← Chapters

ခုန်အိမ်တော်၏သိုင်းကျမ်းစာကြည့်တိုက်

Vol. 2 Ch. 15

ခုန်အိမ်တော်၏သိုင်းကျမ်းစာကြည့်တိုက်

Vol. 2 Ch. 15

ထိုညတွင် ခုန်မင်ရရှိခဲ့သော အကျိုးကျေးဇူးက သစ်သားနှင့်မီး ဒြပ်စင်စွမ်းအား(၂)မျိုးပါဝင်သည့် ဝိညာဉ်ခန္ဓာဖွဲ့စည်းပုံသာမက အခြားအရာများလည်း ပါဝင်သည်။

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်မှ နတ်ဘုရားစွမ်းအား ပထမအဆင့်ကိုရရှိပြီးနောက် သူ၏ခန္ဓာကိုယ်အခြေအနေက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ နတ်ဘုရားခန္ဓာ၏ ပြီးပြည့်စုံခြင်းဆီသို့ ပထမဆုံးခြေလှမ်းကို စတင်နိုင်ခဲ့သည်။

ထျန်းယွမ်ကုန်းမြေမှ မူလခန္ဓာပိုင်ရှင် ‘ခုန်မင်လေး’ သည်လည်း သဘာဝအားဖြင့် ထူးခြားသည့်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူ၏ အရပ်အမောင်း ၊ ခွန်အား ၊ အမြန်နှုန်းနှင့် တုံ့ပြန်မှုများက သက်တူရွယ်တူ ကလေးများကြားတွင် သူနှင့်ယှဉ်နိုင်သူ မရှိခဲ့ပေ။

ယခု တိမ်လွှာလေပြင်း ရုပ်ခန္ဓာကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ရုပ်ခန္ဓာစွမ်းရည်က ပို၍ထူးခြားလာသည်။

မည်သည့် ဒြပ်စင်စွမ်းအားကိုမှ အသုံးမပြုဘဲ ရုပ်ခန္ဓာစွမ်းအားတစ်ခုတည်း အသုံးပြုလျှင်တောင်မှ ခွန်းကာမြို့တွင် စွမ်းအားအကြီးဆုံးသူအဖြစ် သတ်မှတ်ခံရနိုင်သည်။

သူ၏ အမြင်အာရုံ ၊ အကြားအာရုံနှင့် အမြန်နှုန်း တိုးတက်မှုများက သာမန်လူတို့၏ကန့်သတ်ချက်ကို ကျော်လွန်သွားပေပြီ။

ထူးခြားသော ကိုယ်ခန္ဓာအခြေအနေ ၊ သစ်သားနှင့် မီး ဒြပ်စင်စွမ်းအား(၂)မျိုးပါဝင်သော ဝိညာဉ်ခန္ဓာဖွဲ့စည်းပုံနှင့် ထူးဆန်းသော နတ်ဘုရားစွမ်းအား ၊ ကြယ်စွမ်းအားတို့၏အကူအညီဖြင့် ခုန်မင်ကို စူပါဟီးရိုးဟုပင် တင်စားနိုင်သည်။

သို့ဖြစ်လျှင် စူပါဟီးရိုး’ခုန်မင်’ အနေဖြင့် ထျန်းယွမ်ကုန်းမြေတွင် မည်သို့သော လှိုင်းတံပိုးကို လှုပ်ခတ်စေမည်နည်း။

***

နောက်တစ်နေ့ မနက်စောစောတွင် ခုန်မင်တစ်ယောက် ပင်မစံအိမ်သို့ ထွက်ခွာလာပြီး ခုန်ကျွင်းနေထိုင်ရာအဆောင်သို့ သွားရောက်ဂါရဝပြုလိုက်သည်။

ခုန်ကျွင်း အလွန်ပင် ဝမ်းသာပျော်ရွှင်နေခဲ့သည်။

အကြောင်းမှာ ခုန်မင် နေပြန်ကောင်းလာသည်သာမက အရင်ကလိုပင် နာခံလိုက်လျောမှုရှိသော သားတစ်ယောက်ဖြစ်နေပြီး ခုန်အိမ်တော်၏ ထွန်းတောက်လာမည့် လူငယ်လေးတစ်ယောက်အဖြစ် ရှိနေဆဲဖြစ်သောကြောင့်ပင်။

ဖခင်ဖြစ်သူကို ဂါရဝပြုပြီးနောက် ခုန်မင်က အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်သို့သွားကာ သင့်တော်သည့် သိုင်းပညာတစ်ရပ် ရှာဖွေလိုကြောင်း တောင်းဆိုလိုက်သည်။

(၅)နှစ်ကြာ အလကားဖြစ်ခဲ့ရသောအချိန်အတွက် ပြန်လည်ဖြည့်ဆည်းရန် လိုအပ်လေသည်။

ခုန်ကျွင်းကလည်း ဝမ်းသာစွာဖြင့် သဘောတူလိုက်သည်။

ခုန်မင်က ခုန်ကျွင်းအား သူ၏ သစ်သား-မီး ဒြပ်စင်(၂)မျိုးပေါင်းစပ်ထားသည့် ဝိညာဉ်ခန္ဓာအကြောင်း မပြောပြခဲ့သည်မှာ ကံကောင်းသည်ဆိုရမည်။

မဟုတ်ပါက ခုန်ကျွင်း ဝမ်းသာလွန်းသဖြင့် ရူးပင်ရူးသွားနိုင်၏။

ထျန်းယွမ်ကုန်းမြေတွင် ရာစုနှစ်ကျော် သမိုင်းကြောင်းရှိသော အိမ်တော်တစ်ခုအတွက် သိုင်းကျမ်းစာကြည့်တိုက်ဆိုသည်က မိသားစုတစ်ခုလုံးအတွက် အရေးကြီးသောနေရာ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ထျန်းယွမ်ကုန်းမြေတွင် အားကြီးသူကို ရိုသေလေးစားသည့် အစဉ်အလာရှိပြီး အိမ်တော်တစ်ခု ရေရှည်တည်တံ့စေရန်အတွက် စွမ်းအားကြီးမားသူများက ကာကွယ်ပေးရန် လိုအပ်သည်။

စွမ်းအားကြီးမားသူတစ်ယောက် မွေးဖွားလာရန်အတွက် ကျင့်ကြံခြင်းတွင် ထူးချွန်သည့်ပါရမီလိုအပ်သလို အဆင့်မြင့်ကျင့်စဉ်များနှင့် သိုင်းပညာများကို လေ့ကျင့်ရန်လည်း လိုအပ်သည်။

ထို့ကြောင့် သိုင်းကျမ်းစာကြည့်တိုက်၏အရေးပါမှုက သိသာထင်ရှားလှသည်။

မျိုးဆက်တိုင်းတွင် စွမ်းအားကြီးမားသူတစ်ယောက်ချင်းစီတိုင်းက မိသားစု၏ သိုင်းကျမ်းစာကြည့်တိုက် ကြွယ်ဝများပြားစေရန် အားထုတ်လေ့ရှိကြသည်။

သိုင်းကျမ်းစာကြည့်တိုက်တွင် အဆင့်မြင့်ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ ပိုမိုစုဆောင်းထားနိုင်လေ ၊ မိသားစု၏ သားစဉ်မြေးဆက်များအတွက် ရွေးချယ်စရာပိုမိုများပြားလာပြီး စွမ်းအားကြီးမားသူများ မွေးထုတ်နိုင်ခြေ ပိုမိုမြင့်မားလေ ဖြစ်သည်။

ခွန်းကာမြို့ရှိ ခုန်အိမ်တော်က ခုန်မင်၏မျိုးဆက်တွင် မျိုးဆက်(၄)ဆက်ရှိပြီဖြစ်ပြီး နှစ်ပေါင်း(၂၀၀)ကျော် တည်တံ့ခဲ့သော အိမ်တော်တစ်ခု ဖြစ်သည်။

သို့ဖြစ်ရာ ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် စုဆောင်းထားသည်များက အလွန်တရာ များပြားခြင်းမရှိသည့်တိုင် ခွန်းကာမြို့မှာတော့ အကောင်းဆုံးများထဲမှတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်က အိမ်တော်သခင်နေထိုင်ရာ ပင်မစံအိမ်တည်ရှိသည့် ခြံဝင်းထဲမှာပင် ဖြစ်လေသည်။

တောင်အတုကိုရွှေ့လိုက်သည်နှင့် သိုင်းကျမ်းစာြည့်တိုက်ဝင်ပေါက်ကို တွေ့လိုက်ရသည်။

သိုင်းကျမ်းစာကြည့်တိုက်တံခါးတွင် ခုန်ကျွင်း၏ ဒြပ်စင်စွမ်းအားအမှတ်အသားပါရှိသည်ဖြစ်ရာ ခုန်ကျွင်းသာလျှင် စာကြည့်တိုက်ကို ဖွင့်နိုင်ပေသည်။

သို့သော် ခုန်ကျွင်းထက် စွမ်းအားကြီးမားသော ကျွမ်းကျင်သူတစ်ယောက် ရောက်လာလျှင်တော့ စွမ်းအားအသုံးပြုပြီး ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်အတွင်း ဝင်ရောက်နိုင်သည်။

သို့သော် ထိုသို့အဆင့်ရှိသော တန်ခိုးစွမ်းအားရှင်သည်လည်း ခုန်အိမ်တော်ကဲ့သို့ မိသားစုငယ်လေး၏ သိုင်းကျမ်းစာကြည့်တိုက်ကို စိတ်ဝင်စားမည် မဟုတ်ပေ။

အမှန်တော့ ခုန်အိမ်တော်၏ တိုက်ရိုက်အဆက်အနွယ်များသာလျှင် သိုင်းကျမ်းစာကြည့်တိုက်ထဲသို့ ဝင်ခွင့်ရှိပေသည်။

ဧည့်သည်အကြီးအကဲများဖြစ်ကြသော ‘ချင်တယ်’ နှင့် ‘ဖူစန်း’ တို့သည်လည်း အထူးအခွင့်အရေးရရှိထားသော်လည်း သူတို့က သိုင်းကျမ်းစာကြည့်တိုက်အတွင်းပိုင်းသို့ ဝင်ရောက်ခွင့်မရှိကြပေ။ ထို့ကြောင့် ခုန်အိမ်တော်၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ‘လောင်ကျွမ်းသစ်သားကျင့်စဉ်’ ကို ထိတွေ့နိုင်ခြင်း မရှိကြပေ။

တကယ်တော့ အိမ်တော်တွင်နေထိုင်သည့် ဧည့်သည့်အကြီးအကဲများဖိတ်ကြားထားခြင်းကလည်း သိုင်းကျမ်းစာကြည့်တိုက်တွင် ပညာရပ်များ များပြားလာစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

အိမ်တော်က ဧည့်သည်အကြီးအကဲများကို သိုင်းကျမ်းစာကြည့်တိုက်အတွင်း ဝင်ခွင့်ပြုသလို ဧည့်သည်အကြီးအကဲများကလည်း သူတို့သိရှိကျင့်ကြံထားသော ကျင့်စဉ်နှင့် သိုင်းပညာရပ်များကို သိုင်းကျမ်းစာကြည့်တိုက်ထဲသို့ ထည့်သွင်းပေးကြသည်။

ဤသို့ အပြန်အလှန်ဖလှယ်မှုက နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည်။

ထိုသို့မဟုတ်ပါက အိမ်တော်များက ဧည့်သည်အကြီးအကဲများကို ရွှေ၊ ငွေ၊ ပိုးထည်များကဲ့သို့ အဖိုးတန်ပစ္စည်းများပေးကမ်းပြီး စည်းရုံးသိမ်းသွင်းကြမည် မဟုတ်ပေ။

သိုင်းကျမ်းစာကြည့်တိုက်တံခါးဖွင့်ပြီးသည်နှင့် ခုန်မင်က ယုံကြည်မှုအပြည့်ဖြင့် အထဲသို့ဝင်သွားသည်။ အိမ်တော်သခင်’ခုန်ကျွင်း’ ကတော့ စာကြည့်တိုက်အပြင်ဘက်တွင် ကာကွယ်သူပေးသည်အဖြစ် ကျန်ရစ်ခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ခုန်ကျွင်းက ခုန်မင်ကို မည်မျှချစ်ခင်တန်ဖိုးထားကြောင်း ပြသနေသည်။

ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်က အလွန်ကြီးမားခြင်းမရှိပေ။ စတုရန်းပေ (၅၀) (၆၀)လောက်သာရှိပြီး စာအုပ်စင် (၇၀၀) မှ (၈၀၀)အထိသာ ရှိသည်။

သိုင်းကျမ်းစာကြည့်တိုက် အနောက်ဘက်အစွန်းတွင် သေးငယ်သည့် အတွင်းပိုင်းစာကြည့်တိုက်တစ်ခုရှိသည်။ ထိုအတွင်းပိုင်းစာကြည့်တိုက်တံခါးထက်တွင် စည်းတံဆိပ်တစ်ခုရှိနေပြီး ခုန်အိမ်တော်၏ တိုက်ရိုက်အဆက်အနွယ်များသာလျှင် ထိုစည်းတံဆိပ်ကို ဖွင့်လှစ်နိုင်ကြ၏။

သို့သော် အတွင်းပိုင်းစာကြည့်တိုက်တွင် ‘လောင်ကျွမ်းသစ်သားကျင့်စဉ်’ တစ်ခုတည်းသာလျှင် ထားရှိသည်ဖြစ်ရာ ထိုအရာက ခုန်မင် ရောက်ရှိလာရသည့်ပစ်မှတ်မဟုတ်ပေ။

ပထမဆုံး စာအုပ်စင်တန်းတွင် အခြေခံအဆင့် ကျင့်စဉ်များနှင့် သိုင်းပညာရပ်များသာရှိပြီး အခြေခံအဆင့် ဒြပ်စင်စွမ်းအား ကျင့်ကြံသူများအတွက်သာ ဖြစ်သည်။

ခုန်မင်က အသက်(၅)နှစ်ကတည်းက ထိုကျင့်စဉ်များအားလုံးကို အလွတ်ရထားပြီးဖြစ်ရာ သူ့အတွက် စိတ်ဝင်စားစရာ မရှိပေ။

အလယ်တွင်ရှိသော စာအုပ်စင်များတွင် စာအုပ်များပိုမိုများပြားပြီး ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူများအတွက် ကျင့်စဉ်များနှင့် သိုင်းပညာရပ်များပါဝင်သည်။

ယခင်က ခုန်မင် လေ့ကျင့်ခဲ့သော လျိုချွမ်လက်သီးသိုင်းက ဤစာအုပ်စင်များမှ ရှာဖွေတွေ့ရှိခဲ့သော သိုင်းပညာဖြစ်သည်။ သို့သော် ယခုတော့ ခုန်မင်က ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်စဉ်များနှင့် သိုင်းညာရပ်များကို အရေးမစိုက်တော့ပေ။

သူက ရှားပါးသော သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားပြီဖြစ်ရာ မီးစွမ်းအားအခြေခံသော ကျင့်စဉ်ကို ကျင့်ကြံရမည်ဖြစ်၏။ ထို့ပြင် ထိုမီးစွမ်းအားကျင့်စဉ်က ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိသော ‘လောင်ကျွမ်းသစ်သားကျင့်စဉ်’ နှင့် ယှဉ်နိုင်သည်ကျင့်စဉ်မျိုးမဟုတ်လျှင်တောင်မှ အနည်းဆုံး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် သိုင်းပညာရပ်တစ်ခု ဖြစ်ရပေမည်။

ထို့ကြောင့် ခုန်မင်က နောက်ဆုံးတန်းမှ စာအုပ်စင်များထံသို့ သွားလိုက်သည်။

ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် တစ်ခုတည်းသော ကျင့်စဉ်မှာ ‘လောင်ကျွမ်းသစ်သားကျင့်စဉ်’ ဖြစ်ပြီး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ရှိသော သိုင်းပညာရပ်များလည်း များစွာမရှိလှပေ။

ပြောရမည်ဆိုလျှင် စာအုပ်စင်တစ်ခုပင် မပြည့်လှပေ။

ဤသည်မှာ မိသားစုငယ်တစ်ခုဖြစ်ခြင်းကြောင့် မပြည့်စုံရခြင်းဖြစ်သည်။

ပင်မ’ခုန်’အိမ်တော်သာ ဖြစ်ခဲ့လျှင် ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်ကဲ့သို့ ဧကရာဇ်အဆင့်ကျင့်စဉ်မျိုးကို မိသားစုရတနာအဖြစ် ပိုင်ဆိုင်ထားသည့်အပြင် နှစ်ပေါင်းများစွာစုဆောင်းထားသော ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ ပေါများစွာရှိပေလိမ့်မည်။

ဤ သေးငယ်သော သိုင်းကျမ်းစာကြည့်တိုက်ထဲမှ အရာအားလုံးထက် သာလွန်နေပေလိမ့်မည်။

ခုန်မင်က နောက်ဆုံးတွင်ရှိသော စာအုပ်စင်တန်းရှေ့တွင်ရပ်ပြီး အပေါ်အောက်ကြည့်ရှုရင်း စာအုပ်စင်ထက်မှ ကျင့်စဉ်စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်သည်။

စာအုပ်အဖုံးထက်တွင် “နဂါးကိုးကောင်မီးစွမ်းအား” ဟုရေးသားထားပြီးနာမည်ကသာ ကြီးကျယ်သော်လည်း ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်စဉ်တစ်ခုသာ ဖြစ်၏။

ဤကျင့်စဉ်ကိုမှတ်တမ်းတင်ရာတွင် အသုံးပြုထားသည့် မင်နှင့်စက္ကူများကို ကြည့်ပါက အတော်လေး သစ်လွင်နေကြောင်း တွေ့ရသည်။

နဂါးကိုးကောင်မီးစွမ်းအားကျင့်စဉ်မှာ ဧည့်သည်အကြီးအကဲ’ချင်တယ်’ အဓိကကျင့်ကြံသည့် ကျင့်စဉ်ဖြစ်သည်။

ချင်တယ်က ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် အထွတ်ထိပ်ရောက်အောင် ကျင့်ကြံနိုင်သည်ကို ကြည့်ခြင်းအားဖြင့် နဂါးကိုးကောင်မီးစွမ်းအားကျင့်စဉ်မှာ ဆရာသခင်အဆင့်ကျင့်စဉ်များတွင် ခပ်ညံ့ညံ့မဟုတ်ကြောင်း ပြသနေသည်။

ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်ထဲမှ ကျမ်းစာများကိုကြည့်ခြင်းအားဖြင့် နဂါးကိုးကောင်မီးစွမ်းအားကျင့်စဉ်ထက်သာလွန်သော မီးစွမ်းအားအခြေခံကျင့်စဉ်ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။

ခုန်မင်အနေဖြင့် မီးစွမ်းအားအခြေခံ ကျင့်စဉ်တစ်ခုကို စမ်းသပ်ကြည့်လိုပါက နဂါးကိုးကောင်မီးစွမ်းအားကျင့်စဉ်ကိုရွေးချယ်ခြင်းက ဆိုးကျိုးမရှိနိုင်ပေ။

အနည်းဆုံး သူ အခက်အခဲကြုံတွေ့လျှင်တောင် ချင်တယ်ထံတွင် အကူအညီတောင်းနိုင်ပြီး တစ်ယောက်တည်း လမ်းမှားရောက်သွာမည် မဟုတ်ပေ။

ခုန်မင်က နဂါးကိုးကောင်မီးစွမ်းအားကျင့်စဉ်ကို စတင်ဖတ်ရှုရန်ဟန်ပြင်လိုက်စဉ်မှာပင် သူ၏မျက်လုံးထောင့်မှ အနက်ရောင်အလင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ထိုအရာက စာအုပ်စင်တန်း၏အနောက်ဘက်တွင် ညပ်နေသည့် အနက်ရောင်သစ်သားသေတ္တာလေးတစ်ခု ဖြစ်လေသည်။

All Chapters