မပြည့်စုံသောလျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်
Vol. 2 Ch. 16
ခုန်မင် ထိုသေတ္တာလေးကို သတိပြုမိရခြင်းမှာ ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် ကျမ်းစာအနည်းငယ်သာ ရှိနေသောကြောင့် ဖြစ်သည်။
စာအုပ်စင်ပေါ်တွင် ကျင့်စဉ်ကျမ်းများနှင့် သိုင်းပညာရပ်များ ပြည့်နှက်နေခဲ့လျှင် ထိုသစ်သားသေတ္တာလေးကို ခုန်မင် သတိထာမိမည် မဟုတ်ပေ။
ခုန်မင့်စိတ်ထဲ စူးစမ်းလိုစိတ်ဖြစ်သွားပြီး စာအုပ်စင်နောက်သို့လက်လှမ်းကာ စမ်းသပ်ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် ထိုပစ္စည်းက သစ်သားသေတ္တာတစ်လုံး ဖြစ်နေခဲ့သည်။ သစ်သားသေတ္တာလေးက ကြီးမားသည်မဟုတ်သော်လည်း စာအုပ်တစ်အုပ်ထည့်ရန် လုံလောက်သည်။
ခုန်မင်က သစ်သားသေတ္တာကို စာအုပ်စင်နောက်မှ ဆွဲထုတ်လိုက်ပြီး ဖုံမှုန့်များဖုံးလွှမ်းနေသည်ကို သတိပြုလိုက်မိသည်။ ဤသည်က အချိန်ကြာရှည်စွာ မည်သူမျှ မထိတွေ့ခဲ့သည့် အရိပ်အယောင်ဖြစ်သည်။
သူက သေတ္တာပေါ်ရှိ ဖုံမှုန့်များကို ဖြည်းညင်းစွာလေဖြင့်မှုတ်လိုက်ပြီး လွင့်စင်သွားစေသည်။
ထိုအခါ သစ်သားသေတ္တာ၏ မျက်နှာပြင်တွင် ရှုပ်ထွေးသောသင်္ကေတများ ထွင်းထုထားပြီး အလွန်လက်ရာမြောက်သည့် လက်မှုပညာကို တွေ့မြင်ရသည်။
သေတ္တာကို မည်သည့်သတ္တုဖြင့်ပြုလုပ်ထားကြောင်း ခုန်မင် အတတ်မပြောနိုင်သော်လည်း သေတ္တာထက်မှ သင်္ကေတများကိုမြင်တော့ ခဏမျှ အံ့အားသင့်သွားရသည်။
ဤသင်္ကေတများက သူ့အတွက် အစိမ်းသက်သက်မဟုတ်ပေ။
ခုန်အိမ်တော် ၊ သိုင်းကျမ်းစာကြည့်တိုက်ရှိ အတွင်းပိုင်းစာကြည့်တိုက်တံခါးထက်တွင်လည်း ထိုသင်္ကေတများ ရေးထိုးထားလေသည်။
ထိုသင်္ကေတများက ခုန်အိမ်တော်၏တိုက်ရိုက်အဆက်အနွယ်များသာဖွင့်နိုင်သော အဆင့်မြင့်စည်းတံဆိပ်တစ်ခုကို ကိုယ်စားပြုသည်။
အကယ်၍ အခြားသူများက အင်အားသုံးပြီးဖွင့်ရန်ကြိုးစားပါက သေတ္တာအတွင်းမှပစ္စည်းသည်လည်း သေချာပေါက် ပျက်ဆီးသွားပေမည်။
သေတ္တာပေါ်ရှိ စည်းတံဆိပ်က အတွင်းပိုင်းစာကြည့်တိုက်တံခါးထက်မှ စည်းတံဆိပ်နှင့် တူညီသည့်အတွက် ခုန်အိမ်တော်၏တိုက်ရိုက်အဆက်အနွယ်ဆိုလျှင် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
ထိုအတွေးဖြင့် ခုန်မင်က သူ၏လက်ချောင်းထိပ်ကို သွားဖြင့်ကိုက်ကာ သွေးထွက်စေလိုက်ပြီး သွေးတစ်စက်ကို သစ်သားသေတ္တာလေးထက်သို့ ကျဆင်းစေလိုက်သည်။
သွေးစက်က သစ်သားသေတ္တာထက်မှ သင်္ကေတကို ထိလိုက်သည်နှင့် ချက်ချင်းပင် မှိန်ဖျော့ဖျော့ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သင်္ကေတတစ်ခုလုံး လင်းလက်သွားသည်။
ခဏအကြာမှာတော့...
“ဝုန်း...”
အသံနှင့်အတူ သေတ္တာအဖုံး အလိုလိုပွင့်သွားတော့သည်။
သစ်သားသေတ္တာထဲတွင် စာရွက်များ အနည်းငယ်ဝါကျင့်နေသော ပါးလှပ်လှပ်စာအုပ်တစ်အုပ် ရှိနေပြီး ၊ ထိုစာအုပ်က နှစ်အတန်ကြာ သက်တမ်းရှိပြီဖြစ်ကြောင်း ထင်ရှားသည်။
စာအုပ်အဖုံးထက်တွင် ရိုးရှင်းပြီးရှေးကျသော စာလုံးများရေးထိုးထားသည်။
လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်...။
“လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ခုန်မင် စိတ်ထဲမှ တွေးလိုက်သည်။
လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ဆိုသည်က ပင်မ’ခုန်’အိမ်တော်၏ ဒြပ်စင်ငါးပါးသံသရာကျင့်စဉ် ၊ အခြေခံကျင့်စဉ်(၅)ခုထဲမှ တစ်ခုဖြစ်သည်။
ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်က ဧကရာဇ်အဆင့်ကျင့်စဉ်ဖြစ်ပြီး ၊ ဧကရာဇ်အဆင့်ကျင့်စဉ်၏ ငါးပုံတစ်ပုံဖြစ်သော ဤကျင့်စဉ်က ထိပ်တန်းသခင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်၏။
သို့သော် ဤသို့သော ထိပ်တန်းကျင့်စဉ်တစ်ခုက ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် အဘယ့်ကြောင့် ရှိနေရပါသနည်း။
ခုန်မင်၏စိတ်ထဲ သံသယများပြည့်နက်သွားသော်လည်း သူက ချက်ချင်းပင် လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကို ကောက်ယူကာ ဖတ်ရှုကြည့်လိုက်သည်။
လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်က ထိပ်တန်းသခင်အဆင့်ကျင့်စဉ်တစ်ခုအဖြစ် ၎င်း၏ဂုဏ်သတင်းကို ထိုက်တန်စွာ ထိန်းသိမ်းထားသည်။ အစပိုင်းအား ဖတ်ရှုရုံမျှဖြင့်ပင် ကျင့်စဉ်၏ နက်နဲသိမ်မွေ့မှုကိုခံစားရပြီး ခုန်မင်သိထားသော လောင်ကျွမ်းသစ်သားကျင့်စဉ်ထက်ပင် များစွာပိုမိုပြီး လျှို့ဝှက်ဆန်းကျယ်လွန်းသည်။
သို့သော် ဤလျှို့ဝှက်ကျင့်စဉ်၏ သုံးပုံတစ်ပုံခန့်အားဖတ်ရှုပြီးသည့်အနောက် နောက်ပိုင်းစာရွက်များက ဗလာဖြစ်နေပြီး စာတစ်လုံးမှရေးသားမထားတော့ကြောင်း တွေ့ရှိရသည်။
လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကျမ်းကပါးလှပ်သော စာအုပ်တစ်အုပ်သာဖြစ်ပြီး ၎င်း၏သုံးပုံတစ်ပုံပါ အကြောင်းအရာမှာ စာမျက်နှာ(၁၀)ခုကျော်ခန့်သာရှိသည်။
ကျင့်စဉ်၏ အစပိုင်းမိတ်ဆက်မျှကိုသာ မှတ်တမ်းတင်ထားခြင်းပင်။
ထိုအခါမှ သူတို့ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကဲ့သို့သော ထိပ်တန်းသခင်အဆင့်ကျင့်စဉ်တစ်ခု အဘယ်ကြောင့် ရှိနေသည်ကို ခုန်မင် နားလည်သဘောပေါက်သွားတော့သည်။
ဤကျမ်းစာအုပ်က မပြည့်စုံသော အပိုင်းအစတစ်ခုမျှသာ ဖြစ်ပေသည်။
ခုန်မင်၏အဘေးသည် ပင်မ 'ခုန်'အိမ်တော်၏ မပြည့်စုံသော စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်မှ ထိုးထွင်းသိမြင်မှုများဖြင့် လောင်ကျွမ်းသစ်သားကျင့်စဉ်ကို ဖန်တီးခဲ့ပြီး ၊ ခွန်းကာမြို့တွင် ခုန်အိမ်တော်အခွဲတစ်ခုကို တည်ထောင်ခဲ့သည်။
သို့ဖြစ်ရာ ခုန်အိမ်တော်တွင် လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်၏ မပြည့်စုံသော အပိုင်းအစတစ်ခု ရှိနေခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
သို့သော် ပြီးပြည့်စုံခြင်းမရှိသည့် ကျင့်စဉ်တစ်ခုမှ တန်ခိုးစွမ်းအားကိုထုတ်ယူရန်မှာ ထူးကဲသောအရည်အချင်းရှိမှသာလျှင် ဖြစ်နိုင်သည်။
ခွန်းကာမြို့ ၊ ခုန်အိမ်တော်က မျိုးဆက်(၄)ဆက်တိုင်တိုင် ရှင်သန်ခဲ့ပြီးဖြစ်သော်လည်း တိုက်ရိုက်အဆက်အနွယ် ဆက်ခံသူများထဲတွင် သစ်သားဒြပ်စင်စွမ်းအားနှင့် ဆက်နွယ်နေသူများသာ ပါဝင်ကြသည်။
ထို့ကြောင့် ဤ ပြီးပြည့်စုံခြင်းမရှိသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကို မည်သူမျှ မလေ့လာခဲ့ကြပေ။
ထို့ကြောင့် ပြီးပြည့်စုံခြင်းမရှိသော ဤကျင့်စဉ်က သိုင်းကျမ်းစာကြည့်တိုက်ထဲတွင် ဖုန်မှုန့်များဖုံးလွှမ်းနေခြင်းမှာ နားလည်ရန်မခက်တော့ပေ။
ခုန်မင်၏မှတ်ဉာဏ်က မည်သည့်အရာမဆို တစ်ခေါက်ကြည့်ရုံဖြင့် အလွတ်ရလေသည်။
သို့ဖြစ်ရာ လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်၏ အစပိုင်းစာမျက်နှာ(၁၂)ရွက်ခန့်ကို တစ်ခေါက်ဖတ်ရုံဖြင့် အပြည့်အဝ မှတ်မိသွားခဲ့သည်။
လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်က အမှန်ပင် ထိပ်တန်းသခင်အဆင့်ကျင့်စဉ်တစ်ခု ဖြစ်၏။ ထိုကျင့်စဉ်၏ အဖွင့်ပိုင်းသာပါဝင်ပြီး ပြီးပြည့်စုံခြင်းမရှိသောကျမ်းစာသည်ပင် ဆရာသခင်အဆင့်ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ခံရရန် လုံလောက်သည်။
ယခု ခုန်မင် စဉ်းစားရမည်မှာ မပြည့်စုံသော ညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကို ကျင့်ကြံမည်လား ၊ နဂါးကိုးကောင်မီးစွမ်းအားကို အာရုံစိုက်မည်လား ဆိုသောအချက် ဖြစ်သည်။
တဖြည်းဖြည်း ခုန်မင်၏မျက်ဝန်းများတင် ဉာဏ်ပညာဖြင့်ပြည့်သော အလင်းရောင်တစ်ချက် လက်ခနဲပေါ်လာသည်။
သူ၏အဘေးက မပြည့်စုံသော စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်မှ လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်ကို တီထွင်နိုင်ခဲ့ကာ ဒြပ်စင်စွမ်းအားအရှင်သခင်အလယ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
သို့ဆိုလျှင် ခုန်မင်သည်လည်း မပြည့်စုံသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ဖြင့် နောက်ထပ်ဒဏ္ဍာရီတစ်ခုကို ဖန်တီးနိုင်မည်မဟုတ်လား။
ကျူးကဲလျန့်ဆိုသည်က သုံးပြည်ထောင်ခေတ်တွင် “အိပ်ပျော်နေသောနဂါး” ဟု နာမည်ကျော်ကြားသည် မဟာဗျူဟာ ပညာရှင်တစ်ယောက်ဖြစ်လေရာ ၊ ယခု သူ၏ဘိုးဘေးများလုပ်နိုင်သည့်အလုပ်ကို သူလည်း လုပ်နိုင်ရမည် ဖြစ်၏။
အမှန်တော့ ခုန်မင်က သူတို့ထက်ပင် ကျော်လွန်သွားနိုင်သေးသည်။
ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ခုန်မင်က မည်သည့်ကျင့်စဉ်ကို အခြေခံအုတ်မြစ်ထားရမည်ကို ရွေးချယ်လိုက်သည်။
သူက ပြီးပြည့်စုံခြင်းမရှိသည့် လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်မှ စာသားများအားလုံးကို မှတ်မိနေပြီးဖြစ်ရာ ထိုစာသားများအတိုင်း ကြိုးစားသွားပါက ဤကျင့်စဉ်အခြေခံကို လျှင်မြန်စွာ အုတ်မြစ်တည်ဆောက်နိုင်ဖွယ် ရှိသည်။
သို့သော် အခြေခံအုတ်မြစ်တည်ဆောက်ပြီးလျှင် ဆက်လက်လုပ်ဆောင်ရမည့်ကျင့်စဉ်ကို ခုန်မင်၏ ကြီးမားသောဉာဏ်ဖြင့်ပင် ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ခုန်မင်၏အကြည့်က နဂါးကိုးကောင်မီးစွမ်းအားစာအုပ်ဆီသို့ ထပ်မံရောက်ရှိသွားသည်။
နဂါးကိုးကောင်မီးစွမ်းအားက ခုန်အိမ်တော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် အဆင့်မြင့်ဆုံး မီးအခြေခံကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။
ခုန်မင်က မပြည့်စုံသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကို အခြေခံအဖြစ်တည်ဆောက်ပြီး နဂါးကိုးကောင်မီးစွမ်းအား၏ ကျင့်စဉ်နည်းလမ်းများကို ကိုးကားပါက အမှန်တကယ်ပင် ကျင့်စဉ်အသစ်တစ်ခု ဖန်တီးနိုင်ဖွယ်ရှိသည်။
သာမန်လူတစ်ယောက်အတွက်ဆိုလျှင်တော့ ထိုသို့ပြုလုပ်ခြင်းက အောင်မြင်ရန် မဖြစ်နိုင်သလောက်ပင်။
သို့သော် ခုန်မင်က ထူးခြားသူတစ်ယောက်ဖြစ်၏။
သူ့တွင် ကြီးမားသော ဉာဏ်ပညာရှိရုံသာမက ရှားပါးသော သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့အနေဖြင့် အခြားသူများ အံ့သြဖွယ်ရာဟု ယူဆမည့်အရာများကို ဖန်တီးနိုင်ခြင်းမှာ အံ့သြစရာမဟုတ်ပေ။
စာကြည့်တိုက်ထဲတွင် မတ်တတ်ရပ်နေရင်းပင် ခုန်မင်က နဂါးကိုးကောင်မီးစွမ်းအား စာအုပ်ကို စတင်ဖတ်ရှုလိုက်သည်။
စာအုပ်အထူအပါးအရ နဂါးကိုးကောင်မီးစွမ်းအားစာအုပ်က မပြည့်စုံသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ထက် များစွာထူထဲပြီး စုစုပေါင်း စာမျက်နှာ ၁၂၀ ကျော်ရှိသည်။
သို့သော် တစ်ခါဖတ်လျှင် ဓာတ်ပုံရိုက်လိုက်သည့်ပမာ အလွတ်ရတတ်သော ခုန်မင်၏ မှတ်ဉာဏ်စွမ်းရည်ဖြင့် အချိန် (၁)နာရီကျော်အတွင်းမှာပင် နဂါးကိုးကောင်မီးစွမ်းအား စာအုပ်တစ်ခုလုံး မှတ်မိသွာတော့သည်။
နဂါးကိုးကောင်မီးစွမ်းအား စာအုပ်ကို မူလနေရာသို့ ပြန်ထားပြီးနောက် ခုန်မင် မျက်လုံးများမှိတ်လိုက်ပြီး နက်ရှိုင်းသော အတွေးကမ္ဘာထဲသို့ နစ်မြုပ်သွားသည်။
မပြည့်စုံသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်နှင့် နဂါးကိုးကောင်မီးစွမ်းအား၏ စာပိုဒ်များက သူ့စိတ်ထဲရောယှဥ်နေပြီး မီးပုံးပြပွဲတွင်ပြသသည့်ရုပ်ပုံများပမာ ဖျတ်ခနဲ ဖျတ်ခနဲ ဖြတ်သန်းသွားသည်။
မပြည့်စုံသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်က ကျယ်ပြန့်နက်ရှိုင်းသည်။ စာလုံး (၁၂)လုံးခန့်သာပါဝင်သော အဖွင့်စာပိုဒ်တစ်ခုမှာပင် နဂါးကိုးကောင်စွမ်းအား၏ စာမျက်နှာပေါင်းများစွာကိုကျော်လွန်သည့် အမှန်တရားများ ပါဝင်သည်။
သို့သော် နဂါးကိုးကောင်မီးစွမ်းအား၏ စာပိုဒ်များတွင်လည်း အားသာချက်များရှိသည် အမှန်ပင်။
ထိုစာအုပ်က ရှင်းလင်းပြီး နားလည်ရလွယ်ကူသဖြင့် မီးအခြေခံကျင့်စဉ်များကို ပထမဆုံးအကြိမ် ထိတွေ့ဖူးသူ ခုန်မင်အား မီးအခြေခံ ဒြပ်စင်စွမ်းအားကို ထိရောက်စွာ အသုံးချပုံကို နားလည်စေသည်။
တဖြည်းဖြည်း ခုန်မင်၏စိတ်ထဲမှရုပ်ပုံများ ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာပြီး ဆက်စပ်နေသော ရုပ်ရှင်တစ်ခုပမာ ဖြစ်ပေါ်လာသည်။
မူလက သီးခြားဖြစ်သော ကျင့်စဉ်နှစ်ခု၏ စာပိုဒ်များ တစ်စတစ်စ ရောနှောလာပြီး မည်သည့်စာပိုဒ်က မပြည့်စုံသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်မှ ဖြစ်ပြီး မည်သည့်စာပိုဒ်က နဂါးကိုးကောင်မီးစွမ်းအားမှ ဖြစ်ကြောင်း ခွဲခြားမရနိုင်တော့ပေ။
လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်က မပြည့်စုံသည့်ကျင့်စဉ်ဖြစ်သော်လည်း ဤကျင့်စဉ်၏ အဆင့်မြင့်မားသည့်သဘောသဘာဝကြောင့် မီးဒြပ်စင်စွမ်းအားအခြေခံ ကျင့်စဉ်ဖန်တီးရန် အခြေခံတည်ဆောက်ရာတွင် အသုံးပြုခြင်းက သသာမန်အနိမ့်ဆင့်ကျင့်စဉ်များထက် များစွာသာလွန်သော ရလဒ်များကို ဖြစ်ပေါ်စေသည်။
နဂါးကိုးကောင်မီးစွမ်းအားကတော့ မီးဒြပ်စင်စွမ်းအားအသုံးပြုသည့်နည်းလမ်းများကို အာရုံစိုက်ထားသည်။ အခြေခံကို ကောင်းမွန်စွာတည်ဆောက်နိုင်ပါက ဤကျင့်စဉ်၏စွမ်းအားက ပို၍ပင် ကြီးမားလာပေမည်။
ထို့ကြောင့် ခုန်မင်၏စိတ်ထဲတွင် မပြည့်စုံသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်နှင့် နဂါးကိုးကောင်မီးစွမ်းအားတို့ ရောနှောပေါင်းစပ်သွားသည်နှင့်အမျှ အံ့သြဖွယ်ရာတစ်ခု မွေးဖွားလာခဲ့ပေသည်။