← Chapters

ညီအစ်ကိုနှစ်ယောက်

Vol. 2 Ch. 18

ညီအစ်ကိုနှစ်ယောက်

Vol. 2 Ch. 18

ခုန်မင်က မီးလျှံနဂါးကျင့်စဉ် အခြေခံအုတ်မြစ်တည်ဆောက်ပြီးနောက် နာရီဝက်ခန့် ဆက်လက်ကျင့်ကြံပြီးမှ ဖြည်းဖြည်းချင်းရပ်တန့်ကာ မတ်တတ်ရပ်လိုက်သည်။

ခုန်မင်က သစ်သား - မီး ဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသူဖြစ်သလို ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသည်မှာလည်း အတန်ကြာပြီဖြစ်သည်။

ထို့ကြောင့် မီးလျှံနဂါးကျင့်စဉ်ကို နာရီဝက်ခန့်ကျင့်ကြံပြီးသည့်နောက် ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားက ပိုမိုတည်ငြိမ်လာခဲ့သည်။

သစ်သားနှင့် မီး ဒြပ်စင်စွမ်းအား နှစ်မျိုးလုံးကို တပြိုင်တည်း ကျင့်ကြံပြီးနောက် မီးဒြပ်စင်စွမ်းအား ပညာရပ်ကို ဤအဆင့်ထိရောက်အောင် မြှင့်တင်နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် ခုန်မင်အား အမှန်တကယ် ထူးခြားသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

ယခုတစ်ခေါက် သိုင်းကျမ်းစာကြည့်တိုက်သို့ လာရောက်ခြင်းက ခုန်မင်အတွက် အလွန်အကျိုးရှိခဲ့ပြီး သိုင်းကျမ်းစာကြည့်တိုက်မှ ထွက်ခွာလာချိန်တွင် အပြည့်အဝ စိတ်ကျေနပ်မှုများ ရရှိခဲ့သည်။

သိုင်းကျမ်းစာကြည့်တိုက်တံခါးမှထွက်လိုက်သည်နှင့် ခုန်မင် ခဏမျှ အံ့သြမှင်တက်သွားရသည်။

အဘယ်ကြောင့်ဆိုသော ဖခင်ဖြစ်သူ’ခုန်ကျွင်း’ တံခါးအပြင်ဘက်တွင် သူ့ကို စောင့်နေဆဲဖြစ်ကြေင်း တွေ့မြင်လိုက်ရသောကြောင့်ပင်။

ခုန်မင် ကျင့်စဉ်အသစ်တစ်ခုတီထွင်ပြီး တစ်ရက်နှင့်တစ်ညတိတိ ကျင့်ကြံခဲ့သည်။ သို့သော် ဤမျှကြာသောအချိန်ကို ခုန်ကျွင်းက တစ်ချိန်လုံး စောင့်ပေးနေသည်ကိုကြည့်ခြင်းအားဖြင့် သူ ခုန်မင်ကို မည်မျှတန်ဖိုးထားကြောင်း သိနိုင်သည်။

ခုန်ကျွင်းက သိုင်းကျမ်းစာကြည့်တိုက်အပြင်ဘက်တွင် သားဖြစ်သူကို စောင့်ပေးနေခဲ့ပြီး ဤသို့သော ဂရုစိုက်မှုမျိုးက သားအဖကြားမှ သာမန်ချစ်ခြင်းမေတ္တာထက် များစွာကျော်လွန်သည်။

စိတ်ခံစားချက်များသွားသော ခုန်မင်က ခုန်ကျွင်းကို ရိုသေစွာပင် ဦးညွှတ်လိုက်ရင်း...

“အဖေ... ဒီနေရာမှာ တစ်ချိန်လုံးစောင့်နေခဲ့တာလား ၊ အဖေ ဒီလိုဂရုစိုက်ပေးတာ ကျွန်တော့်အတွက် မတန်ဘူးလို့ ခံစားရပါတယ်”

ခုန်ကျွင်းက ရယ်မောလိုက်ပြီး ပေါ့ပါးသည့်လေသံဖြင့်...

“မင်အာ... မင်းက အဖေတို့ ခုန်အိမ်တော်ရဲ့ မျှော်လင့်ချက်ပါ ၊ မင်း အခုလို ပြန်နေကောင်းလာတာမြင်ရတာ အဖေ ဘယ်လောက်ဝမ်းသာလဲ သိလား ၊ ဘာပဲဖြစ်ဖြစ် သား အရင်လိုထပ်ဖြစ်မှာကို အဖေ ခွင့်မပြုနိုင်ဘူး”

ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။

“ဒါနဲ့ စကားမစပ်... သိုင်းကျမ်းစာကြည့်တိုက်က ထူးခြားတာတစ်ခုခု ရခဲ့သေးလား ၊ အဖေတို့ သိုင်းကျမ်းစာကြည့်တိုက်မှာက ကျင့်စဉ်တွေ သိပ်များများစားစားမရှိဘူး ၊ တကယ်လို့ အဖေတို့ ပင်မခုန်အိမ်တော်ကို ပြန်ရောက်နိုင်မယ်ဆိုရင် သားရဲ့အရည်အချင်းတွေက အလကားဖြစ်မှာမဟုတ်ဘူး”

ခုန်မင်က...

“အဖေ စိတ်ချပါ ၊ လက်ရှိ ကျွန်တော့်ရဲ့ကျင့်ကြံခြင်းက အခြေခံအဆင့်မှာပဲ ရှိပါသေးတယ် ၊ ဒါပေမဲ့ ကျင့်ကြံခြင်းမှာ အခြေခံခိုင်မာနေသရွေ့ အနာဂတ်မှာ အခွင့်အလမ်းမရှားပါဘူး ၊ တစ်နေ့မှာ မိသားစု ဂုဏ်ယူရတဲ့သူတစ်ယောက် ဖြစ်လာစေရပါမယ်”

ခုန်မင်က လူတို့၏စိတ်ထားကို နားလည်သူဖြစ်ပြီး လူကဲခတ်ကျွမ်းကျင်သူလည်း ဖြစ်သည်။

ယခု သူနှင့်ခုန်ကျွင်းတို့က သားအဖဆက်ဆံရေးထက်ကျော်လွန်ပြီး ခုန်ကျွင်းက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိကြောင်းကို သိရှိလေသည်။

ထို့ကြောင့် ခုန်ကျွင်း စိတ်ပျော်ရွှင်စေရန် အကောင်းဆုံးနည်းလမ်းမှာ မိသားစု ပိုမိုကြီးပွားတိုးတက်ရေးအကြောင်း ပြောဆိုရန်သာ ဖြစ်သည်။

မထင်မှတ်ဘဲ ခုန်မင်၏စကားကိုကြားလိုက်ရတော့ ခုန်ကျွင်း အလွန်ဝမ်းမြောက်သွားသည်။

သူက ချက်ချင်းပင် ခုန်မင်ကို အိမ်တော်သိုင်းလေ့ကျင့်ရေးကွင်းဆီသို့ ဆွဲခေါ်သွားသည်။

“မင်အာ... မင်းရဲ့သိုင်းပညာ လွန်ခဲ့တဲ့(၅)နှစ်ကထက်ဆာရင် တိုးတက်လာသလား ဆုတ်ယုတ်သွားသလား အဖေသိချင်တယ် ၊ ဒီတော့ အဖေတို့ သိုင်းပြိုင်ကြည့်ရအောင်”

ခုန်ကျွင်းက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ဖြစ်လေရာ ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကလေးတစ်ယောက်ဖြစ်သည့် ခုန်မင်နှင့် သိုင်းပညာယှဉ်ပြိုင်လိုခြင်းမှာ ခြင်တစ်ကောင်ကိုရှင်းပစ်ရန် အမြှောက်နှင့်ပစ်သည်နှင့် ဆင်တူသည်။

ဂုဏ်သိက္ခာရှိသော မိသားစုခေါင်းဆောင် အိမ်တော်သခင်တစ်ယောက်အနေဖြင့် ခုန်မင်အပေါ် ဤမျှအချိန်ပေးခြင်းမှာ ခုန်ကျွင်းအနေဖြင့် သားဖြစ်သူကို မည်မျှအလိုလိုက်ပြီး ချစ်ခင်ကြောင်းကို ပြသသည်။

ခုန်ကျွင်းနှင့် ခုန်မင်တို့သားအဖ နက်ရှိုင်းသောသားအဖ သံယောဇဉ်ကို မျှဝေနေချိန် ခုန်အိမ်တော်၏ မထင်မရှားခြံဝင်းတစ်ခုအတွင်းမှာတော့ မတူညီသောကိစ္စတစ်ခု ဖြစ်ပျက်နေခဲ့လေသည်။

ဤခြံဝင်းက ခုန်အိမ်တော်၏ တောက်တိုမယ်ရပစ္စည်းများသိမ်းဆည်းသည့်နေရာတစ်ခုဖြစ်ပြီး အစေခံများပင်လျှင် လာရောက်လေ့ မရှိကြပေ။

သို့သော် ယခုတော့ မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲသောအမူအရာများထင်ဟပ်နေသည့် လူငယ်လေးတစ်ယောက် ထိုခြံဝင်းထဲတွင် ရှိနေလေသည်။

သူက လက်နှစ်ဖက်နောက်ပစ်ရင်း ခြံဝင်းထဲမှ မှိုင်းညို့ညို့သစ်သားဂိုဒေါင်ထဲသို့ ဝင်ရောက်သွားသည်။

အကယ်၍ ဤမြင်ကွင်းကို တစ်ယောက်ယောက်တွေ့ရှိခဲ့ပါက သေချာပေါက် ထူးဆန်းသည်ဟု ထင်မြင်ပေလိမ့်မည်။

ခုန်အိမ်တော်၏ ဂုဏ်သရေရှိ သခင်လေးတစ်ယောက်က အစေခံများပင်လာရောက်ခြင်းမရှိသည့်နေရာသို့ အဘယ့်ကြောင့် လာရောက်ရပါသနည်း။

ဝမ်းနည်းစိတ်မကောင်းဖြစ်နေဟန်ရှိသော ထိုလူငယ်လေးက ခုန်အိမ်တော်၏ အကြီးဆုံးသခင်လေး’ခုန်ကျောင်း’ ပင် ဖြစ်သည်။

ပစ္စည်းသိုလှောင်ရုံက အလင်းရောင်မှိန်ဖျော့နေပြီး ဖုန်များလည်း ဖုံးလွှမ်းနေသည်။

ဤနေရာက အလွန်ပင် ညစ်ပတ်လွန်းသော်လည်း ခုန်ကျောင်းကတော့ အထဲဝင်ပြီးသည်နှင့် တံခါးကိုပြန်ပိတ်လိုက်သည်။ တံခါးပိတ်လိုက်သည်နှင့် သိုလှောင်ရုံက ပို၍မှောင်မိုက်ပြီး သီးသန့်ဆန်သွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အတန်ကြာတိတ်ဆိတ်နေပြီးနောက် ခုန်ကျောင်းက သက်ပြင်းချလိုက်ပြီး စကားစတင် ပြောဆိုလိုက်သည်။

“ငါ့ရဲ့ပါရမီရှင် ညီလေးကို အဖေက အရမ်းမျက်နှာသာပေးတယ် ၊ သူ သိုင်းကျမ်းစာကြည့်တိုက်သွားတာကို အဖေက တစ်ရက်နဲ့တစ်ညလုံးလုံး အပြင်မှာ မတ်တတ်ရပ်ပြီး စောင့်ကြည့်ပေးနေတယ် ၊ ဒီလိုဂရုစိုက်မှုမျိုးကို အကြီးဆုံးသားဖြစ်တဲ့ငါတောင် တစ်ခါမှ မရခဲ့ဖူးဘူး ၊ အကြီးအကဲ... ခင်ဗျားပြောကြည့်စမ်း... ဒီကိစ္စကြောင့် ငါက လှောင်ရယ်နေရမှာလား ထိုင်ငိုနေရမှာလား”

သိုလှောင်ရုံထဲတွင် အခြားမည်သူမှမရှိသဖြင့် ခုန်ကျောင်း၏စကားများက သူ့ကိုယ်သူ တစ်ယောက်တည်းရေရွတ်နေခြင်းဟု ထင်မှတ်ရဖွယ် ရှိသည်။

သို့သော် သူ နောက်ဆုံးပြောလိုက်သည့်စကားစုအရ ဤစကားများကို သူက တစ်စုံတစ်ယောက်အား ပြောဆိုနေသည်မှာ ထင်ရှားသည်။

ရုတ်တရက်...

မှိုင်းညို့သော သိုလှောင်ရုံထဲတွင် အသွင်သဏ္ဌန်မရှိသူတစ်ယောက် စကားပြောဆိုနေသည့်အလား ညှို့ယူနိုင်စွမ်းရှိသော အသံတစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“ခုန်အိမ်တော်ရဲ့ ဒုတိယသခင်လေးက ပါရမီထူးခြားတာ အမှန်ပါပဲ ၊ ဒါပေမဲ့ ဒီလောကကြီးက ပါရမီရှင်တွေကို မျက်နှာသာပေးလေ့မရှိဘူး ၊ သူ အရင်က မတော်တဆမှုတစ်ခု ဖြစ်ခဲ့ဖူးတယ် ၊ အခု နောက်ထပ်မတော်တဆမှုတစ်ခု ထပ်မဖြစ်ဘူးလို့ ပြောလို့မရဘူးလေ”

ခုန်ကျောင်း၏မျက်နှာအမူအရာက အေးစက်နေပြီး ရက်စက်မှုများဖြင့် ပြည့်နက်နေသည်။

သူက ဖြည်းညင်းသည့်လေသံဖြင့်...

“ငါ့ရဲ့ ချစ်လှစွာသော ညီ (၂) ဆက်ပြီး ကံကောင်းနေပါစေလို့ ဆုတောင်းပါတယ်”

ပြောပြီးသည်နှင့် ခုန်ကျောင်းက နောက်ပြန်လှည့်မကြည့်ဘဲ သိုလှောင်ရုံထဲမှ ထွက်ခွာသွားသည်။

သိုလှောင်ရုံမှာ မည်သူမှ ရောက်မလာဖူးသည့်အလား တိတ်ဆိတ်ငြိမ်သက်မှုထဲသို့ ပြန်လည်ကျရောက်သွားလေသည်။

***

မကြာမီအချိန်အတွင်းမှာပင်...

ခွန်းကာမြို့တွင် အာရုံစိုက်အခံရဆုံးသတင်းမှာ ခုန်အိမ်တော်မှ “ဒုတိယသခင်လေး” ဖြစ်လေသည်။

သူက ရောဂါကြောင့် ဉာဏ်ရည်မမီသူတစ်ယောက်ဖြစ်သွားခဲ့သော်လည်း မိုးကြိုးပစ်ခံရပြီးနောက် အံ့သြဖွယ်ရာ ပြန်လည်သတိရလာကာ တစ်မြို့လုံး၏စိတ်ဝင်စားမှုခံရသော ပါရမီရှင်အဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

“မင်း ကြားပြီးပြီလား ၊ ခုန်အိမ်တော်ရဲ့ ပါရမီရှင် ဒုတိယသခင်လေး’ခုန်မင်’ က တကယ် အံ့သြစရာကောင်းတယ် ၊ သူက အသက်(၁၄)နှစ်ပဲရှိသေးပေမယ့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကိုတောင် ရောက်တော့မှာတဲ့”

“ဘာ... ခုန်အိမ်တော်က ဒုတိသယသခင်လေးက ပါရမီရှင်လား ၊ ငါသိသလောက် သူက ဉာဏ်မမီတဲ့ကောင်လေး မဟုတ်ဘူးလား”

“မင်းက ဘာမှလည်းမသိပါလား ၊ လွန်ခဲ့တဲ့ လဝက်က ခုန်အိမတော်က ဒုတိယသခင်လေး’ခုန်မင်’ ကို မိုးကြိုးပစ်ချလိုက်တာ ၊ တစ်ခါတည်း သူ့ရဲ့သွေးကြောဆုံချက်တွေအားလုံး ရှင်းလင်းသွားပြီး အရင်တုန်းကလိုပဲ ပါရမီရှင် ပြန်ဖြစ်သွားတာ ၊ ငါပြောပြမယ်... အဲဒီကိစ္စကို ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာ ၊ မိုးကြိုးပစ်လိုက်တဲ့အချိန်မှာ ကောင်းကင်တစ်ခုလုံးမှောင်မိုက်သွားပြီး ပတ်ဝန်းကျင်က သဲတွေ ကျောက်တုံးတွေ အကုန် မိုးပေါ်ပျံတက်သွားတာ”

“ဒါဖြင့် အဲဒီ ပါရမီရှင် ဒုတိယသခင်လေး’ခုန်မင်’ က အသက်(၁၄)နှစ်နဲ့ ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်လာခဲ့ရင် ငါတို့ ခွန်းကာြမို့မှာ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ထွက်ပေါ်လာဦးမှာပေါ့ ၊ ဟုတ်တယ်မလား”

“သေချာတာပေါ့ ၊ ငါက ခုန်အိမ်တော်က ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တာ ၊ ဒုတိယသခင်လေး ဘာဖြစ်သွားလဲဆိုတာ အကုန်သိတယ် ၊ နောက်ဆို ငါတို့ ခုန်အိမ်တော်က တိုင်းပြည်မှာ ထူးခြားတဲ့ မျိုးနွယ်တစ်ခုဖြစ်လာမှာ ကျိန်းသေပဲ”

ဤသို့သောစကားဝိုင်းများက ခွန်းကာမြို့၏ လမ်းများနှင့် မြို့ထဲနေရာများတွင် နေ့စဉ်နီးပါး ပြောဆိုနေကြပြီး ကောလဟလများက တစ်နေ့တခြား ပိုမိုချဲ့ကားလာနေကြသည်။

ရလဒ်အနေဖြင့် ခုန်အိမ်တော်၏ ထူးချွန်သော ဒုတိယသခင်လေး နေပြန်ကောင်းလာပြီဖြစ်ကြောင်း ခွန်းကာမြို့ရှိလူတိုင်း သိရှိသွားကြတော့သည်။

ခုန်အိမ်တော်၏ ဒုတိယသခင်လေး ပြန်လည်နေကောင်းလာသည့်သတင်း ဤမျှလျှင်မြန်စွာ ပျံ့နှံ့သွားခြင်းမှာ ခုန်အိမ်တော်က မသိမသာ မီးထိုးလှုံ့ဆော်မှုကြောင့်ဆိုသည်မှာ ငြင်းမရနိုင်ပေ။

သို့သော် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့တက်လှမ်းရန် အာရုံစိုက်ကျင့်ကြံနေသည်ဟု ကောလဟလထွက်နေသော ခုန်အိမ်တော်၏ ဒုတိယသခင်လေးက ယခု မည်သည့်အလုပ်များ လုပ်နေပါသနည်း။

သူလုပ်နေသည့်အလုပ်များကို လူအများသိသွားပါက အံ့အားသင့်သွားဖွယ်ရှိသည်။

အကြောင်းမှာ ယခု ခုန်အိမ်တော်၏ ဒုတိယသခင်လေး’ခုန်မင်’ က သူနေထိုင်ရာ ခြံဝင်းထဲတွင် သစ်ပင်များစိုက်ပျိုးနေသောကြောင့် ဖြစ်သည်။

ခုန်မင်နေထိုင်ရာ ခြံဝင်းက သိပ်ကြီးမားသည်မဟုတ်ပေ။

ရေကန်ငယ်တစ်ခုမှလွဲပြီး ကျန်ရှိသောနေရာက အလျားအနံ ခြေလှမ်း(၃၀)မှ (၄၀)ခန့်သာ ရှိသည်။

သို့သော် ထိုသို့သော ခပ်ကျဉ်းကျဉ်းနေရာလေးမှာပင် ခုန်မင်က မြှားဝါးပင်ရှည်ပေါင်းတစ်ရာကျော်ကို ထူထပ်စွာ စိုက်ပျိုးထားလေသည်။

All Chapters