အတွင်းပိုင်းမညီညွတ်မှု
Vol. 2 Ch. 21
ခုန်မင် ပြန်လည်နေကောင်းလာပြီးနောက် (၁၀)ရက်ခန့်အတွင်း ဖခင်ဖြစ်သူ ခုန်ကျွင်းက သူ့ကို လူပေါင်းများစွာနှင့် မိတ်ဆက်ပေးခဲ့သည်။
ခုန်မင်က တွေ့ဆုံသူတိုင်းကို ယဉ်ကျေးရိုသေစွာ ပြောဆိုဆက်ဆံခဲ့ပြီး သူ၏စကားလုံးတိုင်းကလည်း အလွန်သိမ်မွေ့သည်။
သို့သော် ခုန်မင်၏ ယဉ်ကျေးဖော်ရွေသော စကားတစ်ခွန်းစီတိုင်းက ဂရုတစိုက် စီစဉ်ထားသောစကားများဖြစ်ကြောင်း မည်သူမှ မသိကြပေ။
သူက သာမန်လူများသတိမထားမိသော စကားများမှတစ်ဆင့် သတင်းအချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။
မိမိကိုယ်ကို ပါးနပ်သည်ဟုခံယူထားသည့် လှည့်စားတတ်သော အကြီးအကဲများသည်ပင် “အိပ်ပျော်နေသောနဂါး” ဟု နာမည်ကြီးသည့် စစ်ရေးဗျူဟာကျွမ်းကျင်သူ’ကျူးကဲလျန့်’ ၏ ကြောက်မက်ဖွယ်ဉာဏ်ရည်ကို မယှဉ်နိုင်ခဲ့ကြပေ။
ဥပမာအားဖြင့် -
ခုန်မင်နှင့် မတော်တဆတွေ့ဆုံပြီး ပေါ့ပေါ့ပါးပါး စကားပြောဆိုသည်ဟု ထင်မှတ်ခဲ့သော ဖူစန်းသည်ပင် ကိုယ်တိုင်မသိလိုက်ခင် ခုန်မင်၏ထောက်ချောက်ထဲ ကျရောက်သွားခဲ့သည် မဟုတ်ပါလား။
ခုန်မင် ဖူစန်းကို အာရုံစိုက်ရသည်မှာ အကြောင်းရှိသည်။
စဉ်းစားကြည့်မည်ဆိုလျှင် သူ့ကိုအန္တရယ်ပေးရန် အဖြစ်နိုင်ဆုံးသူမှာ သူ့အစ်ကို’ခုန်ကျောင်း’ ဖြစ်၏။
ထို့ကြောင့် ခုန်ကျောင်းကို အနီးကပ်စောင့်ကြည့်သည့်အခါ ခုန်ကျောင်းနှင့်ဆက်ဆံရေးရှိသည့် အကြီးအကဲများသည်လည်း ခုန်မင်၏မျက်စိအောက်မှ လွတ်မြောက်ခြင်း မရှိခဲ့ပေ။
ဖခင်ဖြစ်သူ ခုန်ကျွင်းနှင့်အတူ ခွန်းကာမြို့ရှိ ထင်ရှားသည့်အင်အားစုများထံ သွားရောက်လည်ပတ်စဉ်တွင်လည်း ခုန်မင်က ခုန်အိမ်တော်၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သော ချန်အိမ်တော်ကို အထူးအာရုံစိုက်ခဲ့သည်။
ချန်အိမ်တော်သခင် ချန်ရှီးက အမှန်ပင် ကောက်ကျစ်သည့် မြေခွေးအိုတစ်ကောင်ပင်။
သို့သော် မည်မျှပင်ဉာဏ်များသူဖြစ်ပါစေ ခုန်မင်ရှေ့မှာတော့ မျက်နှာဖုံးကိုထိန်းထားရန် မလွယ်ကူလှပေ။
ခုန်မင်က ချန်ရှီးနှင့် ခဏတဖြုတ်သာ တွေ့ဆုံခဲ့ရသည်။ သို့သော် ထိုလူအိုကြီး မည်မျှပင်ဖုံးကွယ်ထားပါစေ သူ၏မနာလိုစိတ်ကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။
ထိုလူအိုကြီးက ခုန်မင်အပေါ် မကောင်းသောရည်ရွယ်ချက် မထားရှိသည်မှာ ဖြစ်နိုင်ပါမည်လား။
ထို့ထက်ပိုဆိုးသည်မှာ ခုန်အိမ်တော်၏သြဇာအာဏာက ချန်အိမ်တော်ထက် များစွာသာလွန်သည့်တိုင် ချန်ရှီးက ခုန်ကျွင်းနှင့်ခုန်မင်အပေါ် လေးစားမှုမပြဘဲ သူက ပိုမိုသာလွန်ကြောင်း မသိမသာ ထုတ်ဖော်ပြသခဲ့သည်။
ချန်ရှီး၏ ယုံကြည်မှုက မည်သည့်နေရာမှ လာပါသနည်း။
ဤမြေခွေးအိုကြီးက ငတုံးမဟုတ်ပေ။
ချန်အိမ်တော်က ခုန်အိမ်တော်ထက်နိမ့်ကျကြောင်း သိရှိပါလျှက် ၊ သူ့ဘက်မှသာလွန်ကြောင်းပြသသည်မှာ သေချာပေါက် အကြောင်းရှိပေမည်။
ရှင်းပြချက် တစ်ခုသာရှိသည်။
ချန်ရှီးအနေဖြင့် ခုန်အိမ်တော်ကိုကိုင်တွယ်ရန် အားသာချက်တစ်ခုရှိသောကြောင့်သာ ထိုသို့မထီမဲ့မြင်ပြုနိုင်ခြင်း ဖြစ်၏။
အင်အားကြီးအုပ်စုတစ်ခုကို ရှင်းပစ်ရန် အကောင်းဆုံးနည်းလမ်းမှာ အတွင်းပိုင်းမညီညွတ်မှုနှင့် ကွဲပြားမှုများကို ဖြစ်ပေါ်စေခြင်းသာပင်။
သုံးပြည်ထောင်ခေတ် အကျော်ကြားဆုံးဥပမာမှာ ဝမ်ယွင်၏ ထင်ရှားသော ဆက်စပ်ဗျူဟာဖြစ်ပြီး သောင်းချန်ကိုအသုံးပြုကာ တုန်ကျောနှင့် လွီပုအကြား သွေးခွဲခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး ဟန်ပြည်ထောင်၏သစ္စာဖောက် တုန်ကျောအား လုပ်ကြံသတ်ဖြတ်သည်အထိ ဦးတည်နိုင်ခဲ့သည်။
ဉာဏ်များသော’ချန်ရှီး’ အတွက် ခုန်အိမ်တော်ကိုကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်သော ခုန်ကျောင်းနှင့်ခုန်မင်ကို ရန်တိုက်ပေးပြီး ပါရမီရှင်’ခုန်မင်’ ကို ဉာဏ်မမီသူတစ်ယောက်ဖြစ်သွားစေရန် နည်းလမ်းရှာဖွေကာ ဖျက်ဆီးလိုက်ခြင်းဖြစ်၏။
ဤအလုပ်က မခက်ခဲလှပေ။
ချန်အိမ်တော်မှလူတစ်ယောက်ကို ခုန်အိမ်တော်အတွင်း သူလျှိုအဖြစ်ထည့်သွင်းလိုက်ရုံသာ ဖြစ်သည်။ ထိုသူက ခုန်ကျောင်းနှင့်ရင်းနှီးအောင်လုပ်ပြီး ခုန်မင်ကိုဆန့်ကျင်ရန် လှုံ့ဆော်ပေးရပေမည်။
ဤကိစ္စသာ အောင်မြင်ပါက ခုန်အိမ်တော်၏ အနာဂတ်တိုးတက်မှု ဆုံးရှုံးရုံသာမက ဤဖြစ်ရပ်ကိုအသုံးချပြီး ခုန်ကျောင်းကိုပင် ထိန်းချုပ်နိုင်ပေမည်။
နောက်ပိုင်း ခုန်ကျောင်းက ခုန်အိမ်တော်သခင်ဖြစ်လာချိန်တွင် ချန်အိမ်တော်က ခုန်အိမ်တော်ကို သွယ်ဝိုက်သောနည်းလမ်းဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်၏။
ချန်ရှီးက သွေးအေးပြီး အကွက်ကျကျစီစဉ်တတ်သူ ဖြစ်သည်။ သူက ရေရှည်အစီအစဉ်ချမှတ်ရာတွင် အလွန်ကျွမ်းကျင်သည်။
ခုန်အိမ်တော်ကို ဖျက်ဆီးနိုင်မည်ဆိုလျှင် (၁၀)နှစ်ဖြစ်စေ ၊ အနှစ်(၂၀)ဖြစ်စေ ရေရှည်အချိန်ယူရခြင်းက သူ့အတွက် အရေးမကြီးလှပေ။
ချန်ရှီးက ကောက်ကျစ်သောအကြံဖြင့် ခုန်အိမ်တော်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသဖြင့် သူက ပိုမိုသာလွန်သည်ဟု တွေးထင်နေခြင်း ဖြစ်သည်။
ခုန်မင်က ချန်ရှီး၏ ဗျူဟာတစ်ခုလုံးကို အကြမ်းဖျင်းခန့်မှန်းတွက်ဆပြီး ခုန်ကျောင်းနှင့် ဖူစန်းတို့၏ ပူးပေါင်းကြံစည်မှုကို သတိပြုခဲ့မိရာ ၊ ဖူစန်းက ချန်အိမ်တော်၏ သူလျှိုတစ်ယောက်ဖြစ်ကြောင်း အလွယ်တကူ ကောက်ချက်ချနိုင်ခဲ့သည်။
ဖူစန်းက ခုန်အိမ်တော်တွင် ကာလအတန်ကြာ အမှုထမ်းခဲ့သူ ဖြစ်သည်။
ဖူစန်းကို အိမ်တော်သို့မခေါ်မီ သူ၏(၁၀)နှစ်တာ နောက်ကြောင်းရာဇဝင်ကို သေချာစစ်ဆေးခဲ့သည်ပင်။ သူက ချန်အိမ်တော်နှင့် ထင်ရှားသည့်ဆက်နွယ်မှုမရှိသောကြောင့်သာ ခုန်အိမ်တော်က သူ့ကိုလက်ခံပြီး ဒုတိယအကြီးအကဲရာထူးအထိ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်၏။
သို့သော် ဤအချက်ကပင် ချန်ရှီး မည်မျှတော်ကြောင်း ညွှန်ပြနေသည်။
ဖူစန်းကို ခုန်အိမ်တော်သို့စေလွှတ်ရန် ချန်ရှီးအနေဖြင့် အနှစ်(၂၀)ခန့် ကြိုတင်ပြင်ဆင်ခဲ့ရသည်။ မဟုတ်ပါက ခုန်အိမ်တော်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ချန်အိမ်တော်၏သူလျှိုကို စေလွှတ်နိုင်မည် မဟုတ်ပေ။
ဖူစန်းက ပြီးပြည့်စုံသော သူလျှိုတစ်ယောက်ဖြစ်သည်။ သူလုပ်ဆောင်ရမည့် အထိရောက်ဆုံးတာဝန်မှာ ခုန်ကျောင်းနှင့်ပေါင်းပြီး ခုန်မင်ကိုပစ်မှတ်ထားလုပ်ကြံခြင်း ဖြစ်သည်။
ဤအကြံအစည်အောင်မြင်သွားပါက ခုန်ကျောင်းမှာ ဖူစန်း ကြိုးဆွဲရာကသည့် ရုပ်သေးရုပ်ဖြစ်လာမည်ဖြစ်သည်။
ထို့ကြောင့် ချန်ရှီး၏အကြံကို အကောင်အထည်ဖော်ရန်အတွက် ဖူစန်းက အဓိကကျသူ ဖြစ်သည်။
ထိုသို့ဆိုလျှင် ဖူစန်းနှင့် ချန်ရှီးတို့၏ဆက်ဆံရေးက အလွန်ရင်းနှီးမှ ဖြစ်နိုင်ပေမည်။ မဟုတ်ပါက ချန်ရှီးအနေဖြင့် ဖူစန်းကိုယုံကြည်ပြီး ဤမျှအရေးကြီးသောတာဝန်ကို အပ်နှင်းမည် မဟုတ်ပေ။
ချန်ရှီးနှင့် ဖူစန်း၏ အသက်အရွယ်ကို ထည့်သွင်းစဉ်းစားလျှင် သူတို့နှစ်ယောက်က ညီအစ်ကိုဖြစ်နိုင်သည်။ သူတို့သာ အမှန်တကယ် ညီအစ်ကိုဖြစ်သည်ဆိုပါက ချန်ရှီး၏ ရက်စက်ကြမ်းကြုတ်မှုက ကမ်းကုန်ပေသည်။
အကြောင်းမှာ ရန်သူကို ရှင်းပစ်ရန်အတွက် မိမိညီအစ်ကို၏ အထောက်အထားကို ဆယ်စုနှစ်များစွာ ဖုံးကွယ်ထားစေခဲ့သည် မဟုတ်လား။
ကျူးကဲခုန်မင်၏ဝိညာဉ်သာ ထျန်းယွမ်ကုန်းမြေသို့ ဆင်းသက်မလာပါက ချန်ရှီး၏အကြံအစည် အောင်မြင်လုနီးပါး ဖြစ်သွားပေလိမ့်မည်။
ကျင့်ကြံခြင်းတွင် ခုန်ကျွင်းက ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် အထွတ်ထိပ်သို့ရောက်နေပြီဖြစ်ရာ သာမန် ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်သာရှိသေးသော ချန်ရှီးထက်သာလွန်သည်။
သို့သော် အစီအစဉ်ရေးဆွဲခြင်းနှင့် အကြံထုတ်ခြင်းများတွင် ခုန်ကျွင်းက ချန်ရှီးနှင့်ယှဉ်နိုင်ရန် အလွန်ပင် အလှမ်းဝေးလှသည်။
သို့ပေသိ ကံကြမ္မာတစ်ခုကြောင့် အိပ်ပျော်နေသောနဂါးဟု ထင်ရှားကျော်ကြားသည့် စစ်ရေးဗျူဟာရှင် ‘ကျူးကဲခုန်မင်’ က ခုန်အိမ်တော်တွင် ပြန်လည်မွေးဖွားလာခဲ့သည်။
မည်သို့သော ဗျူဟာများနှင့် အကြံအစည်များက ခုန်မင်ကို ကျော်လွှားနိုင်ပါမည်နည်း။
ချန်ရှီးအတွက်တော့ ကံဆိုးသည်ဟု ညည်းညူရုံမှတစ်ပါး အခြားမရှိပေ။ ချန်ရှီး၏အကြံအစည်ကိုဖျက်ဆီးရန် ဖူစန်းကို ဖယ်ရှားပစ်ရုံသာ ရှိသည်။
ထို့ကြောင့် ခုန်မင်က ခြံဝင်းထဲတွင် အဋ္ဌဂံဝင်္ကပါဗျူဟာကို တည်ဆောက်ကာ ဖူစန်းကို ထောင်ချောက်ထဲဆွဲသွင်းခဲ့ခြင်း ဖြစ်ပေ၏။
ယခု ဖူစန်းမှာ အဋ္ဌဂံဝင်္ကပါဗျူဟာထဲတွင် လုံးလုံးလျားလျား ပိတ်မိနေခဲ့သည်။
သူ၏ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်ကျင့်ကြံခြင်းဖြင့် အများဆုံး (၁)နာရီခန့်သာ ခံနိုင်ရည်ရှိပြီး ပင်ပန်းနွမ်းနည်းမှုကြောင့် လဲကျသွားမည် ဖြစ်သည်။
ခြံဝင်းထဲတွင် ဖူစန်းမှာ ဝါးပင်များထဲပိတ်မိနေပြီး နတ်ဆိုးပူးသည့်ပမာ တစ်ယောက်တည်း လက်သီးဖြင့်ထိုးလိုက် ၊ ခြေထောက်ဖြင့်ကန်ကျောက်လိုက် ပြုလုပ်လျှက် ရှိသည်။
သူ၏ခန္ဓာကိုယ်မှာ မြေဝါရောင်ဒြပ်စင်စွမ်းအားများ ထွက်ပေါ်လာပြီး မမြင်ရသည့်ရန်သူများက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နေသည့်ပမာ အဆက်မပြတ် ခုခံလျှက်ရှိသည်။
ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ရှိ ကျင့်ကြံသူများသည် သူတို့၏ ဒြပ်စင်စွမ်းအားကို ပြင်ပသို့ထုတ်လွှတ်နိုင်ပြီး အဝေးမှလူများ သို့မဟုတ် ခြေလှမ်းတစ်ရာအကွယ်မှ လူများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
အဋ္ဌဂံဝင်္ကပါဗျူဟာကတော့ နက်နဲသလို လျှို့ဝှက်ဆန်းကြယ်လှသည်ဖြစ်ရာ ဖူစန်း မည်မျှပင် ပြင်းထန်စွာ ထိုးနှက်စေကာမူ သူထုတ်လွှတ်သော ဒြပ်စင်စွမ်းအားက အစီအရင်ကို အနည်းငယ်ပင် လှုပ်ခတ်စေခြင်း မရှိပေ။
(၃)ပေပင်မပြည့်သော ဝါးပင်လေးများက ဖြူစင်သည့်ကျောက်စိမ်းတိုင်များနှယ် မတုန်မလှုပ်မတ်မတ်ရပ်နေပြီး အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ယောက်၏ အလုံးစုံအားထုတ်ထိုးနှက်မှုကို တောင့်ခံနေခဲ့သည်။
ဆယ်စုနှစ်များစွာ သူလျှိုတာဝန်ထမ်းဆောင်ခဲ့သော ဖူစန်း၏စိတ်ဓာတ်က မည်မျှခိုင်မာပြတ်သားကြောင်း သံသယဝင်စရာမလိုပေ။
သို့သော် အဋ္ဌဂံဝင်္ကပါဗျူဟာထဲတွင် ပိတ်မိသွားပြီး ယခင်က မကြုံစဖူးသော ထင်ယောင်ထင်မှားပုံရိပ်များဖြင့် ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။
မမြင်ရသောရန်သူနှင့်ရင်ဆိုင်ရသည့်ပမာ အားကုန်သုံးထိုးနှက်တိုက်ခိုက်နေရသဖြင့် ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဖူစန်းအနေဖြင့် မည်မျှတောင့်ခံနိုင်ပါမည်နည်း။
အချိန်(၁)နာရီမပြည့်ခင်မှာပင် ဖူစန်း အော်ဟစ်ရင်းလဲကျသွားသည်။
သူ၏အသက်ရှူသံများက မောဟိုက်နေပြီး ခန္ဓာကိုယ်ကလည်း ပင်ပန်းနေသည့်နွားတစ်ကောင်နှယ်လေးလံလျှက် တစ်ကိုယ်လုံး ရေစိမ်ထားသည့်ပမာ ချွေးများဖြင့် ရွှဲရွှဲစိုလျှက်ရှိသည်။
သူ့ထံမှထုတ်လွှတ်ထားသော ဒြပ်စင်စွမ်းအားသည်လည်း တဖြည်းဖြည်းမှေးမှိန်သွားပြီး မမြင်ရတော့သည်အထိ အားနည်းလျော့ပါးသွားလေသည်။