အမှောင်ထဲမှအနက်ရောင်အရိပ်
Vol. 2 Ch. 19
ထျန်းယွမ်ကုန်းမြေတွင် မြှားဝါးပင်များက ထူးခြားသော အလှဆင်သစ်ပင်တစ်မျိုးဖြစ်ပြီး ကုန်းမြေ၏တောင်ပိုင်းဒေသရှိ ကြွယ်ဝချမ်းသာသောအိမ်တော်များ၏ ခြံဝန်းများထဲတွင် စိုက်ပျိုးထားလေ့ရှိသည်ကို တွေ့ရသည်။
ဝါးပင်များက ဖြောင့်တန်းစွာမြင့်တက်ကြီးထွားပြီး အကိုင်းအခက်အနည်းငယ်သာရှိသော်လည်း အရွက်များက ရာသီဥတုမရွေး တစ်နှစ်ပတ်လုံး စိမ်းလန်းနေတတ်သည်။
ဝါးပင်များကြီးလာလျှင် (၆)ပေမှ (၉)ပေအထိ ရှည်လျားပြီး ခြံဝင်းထဲတွင် ဝါးရုံတောတစ်ခုပမာ အလွန်တရာ လှပသည်။ ထို့ပြင် ဝါးပင်များ၏အကိုင်းများက အလွန်ခိုင်မာသဖြင့် မြားရိုးတံပြုလုပ်ရန် အကောင်းဆုံးဖြစ်လေသည်။
ထို့ကြောင့်ပင် ဤဝါးပင်ကို မြှားဝါးဟု ခေါ်ခြင်း ဖြစ်၏။
သို့သော် ခုန်မင်စိုက်ပျိုးထားသည့် မြှားဝါးများကတော့ အမြင့် (၃)ပေအောက်ရှိသော အပင်ငယ်လေးများဖြစ်ပြီး ဝါးပင်များက ခြံဝင်းထဲတွင်ဖရိုဖရဲ စည်းကမ်းမဲ့စွာ ပျံ့ကျဲနေသည်။
တံခါးဝကိုဖြတ်ကျော်ပြီး ခုန်မင်နေထိုင်သည့်အဆောင်သို့ သွားရောက်လိုသူ မည်သူမဆို ဝါးပင်များစိုက်ပျိုးထားသည့် အကွေ့အကောက်လမ်းကြောင်းအတိုင်း ဖြတ်သန်းသွားရမည် ဖြစ်သည်။
ခုန်မင် ဤသို့ ဝါးပင်များ စိုက်ပျိုးထားသည့်အကြောင်းရင်းကို မည်သူမှ မသိကြပေ။
ဖခင်ဖြစ်သူ ခုန်ကျွင်းသည်ပင် သိချင်စိတ်ဖြစ်လာပြီး ခုန်မင်ကို မေးမြန်းကြည့်ရသည်အထိပင်။
ခုန်မင်၏အဖြေက အတော်လေး ထူးခြားသည်။
သူက ပြောသည်မှာ -
“လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်ကို ကျင့်ကြံရင်း ဉာဏ်အလင်းရသွားပြီး ခြံဝင်းထဲတွင် သစ်ပင်များစိုက်ပျိုးထားခြင်းက သစ်သားဒြပ်စင်စွမ်းအားကို ပိုမိုကောင်းမွန်စွာ ခံစားနိုင်ပြီး ကျင့်ကြံခြင်းတိုးတက်မှုကို အထောက်အကူပြုမည်ဟု ခံစားမိသောကြောင့်ဖြစ်သည်” ဟူ၍ပင်။
ဤသို့ ဝါးပင်များစိုက်ပျိုးထားခြင်းက ကျင့်ကြံခြင်းအတွက် အမှန်တကယ် အကျိုးပြုသလား မသေချာသော်လည်း ခုန်မင်က ယုံကြည်ချက်ထားသဖြင့် ခုန်ကျွင်းကလည်း ထောက်ခံအားပေးလိုက်သည်။
သို့သော် အပြင်လူများအမြင်မှာတော့ ဤအပြုအမူကြောင့် တီးတိုးဝေဖန်မှုများ ထွက်ပေါ်လာသည်။
“ဒုတိယသခင်လေးက ပြန်နေမကောင်းသေးဘူးထင်တယ် ၊ မဟုတ်ရင် ဒီလို ခပ်တုံးတုံးအလုပ်တွေ ဘာလို့လုပ်နေမှာလဲ”
***
လွန်ခဲ့သော (၁၀)ရက်အတွင်း ခုန်ကျွင်းက ခုန်မင်ကိုခေါ်ပြီး ခွန်းကာမြို့ရှိ ထင်ရှားသော သိုင်းဂိုဏ်းများသို့ သွားရောက်လည်ပတ်ခဲ့သည်။
ထိုအထဲတွင် ချန်အိမ်တော်ကိုလည်း ချန်လှပ်မထားခဲ့ပေ။
ဤအလည်အပတ်ခရီးတွင် ခုန်မင်က နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း သတိပြုမိစေရန် ပြသခဲ့သည်။
ခုန်အိမ်တော်၏ ဒုတိယသခင်လေးဖြစ်သူ နေပြန်ကောင်းလာပြီး နဂိုအတိုင်း ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်လာခြင်းကို သိုင်းဂိုဏ်းများသိရှိအောင် ပြုလုပ်နိုင်ခဲ့သည်။
သို့သော် ခုန်မင် ထူးဆန်းစွာ ဝါးပင်စိုက်ပျိုးထားသည့်အကြောင်းကိုတော့ ခုန်အိမ်တော်အတွင်းမှလူများသာ သိရှိကြပြီး အပြင်လူများ မသိကြပေ။
ခုန်မင်၏ဉာဏ်ပညာဖြင့် သူက အဓိပ္ပါယ်မရှိသော လုပ်ရပ်များကို လုံးဝ ပြုလုပ်မည် မဟုတ်သော်လည်း လောလောဆယ်မှာတော့ သူ၏ရည်ရွယ်ချက်ကို မည်သူမျှ မသိရှိကြပေ။
လက်ရှိတွင် ခုန်မင်ကိုယ်တိုင်မှလွဲပြီး သူပိုင်ဆိုင်ထားသော သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာအကြောင်းကိုလည်း မည်သူမှ မသိကြပေ။
ခုန်မင်က ထိုအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်းမဟုတ်သော်လည်း သူ့တွင် အခြားအကြံအစည်များ ရှိနေသည်။
ခုန်မင်၏လုပ်ရပ်များတွင် လျှို့ဝှက်ဆန်းကြယ်မှုများမပါရှိပါက သူက သုံးပြည်ထောင်ခေတ်တွင် “အိပ်ပျော်နေသောနဂါး” ဟု နာမည်ကြီးသော စစ်ရေးဗျူဟာရှင်တစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။
ဝါးပင်များစိုက်ပျိုးပြီးနောက် ခုန်မင်က “တံခါးပိတ်ကျင့်ကြံမည့်အကြောင်း” ခုန်ကျွင်းထံ တရားဝင် ခွင့်တောင်းလိုက်သည်။
သူက နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့် အထွတ်ထိပ်သို့ရောက်ရှိသည်အထိ မြှင့်တင်ပြီး ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားပြင်ဆင်လိုသည်ဟု ပြောဆိုခဲ့သည်။
ထိုသတင်းပျံ့နှံ့သွားသည်နှင့် ပြင်ပမှလူများက ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့တက်ရောက်ရန် တံခါးပိတ်ကျင့်ကြံတော့မည်ဟု ချဲ့ကားပြောဆိုကြတော့သည်။
မည်သို့ပင်ဖြစ်စေ ခုန်မင်အနေဖြင့် (၅)နှစ်တာကာလ အလဟသဖြုန်းတီးခဲ့ရသည်ဖြစ်ရာ နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့် အထွတ်ထိပ်သို့ မရောက်ရှိသေးသဖြင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်ရောက်ရန် မဖြစ်နိုင်သေးပေ။
သို့သော် ခုန်ကျွင်းကတော့ ခုန်မင်၏ စိတ်အားထက်သန်မှုကိုတွေ့ရသည့်အခါ အလွန်ဝမ်းသာသွားသည်။
သူက ချက်ချင်းပင် အိမ်တော်တွင် အမိန့်ထုတ်ပြန်လိုက်သည်။
“ဒုတိယသခင်လေး တံခါးပိတ်ကျင့်ကြံမည့်ကာလအတွင်း မည်သူမှ အနှောက်အယှက်ပြုခွင့်မရှိသလို အကြီးအကဲချင်နှင့် အကြီးအကဲဖူတို့က သူ့ကို အလှည့်ကျ စောင့်ကြပ်ကာကွယ်ပေးရမည်” ဟူ၍ ဖြစ်သည်။
ဤသို့ ကြီးကျယ်သည့်စီစဉ်မှုက ခုန်မင် တံခါးပိတ်ကျင့်ကြံခြင်းအတွက် သိသာသည့်တိုးတက်မှုများရရှိရန်နှင့် ဆုံးရှုံးခဲ့သော (၅)နှစ်တာ အချိန်ကာလကို ပြန်လည်ဖြည့်ဆည်းရန် မျှော်လင့်ချက်ကို ထင်ဟပ်စေသည်။
ခုန်အိမ်တော်သည် အပြင်ပန်း ပေါ့ပေါ့ပါးပါးဖြစ်ဟန်ရှိနေသော်လည်း အတွင်းပိုင်းမှာတော့ အထူးသတိရှိစွာဖြင့် အိမ်တော်တစ်ခုလုံးက ခုန်မင်ကို ကူညီပေးရန် စုစည်းလှုပ်ရှားနေကြသည်။
ခုန်မင် တံခါးပိတ်ကျင့်ကြံမည်ဟု ကြေညာပြီးနောက် အချိန် (၃)ရက်နှင့် (၃)ညတိတိ ကုန်လွန်သွားခဲ့လေသည်။
ယနေ့လည်း ညနက်ချိန်သို့ရောက်ရှိလာပြီး သန်းခေါင်ယံကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ထျန်းယွမ်ကုန်းမြေ၏ ညကောင်းကင်တွင် လမရှိသဖြင့် ကြယ်အနည်းငယ်သာလျှင် ဟိုတစ်စ ဒီတစ်စ ထွန်းလင်းလို့နေသည်။
ထို့ကြောင့် မှိန်ဖျော့သည့် ကြယ်ရောင်အလင်းတန်းများ ထွန်းလင်းနေသည့်တိုင် ညနက်နက်တွင် အမှောင်ထုက လွှမ်းခြုံနေဆဲပင်။
ရုတ်တရက်...
ခုန်မင်နေထိုင်ရာ ခြံဝင်းတံခါးက အသံမထွက်ဘဲ အနည်းငယ် ပွင့်ဟသွားပြီ တကျွီကျွီမြည်သံနှင့်အတူ ဖြည်းညင်းစွာ ပွင့်သွားသည်။
ကျဉ်းမြောင်းသည့် တံခါးအက်ကွဲကြောင်းအတွင်းမှ အနက်ရောင်အရိပ်တစ်ခု ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်ရောက်လာသည်။
ထိုအရိပ်က သရဲမဟုတ်ဘဲ လူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည့်တိုင် ၊ သူ၏ သိုင်းပညာက ထူးခြားစွာသန့်စင်ပြီး အမှောင်ထုထဲတွင် ငါးတစ်ကောင်က ပင်လယ်ထဲရေကူးနေသည့်ပမာ ချောမွေ့စွာ သွားလာလျှက် ရှိ၏။
အနက်ရောင်အရိပ်က နေအိမ်အတွင်းမှ ဝိညာဉ်စွမ်းအားကို အာရုံခံလိုက်မိသည်။
အထူးသဖြင့် ထူထပ်စွာစုဝေးနေသော “သစ်သားဒြပ်စင်စွမ်းအား” ကို အာရုံခံမိသည့်အခါ ထိုပုဂ္ဂိုလ်မှာ မနေနိုင်ဘဲ အံ့အားသင့်သွားမိသည်။
ခုန်အိမ်တော်၏ ဒုတိယသခင်လေးက ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့်သာ ရှိသေးသော်လည်း ဤကဲ့သို့ သန်မာထူထပ်သော သစ်သားဒြပ်စင်စွမ်းအားကို စုစည်းထားနိုင်သည်မှာ အံ့ဖွယ်ပင် မဟုတ်ပါလား။
ထိုလူငယ်က ပါရမီရှင်ဆိုသောနာမည်နှင့် အမှန်တကယ် ထိုက်တန်သူပင်။
ဤရှားပါးသော သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာသည် ကျင့်ကြံခြင်း အရှိန်မြှင့်ရန် အမှန်တကယ် အစွမ်းထက်သော ရင်းမြစ်တစ်ခု ဖြစ်သည်။
သို့သော် ကံဆိုးသည်မှာ ထိုကဲ့သို့သော ပါရမီရှင်တစ်ဘောက်က ခုန်အိမ်တော်တွင် မွေးဖွားလာခြင်း ဖြစ်သည်။
အနာဂတ်အတွက် စဉ်းစားမည်ဆိုလျှင် ထိုသို့သော ပါရမီရှင်မျိုးကို ဆက်လက်ကြီးထွားခွင့်မပေးဘဲ အခါမလင့်ခင် ဖျက်ဆီးပစ်ရပေမည်။
ထို့ကြောင့် အနက်ရောင်အရိပ်အတွက် ယနေ့ည အလုပ်တာဝန် မဖြစ်မနေ အောင်မြင်ရမည်။
ကံမကောင်းသည်မှာ ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်ကဲ့သို့သော နတ်ဆေးမျိုးက အလွယ်တကူရှာတွေ့နိုင်သည့်အရာ မဟုတ်ဘဲ အမှတ်မထင် ကံကောင်းမှသာ ရရှိနိုင်သည့်အရာ ဖြစ်သည်။
ထိုဆေးမှုန့်ကို တစ်ကြိမ်စားသုံးမိရုံဖြင့် စိတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများ ပျက်ဆီးပြီး ဉာဏ်ရည်မမီသူအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
လွန်ခဲ့သော (၅)နှစ်က ခုန်အိမ်တော်၏ ဒုတိယသခင်လေး ထိုဆေးမှုန့်ကြောင့် ဘဝပျက်သွားရသော်လည်း ခုန်မင်က မည်သို့သော ကံကောင်းခြင်းတရားများဖြင့် မျက်လှည့်ပြခံလိုက်ရသည်မသိ ၊ မိုးကြိုးထိမှန်ခံရပြီးနောက် အမှန်တကယ်ပင် ပြန်လည်နေကောင်းလာခဲ့သည်။
ဤကဲ့သို့ ထူးဆန်းသောဖြစ်ရပ်သည် ယခင်က မကြားဖူးမမြင်ဖူးသော အံ့ဖွယ်တစ်ခုပင်။
သို့မဟုတ်ပါက ယနေ့ည ခုန်မင်ကို လုပ်ကြံရန် အဘယ့်ကြောင့် ဤသို့ စွန့်စားနေရပါမည်နည်း။
ဤတာဝန် အောင်မြင်သည်ဖြစ်စေ ၊ မအောင်မြင်သည်ဖြစ်စေ ဤအနက်ရောင်ဝတ်လူအနေဖြင့် ချက်ချင်းထွက်ပြေးရမည်ဖြစ်ပြီး ခုန်အိမ်တော်တွင် ဆက်လက် ပုန်းကွယ်နေထိုင်နိုင်တော့မည် မဟုတ်ပေ။
ထို အနက်ရောင်ဝတ်လူက အမြဲတမ်း သတိကြီးကြီးထားကာ လုပ်ဆောင်တတ်သူဖြစ်ပြီး ညဘက်တိုက်ခိုက်ရသည့်အလုပ်များတွင် အထူးအလေးအနက်ထားသည်။
ထို့ပြင် သူက ရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်ရာ လုံးဝ မလွှဲမရှောင်သာ အခြေအနေမှတပါး ဤသို့သောအလုပ်မျိုးကို လုပ်ဆောင်ရန် စဉ်းစားမည် မဟုတ်ပေ။
ဤသို့လုပ်ဆောင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခုန်မင်က အလွန်အမင်း ထူးချွန်လွန်းနေခြင်းကြောင့်သာဖြစ်သည်။
ဤကလေး သတိပြန်ရလာပြီးနောက် ယခင်ကထက်ပင် နက်ရှိုင်းသည့်စွမ်းအားများဖြင့် အခြားသူများ ထိုးဖောက်မမြင်နိုင်လောက်သည်အထိ အစွမ်းထက်လာသည်။
ခုန်မင်က (၁၄)နှစ်မျှသာရှိသေးသည့် ကောင်လေးတစ်ယောက်ဖြစ်သော်လည်း သူ၏မျက်ဝန်းများက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည့်ပမာ ထင်မှတ်ရသည်။
အနက်ရောင်ဝတ်လူမှာ ထိုလူငယ်လေးနှင့်တွေ့ဆုံတိုင်း ခုန်မင်က သူ၏အကြံအစည်အားလုံးကို ထိုးထွင်းမြင်နိုင်သည့်နှယ် စိတ်မသက်မသာဖြစ်မှုကို အမြဲခံစားရသည်။
ဤကဲ့သို့ ထူးဆန်းထက်မြက်လှသော လူငယ်လေးကို လူ့လောကတွင် ဆက်ထား၍ မဖြစ်နိုင်ပေ။
ဤသို့သော ရည်ရွယ်ချက်ကပင် အနက်ရောင်ဝတ်လူကို ဤအလုပ် လုပ်ဆောင်ရန် တွန်းအားပေးလျှက် ရှိသည်။
ခြံဝင်းထဲသို့ အသံမထွက်ဘဲ ဝင်ရောက်ပြီးနောက် ထိုပုဂ္ဂိုလ်၏ အာရုံကို ဖမ်းစားလိုက်သည်မှာ ထူထပ်စွာ စိုက်ပျိုးထားသော မြှားဝါးများပင်ဖြစ်သည်။
သို့သော် အမြင့် (၃)ပေအောက်သာရှိသော ဝါးပင်နုနုလေးများက သူ၏ခြေလှမ်းများကို မည်သို့ ဟန့်တားနိုင်ပါမည်နည်း။
အနက်ရောင်ဝတ်လူက သူ့ရှေ့မှာ ဝါးပင်တစ်ပင်ကို ရှောင်ရှားလိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်းမျှလှမ်းလိုက်ပြီးချိန်...
အိမ်တံခါးက ဝုန်းကနဲပွင့်လာပြီး အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ်ရှိသော ခုန်မင်၏ပုံရိပ်က တံခါးဝတွင် ထွက်ပေါ်လာသည်။
ညအမှောင်ထုထဲတွင် ခုန်မင်၏မျက်ဝန်းများက ကြယ်စင်များပမာ တောက်ပနေပြီး အနက်ရောင်ဝတ်အရိပ်အား စူးစိုက်ကြည့်နေသည်။
ထိုသူမှာ ချက်ချင်းပင် စိတ်မသက်မသာ ခံစားလိုက်ရလေသည်။
ခုန်မင်က ကလေးတစ်ယောက်မျှသာဖြစ်ပြီး ဒြပ်စင်စွမ်းအားပညာရှင်အဆင့်သာ ရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
အဘယ့်ကြောင့် ဤမျှကြီးမားသော ဖိအားမျိုး ပေးစွမ်းနိုင်ရပါသနည်း။
အနက်ရောင်ဝတ်လူ အံတင်းတင်းကြိတ်လိုက်ပြီး စိတ်ခံစားချက်များကို တည်ငြိမ်အောင်ကြိုးစားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဤကောင်လေး သူ့ကို ထိတ်လန့်အောင်လုပ်ခွင့် မပြုနိုင်ပေ။
ပြီးတော့ သူရောက်လာသည်ကို သိသွားပြီဖြစ်ရာ ဤကောင်လေးကို နေရာမှာပင် သုတ်သင်ပစ်ရပေမည်။
အနက်ရောင်ဝတ်လူက အသံတိတ် စိတ်ပိုင်းဖြတ်လိုက်စဉ် ခုန်မင်က သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး စကားဆိုလာသည်။
“အကြီးအကဲဖူ... ခင်ဗျား ဖြစ်နေမယ်လို့ ကျွန်တော် တကယ်ထင်မထားမိဘူး ၊ ခုန်အိမ်တော်က ခင်ဗျားကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ် ၊ ကျွန်တော်ကလည်း ခင်ဗျားကို ဆရာတစ်ယောက်လို အမြဲတမ်း လေးစားခဲ့တယ် ၊ စိတ်နဲ့တောင် ပြစ်မှားခဲ့တာမျိုး မရှိခဲ့ဘူး ၊ ဘာလို့ ကျွန်တော့်ကို ဒီလိုလုပ်ချင်ရတာလဲ”
ခုန်မင်၏ခြံဝင်းထဲသို့ ခိုးဝင်လာသော အနက်ရောင်ဝတ်လူမှာ ခုန်အိမ်တော်၏ ဒုတိယအကြီးအကဲ ဖူစန်းပင်ဖြစ်ပြီး ၊ ယနေ့ည ခုန်မင်ကို စောင့်ကြည့်ကာကွယ်ပေးရန် တာဝန်ယူထားသူဖြစ်သည်။
ဂုဏ်သိက္ခာရှိသော အကြီးအကဲတစ်ယောက်က ဤသို့ လုပ်ကြံတိုက်ခိုက်လိမ့်မည်ဟု ခုန်မင်မှလွဲပြီး မည်သူမှ ခန့်မှန်းနိုင်ခဲ့မည် မဟုတ်ပေ။
ခုန်မင်သာ သတိမထားမိခဲ့ပါက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်ရှိသော ဖူစန်း၏ စွမ်းအားဖြင့်ဆိုလျှင် ဒြပ်စင်စွမ်းအားပညာရှင်အဆင့်သာရှိသော လူငယ်လေးတစ်ယောက်ကို လျှို့ဝှက်လုပ်ကြံခြင်းက မအောင်မြင်ဘဲ နေပါမည်တဲ့လား။