ဖျက်ဆီးခြင်း
Vol. 112 Ch. 1568
ဂျိန်း... ဒလိန်း...
အာကာသ အလွှာများ ပေါက်ပြဲ၍ မန်နာ စွမ်းအင်များ ဖရိုဖရဲ ဖြစ်ကာ ပြင်းထန်သော ဆွဲငင်အားများနှင့် အတူ ပုံပျက်နေသည့် အသံလေပွေ မုန်တိုင်း တစ်ခုမှာ ဝူယုပစ်လွှတ်လိုက်သည့် လှံ လမ်းကြောင်း တစ်လျှောက်တွင် လိုက်ပါသွားခဲ့သည်။
ထိုလှံမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လောကအား အပေါ်စီးမှ မြင်နိုင်သည့် ခမ်းနားထည်ဝါလှသော ပလ္လင်ပေါ်တွင် ထိုင်နေသည့် ပုံရိပ် တစ်ခုထံသို့ တည့်တည့် ချိန်ရွယ်ထားခဲ့သည်။ ထိုပုံရိပ်မှာ အလွန်ပင် ခန့်ညား လွန်းလှကာ အသက်ရှူလိုက်တိုင်း စိတ်ဝိညာဉ်များကို ချောက်ချားအောင် လုပ်နိုင်သည့် ပြင်းထန်လွန်းလှသော အော်ရာ တစ်မျိုးကို ထုတ်လွှတ် နေခဲ့သည်။
ထျန်းတိုက်ကျုံး...
အလွန်တရာ ကျယ်ပြန့်လွန်းလှသည့် ချိပ်ပိတ်နယ်မြေကြီး အတွင်းတွင် ထိုနာမည်ကို မသိသူ တစ်ဦး တစ်ယောက်မျှ မရှိချေ။ ထိုနာမည်မှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းကျော် ကတည်းက သမိုင်းမှတ်တမ်းများထဲတွင် စွဲထင် ကျန်ရစ်နေခဲ့သည့် အကြွင်းမဲ့ အာဏာစက်ကို ဖော်ညွှန်းပေသည်။ သူကား ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သည့် အပြီးပြည့်စုံဆုံးသော အုပ်စိုးရှင်ပင်။
သို့သော်... လှံသည်လည်း ထိုနာမည်ကဲ့သို့ပင် ခန့်ညားကာ ကောင်းကင်အနှံ့ကို လွှမ်းခြုံထားနိုင်ခဲ့သည်။ ၎င်း၏ နောက်ကွယ်တွင် ဝေ့ဝူယင်၏ ပြုစု ပျိုးထောင်မှု၊ သွေးမူလ နည်းလမ်း၊ လျှို့ဝှက်လမ်းစဉ် ကိုးခု၊ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းနှင့် မနိုးထသေးသည့် လောက သင်္ကေတတို့ ပါဝင်နေပေသည်။ အကယ်၍ ထိုလှံသာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မည်သည့် ကြယ်တာရာ နယ်မြေကို မဆို ဝင်ရောက်သွားပါက အဆုံးမဲ့ ပျက်စီးခြင်းများသာ ကျန်ရစ်ပေလိမ့်မည်။
ဂျိန်း... ဒလိန်း...
ကောင်းကင် နန်းတော်ကြီး တစ်ခုလုံးမှာ စတင် တုန်ခါလာကာ လှပသည့် အဖိုးတန် ပန်းချီကားများ၊ သမိုင်းဝင် နံရံဆေးရေးပန်းချီများ၊ ပုံတူ ပန်းပု ရုပ်တုများဖြင့် အလှဆင်ထားသည့် နံရံများမှာ ပျက်စီးသွားခဲ့၏။ ထိုနံရံများအား အကာအကွယ်ပေးထားသည့်လျှို့ဝှက် စွမ်းအင်၏ မှေးမှိန်သော အလင်းရောင်သည်ပင် ပျက်စီးမှုကို မတားဆီးနိုင်ခဲ့ချေ။
“...”
နတ်ဘုရား အင်ပါယာမှာ မျက်လုံးများကို မှိတ်ထားကာ လက်များကို ပလ္လင်၏ လက်တင်ခုံပေါ်တွင် တင်ထား၏။ သူ၏ ကိုယ်ဟန်အနေအထားမှာ ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ၎င်းကပင် အမိန့်ပေးနိုင်သော အရှိန်အဝါကို ဖော်ကျူး နေသယောင် ရှိသည်။
လှံက အချိန်နှင့် အာကာသကို ထိုးဖောက်ကာ သူ၏ ရင်ဘတ်ဝ ထံသို့ တိုးဝင်လာနေပြီ ဖြစ်သည်။ ပေပေါင်းများစွာ ကွာဝေးခြင်း မရှိတော့...။
ရုတ်ချည်း ဆိုသလိုပင် သူ၏ မျက်လုံးများမှာ ပွင့်လာခဲ့၏။ ထိုလုပ်ရပ်က အဆုံမဲ့ စကြဝဠာကြီး တစ်ခုအား ဖန်တီးလိုက် သကဲ့သို့ပင်။ ထိုအခိုက်၌ ကောင်းကင်နှင့် မြေကြီး ကြားတွင် တည်ရှိသမျှ အရာအားလုံးမှာ သူ၏ အကြည့်အောက်၊ သူ၏ အုပ်စိုးမှုအောက်၊ အာဏာစက်အောက်တွင် တည်ရှိနေသယောင် ခံစားရသည်။
၎င်းမှာ အကြည့်တစ်ခုတည်းက ထွက်ပေါ်လာခဲ့သည့် အင်အား ဖြစ်သည်။ သို့သော်လည်း ထိုအင်အားမှာ စင်ကြယ်သည်။ ချွတ်ယွင်းချက် ကင်းသည်။ အတွေးတစ်ချက်တည်း ဖြင့်ပင် လောကကို လိုရာ အတွင်း ကခုန်ဖို့ အမိန့်ပေးနိုင်သည်။
လှံမှာ နတ်ဘုရား အင်ပါယာ၏ ရင်ဘတ်နှင့် နှစ်ပေမျှ အကွာသို့ ရောက်ရှိလာခဲ့ပြီးနောက် ရုတ်တရက် ရပ်တန့် သွားခဲ့၏။ ဆူညံသံ၊ ပေါက်ကွဲသံနှင့် ပြင်းထန်သည့် အင်အားများ မရှိပဲ ရိုးရိုးရှင်းရှင်းပင် အပြည့်အဝ ရပ်တန့် သွားခဲ့ခြင်း ဖြစ်သည်။
ဝူယု၏ ကြယ်တာရာ ကောင်းကင် အလား တောက်ပနေသည့် မျက်လုံးများက အရောင်ပြောင်းလဲသွားကာ အတွင်းရှိ ကြယ်များမှာ အရှိန်အဟုန်ဖြင့် လှုပ်ရှားလာခဲ့သည်။
“ဥပဒေသ...”
သူ၏ အတွေးများက ကမ္ဘာ တစ်ခုလုံး ကြားနိုင်လောက်အောင်ပင် ပီပြင်ခဲ့သည်။ ၎င်းအား တုံ့ပြန်လိုက်သကဲ့သို့ပင် နတ်ဘုရား အင်ပါယာ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်လာ၏။ ဝူယု ထိုစွမ်းအားကို မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။
ဥပဒေသ...
အင်ပါယာ ဥပဒေသ...
လှံ၏ တောက်ပ ထက်မြက်သည့် အလင်းရောင်မှာ သိသိသာသာပင် မှေးမှိန်သွားခဲ့၏။ လှံက မိုက်ခရို စက္ကန့်တိုင်း၌ အင်အားလျော့ပါးသွားသည်မှာ ရှင်းလင်းနေသည်။ လေထု၊ မန်နာ၊ စွမ်းအင်နှင့် အမတေလှိုင်းများက ပတ်ဝန်းကျင်သို့ ဖြန့်ကျက်သွားလေရာ ဝူယု၏ ဝတ်ရုံများမှာ တဖျပ်ဖျပ် လွင့်ခါ သွားခဲ့လေ၏။
ဒူးထောက်ရန် ပြင်းထန်စွာ ဖိနှိပ်သည့် ခံစားချက်က ပတ်ဝန်းကျင်၌ စိမ့်ဝင်လာသည်။ အင်ပါယာ ကောင်းကင် ချီ နည်းလမ်းကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဝူယု၏ အင်ပါယာ လျှို့ဝှက် ဝိညာဉ်မှာ ထိုပြင်းထန်သည့် ဖိနှိပ်မှုကို ခံစားရသည့် အခါ ပြင်းထန်စွာ ဟိန်းဟောက်လာခဲ့သည်။ ဖိအားမှာ သူ့ကို ထီးနန်း ပြိုင်ပွဲ တစ်ခုတွင် ရှုံ့နိမ့်သွားပြီး နယ်စပ်သို့ စောင့်ကြပ်ရန် စေလွှတ်ခံရသည့် မင်းသား တစ်ပါး အလား ခံစားချက်ကို အတင်းအကြပ် ရိုက်သွင်းဖို့ ကြိုးစားနေခဲ့သည်။ ဒူးထောက်ရန် တိုက်တွန်းနေသည်။
“မင်းရဲ့ ကျင့်ကြံခြင်း အခြေခံက အဲဒီ မျိုးရိုးကနေ ဆင်းသက်လာတာပဲ... ဟုတ်တယ်မလား”
နတ်ဘုရား အင်ပါယာက စတင်ကာ စကားပြောလိုက်၏။ သူ၏ အသံက အေးဆေးသည်။ တည်ငြိမ်သည်။ ပေါ့ပါးသည်။ ဘယ်လို ကဏ္ဍကနေပဲ ကြည့်ကြည့်... သူက အသာစီး ရထားသည်။ ထိုစကားလုံးများကသည်ပင် ဝူယုနှင့် သူ့တို့ နှစ်ဦးကြားရှိ ခြားနားမှုကို နားလည်စေရုံ ကရုဏာ ပြသနေခြင်း ဖြစ်သည်။
“ဒါပဲလား...”
သို့သော်လည်း ဝူယုက ရုတ်တရက် ကြားဖြတ်ပြောလိုက်၏။ ထို့နောက် သူက ပြုံးပြလိုက်သည်။ သူ၏ ဆံပင်များမှာ လေထဲသို့ လွင့်ပျံလာကာ နားမလည်နိုင်သည့် လေတစ်ချက် တိုက်ခတ်လာ၏။
“ခင်ဗျားက ကျုပ်ရဲ့ ဧကရာဇ် ဟုတ်မနေတာ ကံဆိုးတာပဲ...”
ရုတ်တရက် အလွန်တရာ တောက်ပလှသည့် ရောင်ခြည်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ကြယ်တာရာ များကိုပင် မှေးမှိတ်သွားစေသည် အထိ တောက်ပလွန်းလှသည်။ ချက်ချင်းပင် နန်းတော် အတွင်းရှိ ခန်းမ တစ်ခုလုံးမှာ ထက်ရှသော အလင်းရောင်စဉ်များနှင့် ပြည့်လျှံသွားကာ ၎င်းတို့မှာ ဝင်္ကပါများကိုပင် ကျော်လွန်ကာ စိမ့်ထွက်လာခဲ့၏။ မဟုတ်သေး... စိမ့်ထွက်လာခြင်းထက် ထိုးဖောက်ထွက်ပေါ်လာခြင်းဟု သုံးနှုန်းလျှင် ပိုမို မှန်ကန်ပေလိမ့်မည်။
...
ထျန်းရှောင်ချွမ်းမှာ အပြင်တွင် ရှိနေခဲ့၏။ နတ်ဘုရား အင်ပါယာ တည်ရှိနေရာ ပင်မ နန်းတော်မှာ အလုံပိတ်ထားလေရာ သူမ ဝင်ရောက်၍ မရချေ။ တံခါးနားတွင် ရပ်ရင်း သူမ၏ မျက်ခုံးလေးများမှာ မလိုမကျဟန်ဖြင့် အနည်းငယ် တွန့်ချိုးနေ၏။ ထူးခြားသည့် ရုပ်ရည်နှင့် အမျိုးသမီး တစ်ဦးမှာလည်း သူမနှင့် အတူ ရှိနေခဲ့သည်။
အင်ပါယာ အကြံပေးပင်။
“ဟမ်...”
ရုတ်တရက် ထျန်းရှောင်ချွမ်းနှင့် အင်ပါယာ အကြံပေးတို့ နှစ်ဦး စလုံး၏ မျက်နှာ အမူအရာများက ပြောင်းလဲ သွားကာ ဖော်ပြလို့ မရနိုင်သည့် ဘေးအန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ မြေကြီးရှန့်ထိုများ ဖြစ်သောကြောင့် သူတို့၏ တုံ့ပြန်မှုများမှာ အနည်းငယ်မျှပင် နှေးကွေးခြင်း မရှိခဲ့ချေ။ သူတို့ နောက်သို့ ခုန်ဆုတ်လိုက်ကြချိန်တွင်ပင် လှံအလင်းများမှာ တံခါးကိုပင် ထိုးဖောက်ကာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
နှစ်ယောက်စလုံးမှာ အလွန် လျှင်မြန်သည် ဆိုသော်လည်း ထျန်းရှောင်ချွမ်း၏ အင်အားနှင့် အရှိန်မှာ အင်ပါယာ အကြံပေး၏ နောက်တွင် ကျကာ ကျန်ရစ်နေခဲ့သည်။ ထျန်းရှောင်ချွမ်းမှာ အံ့မခန်း ပါရမီရှင် တစ်ဦး ဖြစ်သော်လည်း လောကတစ်ခွင် အာဏာစက် ဖြန့်ကျက်စဉ် ကတည်းက နတ်ဘုရား အင်ပါယာထံ၌ အမှုထမ်းခဲ့သည့် အင်ပါယာ အကြံပေးနှင့် နှိုင်းယှဉ်လျှင် သူမမှာ များစွာ ငယ်ရွယ်နေပေသေးသည်။
ရွှစ်...
လှံအလင်းတစ်ခုမှာ သူမ၏ ဝမ်းဗိုက်ကို ထိမှန်သွား၏။ ချက်ချင်းပင် ပူနွေးသော သွေးများ ပန်းထွက်လာသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွား၏။
အင်ပါယာ အကြံပေးက အချိန်နှင့် အာကာသကို ရပ်တန့်လိုက်သည့် အလား လက်ကို ဆန့်တန်းကာ ထျန်းရှောင်ချွမ်းကို နောက်သို့ ဆွဲထုတ်လိုက်သည်။ ထိုလှုပ်ရှားမှုမှာ အလွန် လျှင်မြန်သလို ချောမွေ့လွန်းလှလေရာ လှံအလင်းပါ တစ်ခုတည်း နောက်ကျန်ရစ်ခဲ့သည်။ ထို့နောက်တွင်တော့ သူတို့ နှစ်ဦး စလုံးမှာ အရိပ်များ အလား မှေးမှိန်သွားကာ နန်းတော်နှင့် ဂြိုဟ်တို့မှ လုံးဝ ပျောက်ကွယ်သွားခဲ့လေ၏။
ဂျိန်း... ဒလိန်း...
နန်းမြို့ကြီး တစ်ခုလုံး ဆက်တိုက် ဆိုသလို တုန်ခါနေခဲ့သည်။ အကယ်၍ အတွင်း၌ နေထိုင်သူများသာ ကြိုတင် ရွှေ့ပြောင်း မထားခဲ့ပါက လှံအလင်းများမှာ အင်ပါယာ မျိုးနွယ်သားများစွာကို ချေမှုန်းခဲ့ပြီး ဖြစ်နိုင်ဖွယ် ရှိသည်။
စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက်... နတ်ဘုရား အင်ပါယာ ပလ္လင်ခန်းမ အတွင်းရှိ ရောင်ခြည်များမှာ ပြန်လည်၍ မှေးမှိန်သွားခဲ့၏။ ဝူယု၏ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းမှာ သူ့ သဘောဆန္ဒ အတိုင်း မဟုတ်ပဲ ရပ်တန့် သွားခဲ့ပြီ ဖြစ်သည်။ သူက နတ်ဘုရား အင်ပါယာနှင့် ရင်ဆိုင်ရန် စွမ်းအားများကို အကုန်အစင် သုံးစွဲ ခဲ့ရသည့်ပုံ ရသည်။ သို့တိုင်အောင်... သူက မားမားမတ်မတ်ရပ်နေဆဲ ဖြစ်သည်။ သူ၏ ဖျော့တော့နေသည့် မျက်နှာမှာ အနည်းငယ်မျှသော အားနည်းခြင်းကိုပင် မပြသဘဲ အတွင်းစိတ်မှ ပြိုင်ဘက်ကင်းသော မာနကို ပြသနေသည်။
“ကျုပ် ကိုးကွယ်တဲ့ ဧကရာဇ်ပဲ ကျုပ်ရှေ့က ပလ္လင်ပေါ်မှာ ထိုင်ခွင့်ရှိတယ်”
လွှမ်းမိုး ချုပ်ကိုင်မှု ဆိုသည်မှာ အဘယ်နည်း။ ထိုအရာက လွှမ်းမိုး ချုပ်ကိုင်မှုပင် ဖြစ်သည်။
တစ်ချိန်တည်း၌... ထျန်းတိုက်ကျုံး၏ ပုံရိပ်မှာ တဖြည်းဖြည်း ပီပြင်လာခဲ့၏။ သူက ခေတ်ပေါင်းများစွာကို အုပ်စိုးခဲ့သည့် ဧကရာဇ် တစ်ပါး ပီသစွာပင် အလွန် ခန့်ညားကာ ဆွဲဆောင်မှု ရှိသည့် အမျိုးသား တစ်ဦး ဖြစ်ပေသည်။ သူက ရတနာ စီခြယ်ထားသည့် နဂါး ဝတ်ရုံကို ဝတ်ဆင်ထားကာ အဆုံးမဲ့ လွှမ်းမိုးနိုင်စွမ်း ရှိသည့် အော်ရာများကို သဘာဝ အတိုင်း ထုတ်လွှတ်နေခဲ့၏။
သူ၏ ဆံပင်များက ကျန်းမာ သန်စွမ်းသည့် မီးခိုးရောင် အဆင်း ရှိသည်။ မျက်ဝန်းကမူ ညကောင်းကင်၏ ကြယ်တာရာ မြင်ကွင်း အလား ထင်ရ၏။ ၎င်းက စကြဝဠာကဲ့သို့ ကျယ်ပြောလှကာ ကောင်းကင်ကိုယ်တိုင် ပုံဖော်ထားသကဲ့သို့ ထင်ရသည်။
ထျန်းရီဝူက သူနှင့် နည်းနည်းတော့ ဆင်သည်။ သို့သော်လည်း... ထိုမင်းသားငယ်မှာ ဖခင်ထံမှ ယောက်ျားဆန်သည့် စရိုက်ကို အနည်းငယ်သာ လက်ခံရရှိထားကာ မိခင်ဖြစ်သူနှင့်သာ ပိုမို၍ ဆင်တူပေသည်။ သူ၏ ရုပ်ရည်ကို ခန့်ညားဆိုထက် လှပသည်ဟု ဆိုလျှင် ပိုမို၍ မှန်ကန်နိုင်ပေသည်။
လက်ရှိသို့ ပြန်သွားရပါက နတ်ဘုရား အင်ပါယာမှာ မည်သည့် ထိခိုက်မှုမှမရှိပဲ ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ မျက်နှာထက်တွင် ဖြူရော်သည့် လက္ခဏာ မရှိသလို ဝတ်ရုံပေါ်တွင်လည်း အညစ်အကြေး အနည်းငယ်မျှပင် စွန်းထင်းနေခြင်း မရှိခဲ့ပေ။
သို့သော်လည်း သူ ထိုင်ခဲ့သော ပလ္လင်သည် လှံကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ၌ သူက ဝူယုနှင့် တစ်ပြေးညီ အဆင့်တွင် ရပ်နေခဲ့သည်။
ထိုအခိုက်၌ နတ်ဘုရား အင်ပါယာ၏ မျက်လုံးများနှင့် အာရုံ စူးစိုက်မှု အလုံးစုံမှာ ဝူယု အပေါ်တွင်သာ စုပြုံ ကျရောက် နေခဲ့သည်။ ထိုမျက်ဝန်းများ အတွင်းတွင် ဒေါသ အရိပ်အငွေ့ တစ်ချို့ တည်ရှိနေပေသည်။ အချို့ ဆိုသော်လည်း ဤသည်မှာ ချိပ်ပိတ် နယ်မြေတစ်ခုလုံးကို မြေလှန်ပစ်ရန် လုံလောက်သော ပမာဏ ဖြစ်သည်။
သို့သော်လည်း ဝူယုမှာ ထိုအကြည့်ကြောင့် ယိမ်းယိုင်သွားခြင်း မရှိပါချေ။ သူက ရဲရဲဝံ့ဝံ့ပင် ပြောလိုက်၏။
“ခင်ဗျားရဲ့ အင်ပါယာ ဥပဒေသက နည်းနည်း အားနည်းတယ်... အနှစ်သာရ ရှိတယ် ဆိုပေမဲ့ သူ့ရဲ့ အစစ်အမှန် အာဏာစက်နဲ့ နှိုင်းယှဉ်ရင် အးနည်းနေသေးတယ်”
ဝူယု မလိမ်ပါချေ။ သူ အမှန်အတိုင်း ပြောနေခြင်း ဖြစ်သလို ပြောကြားလိုက်သည့် စကားလုံးများ အပေါ်တွင်လည်း ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။
ထျန်းတိုက်ကျုံးထံတွင် အင်ပါယာ ဥပဒေသ ရှိသည်။ သို့သော်လည်း ၎င်းမှာ သာမည အာဏာ အဆင့်ကို မရောက်ရှိသေးချေ။ ဥပဒေသများ၏ အဆင့်များကို သုံးမျိုး ခွဲခြားထားသည်။ ၎င်းတို့မှာ မျိုးစေ့ အဆင့်၊ ပျိုးထောင်ခြင်း အဆင့်နှင့် အညှောက်ပေါက်ခြင်း အဆင့်တို့ ဖြစ်သည်။ ထို့နောက်တွင်မှ ဥပဒေမှာ ပြီးပြည့်စုံသည့် သာမည အာဏာ အဖြစ် ပွင့်လန်းလာသည်။
ကောင်းကင်ရှန့်ထိုတစ်ဦး ဖြစ်လာရန် လိုအပ်ချက်များထဲမှ တစ်ခုမှာ ၉% ပျိုးထောင်ထားသည့် ပျိုးထောင်ခြင်း အဆင့် ဥပဒေသတစ်ခုကို ပိုင်ဆိုင်ထားရန် ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက် တာအို နှင့် ဝိညာဉ်ကြားတွင် တံတားအဖြစ် လုပ်ဆောင်ပေးသည်။
သို့သော်လည်း ၎င်းမှာ အနိမ့်ဆုံး လိုအပ်ချက်များစွာထဲမှ တစ်ခုသာ ဖြစ်သည့် အပြင် အခြား လိုအပ်ချက်များလည်း ရှိပေသေးရော အောင်မြင်မှု တစ်ခုဟု သတ်မှတ်လို့ မရပါချေ။
ထျန်တိုက်ကျုံး၏ အင်ပါယာ ဥပဒေသမှာ ယခုမှ ပျိုးထောင်ခြင်း အဆင့်တွင်သာ ရှိပေသေးသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်နှင့် သူ့အကြားရှိ ကွာခြားချက်က ဆင်တစ်ကောင်နှင့် ပုရွက်ဆိတ် တစ်ကောင်လို ကွာခြားပေသည်။
“အနှစ်သာရ ရှိသည်” ဆိုသည့် မှတ်ချက်လား...။ ၎င်းက အမှန်တရားပင် ဖြစ်သ်ည။ ထျန်းတိုက်ကျုံးမှာ အင်ပါယာ ဥပဒေသကို ကိုယ်ပိုင် အရည်အချင်းနှင့် ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ သူက ထျန်းရီဝူနှင့် ယွင်ချွဲတို့ ကဲ့သို့ ပြင်ပ သင်္ကေတများကို မှီခိုနေခြင်း မဟုတ်ပါချေ။
“...”
နတ်ဘုရား အင်ပါယာနှင့် မဟာ သူရဲကောင်းတို့ နှစ်ဦးမှာ တိတ်ဆိတ်စွာပင် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြ၏။
ရုတ်တရက် နတ်ဘုရား အင်ပါယာ၏ စကြဝဠာ အလား မျက်လုံးများမှာ ပျောက်ကွယ်သွားခဲ့သည်။ ထို့အစား ထျန်းကလန်၏ သင်္ကေတ ဖြစ်သည့် စွဲမက်ဖွယ် ဟေဇယ်ရွှေရောင် မျက်ဝန်းများ ပြန်လည် ပေါ်လာခဲ့သည်။ ထို့နောက် သူက ပြုံးလိုက်၏။
ဧကရာဇ် တစ်ပါး၏ အာဏာရှင်ဆန်သော အရှိန်အဝါက တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားကာ လွတ်လပ် ပေါ့ပါးသည့် အသက်လတ် အရွယ် အမျိုးသား တစ်ဦး အဖြစ် ပြန်လည် ထွက်ပေါ်လာသည်။
“ဟား... ဟား...”
ထို့နောက်တွင်တော့ ထျန်းတိုက်ကျုံးမှာ နန်းတော်ကြီ တစ်ခုလုံး တုန်ခါလာသည် အထိ ရယ်မောလိုက်လေတော့သည်။
***