← Chapters

ကျူးကဲခုန်မင်၏အဋ္ဌဂံဝင်္ကပါဗျူဟာ

Vol. 2 Ch. 20

ကျူးကဲခုန်မင်၏အဋ္ဌဂံဝင်္ကပါဗျူဟာ

Vol. 2 Ch. 20

ခုန်မင်၏စကားများကိုကြားတော့ အနက်ရောင်အရိပ်’ဖူစန်း’ က ခပ်ဖျော့ဖျော့ပြုံးရင်း တိုးလျစွာ ရှင်းပြလိုက်သည်။

“သခင်လေး’မင်’... နားလည်မှုလွဲနေပြီထင်တယ် ၊ ဒီနေ့ ကျုပ်က သခင်လေးကို ကာကွယ်ပေးရမယ့်အလှည့်ပါ ၊ ခြံဝင်းထဲမှာ မူမမှန်တဲ့လှုပ်ရှားမှုတစ်ခု အာရုံခံမိလို့ လာရောက်စစ်ဆေးတာပါ ၊ သခင်လေး’မင်’ ကျင့်ကြံနေတာကို အနှောက်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး”

ဖူစန်းက လိမ္မာပါးနပ်ပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်သည်။ သူ၏ရှင်းပြချက်က အနည်းဆုံး အပေါ်ယံအားဖြင့် ချို့ယွင်းချက်မရှိသယောင် ထင်မှတ်ရသည်။

ခုန်မင်က စကားပြန်မပြောဘဲ ဖူစန်းကို တည်ငြိမ်စွာ စူးစိုက်ကြည့်နေသည်။ သူ၏မျက်ဝန်းများထဲမှ ဉာဏ်ပညာအလင်းတန်းများက အရာအားလုံးကို ထိုးထွင်းသိမြင်နေသယောင်ပင်။

ဤသည်က ဖူစန်းကို စိတ်မသက်မသာဖြစ်စေသည်။

သူက ဆက်ပြီး စကားဆိုလိုက်သည်။

“သခင်လေး’မင်’ လည်း ခြံဝင်းထဲမှာ တစ်ခုခုမူမမှန်ဘူးဆိုတာ သတိထားမိလို့ အိမ်တံခါးဖွင့်လိုက်တာမလား ၊ ကျုပ်တို့ အတူတူ လှည့်ပတ်စစ်ဆေးကြည့်ကြမလား”

ထိုသို့ပြောရင်း ဖူဟန်းက ရှေ့သို့အလျှင်အမြန်ရွေ့လျားကာ ခုန်မင်အနားသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်။

ခုန်မင်နှင့် ပေ(၃၀)ခန့် အကွာအဝေးသို့ ချဉ်းကပ်နိုင်လျှင် တစ်ချက်တည်းဖြင့် ထိုကောင်လေးကိုသတ်ပစ်ပြီး လျှင်မြန်စွာထွက်ပြေးနိုင်မည်ဟု ဖူစန်းစိတ်ထဲ တွေးထင်ထားသည်။

ထိုသို့ဆိုလျှင် ခုန်အိမ်တော်သည်လည်း သူ့ကို လိုက်လံဖမ်းဆီးရန် အခွင့်အရေး မရနိုင်ပေ။

သို့သော် ခုန်မင်၏ စကားတစ်ခွန်းက ဖူစန်းကို အံ့အားသင့်သွားစေပြီး မထင်မှတ်စွာ ခြေလှမ်းများကိုပင် ရပ်တန့်သွားစေသည်။

“ခင်‌ဗျားက ချန်အိမ်တော်က မဟုတ်လား ၊ အိမ်တော်သခင်’ချန်ရှီး’ က ကျွန်တော်တို့ ခုန်အိမ်တော်ကို ဆန့်ကျင်ဖို့ ဒီလောက် စိတ်ရှည်ရှန်နဲ့ ဆယ်စုနှစ်များစွာ အချိန်ယူကြံစည်မယ်လို့ ထင်မထားခဲ့ဘူး ၊ ကံမကောင်းတာက... ဒီလောက် စိတ်ရှည်လက်ရှည်ကြံစည်ပြီးမှ အခုတော့ အလကားဖြစ်သွားပြီပေါ့”

ဖူစန်း၏မျက်နှာထက် ဖော်မပြနိုင်သော ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

လူတစ်ယောက်၏ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်ကို စကားတစ်ခွန်းဖြင့် ထုတ်ဖော်ခံရသည့်အခါ မည်သူမဆို ဤသို့ပင် တုံ့ပြန်ပေမည်။

ခုန်မင်က သူ၏လျှို့ဝှက်ချက်ကို မည်သို့သိရှိပါသနည်း။

ခုန်မင်၏ကိုယ်ပိုင်ဉာဏ်ဖြင့် ခန့်မှန်းနိုင်ခြင်းဆိုပါက ဤလူငယ်လေးက အလွန်ကြောက်မက်ဖွယ်ရာပင်။

ထိုခဏတွင် ဖူစန်းနားလည်သွားသည်မှာ ဤလူငယ်ကို သူ အဘယ့်ကြောင့် ဤမျှကြောက်ရွံ့ရသနည်း ၊ ယနေ့ညတွင် ဤလူငယ်ကို မဖြစ်မနေ လုပ်ကြံလိုစိတ် အဘယ့်ကြောင့်ဖြစ်ပေါ်လာရသနည်း ဆိုသောအချက် ဖြစ်၏။

ခုန်မင် တံခါးပိတ်မကျင့်ကြံမီ ဖူစန်းနှင့် အမှတ်မထင် တွေ့ဆုံခဲ့သည်။

ထိုအချိန်က ခုန်မင်က သူ့ကိုမေးမြန်းခဲ့သည်မှာ...

“အကြီးအကဲဖူ ၊ ခင်ဗျားက ဗဟုသုတကြွယ်ဝတယ်ဆိုတော့ တစ်ခုလောက်မေးချင်ပါတယ် ၊ ဒီလောကမှာ လူတစ်ယောက်ရဲ့ဦးနှောက်ကို ဘယ်သူမှမရိပ်မိ‌ဘဲ ပျက်ဆီးသွားအောင်လုပ်နိုင်တဲ့ ဆေးမျိုးရှိသလား”

“အကြီးအကဲဖူ ၊ မိသားစုအမွေအနှစ်နဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်သလဲ ၊ တချို့လူတွေက ကိုယ့်မျိုးနွယ် အကျိုးစီးပွားအတွက် ကိုယ်တိုင်ရဲ့တည်ရှိမှုကိုတောင် ဖျောက်ဖျက်ပြီး အရာအားလုံးစွန့်လွှတ်ဖို့ ဆန္ဒရှိကြတယ် ၊ ဒါပေမဲ့ သူတို့တွေက ကိုယ့်မျိုးနွယ်အတွက် အကျိုးဆောင်ခဲ့တယ်ဆိုရင်တောင် သူတို့ကိုယ်တိုင်က ဘာကိုပြန်လည်ရရှိမှာတဲ့လဲ”

ယခု ပြန်စဉ်းစားကြည့်တော့ ခုန်မင်နှင့် တွေ့ဆုံခဲ့ခြင်းက အမှတ်မထင် မဟုတ်ခဲ့ပေ။

ထိုလူငယ်မေးမြန်းသည့်မေးခွန်းများသည်လည်း ရည်ရွယ်ချက်ရှိရှိ မေးမြန်းခြင်းများသာ ဖြစ်ပေသည်။

ခုန်မင်က စကားတစ်ခွန်းနှစ်ခွန်း ပြောဆိုရုံမျှဖြင့် သူ့ရင်ထဲမှ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်များကို သိမ်မွေ့စွာဖြင့် နှိုက်ထုတ်သွားခဲ့သည်။

ဤအချက်ကြောင့်ပင် ဖူစန်း စိတ်မသက်မသာဖြစ်ခဲ့ရပြီး ယနေ့ည ခုန်မင်ကိုလုပ်ကြံရန် ဆုံးဖြတ်ခဲ့ခြင်း မဟုတ်လား။

ဤအရာအားလုံးကို ခုန်မင်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဆိုလျှင် ဤလူငယ်ကို အလွန်ထူးချွန်ထက်မြက်သည်ဟု ပြောရပေတော့မည်။

သို့ပေသိ ဤမျှထူးချွန်သူတစ်ယောက်ကို ရှင်းမပစ်ပါက အနာဂတ်အတွက် စိတ်အေးနိုင်မည် မဟုတ်ပေ။

ချက်ချင်းဆိုသလို ဖူစန်းထံမှ သတ်ဖြတ်လိုစိတ်များ တဟုန်ထိုးမြင့်တက်လာသည်။ သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး လျှင်မြန်စွာလှုပ်ရျားမှုပြုကာ ခုန်မင်ကိုတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပင်...

ခုန်မင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အရှေ့မှ ဝါးပင်ငယ်တစ်ပင်ကို ဆွဲနှုတ်လိုက်သည်။

ထိုခဏတွင် ဖူစန်းရှေ့မှမြင်ကွင်းတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

သူရပ်နေသည့်နေရာက ဝါးပင်များဖြင့်ပြည့်နေသော သေးငယ်သည့်ခြံဝင်းမဟုတ်တော့ဘဲ ကြမ်းတမ်းထူထပ်သည့် တောင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ပိုပြီးကြောက်မက်ဖွယ်ရာကောင်းသည်မှာ ဖူစန်း ရှေ့သို့လှမ်းလျှောက်နေသည်ခြေလှမ်းများက ပေပေါင်းသောင်းချီမြင့်မားသော ချောက်ကမ်းပါးကြီးဆီသို့ ဦးတည်နေခြင်းပင်။

ဖူစန်း ထိတ်လန့်တကြားဖြစ်သွားပြီး ခြေလှမ်းများကိုရပ်တန့်ကာ ဘေးသို့ ခုန်ရှောင်လိုက်သည်။

သို့သော် အရှေ့မှ ချောက်ကမ်းပါးကို ရှောင်တိမ်းလိုက်သည်နှင့် တစ်စုံတစ်ခုနှင့် တိုက်မိသွားကြောင်း သတိပြုလိုက်မိ၏။

ထို့နောက် သူ၏ဦးခေါင်းထက်မှ လေပြင်းတိုက်သံထွက်‌ပေါ်လာပြီး တန်ပေါင်းသောင်းချီလေးလံသော ဧရာမကျောက်တုံးကြီးတစ်တုံးက မတားဆီးနိုင်သောအရှိအဟုန်ဖြင့် ကောင်းကင်ထက်မှ ထိုးဆင်းကျလာသည်ကို တွေ့လိုက်ရသည်။

ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်ရှိသော ကျင့်ကြံခြင်းစွမ်းအားဖြင့်ပင် ဖူစန်းမှာ ထိုကျောက်တုံးကြီးကို ရင်ဆိုင်ရဲခြင်း မရှိခဲ့ပေ။

သူက အလျှင်အမြန် မြေပြင်ထက်လှိမ့်ချလိုက်ပြီး ပုံပျက်ပန်းပျက်ပင် ရှောင်တိမ်းလိုက်ရသည်။

ဖူစန်း စိတ်ရှုပ်ထွေးစွာဖြင့် မတ်တတ်ရပ်လိုက်ချိန် ပတ်ဝန်းကျင်က ထပ်မံပြောင်းလဲသွားသည်။

မြင့်မားသောတောင်တန်းနှင့် ချောက်ကမ်းပါးကြီး ပျောက်ကွယ်သွားပြီး မိုးထိတိုင်မြင့်မားသော သစ်ပင်များဖုံးလွှမ်းနေသည့် တောအုပ်ကြီးထဲသို့ ရောက်ရှိသွားသည်။

ဤထူးဆန်းသော အသွင်ပြောင်းမှုများက မည်သို့သောအဓိပ္ပါယ် ရှိပါသနည်း။

ဖူစန်း၏စိတ်ထဲ ထိတ်လန့်မှုနှင့် မသေချာမရေရာမှုတို့ ပြည့်နှက်နေစဉ် ရုတ်တရက် အနံ့ဆိုးသော လေပြင်းတစ်ချက် ရိုက်ခတ်လာသည်။

ရေပုံးတစ်ပုံခန့် လုံးပတ်ရှိသော ဧရာမမြွေဟောက်ကြီးတစ်ကောင်က သစ်ပင်ထက်မှ ဇောက်ထိုးဆွဲလျက် ကျယ်ဝန်းသောပါးစပ်ကြီးကိုဖွင့်ဟာကာ ဖူစန်း၏ဦးခေါင်းဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

ဖူစန်း မဝံ့မရဲဖြစ်နေသည့်တိုင် တွန့်ဆုတ်မနေအားလုံး ထိုဧရာမမြွေဟောက်ကြီးအား လျှင်မြန်စွာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ့အရှေ့မှ ဖြစ်ပေါ်နေသည့်အပြောင်းအလဲများကို ဖူစန်းတစ်ယောက် နားမလည်နိုင်သည်ကို အသာထား...။

ဤဖြစ်ရပ်များကို နားလည်နိုင်သူဆို၍ ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် မည်သူမှ မရျီနိုင်ပေ။

အဘယ်ကြောင့်ဆိုသော ယခု ခုန်မင်အသုံးပြုနေသောပညာကို မည်သူမှ မသိရှိသောကြောင့် ဖြစ်၏။

အဋ္ဌဂံဝင်္ကပါဗျူဟာ...။

သုံးပြည်ထောင်ခေတ်မှ ခန့်မှန်းမရနိုင်သည့် နတ်ဘုရားဆန်လှသော “အဋ္ဌဂံဝင်္ကပါဗျူဟာ”...။

ဤဗျူဟာ၏ အလှည့်အပြောင်းပညာရပ်က တစ်လောကလုံး ကျူးကဲခုန်မင်ကို အံ့အားသင့်စေသည့် နည်လမ်းတစ်ခု ဖြစ်ခဲ့သည်။

အတိတ်တစ်ချိန် သုံးပြည်ထောင်ခေတ်တွင် အရှေ့ဝူမှ စစ်သည်တစ်သိန်းပါသော စစ်တပ်ကြီးမှာ ကျူးကဲလျန့်၏ ကျောက်တုံးများဖြင့်တည်ဆောက်ထားသော အဋ္ဌဂံဝင်္ကပါဗျူဟာအတွင်း ပိတ်မိခဲ့ပြီး လုံးဝပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

ဤသည်က အဋ္ဌဂံဝင်္ကပါဗျူဟာ၏ နက်နဲသိမ်မွေ့မှုကို သက်သေထူခဲ့ခြင်းသာပင်။

ခုန်မင်က ခြံဝင်းထဲတွင် အဘယ့်ကြောင့် ဝါးပင်များ စိုက်ပျိုးထားရပါသနည်း။

ထိုအချက်က အခြားသူများအအတွက် ပဟေဠိဆန်ပြီး စိတ်ရှုပ်ထွေးစေခဲ့သည်။

တကယ်တော့ သူက ဝါးပင်ငယ် (၁၀၈)ပင်ကို အသုံးပြုပြီး ခြံဝင်းထဲတွင် အဋ္ဌဂံဝင်္ကပါဗျူဟာကို တည်ဆောက်ထားခြင်း ဖြစ်၏။

အဋ္ဌဂံဝင်္ကပါဗျူဟာ၏ စွမ်းအားက နက်နဲပြီး နတ်ဘုရားနှင့် နတ်ဆိုးများကိုပင် ဆန့်ကျင်ထိန်းချုပ်နိုင်လောက်သည်အထိ မယုံကြည်နိုင်စရာ စွမ်းအားထက်မြက်သည်။

ဖူစန်း၏ကျင့်ကြံခြင်းက ခုန်မင်ထက် အဆပေါင်းများစွာ သာလွန်သော်လည်း ၊ သူ ခြံဝင်းထဲဝင်လာသည်နှင့် ခုန်မင်က ဗျူဟာကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ခြံဝင်းထဲ ခိုးကြောင်ခိုးဝှက်ဝင်လာသူရှိနေကြောင်း အာရုံခံမိသည်နှင့် ခုန်မင်က တံခါးဖွင့်ပြီး ရင်ဆိုင်ခဲ့သည်။

ဖူစန်းက ဝါးပင်များဖြင့် ဖွဲ့စည်းထားသော အဋ္ဌဂံဝင်္ကပါဗျူဟာတည်ရှိမှုကို မသိရှိဘဲ အစီအရင်ဗဟိုချက်သို့ မသိမသာ ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှာပင် ခုန်မင်က အစီအရင်ဗဟိုချက်ကို အသက်သွင်းလိုက်ပြီး အဋ္ဌဂံဝင်္ကပါဗျူဟာကို ဖွင့်လှစ်လိုက်ရာ ဖူစန်း အစီအရင်ထဲတွင် ပိတ်မိသွားတော့သည်။

ဗျူဟာကို အသက်သွင်းလိုက်သည်နှင့် စိတ်အာရုံခံစားမှုကိုတိုက်ခိုက်သည့် မရေမတွက်နိုင်သော ပုံရိပ်ယောင်လှည့်ကွက်များ တဟုန်ထိုး ထွက်ပေါ်လာသည်။

ဤသို့သော နတ်ဘုရားဆန်သည့် ဗျူဟာက သုံးပြည်ထောင်ခေတ်တွင် ပေါ်ထွက်ခဲ့‌သောပညာရပ်ဖြစ်ပြီး ထျန်းယွမ်ကုန်းမြေမှ ပညာရပ်မဟုတ်ပေ။

သို့ဖြစ်ရာ ဤဗျူဟာအကြောင်း ဖူစန်း မည်သို့သိရှိနိုင်ပါနည်နည်း။

သူက ‌ဗျူဟာအတွင်းမှ ပုံရိပ်ယောင်များကို လိုက်လံတုံ့ပြန်နေပြီး ဗျူဟာထဲတွင် လုံးဝ ပိတ်မိနေပြီ ဖြစ်သည်။

ခုန်မင်သာ သူ့ကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိလျှင် ဖူန်စန်းအနေဖြင့် ဗျူဟာထဲတွင် ပင်ပန်းကြီးစွာ အားအင်ကုန်ခမ်းသွားပြီး‌ နောက်ဆုံး အသက်ပျောက်သွားရပေမည်။

ဟုတ်ပေ၏။

ဖူစန်းက ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် သို့မဟုတ် ထို့ထက်မြင့်မားသော ကျင့်ကြံခြင်းအဆင့်ရှိခဲ့လျှင်တော့ တန်ခိုးစွမ်းအားအပြည့်အဝ အသုံးပြုပြီး ဤသေးငယ်သည့် အဋ္ဌဂံဝင်္ကပါဗျူဟာကို ဖျက်ဆီးပစ်နိုင်ပေမည်။

ယခုတော့ ဖူစန်းတွင် ထိုသို့သောစွမ်းအားမရှိသဖြင့် ဗျူဟာထဲတွင်ပိတ်မိပြီး ကူရာကယ်ရာမဲ့နေခဲ့သည်။

ခုန်မင်က သူ၏ခြံဝင်းထဲတွင် အဘယ့်ကြောင့် ဤသို့သောဗျူဟာကို စီစဉ်ထားရပါသနည်း။

ကျူးကဲလျန့်ဆိုသည့် သုံးပြည်ထောင်ခေတ် စစ်ရေးအကြံပေးလူကြီးမင်းက ဘယ်တော့မဆို အခြေအနေအရပ်ရပ်၏ ရှစ်ပုံ ခုနစ်ပုံကို ခန့်မှန်းတွက်ချက်နိုင်သူ ဖြစ်သည်။

ယနေ့ ဖူစန်းက သူ့ကိုသတ်ဖြတ်ရန်ကြိုးစားသည့်အခါ သူ၏ခန့်မှန်းချက်များက လုံးဝမှန်ကန်ကြောင်း ပိုမိုထင်ရှားလာသည်။

သုံးပြည်ထောင်ခေတ်မှ ကျူးကဲခုန်မင်က ဉာဏ်ပညာအရာတွင် ပြိုင်စံရှားသည်ဖြစ်ရာ သူက ထျန်းယွမ်ကုန်းမြေမှ ခုန်မင်လေး၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး မှတ်ဉာဏ်များပေါင်းစည်းသွားကာ ပြန်လည်နိုးထလာချိန်တွင်...

ခုန်မင်လေး ဉာဏ်ရည်မမီသည့်လူငယ်တစ်ယောက်ဖြစ်သွားရခြင်းမှာ မတော်တဆမဟုတ်ဘဲ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ချက်ချင်းရိပ်မိခဲ့သည်။

သူတစ်ပါး၏ထူးချွန်မှုအပေါ် မနာလိုမှု ၊ သူတစ်ပါးကို ထောင်ချောက်ဆင် အကောက်ကြံမှု...။

ဤအရာများအားလုံးက သုံးပြည်ထောင်ခေတ်တွင် ကျူးကဲလျန့် ကြုံတွေ့ခဲ့ဖူးပြီးသားကိစ္စများဖြစ်သလို ၊ သူ့ကို ကြံစည်သူ မည်သူမဆို လွတ်မြောက်သည်ဟူ၍ မရှိခဲ့ပေ။

သို့ဖြစ်ရာ စဉ်းစားကြည့်မည်ဆိုလျှင်...

ခုန်မင်လေး ဉာဏ်ရည်မမီသူတစ်ယောက်ဖြစ်သွားခဲ့လျှင် အကျိုးအမြတ်အများဆုံးရသူက မည်သူဖြစ်မည်နည်း။

ခုန်အိမ်တော်က ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး တိုးတက်မှုဆုတ်ယုတ်သွားလျှင် အဆုံးသတ်တွင် မည်သူက အကျိုးအမြတ်ရိတ်သိမ်းနိုင်မည်နည်း။

ဤဆင်ခြင်တုံတရားလမ်းကြောင်းအတိုင်း ဆက်လက်စဉ်းစားလျှင် ခုန်မင်ကို လုပ်ကြံသူ မည်သူဖြစ်ကြောင်း ခန့်မှန်းရမခက်လှ‌ပေ။

All Chapters