← Chapters

ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကို သုတ်သင်ခြင်း

Vol. 2 Ch. 22

ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကို သုတ်သင်ခြင်း

Vol. 2 Ch. 22

နောက်ဆုံး ဖူစန်း ယိုင်နဲ့နဲ့ဖြစ်လာကာ လက်သီးတစ်ချက်ထိုးနှက်လိုက်ပြီးနောက် မြေပြင်ထက် လဲကျသွားတော့သည်။

သူ၏ရင်ဘတ်က ဖားဖိုကြီးတစ်ခုနှယ် နိမ့်ချည်မြင့်ချည်လှုပ်ရှားနေသည်မှလွဲပြီး တခြားကိုယ်လက်အင်္ဂါများ မလှုပ်နိုင်တော့ပေ။

အဋ္ဌဂံဝင်္ကပါဗျူဟာ၏စွမ်းအားက အမှန်ပင် ထိတ်လန့်ဖွယ်ရာကောင်းလှသည်။

ဝါးပင်ငယ် တစ်ရာခန့်လောက်ဖြင့် ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို ဤမျှထိုးနှက်လိုက်နိုင်သည်မှာ သဲလွန်စမကျန်သော သတ်ဖြတ်နည်းတစ်ခုပင် ဖြစ်၏။

ခုန်မင် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့လက်ထဲမှဝါးပင်ကို အစီအရင်ဗဟိုချက်သို့ ပြန်လည်ထိုးစိက်လိုက်သည်။

ထိုအခါ အဋ္ဌဂံဝင်္ကပါဗျူဟာဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်များ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

တောင်များပြိုကျပြီး ချော်ရည်များစီးဆင်းနေသော ကမ္ဘာပျက်ကိန်းနှင့်ဆင်တူသည့် မြင်ကွင်းများကိုကြည့်ရင်း ဖူစန်း၏မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့လျှက် ရှိသည်။

ယခုတော့ သူ့မျက်စိရှေ့မှ အရာအားလုံး ရှင်းလင်းသွားပြီး ပြန်လည်ငြိမ်သက်သွားကာ သူခံစားခဲ့ရသောအန္တရယ်များက ဘယ်တုန်းကမှ မရှိခဲ့သယောင် ထင်မှတ်ရသည်။

အစပိုင်းတွင် ဖူစန်း၏မျက်နှာက အံ့အားသင့်မှုဖြင့် ပြည့်နှက်နေသော်လည်း တဖြည်းဖြည်း သတိပြန်ဝင်လာသည်နှင့် သူ၏မျက်နှာအမူအရာက လုံးဝမယုံကြည်နိုင်စရာ အံ့သြမှုအဖြစ် ပြောင်းလဲသွားသည်။

သူက နောက်ဆုံးကျန်ရှိသောအင်အားကို စုစည်းလိုက်ပြီး အားနည်းစွာဖြင့် ခုန်မင်ကို လက်ညှိုးညွှန်ပြရင်း နှုတ်ခမ်းများက အချိန်အတန်ကြာ တုန်ယင်နေသည့်တိုင် စကားတစ်လုံးမှ ထွက်မလာခဲ့ပေ။

အမှန်တော့ ဖူစန်းက စောစောကဖြစ်ပျက်သွားသည့်ကိစ္စများအကြောင်း ခုန်မင်ကို အလွန်မေးမြန်းချင်နေခဲ့သည်။

ဤမျှထိတ်လန့်ဖွယ်ရာနည်းလမ်းများကို ခုန်မင်က မည်သို့ပိုင်ဆိုင်ထားပါသနည်း။

ဤလူငယ်က လူသားတစ်ယောက်လား ဒါမှမဟုတ် နတ်ဆိုးတစ်ကောင်လား။

ကံမကောင်းသည်မှာ ခုန်မင်အနေဖြင့် ဖူစန်း၏မေးခွန်းများကိုဖြေကြားရန် တာဝန်မရှိခဲ့ပေ။

ခုန်မင်က သူ၏နောက်ကျောဘက်မှ ရှည်လျားသော လေးတစ်လက်ကို ဖြည်းညင်းစွာပင်ထုတ်ယူလိုက်ပြီး လေးထက်တွင် မြားတစ်စင်းတင်က ဖူစန်းကို ချိန်ရွယ်လိုက်သည်။

ခုန်မင်က အမြဲတမ်း သတိကြီးကြီးထားကာ လှုပ်ရှားတတ်ပြီး သေသင့်သောရန်သူများကို ဘယ်သောအခါမှ ပြန်လည်တိုက်ခိုက်ရန် အခွင့်အအရေး မပေးခဲ့ပေ။

ဖူစန်းက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် ကျင့်ကြံသူဖြစ်ရာ ကျင့်ကြံခြင်းတွင် ခုန်မင်ထက် များစွာသာလွန်သည်။

အဋ္ဌဂံဝင်္ကပါဗျူဟာက သူ့ကို ပင်ပန်းနွမ်းနယ်စေခဲ့သော်လည်း ‘ပုတ်သင်ညိုသေသည့်တိုင် လဲကျခြင်းမရှိ’ ဆိုသော စကားပုံအတိုင်း ဖူစန်းတွင် အားသာချက်ရှိသည့် ဝှက်ဖဲများ ရှိနေနိုင်သည်။

ဖူစန်း၏အသက်ရှူသံများက ထိန်းမနိုင်သိမ်းမရမောဟိုက်နေပြီး ခန္ဓာကိုယ်က အားနည်းလျှက် ရှိသည်။

သို့သော် ခုန်မင်က ယုံကြည်မှုလွန်ကဲပြီး ဖူစန်းအနားသို့ မသွားခဲ့ပေ။ အနားသို့တိုးကပ်သွားသည်နှင့် နောက်ဆုံးအခွင့်အရေးရယူကာ ဖူစန်းက သူ့ကို လုပ်ကြံမည့်အမှားမျိုး လုံးဝ မပြုလုပ်ခဲ့ပေ။

ဘေးအကင်းဆုံးနည်းလမ်းမှာ ဖူစန်းအားခပ်လှမ်းလှမ်းမှ တစ်ချက်တည်းတိုက်ခိုက်ပြီး အဆုံးသတ်ပစ်ရန် ဖြစ်သည်။

ပင်ပန်းနွမ်းနယ်စွာဖြင့် အသက်ကိုမနည်းရှူနေရသော ဖူစန်းမှာ ခုန်မင်က လေးနှင့်မြားကိုဆွဲထုတ်ပြီး သူ့ကိုအဆုံးရန် ပြင်ဆင်နေကြောင်းတွေ့ရသည့်အခါ ထိတ်လန့်သွားတော့သည်။

“မဖြစ်နိုင်ဘူး…”

သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ခုန်မင်ကို ညွှန်ပြထားသော လက်ညှိုးသည်လည်း တုန်ယင်လျှက်ရှိသည်။

“ဒီလို… ဒီလိုဖြစ်နိုင်စရာ အကြောင်းမရှိဘူး”

အသက် (၁၄)နှစ်သာရှိသေးသော ကောင်လေးတစ်ယောက်က ကျင့်ကြံခြင်းတွင် မည်မျှပါရမီထူးခြားပါစေ ပြီးပြည့်စုံပြီး တိကျမှုရှိသည့် လှုပ်ရှားမှုမျိုးကို ကျွမ်းကျင်လိမ္မာစွာ ပြုလုပ်နိုင်မည်ဟု ဖူစန်း ထင်မထားခဲ့ပေ။

ယခုတော့ ခုန်အိမ်တော်မှ ဒုတိယသခင်လေးမှာ မည်သည့်မျိုးနွယ်မှထွက်ပေါ်လာသည့် ထူးဆန်းသော သတ္တဝါမျိုးမှန်း သူ နားမလည်နိုင်တော့ပေ။

ဖူစန်းက ဤမျှဆိုးရွားသော ကျဆုံးမှုကို လက်မခံနိုင်ခဲ့ပေ။

သူက ချန်အိမ်တော်က ခုန်အိမ်တော်ကိုကျော်လွှားပြီး ခွန်းကာမြို့တွင် ထိပ်တန်းမျိုးနွယ်အဖြစ် ပြန်လည်နေရာယူနိုင်မည်ဟု အိပ်မက်မက်ခဲ့ဖူးသည်။

သို့သော် ယခုတော့ ထိုသို့သောအခွင့်အရေး ဘယ်တော့မှ ရောက်ရှိလာမည်မဟုတ်ကြောင်း သိလိုက်ရသည်။

တကယ်တော့ ဖူစန်း ပင်ပန်းနွမ်းနယ်နေသည့်တိုင် အားကုန်ညှစ်ထုတ်ပါက နောက်ဆုံးတစ်ချက် တိုက်ခိုက်ရန် အားအင်ကျန်ရှိသေးသည်။

အစပိုင်းတွင် စကားမပြောနိုင်သယောင် ဟန်ဆောင်ခြင်းမှာ ခုန်မင် သူ့အနားတိုးကပ်လာစေရန် လှည့်စားခြင်းဖြစ်ပြီး အခွင့်အရေးရသည်နှင့် ထိုလူငယ်ကိုသတ်ဖြတ်ပစ်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် ခုန်မင်က သူ့အနားရောက်မလာဘဲ လေးနှင့်မြားကိုသာ ဆွဲထုတ်လိုက်လေရာ သူ့အတွက် အခွင့်အရေးမကျန်တော့ကြောင်း ဖူစန်း သဘောပေါက်လိုက်သည်။

နောက်ဆုံး ဖူစန်း မကျေမနပ်ဖြင့် မေးခွန်းထုတ်လိုက်၏။

“မင်း... မင်း ငါ့အကြောင်း ဘယ်လိုသိသွားတာလဲ ၊ ပြီးတော့ အဲဒီ ပုံရိပ်ယောင်တွေက ဘာတွေလဲ ၊ မင်းက ထူးခြားတဲ့သူဆိုပေမယ့် အသက်(၁၄)နှစ်ပဲ ရှိသေးတာ‌လေ ၊ မင်းလိုကောင်လေးတစ်ယောက်က ဒီလောက်ကြီးမားတဲ့ အစွမ်းအစမျိုးပိုင်ဆိုင်နိုင်ပါ့မလား ၊ မင်းနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတာလား ၊ အဲဒီလူက ပင်မ’ခုန်’ အိမ်တော်က ကျွမ်းကျင်သူတစ်ယောက်လား”

ခုန်မင်က တည်ငြိမ်စွာပင် ပြုံးလိုက်ရင်း...

“မေးခွန်းတွေအများကြီးမေးဖို့ အားအင်ကျန်နေသေးတာပဲ ၊ ငါ အနားကပ်မလာတာ မှန်သွားတာပေါ့ ၊ ဒါပေမဲ့... မေးခွန်း ဒီလောက်အများကြီးကို ငါ ဘယ်လိုဖြေရမလဲ ၊ မင်းကို အမှောင်ထဲမှာပဲ အဆုံးသတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်”

စကားဆုံးသွားသည်နှင့် ခုန်မင်က လေးညှို့ထက်မှ လက်ချောင်းများကိုလွှတ်လိုက်ရာ ချွန်ထက်သောမြားတစ်စင်းက ဥက္ကာပျံအလားလျှင်မြန်စွာ ဖူစန်း၏နှလုံးသားဆီသို့ ဝင်ရောက်လာသည်။

ခုန်မင်က ဤမျှ ရက်စက်စွာတိုက်ခိုက်လာမည်ဟု ဖူန်စန်း ထင်မထားခဲ့ပေ။

သူက မေးခွန်းများမေးကာ အချိန်ဆွဲထားပြီး သူ၏ဒြပ်စင်စွမ်းအား ပြန်လည်စုဆောင်းနိုင်ရန် မျှော်လင့်ခဲ့သည်။

သို့သော် ကံမကောင်းစွာပင် ခုန်မင်က သူ့အား ထိုသို့သော အခွင့်အရေး လုံးဝ မပေးခဲ့ပေ။

သူ့အရှေ့မှ လူငယ်လေး၏ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ရာဉာဏ်ပညာဖြင့် ဗျူဟာများစွာချမှတ်တတ်သော ဒဏ္ဍာရီလာ “အိပ်ပျော်နေသောနဂါး” ၏ ဝိညာဉ် ဝင်ရောက်နေကြောင်း ဖူစန်း မသိရှိခဲ့ပေ။

ကျူးကဲခုန်မင်လိုပုဂ္ဂိုလ်တစ်ယောက်ရှေ့တွင် သေးသိမ်သောလှည့်ကွက်များက အဘယ်မှာ အသုံးဝင်နိုင်ပါမည်နည်း။

ဇာတ်သိမ်းတော့မည်ကိုသိရှိသည့်တိုင် ဖူစန်းက နောက်ဆုံးအကြိမ် မရုန်းကန်ဘဲ ထွက်မသွားရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ဒြပ်စင်စွမ်းအား ကုန်ခမ်းလုနီးပါးဖြစ်နေသော်လည်း နောက်ဆုံးအကြိမ် အင်အားအကြွင်းအကျန်များကိုစုစည်းကာ တစ်ချက်ထိုးနှက်ရန် ကြိုးစားခဲ့သည်။

ရုတ်တရက် မြေဝါရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကြည်လင်တောက်ပသည့် စွမ်းအားဒိုင်းကာတစ်ခု ဖူစန်းရင်ဘတ်ရှေ့တွင် ရုတ်ချည်းထွက်ပေါ်လာသည်။

လေထဲတွင်ပျံသန်းလာသော ခုန်မင်၏မြားက မြေဝါရောင်ဒိုင်းကာကို ထိမှန်သွားပြီး သံမဏိတံတိုင်းတစ်ခုအား ထိမှန်သည့်ပမာ “ဒင်” ဟု အသံထွက်ပေါ်လာပြီး ချွန်ထက်သည့်မြားတံက ဘေးသို့ လမ်းလွဲသွားသည်။

အနီးကပ်ကြည့်မည်ဆိုလျှင် မြားတံထိပ်ဖြား လုံးဝကွဲထက်ပျက်ဆီးသွားကြောင်း တွေ့ရပေမည်။

မြေကြီးဒြပ်စင်စွမ်းအားက ခုခံကာကွယ်မှုတွင် အကြံ့ခိုင်ဆုံးအဖြစ် နာမည်ကြီးသည်။

လက်ရှိတွင် ဖူစန်း၏ခန္ဓာကိုယ်ထဲတွင်ကျန်ရှိနေသော ဒြပ်စင်စွမ်းအားက သူ၏အားအကောင်းဆုံးအချိန်၏ (၁)ရာနှုန်းပင် မရှိတော့ပေ။

သို့သော် ဤမျှနည်းပါးသော စွမ်းအားဖြင့်ပင် ဒြပ်စင်စွမ်းအားကို ဒိုင်းကာအဖြစ်အသုံးပြုကာ အကောင်းဆုံးသံမဏိဖြင့်ပြုလုပ်ထားသော မြားတံကို ကာကွယ်နိုင်ခဲ့သည်။

ယခု ခုန်မင်က အားနည်းသူတစ်ယောက် မဟုတ်ပေ။

ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် သာမန်လေးလေးတစ်လက်ကိုအသုံးပြုလျှင်ပင် သံမဏိအလွှာများစွာကို ဖောက်ထွင်းသွားအောင် ပစ်ခတ်နိုင်စွမ်းရှိ၏။

သို့သော် ထိုမျှအားကောင်းသော မြားတစ်စင်စသည်ပင်လျှင် ဖူစန်းကို ခြစ်ရာတစ်ခုမှ မဖြစ်ပေါ်စေနိုင်ခဲ့ပေ။

သို့ရာတွင် တစ်ကြိမ်လွဲချော်သွားပြီးနောက် ခုန်မင်က ဖူစန်းအား နောက်ထပ်အခွင့်အရေး ပေးတော့မည် မဟုတ်ပေ။

ပထမမြားတစ်စင်းလွဲချော်သွားသည်နှင့် သူက ချက်ချင်းပင် မြားသုံးစင်း ဆက်တိုက်ပစ်လွှတ်လိုက်သည်။

ဖူစန်း၏ဒြပ်စင်စွမ်းအား ကုန်ခမ်းလုနီးဖြစ်နေသဖြင့် သူဖန်တီးထားသော ဒိုင်းကာအကာအဆီးကို အကြာကြီး ထိန်းမထားနိုင်ခဲ့ပေ။

ထို့ပြင် ခုန်မင်၏မြားများကလည်း ဒြပ်စင်စွမ်းအား ထည့်သွင်းထားသည့်မြားများ ဖြစ်သည်။

မြားသုံးစင်း ဆက်တိုက်ပစ်လွှတ်မှုကို ခုခံပြီးနောက် ဖူစန်း၏ အတားအဆီးက ထပ်မံထိန်းထားနိုင်ခြင်း မရှိတော့ဘဲ လေထဲတွင် ကွဲအက်ပြယ်လွင့်သွားသည်။

ခုန်မင်က သနားညှာတာမှု လုံးဝမပြခဲ့ပေ။

သူက နောက်ထပ်မြားတစ်စင်း ထပ်မံပစ်လွှတ်လိုက်သည်။

ဤတစ်ကြိမ်မှာတော့ ဖူစန်း၏စွမ်းအားများ လုံးဝကုန်ခမ်းသွားပြီး ရှောင်တိမ်းရန် နည်းလမ်းမရှိတော့ပေ။

မြားတံက သူ့နှလုံးသားကိုဖောက်ထွင်းဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်က မြေပြင်ထက်တွင် သံမှိုဖြင့်အနှက်ခံရသည့်ပမာ တွယ်ကပ်နေသည်။

ဖူစန်းက ခုန်မင်ကို နာကျည်းမုန်းတီးစွာ စူးစိုက်ကြည့်နေပြီး စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း သွေးများသာ အန်ထွက်လာပြီး စကားဆိုနိုင်ခြင်း မရှိတော့ပေ။

ဒြပ်စင်စွမ်းအားကျင့်ကြံသူများ၏ ရုပ်ခန္ဓာက သာမန်လူများထက် များစွာသာလွန်သော်လည်း နှလုံးကို မြားဖြင့်ထိုးဖောက်ခံရခြင်းက မလွှဲမရှောင်သာ သေစေလောက်သည့်ဒဏ်ရာ ဖြစ်၏။

မကြာမီ ဖူစန်းမှာ လက်မခံနိုင်ခြင်းများစွာကို ရင်ဝယ်ပိုက်ပြီး နောက်ဆုံးအသက်ရှူသံနှင့်အတူ နေရာမှာပင် သေဆုံးသွားလေသည်။

ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ခုန်မင်၏လက်ချက်ဖြင့် သေဆုံးသွားပြီ ဖြစ်သည်။

ဤပွဲတွင် ခုန်မင်က များစွာအားစိုက်ထုတ်ရန် မလိုအပ်ခဲသလို ချွေးတစ်စက်ပင် မထွက်ခဲ့ပေ။

ခုန်မင်က သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားသူတစ်ယောက်ကို အဆင့်ကျော်ပြီး အနိုင်ယူခဲ့သည်ဟုဆိုလျှင် သာမန်သုံးသပ်ချက်တစ်ခုသာ ဖြစ်သည်။

ပြီးတော့ ဤပွဲတွင် ခုန်မင်ကို ပါရမီရှင်ဟု တံဆိပ်ကပ်ရန်ထက် သူ၏ ထူးခြားဆန်းကျယ်သော ‘ချီမန်’ ပညာနက်နဲမှုက အခြားသူများ စိတ်ပင်မကူးနိုင်သည်အထိ အစွမ်းထက်ခဲ့သည်ဟုဆိုလျှင် ပိုမိုမှန်ကန်ပေလိမ့်မည်။

All Chapters