒဏ် ဖြစ်သည်။ ဤသို့ဖြင့် သူတို့အားလုံး ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။

သို့သော်လည်း... ဝူယု၏ မဟာ အသွင်ပြောင်းခြင်းကို မျက်မြင်တွေ့လိုက်ရသော အခါတွင်တော့ ဆက်စပ်မှုက အမှန်တကယ် ဖြစ်နိုင်ကြောင်း ထျန်းရှန်းယန် တွေးတောလိုက်မိသည်။ ထျန်းလင်းယု၏ မျက်လုံးများမှာလည်း အလားတူပင် အံ့ဩမှုများနှင့် ကျဉ်းမြောင်း သွားခဲ့၏။

ယန်ချောင်ယွီကတော့ တည်ငြိမ်စွာပင် မှတ်ချက် ပေးလိုက်၏။

“နည်းလမ်း တစ်ခုကြားမှာ ကွာခြားချက်တွေ ရှိသလို တူတာတွေလည်း ရှိတယ်... ဘာလို့ တူနေရတာလဲ ဆိုတာကတော့ အကြောင်းပြချက် တစ်ခု ရှိရမယ်...”

ဝူယု၏ ထိုကျင့်ကြံခြင်း နည်းလမ်းမှာ ဝေ့ဝူယင်နှင့် ပတ်သက် ဆက်နွယ်မှု မရှိနိုင်ဟုတော့ သူမ ယူဆမိသည်။ အဘယ်ကြောင့် ဆိုသော်... ဝူယုမှာ ဝေ့ဝူယင် မမွေးဖွားမီ နှစ်ထောင်ပေါင်းများစွာ ကတည်းက လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

သေမျိုး အဆင့်ကို လွန်မြောက်ပြီး နောက်တွင် အဓိက ကျင့်ကြံခြင်း လမ်းကြောင်းကို ပြောင်းလဲရန်မှာ ခက်ခဲလှသည်။ မိမိ၏ မူလ နည်းလမ်းနှင့် မဆန့်ကျင်သည့် အရံ နည်းလမ်းများ သို့မဟုတ် အခြား အဆင့်မြင့် နည်းလမ်းများကိုတော့ ကျင့်ကြံလို့ ရပေသည်။ သွေးမူလ နည်းလမ်းမှာ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို အထောက်အပံ့ပေးနိုင်သည့် အရံနည်းလမ်း တစ်ခု ဖြစ်ပေသည်။

“...”

လူတိုင်း စိတ်ဝင်တစား ကြည့်နေကြချိန်တွင် အားလုံး၏ အာရုံ စူးစိုက်မှု အလယ်၌ ရှိနေသည့် ပုဂ္ဂိုလ်နှစ်ဦးကတော့ ကောင်းကင်ကို လွှမ်းမိုး သိမ်းပိုက်ရင်း ရပ်နေခဲ့ကြလေသည်။

တတိယမြောက် မဟာ အသွင်ပြောင်းခြင်းမှာ အင်ပါယာ ကောင်းကင် အော်ရာ အပါအဝင် ကျင့်ကြံခြင်း၏ ကဏ္ဍပေါင်းစုံကို စိတ်ကူး မယဉ်နိုင်လောက်သည့် အတိုင်းအတာ အထိ မြှင့်တင်ပေးခဲ့သလို ထျန်းဝေလုံ၏ အသွင်ပြောင်းလဲမှုမှာလည်း များစွာ နောက်ကျ ကျန်နေခဲ့ခြင်း မရှိပါချေ။ ၎င်း၏ အထောက်အပံ့ အောက်တွင် ထျန်းဝေလုံ၏ အဆုံးမဲ့ ကောင်းကင် အင်ပါယာမှာ အဆုံးမဲ့ ကောင်းကင် နေကြယ်ကြီးလိုပင် တောက်ပနေခဲ့၏။

သူတို့ထံမှ ထွက်ပေါ်နေသည့် အော်ရာများမှာ အချိန်၊ အာကာသ၊ မန်နာ၊ အမတေနှင့် အလင်းတို့ကိုပင် ပုံပျက်စေကာ အနီးအနားရှိ ဂြိုဟ်များ၊ လများ၏ ဆွဲငင်အား စက်ကွင်းများကိုပင် လွဲချော် လာစေခဲ့သည်။ သူတို့မှာ နတ်ဘုရားများ အလား ခမ်းနား ထည်ဝါလွန်းလှပေသည်။

ဝှစ်...

ဝူယုနှင့် ထျန်းဝေလုံတို့မှာ တစ်ပြိုင်နက်တည်းပင် လှုပ်ရှားလိုက်ကြ၏။ ဝူယုက လက်ကို အထက် ကောင်းကင်ရှိ ဧရာမ လှံကြီးထံ ဦးတည်၍ မြှောက်လိုက်ခြင်း ဖြစ်ကာ ၎င်းမှာ စတင်ကာ တုန်ခါလာခဲ့သည်။

ထျန်းဝေလုံကတော့ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အဆုံးမဲ့ အမှောင် ဟင်းလင်းပြင်ထံ ခေါင်းမော့ရင်း အသံလှိုင်းမဲ့ ဟိန်းသံ တစ်ခုကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း... အာကာသ၏ သုံးဘက်မြင် အလွှာ တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ရီလာကာ လျှို့ဝှက် စွမ်းအင်များနှင့် အဆုံးမဲ့ ကောင်းကင် အော်ရာတို့မှာ အပြည့်အဝ ပူးပေါင်းလျှက် ဦးချို သုံးချောင်းပါ နဂါးတစ်ကောင်ကို ပုံဖော်လိုက်လေတော့သည်။

ရား...

နဂါးမှာ အန်နုနှင့် အတော်လေး ဆင်တူလှ၏။ သို့သော်လည်း ၎င်းထံ၌ အနီရောင် အကြေးခွံများနှင့် ဦးချို သုံးခု ရှိပေသည်။ အလွန် လျှင်မြန်စွာပင် သတ္တဝါကြီးမှာ အကြီးစား ဂြိုဟ်တစ်လုံး၏ အရွယ်အစားထက်ပင် ကျော်လွန် ကြီးထွားလာခဲ့၏။ ၎င်းမှာ နေကြယ်ပု တစ်လုံး၏ အရွယ်အစားကို ရောက်သည် အထိပင် ဆက်လက် ကြီးထွား သွားခဲ့သည်။

တစ်ချိန်တည်း၌ ဝူယုထံမှ အင်ပါယာ ကောင်းကင် စွမ်းအင်များမှာ စီးကြောင်းများ အဖြစ် ပြောင်းလဲကာ ဧရာမ လှံကြီး အတွင်း စိမ့်ဝင်သွားကြသည်။ ချက်ချင်းပင် လှံရည်ရွယ်ချက်မှာ လောက အတွင်း စတင် ဖြန့်ကျက်လာ၏။ ၎င်းမှာ အာကာသ အလွှာများကို ဖောက်ထွင်း၍ အရာအားလုံးကို လှီးဖြတ်နိုင်ကာ ကြောက်စရာ အကောင်းဆုံးသော နည်းလမ်းဖြင့် တစ်လောကလုံးအား အုပ်စိုးနိုင်ပုံ ရသည်။ တစ်ချိန်တည်း၌ နဂါး၏ အရွယ်အစားနှင့် ကိုက်ညီအောင် ၎င်းသည်လည်း နေကြယ်ပု တစ်လုံး၏ အရွယ်အစားသို့ ရောက်သည် အထိ ကြီးထွားလာခဲ့၏။

အင်ပါယာ ကောင်းကင် စွမ်းအားနှင့် အဆုံးမဲ့ ကောင်းကင် စွမ်းအားတို့ကို ကိုယ်စားပြုနေသည့် ပုံရိပ်ကြီး နှစ်ခုမှာ အဆုံးမဲ့ အမှောင်ထု အတွင်း ရပ်တည်ရင်း နေကြယ်ကြီး နှစ်လုံး ကဲ့သို့ အနီးအနားရှိ ဥက္ကာခဲများနှင့် ကောင်းကင် ခန္ဓာများကိုပင် စတင် ဆွဲငင်လေတော့သည်။

“ဘုရားရေ...”

ကျန်းကျိရီ၏ နှလုံးသားမှာ ကြောက်ရွံ့စိတ်ကြောင့် ပြိုလဲလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲက မိုင်သန်းပေါင်း ထောင်ချီ အကွာအဝေး၌ ဖြစ်ပေါ်နေသည့်တိုင် သူက ထွက်ပြေးချင်စိတ်ကို မနည်း ထိန်းထားရသည်။

ဟန်ယုဟိုင်၏ မျက်လုံးများ လင်းလက်သွား၏။

"သူတို့သာ ထိပ်တိုက်တွေ့ရင်တော့..."

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာနယ်မြေ အတွင်းတွင် သေမျိုးတစ်ပိုင်း အရှင် အဆင့် နှစ်ယောက် အတားအဆီးမဲ့ တိုက်ခိုက်ခဲ့သည့် ဒဏ္ဍာရီ တစ်ခု ရှိခဲ့ဖူးကာ ဂြိုဟ်နှင့် လများကို ပြိုကျစေ၍ ဘီလျံနှင့်ချီသည့် သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။ ထို့နောက်တွင်တော့ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းတွင် ထိပ်တန်း အဆင့် ကျင့်ကြံသူများ မတိုက်ခိုက်ရဆိုသည့် စည်းမျဉ်းအသစ် တစ်ခုကို ဖန်တီးခဲ့ရသည်။

ထိုအချိန်မှစ၍ လျှို့ဝှက် အာဏာရှင် အများစုမှာ ခြားနားသည့် အာကာသ အလွှာများနှင့် စွန့်ပစ်ခံ ကြယ်တာရာ နယ်မြေများတွင်သာ တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း ဤအရာသည်ကား...။

ထျန်းရှန်းယန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။

"သူတို့က အဆုံးမဲ့ ကောင်းကင်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား...”

သေမျိုး တာအို အတွင်းရှိ ကြယ်တာရာ သခင်များသည်ပင် ဂြိုဟ်ငယ်များကို အလွယ်တကူ ဖျက်ဆီး ချေမှုန်းနိုင်စွမ်း ရှိသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များထဲတွင် အားအနည်းဆုံးဟု သတ်မှတ်နိုင်သည့် လျှို့ဝှက် ကြယ်တာရာ အဆင့်များကတော့ အကြီးစား အရွယ် ဂြိုဟ်များကိုပင် ချေမှုန်းနိုင်ကြသည်။ တစ်ချိန်တည်း၌ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူများမှာ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် နေကြယ်ပုများကို ပျောက်ကွယ်သွားအောင် လုပ်နိုင်ပေသည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့်များ အတွက်မူ အားအနည်းဆုံး ကျင့်ကြံသူများသည်ပင် ကြယ်တာရာ နယ်မြေများ အပေါ် အဆုံးမဲ့ ပျက်စီးမှုများကို ဆောင်ယူလာနိုင်ပေသည်။ အကယ်၍ အဆုံးမဲ့ ကောင်းကင်သာ သာမန် အကျယ်အဝန်းလောက်ကိုသာ ပိုင်ဆိုင်ထားပါက လွန်ခဲ့သည့် နှစ်ပေါင်းများစွာလောက်တည်းက ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

မြေကြီးရှန့်ထိုများအကြောင်းကိုပါ ထည့်သွင်း စဉ်းစားရပါက ကြယ်တာရာနယ်မြေတစ်ခုလုံးကိုပင် မိနစ် အနည်းငယ်အတွင်း ဖျက်ဆီးရန် ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း သူတို့ နှစ်ဦး စလုံးမှာ ပုံမှန် စံနှုန်းများဖြင့် တိုင်းတာလို့ ရသည့် အဆင့်နိမ့် မြေကြီး ရှန့်ထိုများ မဟုတ်ကြပါချေ။

ဝူယု၏ ကြယ်တာရာ မျက်လုံးများမှာ နဂါးကြီးကို တိတ်တဆိတ် လေ့လာနေခဲ့ကာ သူ၏ မျက်နှာ အမူအရာမှာ မုန်တိုင်း မလာခင် ရေမျက်နှာပြင်လို တည်ငြိမ် နေခဲ့၏။ သူ၏ လှံမှ ထွက်ပေါ်လာနေသည့်ဘ အသံများကတော့ နားများကို သွေးများ ယိုစီးကျစေသည် အထိ ပိုမို ပြင်းထန်လာခဲ့သည်။

ထျန်းဝေလုံက လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။ နဂါးက အသံကို ပြန်လည် ခုခံကာ မဆုတ်မနစ် ဟိန်းသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"တော်လောက်ပြီ..."

ရုတ်တရက် အလွန်တရာ နက်ရှိုင်းလှကာ ပဲ့တင်ထပ်နေသည့် အသံတစ်ခုမှာ အာကာသ အလွှာများကို ထိုးဖောက်ကာ သူတို့ နှစ်ဦးစလုံး၏ စိတ်ဝိညာဉ်များထံ ရောက်ရှိလာခဲ့သည်။

ထျန်းဝေလုံ၏ ရွှေရောင် ကြယ်တာရာ မျက်လုံးများမှာ ဝူယုကို ကြည့်ရင်း အနည်းငယ် ပြောင်းလဲ သွား၏။ သူ၏ နှလုံးသားအတွင်းတွင်တော့ ပြင်းထန်သည့် ပြိုင်ဆိုင်လိုစိတ် တစ်ခုက နေရာယူနေကာ တိုက်ပွဲ၏ ရလဒ်ကို မြင်တွေ့လိုသော ဆန္ဒတစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း... နောက်ဆုံးတွင်တော့ အကြောင်းပြချက်က အနိုင်ရသွား၏။ သူ၏ ချိုသုံးချောင်းပါ အနီရောင် နဂါးမှာ ဖြည်းညင်းစွာပင် နောက်ဆုတ်လာခဲ့သည်။

သို့သော်လည်း ဝူယုကတော့ နှာခေါင်းရှုံ့လိုက်၏။

"ဒီလိုစကားပြောဖို့ မင်းမှာ အရည်အချင်းပြည့်မီတယ်ဆိုတာ သက်သေပြလိုက်ပါဦး.."

ဝူယုက တုံ့ဆိုင်းမှု မရှိပါဘဲ လက်ကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာနယ် မြေဘက်သို့ ဦးတည်၍ လွှဲလိုက်သည်။

ဘုန်း...

ချက်ချင်းပင် နေကြယ်ပု အရွယ် ဧရာမ လှံကြီးမှာ အလွန် ပြင်းထန်လွန်းသော အရှိန်အဟုန်ဖြင့် ဧရာမ နဂါးကြီးထံ ဦးတည်ကာ တိုးဝင် သွားခဲ့တော့သည်။ ၎င်းမှာ အင်ပါယာ တစ်ပါး၏ အမိန့်ကို သယ်ဆောင်ထားသည့် အလား မည်သည့် သက်ညှာမှုကိုမှ ဖော်ထုတ် ပြသထားခြင်း မရှိပါချေ။

ထျန်းဝေလုံ တုန်လှုပ်သွားသော်လည်း သူ၏ တုံ့ပြန်မှုကတော့ နှေးကွေးခြင်း မရှိပါချေ။ သူ၏ နှုတ်ခမ်းထက်တွင် ရိသဲ့သဲ့ အပြုံးတစ်ခု ပေါ်လာခဲ့၏။ နှစ်ထောင်ပေါင်းများစွာ ငြိမ်သက် နေခဲ့သည့် သူ၏ အရိုးအိုကြီးများမှာ ပထမဆုံး အကြိမ် အဖြစ် သက်ဝင်လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။ မိုးကြိုးနှစ်ချက်ဆင့် ပေါက်ကွဲသံနှင့် အတူ သူက လက်သီးနှစ်ဖက် စလုံးကို ထိုးလိုက်၏။ ချိုသုံးချောင်းပါ အနီရောင် နဂါးကြီးမှာ ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်စေသည့် ဟိန်းဟောက်သံကို ထုတ်လွှတ်ရင်း ဧရာမ လှံကြီးထံ ဦးတည် ဝင်ရောက် သွားခဲ့တော့သည်။

ဧရာမ ပုံရိပ်ကြီး နှစ်ခုလုံးမှာ ဖော်ပြ၍ မရနိုင်လောက်အောင် လျှင်မြန်သည့် အမြန်နှုန်းဖြင့် ရွေ့လျား သွားကြသည်။ နှစ်ခု မျက်နှာချင်းဆိုင် ဆုံတွေ့သော အခိုက်၌ နဂါးက လှံကို ကိုက်ဝါးလိုက်ကာ လှံသွားကလည်း နဂါးကို ထိုးနှက်လိုက်၏။ သို့သော်လည်း... အများ မျှော်လင့်ထားကြသလို ကြီးကျယ် ခမ်းနားသည့် မြင်ကွင်းတစ်ခု ပေါ်မလာခဲ့ပါချေ။

ဘုန်း...

လှံသွားနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် နဂါးကြီး၏ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိပါပဲ ပေါက်ကွဲ လွင့်စဉ် သွားခဲ့တော့၏။ တဒင်္ဂမျှ အတွင်းမှာပင် ၎င်းမှာ အပိုင်းပိုင်း အစစ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

"အဟွတ်... အဟွတ်..."

ထျန်းဝေလုံ၏ ပါးစပ်မှ ရွှေရောင်သွေးများ စီးထွက်လာခဲ့၏။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ မမြင်နိုင်သည့် စွမ်းအင်လှိုင်း တစ်ခုဖြင့် ရိုက်ခတ် ခံလိုက်ရသည့် အလား ဥက္ကာပျံ တစ်ခုလို အဆုံးမဲ့ ကောင်းကင်ဘုံဘက်သို့ နောက်ပြန် လွင့်စဉ် သွားခဲ့တော့သည်။ ထို့နောက်တွင်တော့... သူ၏ အသိစိတ်မှာ လုံးဝ ပျောက်ဆုံးသွားခဲ့တော့၏။

ဝူယု၏ မျက်လုံးများက လုံးဝ ငြိမ်သက်နေကာ ထိုရလဒ်ကို မျှော်လင့်ထားပုံရသည်။ သူက ချိပ်ပိတ်ထားသည့် လျှို့ဝှက် သင်္ကေတ သုံးခုကို ပြန်လည်၍ ဖွင့်လိုက်ရာ ဧရာမ လှံကြီးမှာ ပိုမို အရွယ်အစား ကြီးမားလာကာ အကန့်အသတ်မဲ့သော အင်အားများဖြင့် အဆုံးမဲ့ ကောင်းကင်ဘုံဘက်ဆီသို့ ဦးတည် ရွေ့လျား သွားခဲ့တော့သည်။ စတင် ထိပ်တိုက် တွေ့ဆုံခဲ့သည့် အချိန်ကတည်းက စလို့ ဝူယုမှာ ထျန်းဝေလုံ၏ ကျင့်ကြံခြင်း အခြေခံနှင့် ကိုက်ညီစေရန် သူ့ စွမ်းအား သုံးပုံ တစ်ပုံကို ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... ယခုတစ်ကြိမ် သူ တိုက်ခိုက်နေသူက ထျန်းဝေလုံ မဟုတ်တော့ချေ။ အဆုံးမဲ့ နတ်ဘုရား အင်ပါယာ ထျန်းတိုက်ကျုံး ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters