အင်ပါယာ နန်းတော်
Vol. 112 Ch. 1567
“သူက ကျင့်ကြံခြင်း အခြေခံကို လျှော့ပြီး တိုက်ခိုက်ခဲ့တာ...”
အားလုံး၏ အမူအရာများမှာ ထိတ်လန့် တုန်လှုပ် သွားခဲ့ကြ၏။ ဝူယုက လမ်းစဉ် ခြောက်ခုတည်းဖြင့် တိုက်ခိုက်ခဲ့သည့်တိုင် ထျန်းဝေလုံမှာ ဤမျှ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်လား။
သို့သော်လည်း... ဝူယု၏ နောက်တွင် ရှိနေသူက ဝေ့ဝူယင် ဖြစ်ကြောင်း ပြန်လည် တွေးတောမိချိန်တွင်တော့ သူတို့ အားလုံး နားလည်သွားကြသည်။ အင်ပါယာ ကလန်တွင်လည်း မြေကြီး အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ရှိပေသည်။ သို့သော်လည်း ထျန်းတင်းကျန့်မှာ အလွန် ကပ်စေနှဲသူ တစ်ယောက် အဖြစ် ကျော်ကြားပေသည်။ သူတို့၏ ဘဝ တစ်လျှောက် လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကိုမှ မရခဲ့ဖူးပါချေ။ လက်ရှိ ကျင့်ကြံခြင်း အခြေခံအထိ ရောက်ရှိအောင်ပင် သူတို့ ကိုယ့်အားကိုသာ ကိုးခဲ့ရသည်။
ယနေ့၌ ထျန်းဝေလုံမှာ ဝူယုထံတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ထိုမြေခွေးအိုကြီးမှာ မြေကြီး ရှန့်ထို အဆင့်တွင်ပင် နှစ်ပေါင်း တစ်သောင်းကျော် ကျင့်ကြံခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဝူယုမှာ လွန်ခဲ့သည့်ဘ ဆယ်စုနှစ် အနည်းငယ်ခန့်ကမှ ထိုအဆင့်ကို ရောက်ရှိခဲ့သူ ဖြစ်သည်။ ဝူယုထံတွင် ပိုမို မြင့်မားသည့် လမ်းစဉ် အဆင့် ရှိခြင်းကြောင့်ဟု ဆင်ခြေပေးရအောင်လည်း သူက လမ်းစဉ် ခြောက်ခု အထိ လျှော့ချကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံခြင်း အဆင့် တစ်ခုကို ရောက်ရှိရန် တံခါးပေါက် တစ်ခုဟုပင် သူတို့ စတင် ခံစားလာကြရသည်။
အမှန်စင်စစ် ယန်ချောင်ယွီသည်လည်း ဝေ့ဝူယင်ထံမှ ဆယ်စုနှစ် အနည်းငယ်ကြာ ထောက်ပံ့မှုများကို လက်ခံ ရရှိပြီးနောက်တွင် လမ်းစဉ် အဆင့် နိမ့်ကျသေးသည့်တိုင် ထျန်းဝေလုံကို တိုက်ခိုက် အနိုင်ယူနိုင်လိမ့်မည်ဟု ခံစားရသည်။ ၎င်းမှာ လောက အဂ္ဂိရတ် ရှန့်ထို တစ်ဦး၏ မျက်နှာသာပေးမှုကို လက်ခံရရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ သို့သော်လည်း... သူမ၏ အဆင့်အတန်းက အလွန် မြင့်မားလှခြင်း မရှိလေရာ ဝူယုနှင့် မျက်နှာဖုံးစွပ် မြေကြီး ရှန့်ထိုတို့ လက်ခံ ရရှိသည်များနှင့် ယှဉ်လျှင် အလွန် နည်းပါးနိုင်သည်ဟု ယူဆလို့ ရသည်။
အခြားတစ်ဖက်၌... ထျန်းမူယန်နှင့် ဟန်ယုဟိုင်တို့ နှစ်ဦးစလုံးမှာ စိတ်ပျက် အားငယ်မှုများကို ခံစားနေခဲ့ကြရသည်။ သူတို့ နှစ်ယောက်စလုံးမှာ ဒုတိယမြောက် ဝူယုဖြစ်ဖို့ ကြိုးစားခဲ့ကြသော်လည်း ပထမ တစ်ဦးထံတွင် အင်ပါယာ ကလန် တည်းဟူသော အတားအဆီးကြီး တစ်ခု ရှိနေခဲ့ကာ၊ နောက်တစ်ဦးမှာလည်း အခြေအနေ အကြောင်းရင်း တစ်ချို့ကြောင့် အရေးပါသည့် အခွင့်အရေး တစ်ချို့ကို လက်လွှတ်ခဲ့ရကာ ဆယ်စုနှစ် များစွာ အတွင်း သူ၏ တန်ဖိုးကို ပြသခွင့် မရခဲ့ချေ။ နောင်တစ်ကြိမ် အခွင့်အရေး ထပ်ရပါက အစွမ်းကုန် ကြိုးစား ပေးဆပ်ရမည်ဟု သူတို့ စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်ကြ၏။
ထိုကဲ့သို့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ ထိပ်သီး ကျင့်ကြံသူများ အမျိုးမျိုးသော ခံစားချက်များနှင့် ပြည့်နှက် နေကြစဉ်တွင် ဝူယုကတော့ လှံကို ဆုပ်ကိုင်ကာ အဆုံးမဲ့ ကောင်းကင်ဘုံ အတွင်း ခရီးဆက် နေခဲ့လေသည်။
အဆုံးမဲ့ ကောင်းကင်ဘုံ...
အင်ပါယာ မျိုးနွယ် ထိန်းချုပ်ထားသည့် ထိုဘုံမှာ အလှတရားနှင့် အနုပညာတို့၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။ ဂြိုဟ်များမှာ သမုဒ္ဒရာများ၏ အပြာရောင်၊ အစိမ်းရောင် အဆင်းများဖြင့် လှပနေကာ လေထု အလွှာများမှာ ပြည့်ဖြိုးသည့် အသက်ဓာတ်နှင့် သဘာဝ၏ အနှစ်သာရတို့ကို ဖော်ကျူးနေသည်။ လများမှာလည်း အဆုံးမဲ့ ကောင်းကင် နေကြယ်မှ ထွက်ပေါ်လာသည့် သန့်ရှင်း စင်ကြယ်သော လျှို့ဝှက် အလင်းရောင်ကို ရောင်ပြန်ဟပ်ကာ တောက်ပနေခဲ့သည်။ ၎င်းတို့မှာ လှည့်ပတ်နေသည့် ဂြိုဟ်များအတွက် အလှတရားနှင့် တည်ရှိမှုတို့ကို ရောင်ပြန်ဟပ်စေသည့် မှန်ကြေးမုံများ အဖြစ် လုပ်ဆောင်နေကြပုံ ရလေသည်။
ဝူယုမှာ ထိုဂြိုဟ်များပေါ်တွင် မြို့ကြီးများနှင့် ကျေးရွာ တစ်ချို့ကို တွေ့မြင်ခဲ့ရကာ တစ်ခုချင်းစီမှာ စည်ပင် ဝဖြိုးသည့် အသက်ဓာတ်၊ လှုပ်ရှားမှုများနှင့် ပြည့်နှက် နေခဲ့သည်။ လူများမှာ ဂြိုဟ်တစ်ခုမှ နေ၍ တစ်ခုဆီသို့ လွတ်လပ်စွာ ဖြတ်သန်းသွားလာနေကြလေရာ ဟင်းလင်းပြင် ဂိတ်တံခါးများမှာ မရပ်မနားပင် အသက်ဝင် နေကြသည်။ ၎င်းတို့မှာ သင့်တင်မျှတပြီး ချိုသာသည့် ဈေးနှုန်းများဖြင့် ဝန်ဆောင်မှု ပေးနေကြပုံ ရသည်။
ဝူယုသည် ဤဂြိုဟ်များပေါ်တွင် မြို့များနှင့် မြို့ရွာအချို့ကို မြင်တွေ့ခဲ့ရပြီး တစ်ခုချင်းစီသည် စည်ကားသော အသက်နှင့် လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ လူများသည် ဂြိုဟ်တစ်ခုမှ ဂြိုဟ်တစ်ခုသို့ လွတ်လပ်စွာ ဖြတ်သန်းသွားလာကြသောကြောင့် ဟင်းလင်းပြင် ဂိတ်တံခါးများကို မရပ်မနား အသက်သွင်းနေကြသည်။ ထို့အပြင် ဤဟင်းလင်းပြင် ဂိတ်တံခါးများကို သိသိသာသာ သင့်တင့်မျှတပြီး စျေးနှုန်းချိုသာသော နှုန်းဖြင့် ပေးဆောင်နေပုံရသည်။
အလွန် ဝေးကွားသည့် နေရာတစ်ခုမှ အံ့ဩဖွယ် ယဉ်ကျေးမှုကို လေ့လာရင်း ဝူယု၏ မျက်လုံးများမှာ စိတ်ဝင်စားမှုများနှင့် တလက်လက် တောက်ပနေခဲ့သည်။ သေမျိုးများ၏ အသက်ရှင် နေထိုင်ခြင်း၊ ရှင်သန် ကြီးထွားခြင်းနှင့် ရုန်းကန် ကျော်လွှားရခြင်းတို့ကို လေ့လာခြင်းမှာ သူ့ကို နတ်ဘုရား အလား ခံစားရစေသည်။
ဝှစ်...
ရုတ်တရက် ဝူယုမှာ မူလ လမ်းကြောင်းမှ သွေဖီသွားကာ ဂြိုဟ်တစ်ခု ပေါ်သို့ ရောက်ရှိသွားခဲ့သည်။ သူက သံချပ်ကာဝတ် ကျင့်ကြံသူများ၏ လိုက်ဖမ်းခြင်းကို ခံနေရသည့် မိန်းမငယ်လေး တစ်ဦး၏ ရှေ့ မလှမ်းမကမ်း အကွာတွင် ဆင်းသက် လိုက်၏။ သူမ၏ ဝတ်စုံမှာ သစ်ကိုင်းများ၊ ခြုံများကြောင့် နေရာ များစွာတွင် စုတ်ပြဲနေကာ လက်များ၊ ခြေထောက်များတွင်လည်း သွေးစို့နေသည့် ခြစ်ရာများ ရှိနေခဲ့၏။
သို့သော်လည်း... သူမ၏ မျက်လုံးများကတော့ အကြောက်အလန့် ကင်းမဲ့မှု၊ အသက်ရှင်သန်ရန် ပိုင်းဖြတ်ထားသည့် စိတ်ခွန်အားများနှင့် ပြည့်နှက် နေခဲ့သည်။ ရုတ်တရက် အဝေးတစ်နေရာတွင် ကြယ်အလင်းရောင်များ တောက်ပနေသည်ကို မြင်လိုက်ရလေရာ သူမ အလိုအလျောက်ပင် ထိုနေရာဆီသို့ ဦးတည်ကာ ပြေးလွှားလိုက်သည်။
ဝူယုမှာ မိန်းကလေးကို ကြည့်နေခဲ့၏။ သူမမှာ ကျွင်းနာ ငယ်ငယ်တုန်းကနှင့် အလွန် ဆင်တူသည်။ အထူးသဖြင့် ဆုံးဖြတ်ချက် ပြတ်သားကာ တလက်လက် တောက်ပနေသည့် သူမ၏ မျက်ဝန်းများပင်။
တိုက်ဆိုင်မှုဟု ဆိုလေမလား မသိ... ဝူယု ဝင်ရောက်ကာ လုပ်ဆောင်လိုက်လေ၏။ ရုတ်ချည်း ဆိုသလိုပင် သူ၏ စိတ်၊ နှလုံးသားနှင့် ဝိညာဉ်တို့ကို ငြိမ်းချမ်းသည့် ခံစားချက် တစ်မျိုးက ဝန်းရံသွားခဲ့သည်။ ၎င်းမှာ သူ့ကို ခဲဆွဲသလို ဆွဲထားသည့် ကြိုးတစ်ချောင်း ရုတ်တရက် ပြတ်တောက်သွားသလိုပင်။ ဝူယု မသိလိုက်သည့် အရာတစ်ခုကား... ထိုအချိန်တွင် ဝေ့ဝူယင်မှာ ကမ္မ တန်ဖိုးအချို့ကို ဆုံးရှုံးလိုက်ရခြင်းပင်။
...
မိနစ် အနည်းငယ် ထပ်မံ ကြာမြင့်ပြီးနောက်... ဝူယုမှာ သာမန် အကြီးစား ဂြိုဟ်များထက် အဆပေါင်းများစွာ ပိုမို ကျော်လွန်နေသည့် ဧရာမ အရွယ် ဂြိုဟ်ကြီး တစ်လုံး အနီးသို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ အလွန်တရာပင် ကြီးမားလွန်းလှကာ အဆုံးမဲ့ ကောင်းကင် နေကြယ်မှ ထုတ်လွှတ်နေသည့် လျှို့ဝှက အမြုတေများကို အများဆုံး စုပ်ယူ နေခဲ့၏။
အင်ပါယာ ကောင်းကင်...
၎င်းမှာ အင်ပါယာ မျိုးနွယ်၏ ကျက်သရေ ရှိမှု၊ ကြော့ရှင်းမှု၊ အလှတရား၊ မွန်မြတ်မှုနှင့် ခွန်အားတို့ကို ကိုယ်စားပြုနေသည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ ဂြိုဟ်မျက်နှာပြင်ထက်ရှိ ရဲတိုက်ကြီးများမှာ အမြင့်ဆုံးသော ကောင်းကင် အလွှာကိုပင် ထိုးဖောက်နေကာ အသန့်ရှင်းဆုံးသော အမတေများနှင့် ဝန်းရံ သိုင်းခြုံ နေခဲ့သည်။
၎င်း၏ လေထုအလွှာများမှာ ကျင့်ကြံသူများ အတွက်တော့ သန့်ရှင်းသည့် ကျင့်ကြံခြင်း နယ်မြေ တစ်ခုလိုပင် ဖြစ်သည်။ လေကို တစ်ရှိုက် ရှူရှိုက်ခြင်းကပင် နာရီပေါင်းများစွာ ကျင့်ကြံသည်နှင့် ညီမျှလောက်အောင် ကောင်းမွန် လွန်းလှသည်။
ဂြိုဟ်၏ လေထု အလွှာစွန်း တစ်နေရာတွင်တော့ ကြာပန်း ပလ္လင် တစ်ခု ရှိနေသည်ကို တွေ့ရ၏။ ထိုပလ္လင်ထက်တွင် အသက်ရှူ ရပ်တန့် သွားရလောက်အောင် အံ့မခန်း လှပသည့် မိန်းကလေး တစ်ဦး ရပ်နေခဲ့သည်။ သူမကတော့ ဧကရီ ထျန်းရှောင်ချွမ်းပင် ဖြစ်လေ၏။
ဝှစ်...
ဝူယုမှာ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းနှင့်ပင် ထျန်းရှောင်ချွမ်း၏ အနားသို့ ရောက်ရှိလာခဲ့၏။ လှံက တညံညံ တုန်ခါနေကာ ပြင်းထန်သည့် ဖိနှိပ်မှု စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ထျန်းရှောင်ချွမ်း၏ မျက်နှာ အမူအရာမှာ အပြောင်းအလဲ မရှိသော်လည်း သူမ၏ နှလုံးသားကတော့ ဝူယု၏ ပြင်းထန်သော စွမ်းအားများကြောင့် တုန်လှုပ် နေခဲ့သည်။
“သူ ရှင့်ကို စောင့်နေပါတယ်...”
သူမက တိတ်တဆိတ် ပြောလိုက်၏။ ထို့နောက်တွင်တော့... ဝူယု နောက်မှ အလစ်အငိုက် တိုက်ခိုက်နိုင်ချေကို စိတ်မပူသည့် အလား နောက်သို့ လှည့်ကာ အင်ပါ ကောင်းကင်၏ မျက်နှာပြင်ရှိရာထံသို့ ဦးတည် ပျံသန်း သွားခဲ့တော့သည်။ ဂြိုဟ်အကာအကွယ် ဝင်္ကပါများမှာ အလိုအလျောက်ပင် လှုပ်ရှားလာကာ လမ်းကြောင်း တစ်ခုကို ဖန်တီးပေးလိုက်၏။
ဝှစ်...
ဝူယုမှာ ဧကရီ၏ နောက်မှ လိုက်ပါ၍ ပျံသန်း သွားခဲ့သည်။ ဂြိုဟ် မျက်နှာပြင်နှင့် ပိုမို၍ နီးကပ်လာသည်နှင့် အမျှ လေထုအတွင်း စိမ့်ဝင် ပျံ့နှံ့နေသည့ စိတ်ဆန္ဒတစ်ခုက ပိုမို၍ ပြင်းထန်လာသလို သူ ခံစားလိုက်ရသည်။ သူ့ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအင်များက တုန်ခါလာကာ တတိယမြောက် မဟာ အသွင်ပြောင်းခြင်း ပင်လျှင် မတည်မငြိမ် ဖြစ်လာခဲ့လေ၏။
လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်...
ဝူယု ချက်ချင်းပင် အင်ပါယာ လျှို့ဝှက် ဝိညာဉ် အတွင်းရှိ လောက သင်္ကေတနှင့် ချိတ်ဆက်လိုက်၏။ ၎င်းကို ဝေ့ဝူယင်၏ လောကရှန့်ထို အဆင့် ခြေချခြင်း ဖြစ်စဉ်တွင် သူ ရရှိထားခဲ့ခြင်း ဖြစ်သည်။ လောက သင်္ကေတ၏ အငွေ့အသက်များ စိမ့်ထွက်လာသည်နှင့် အမျှ ဝူယု၏ တတိယမြောက် မဟာ အသွင် ပြောင်းလဲမှုမှာ ပြန်လည်၍ တည်ငြိမ်လာခဲ့၏။ ၎င်းက ကျောက်စိုင်ကြီး တစ်ခု အလား မယိမ်းမယိုင် ခိုင်မာလာခဲ့သည်။
ဧကရီ ရှောင်ချွမ်းမှာ ဝူယု၏ တည်ငြိမ် နေနိုင်စွမ်းကို ကြည့်ကာ အံ့ဩသွားကြ၏။ ပုံမှန် လျှို့ဝှက် အာဏာရှင် အဆင့်များ ဆိုလျှင် အင်ပါယာ ကောင်းကင် အတွင်း ဝင်ရောက်လိုက်သည်နှင့် ရိုးရှင်းသည့် အင်ပါယာ အော်ရာဖြင့်ပင် ထိန်းချုပ်ခြင်းကို ခံကြရကာ ရိုသေသမှုဖြင့် ခေါင်းများကို ငုံ့၍ လေးစားသမှု ပြုကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... နတ်ဘုရား အင်ပါယာ၏ ရှေ့တွင် ထိုမျှလောက်အောင် မစွမ်းဆောင်နိုင်ပါက ဝူယုမှာ ဤနေရာကို လာရောက်ဖို့ ထိုက်တန်လိမ့်မည် မဟုတ်ပါချေ။ ထို့အပြင် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ အဂ္ဂိရတ် သူရဲကောင်း လုပ်ဖို့လည်း ထိုက်တန်လိမ့်မည် မဟုတ်ချေ။
မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ အင်ပါယာ ကလန်သားတို့၏ အမြင့်မြတ်ဆုံးသော နေရာ ဖြစ်သည့် ကောင်းကင် နန်းတော်သို့ ရောက်ရှိလာခဲ့ကြသည်။ နန်းတော် ဆိုသော်လည်း ၎င်းမှာ မိုင်ပေါင်း ထောင်ချီ အကွာအဝေးမှပင် မြင်နိုင်သည့် အလွန် ကြီးမားလှသော နန်းမြို့ကြီး ဖြစ်ကာ အံ့မခန်း ထည်ဝါ ခမ်းနားလွန်းလှသည်။
နန်းမြို့ အတွင်းရှိ ပင်မ နန်းတော် ဂိတ်တံခါးထံသို့ ရောက်ရှိလာပြီးနောက်... ထျန်းရှောင်ချွမ်းက ခတ္တမျှ ရပ်လိုက်၏။ ဝူယုမှာ လှံကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း လိုက်လံ၍ ရပ်လိုက်သည်။ ထို့နောက် သူက အဆုံးမဲ့ ကောင်းကင်၏ နံပတ်တစ် အလှမယ်ကို စိုက်ကြည့်လိုက်သည်။
“ရှင် အထဲကို ဝင်ပြီးရင် နောက်ပြန်ဆုတ်လို့ မရတော့ဘူးနော်"
သူမက ပြောလိုက်၏။
"..."
ဝူယု၏ မျက်နှာ အမူအရာက အပြောင်းအလဲ မရှိပါချေ။
"ကျုပ် သိတယ်...”
"ဒါဆိုရင် ရှင် ရှာဖွေနေတဲ့ အရာကို တွေ့နိုင်ပါစေလို့ မျှော်လင့်ပါတယ်..."
ထျန်းရှောင်ချွမ်းက ဘေးသို့ ဖယ်လိုက်ကာ လက်ဟန် ပြလိုက်သည်။ ဂိတ်တံခါးမှာ တန်ခိုးရှင်များ၏ တေးဂီတသံကို တွန်ကြူးလာကာ တုန်ခါမှုနှင့် အတူ ပွင့်ဟ သွားခဲ့၏။ ဝူယုမှာ တုန့်ဆိုင်းခြင်း၊ တွန့်ဆုတ်ခြင်း မရှိပါပဲ နန်းတော် အတွင်းသို့ ဝင်ရောက် သွားခဲ့၏။
နန်းတော်အတွင်း ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်၊ ဝိညာဉ်နှင့် နှလုံးသား သုံးခု စလုံးကို အကန့်အသတ်မဲ့စွာ ဖိနှိပ်နိုင်စွမ်း ရှိသည့် လေထု တစ်ခုက သူ့ကို ဆီးကြို နေခဲ့သည်။ သို့သော်လည်း ဝူယု၏ ခြေလှမ်းများက အတားအဆီး မရှိ ချောမွေ့စွာပင်။
ခန်းမ၏အဆုံးတွင် ပလ္လင်တစ်ခု ရှိနေ၏။ ထိုပလ္လင်ပေါ်တွင်တာ့ လူတစ်ယောက်...။
လူတစ်ယောက်...
ထိုကဲ့သို့ ရည်ညွှန်းမည် ဆိုလျှင်လည်း သင့်တော်သည်။ သို့သော်လည်း... မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ လူအများစု အတွက်တော့ သူက နတ်ဘုရား တစ်ပါး ဖြစ်သည်။ ဒဏ္ဍာရီ တစ်ခု ဖြစ်သည်။ အမြင့်မြတ်ဆုံးသော အာဏာနှင့် ခွန်အားတို့ကို ဆုပ်ကိုင်ထားသည့် ဧကရာဇ် တစ်ပါး ဖြစ်ပေသည်။ မှန်ပေ၏။ သူကား အဆုံးမဲ့ ကောင်ကင် နတ်ဘုရား အင်ပါယာပေတည်း။
“အာရုဏ်ဦး မဟာ သူရဲကောင်း...”
ပြောမပြနိုင်လောက်အောင် ဩဇာ တိက္ကမနှင့် ပြည့်စုံသည့် အသံတစ်ခု ပဲ့တင်ထပ် လာခဲ့၏။ ဝူယု၏ မျက်လုံးများက တောက်ပသည့် အလင်းရောင်များနှင့် လင်းလက်လာခဲ့ကာ လှံကို တင်းတင်းကြပ်ကြပ်ပင် ဆုပ်ကိုင်လိုက်သည်။ ထို့နောက်တွင်တော့ အလုံးစုံသော ခွန်အားနှင့် အတူ ပလ္လင်ဆီသို့ ဦးတည် ပစ်ပေါက်လိုက်လေတော့၏။
***