ရန်သူများ ရောက်လာခြင်း
Vol. 9 Ch. 830
အိမ်သို့ ပြန်မလာသည့် အတောအတွင်း၌ ရှောင်မန်၏ အရှိန်အဝါမှာ နဂါးသွေးကြောင့် ပိုမို၍ တော်ဝင်ဆန် လာ၏။
"ရှောင်မန် ... ဘာလို့ ပြန်လာတာလဲ"
ချန်းဖန်က ပြုံးလိုက်သည်။
"ဆရာဘိုးဘိုးက သမီး ငြီးငွေ့နေမှာ စိုးလို့တဲ့ ... အိမ်ကို ခဏပြန်ခွင့် ပေးလိုက်တာ ... နောက်ပြီး အစ်ကိုနဲ့ အဘိုးတင်းတို့ကို သမီးအရမ်း သတိရတာပဲ"
မိန်းကလေးက ပြောရင်း ချန်းဖန်၏ ရင်ခွင်အတွင်း တိုးဝင်၍ ငိုတော့သည်။ ချန်းဖန်ကလည်း မိန်းကလေးအား အလိုက်သင့်ပင် ဖက်ရင်း နှစ်သိမ့် ပေးနေခဲ့၏။
သူတို့၏ အိမ်အပြင် တစ်နေရာတွင်မူ ချင်လော့သည် အမူအရာ ကင်းမဲ့စွာ ရပ်နေခဲ့သည်။ သူသည် ရှောင်မန် ကလေး၏ လုံခြုံရေးအတွက် လိုက်ပါ စောင့်ရှောက်နေပုံ ရ၏။ ချန်းဖန်သည် သူ့အား မြင်သော်လည်း မသိသလိုပင် နေလိုက်သည်။
မကြာခင် ရှောင်မန် ပြန်လာသည့် သတင်းက အိမ်နီးနားချင်းများ အတွက် သတင်းထူးတစ်ခု ဖြစ်သွားခဲ့၏။ သူတို့က ရှောင်မန်ထံသို့ အမောတကော လာရောက်၍ နှုတ်ဆက်ကြသည်။ အဒေါ်လု ဆိုလျှင် ကြက်တစ်ကောင်ပင် ယူလာသေး၏။
အဘိုးကြီးတင်းမှာလည်း တပြုံးပြုံး ဖြစ်နေခဲ့သည်။ သူသည် ရှောင်မန် စားရန်အတွက် ကိုယ်တိုင်ပင် ဝင်ရောက် ချက်ပြုတ်နေ၏။
"အစ်ကို ... လွန်ခဲ့တဲ့ လတွေအတွင်းမှာ မုတ်ဆိတ်ဖြူ ဘိုးဘိုးတွေက သမီးကို အများကြီး သင်ပေးကြတယ် ... အဘိုးလီက ဆေးဘယ်လို ဖော်စပ်ရလဲဆိုတာ သင်ပေးတယ် ... အဘိုးချီကတော့ ဓားနဲ့ ပျံတတ်အောင် လေ့ကျင့် ပေးတယ် ... နောက်ပြီး အဘိုးရှုကလည်း သားရဲတွေကို ဘယ်လို ထိန်းချုပ်ရလဲဆိုတာ သင်ပေးတယ် ... သူက သမီးကို အရမ်းချစ်ဖို့ကောင်းတဲ့ အိမ်မွေး သတ္တဝါလေး တစ်ကောင် ပေးမယ်တဲ့"
ရှောင်မန်မှာ ချန်းဖန်၏ လက်ကို ဆွဲရင်း မမောနိုင်မပန်းနိုင် ပြောနေခဲ့၏။ ချန်းဖန်ကမူ ပြုံးရင်း သူမ ပြောသမျှကို နားထောင်၍သာ နေခဲ့သည်။
"အစ်ကို ... နောက်ပြီးလေ ဆရာဘိုးဘိုးက အစ်ကို့ကို နှုတ်ဆက်တယ်လို့ ပြောပေးပါတဲ့ ... နောက်ပြီးလေ သမီးအရှင် ချင်လော့ကိုလည်း မကြာခဏ တွေ့ရတယ် ... သူများတွေ ပြောတော့ သူက အရမ်း အေးစက်တယ်တဲ့ ... ဒါပေမဲ့ မဟုတ်ပါဘူး ... သူက သမီးကို တွေ့တိုင်း အမြဲ ပြုံးပြုံးပြတယ် ... နောက်ပြီး ဟိုတစ်နေ့ကဆို တောင်တစ်လုံးလောက် ကြီးတဲ့ မွန်းစတား တစ်ကောင်ကို သူနှစ်ပိုင်း ပိုင်းပစ်လိုက်တာ သမီး တွေ့လိုက်တယ် ... အရမ်း အံ့ဩဖို့ ကောင်းတာပဲ"
ရုတ်တရက် သူမက ရပ်လိုက်ကာ ချန်းဖန် စိတ်အားငယ် သွားမည်ကို စိုးရိမ်သည့်အလား ကြည့်လိုက်သည်။
လအနည်းငယ်ခန့် ကျင့်ကြံပြီးနောက် ရှောင်မန်သည် ဉာဏ်အလင် စုဆောင်းခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ချန်းဖန်မှာ အလွန် အစွမ်းမထက်ကြောင်း နားလည် သဘောပေါက်နေခဲ့ပြီ ဖြစ်သည်။
ထို့နောက် ရှောင်မန်မှာ ချင်လော့အကြောင်း ဆက်မပြောတော့ချေ။ သူမက အခြား အကြောင်းအရာများကိုသာ လှီးလွှဲပြောဆို နေတော့သည်။
ချန်းဖန်နှင့် လူအိုကြီးတင်းတို့မှာ သူမ၏ ချစ်စဖွယ် အပြုအမူကို သတိထားမိရာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်နေကြ တော့၏။
"အကို ... အနာဂတ်မှာ သမီး အစ်ကို့ကို ကာကွယ် ပေးမယ်နော် ... နောက်ပြီး အဘိုးတင်းရောပဲ ... သမီး ဒီထက် ပိုပြီး အစွမ်းထက် လာတဲ့ တစ်နေ့ကျရင် အိမ်ကိုအပြီး ပြန်လာပြီး အစ်ကို အဘိုးတင်းတို့နဲ့ အတူ နေမယ်"
ရှောင်မန်က လေးနက်သော အမူအရာဖြင့် ပြောသည်။
"ဟုတ်ပြီ ... အစ်ကိုတို့ ရှောင်မန်ကို စောင့်နေမယ်"
ချန်းဖန်က ခေါင်းညိတ်ရင်း ပြုံးလိုက်၏။
ညဘက်သို့ အရောက်၌ ...
ရှောင်မန်ကို ခေါ်ရန်အတွက် ချင်လော့ ခေါင်းဆောင်သော ဘိုးဘေး ဘုရားကျောင်းမှ လူများ ရောက်ရှိလာသည်။
"ရှောင်မန် ... ပြန်ကြမယ်"
ချင်လော့က အေးစက်သော လေသံဖြင့် ပြောလိုက်၏။
"ဆရာကြီး ချင်လော့ ... သမီး ဒီထက် ကြာကြာနေလို့ မရဘူးလား"
ရှောင်မန်မှာ ဘိုးဘေးဘုရားကျောင်သို့ မပြန်လိုသေးချေ။
"ကျင့်ကြံခြင်းက အခက်အခဲတွေနဲ့ ပြည့်နှက်နေတယ် ... ရှောင်မန်သာ ခုအချိန်မှာ မကြိုးစားဘူးဆိုရင် အနာဂတ်မှာ ကျုးဝမ် မျိုးနွယ်တွေကို ဘယ်လိုကာကွယ် ပေးနိုင်မှာလဲ"
ချင်လော့က ပြောလိုက်၏။
"ကောင်းပါပြီ ...”
ရှောင်မန်မှာ ထပ်မံ တောင်းဆို မနေတော့ချေ။ သူမက ချန်းဖန်နှင့် အဘိုးကြီးတင်းတို့ကို နှုတ်ဆက်ကာ ချင်လော့နှင့်အတူ လိုက်ပါ သွားတော့၏။
နောက်ရက်များ၌ ရှောင်မန်သည် မကြာခဏ ပြန်လာတတ်သည်။ သို့သော်လည်း သူမတွင် အချိန် များများစားစား မရှိရာ တစ်ခဏမျှသာ နေနိုင်၏။ သူမအား ပြန်ရန် ခွင့်ပေးသူက”ဆရာဘိုးဘိုး" ဖြစ်ကြောင်း သူမ မကြာခဏ ပြောတတ်သည်။
ချန်းဖန်မှာ ရှောင်မန်၏ စကားများအရ ဆရာ ဘိုးဘိုးဆိုသော ပုဂ္ဂိုလ်ကို သတိထားမိ လာခဲ့သည်။ သူသည် ကျူးဝမ် မျိုးနွယ်၏ မဟာအကြီးအကဲ ဖြစ်ပြီး ရှဲ့ချန်းယန်ဟု အမည်ရ၏။
ရှဲ့ချန်းယန် ...
သူကား အသက် ငါးရာခန့် ရှိနေပြီဖြစ်ပြီး အသက်အကြီးဆုံး ကျူးဝမ်မျိုးနွယ် တစ်ယောက်လည်း ဖြစ်သည်။ သူသည် ဘိုးဘေး ဘုရားကျောင်းတွင် နေထိုင်ကာ ကျူးဝမ် မျိုးနွယ်အား နှစ်ပေါင်း သုံးရာခန့် အုပ်ချုပ်ခဲ့၏။
"ကြည့်ရတာ မဟာအကြီးအကဲ တစ်ယောက်ပဲ ဘိုးဘေး ဘုရားကျောင်းရဲ့ လျှို့ဝှက်ချက်တွေကို သိလိမ့်မယ် ထင်တယ် ... ငါ သူ့ဆီကို အလည် တစ်ခေါက်လောက် သွားသင့်တယ်"
ချန်းဖန်က မေးစေ့အား ပွတ်သပ်ရင်း ရေရွတ် လိုက်၏။
***
ခြောက်လ ...
ချန်းဖန် ရှေးဟောင်း ကျူးဝမ်မြို့သို့ ရောက်သည်မှာ ခြောက်လတိုင်ခဲ့ပြီ ဖြစ်လေသည်။ ထိုအတော အတွင်း သူသည် ထိုနေရာနှင့် ပိုပြီး အကျွမ်းဝင်သလို ခံစား လာရ၏။
"ဘုန်း ... ဘုန်း ...”
ထိုနေ့၌ အလင်းများသည် အရပ် မျက်နှာ ပေါင်းစုံမှ ပျံသန်းလာကာ ဘိုးဘေး ဘုရားကျောင်း အတွင်း ဝင်ရောက်သွား၏။ ထိုအလင်းတန်းများမှာ ကျူးဝမ် မျိုးနွယ် မူလ အဆင့်များဟု ကောလာဟလများက ဆိုသည်။
ညဘက်သို့ အရောက်၌ ကျယ်လောင်သော အချက်ပေးသံများဖြင့် မြို့ရိုး တံခါးများ ပွင့်ဟကာ များစွာသော အနက်ရောင် မြင်းစီးတပ်ဖွဲ့များ ဝင်ရောက်လာကြသည်။
နောက်တစ်နေ့ နံနက်၌ အဘိုးကြီးတင်းသည် အပြင်မှ နေ၍ ရေးကြီးသုတ်ပျာဖြင့် ပြန်ရောက် လာ၏။
"သခင် ... နဂါးရိုင်းတွေ နယ်စပ်မှာ ရောက်နေပြီတဲ့ ... အဲဒါကြောင့် ဘိုးဘေး ဘုရားကျောင်းက ကျူးဝမ်မြို့ သုံးဆယ့် နှစ်မြို့မှာ ရှိတဲ့ တပ်ဖွဲ့တွေကို စုစည်းဖို့ အမိန့်ပေး လိုက်တာ ... မကြာခင် တိုက်ပွဲ ဖြစ်တော့မယ် ထင်တယ်"
ယန်ပြည်နယ် အတွင်းရှိ ကျူးဝမ်လူမျိုးများ နေထိုင်သော မြို့သုံးဆယ့် နှစ်မြို့ရှိပြီး ရှေးဟောင်း ကျူးဝမ်မြို့မှာ အင်အားအကြီးဆုံး ဖြစ်သည်။ ထိုမြို့များ အားလုံးကို ဘိုးဘေး ဘုရားကျောင်းက အုပ်ချုပ်၏။
"နဂါးရိုင်းတွေ ...”
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။
လွန်ခဲ့သည့်လများ အတွင်း၌ သူသည် ပေ့ဟန်နယ်၏ ပြည်နယ်များသို့ လှည့်လည် သွားရောက်ကာ ကျင့်ကြံခြင်း ရင်းမြစ်များကို ရှာဖွေခဲ့သည်။ သို့ဖြစ်ရာ ထိုနယ်အတွင်း ဖြစ်ပျက်သည်များနှင့် အကျွမ်းတဝင် ရှိနေခဲ့ပြီ ဖြစ်သည်။
ပေ့ဟန်နယ် အတွင်း၌ လူသား မျိုးနွယ်များအပြင် များစွာသော မျိုးနွယ်ခြား မိသားစု၊ ဂိုဏ်းများလည်း နေထိုင်ကြ၏။ ထိုမျိုးနွယ်ခြားများ အနက် ထိပ်တန်း မိသားစု ဆယ်ခုမှာ အင်အား အကြီးဆုံး ဖြစ်သည်။ ကူလင်ကျိ၏ ငွေရောင် ဝိညာဉ် မျိုးနွယ်မှာလည်း ထိုမိသားစု ဆယ်ခု အနက်မှ တစ်ခုဖြစ်သည်။
နဂါးရိုင်း မျိုးနွယ်သည် ထိပ်တန်း မိသားစု ဆယ်ခုဝင် မဟုတ်သော်လည်း ကျူးဝမ် မျိုးနွယ်များထက် ပို၍ အင်အားကြီးသည်။ ထိုမျိုးနွယ်အား ရွှေအမြုတေအဆင့် နဂါးရိုင်း နတ်ဘုရားက အုပ်ချုပ်သည်။
"နဂါးရိုင်း မျိုးနွယ်က ကျူးဝမ် မျိုးနွယ်ရဲ့ ကမ္ဘာမကျေ ရန်သူတွေ ... သူတို့က ကျူးဝမ် မျိုးနွယ်ဆိုတာနဲ့ အမြဲတမ်း သတ်ချင်နေကြတာ ...”
အဒေါ်လုက ပြောသည်။
"ငါတို့ မျိုးနွယ်မှာ ဝမ်ရှင်း တန်ခိုးရှင် မရှိတာ ဆိုးတာပဲ ... မဟုတ်ရင် နဂါးရိုင်းတွေ ငါတို့ကို စော်ကားရဲမှာ မဟုတ်ဘူး"
ဦးလေးကျန်းကလည်း လက်သီးကိုဆုပ်ရင်း မချင့်မရဲ ရေရွတ်၏။
အခြား အိမ်နီးနားချင်းများမှာလည်း စိုးရိမ် နေကြသည်။ အဘိုးကြီးတင်းပင် ဂနာမငြိမ် ဖြစ်နေ၏။
သို့သော်လည်း ချန်းဖန်က ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။ ထိုစစ်ပွဲက သူနှင့် မသက်ဆိုင်ရာ သူ ဝင်ရောက် စွက်ဖက်လိမ့်မည် မဟုတ်ပေ။
ထိုရက်များ အတွင်း၌ ရှောင်မန်မှာ အိမ်သို့ အပြန်ကြဲလာ၏။
သို့သော်လည်း ပြန်လာသည့် အချိန်တိုင်း၌ သူမ၏ စွမ်းအားမှာ အဆပေါင်းများစွာ ခုန်ပေါက် တိုးတက် နေခဲ့သည်။
"အကို ... မုတ်ဆိတ်ဖြူ ဘိုးဘိုးတွေက သမီးကို ဘယ်ခိုက်ရေး နည်းစနစ်တစ်ခု သင်ပေး လိုက်တယ် ...”
"အကို ... ဆရာဘိုးဘိုးက အစ်ကို့ကို ဘိုးဘေး ဘုရားကျောင်းဆီ လာပြီး လက်ဖက်ရည် သောက်ဖို့ ဖိတ်လိုက်တယ် ...”
"အစ်ကို ...”
ရှောင်မန်သည် ချန်းဖန်၏ အရှေ့၌ ပျော်စရာ အကြောင်းများကိုသာ ပြောသည်။ သူမသည် ချန်းဖန် သူမအတွက် စိတ်ပူမည်ကို စိုးရိမ် နေပုံရ၏။
သို့သော်လည်း အိပ်မောကျ နေသည့် အခါများတွင်မူ သူမသည် ချန်းဖန်၏ လက်ကိုကိုင်၍ ယောင်ယမ်းတတ်သည်။
"အကို ... ဒီနေ့ ယုလော့မြို့ ကျဆုံးသွားပြီ ... မွန်းစတားတွေ အများကြီး ဝင်လာပြီး လူတွေလည်း အသတ်ခံရတယ် ... အသတ်ခံရတဲ့ လူတွေထဲမှာ သမီးနဲ့အတူ ဘိုးဘေး ဘုရားကျောင်းမှာ ကျင့်ကြံနေတဲ့ အစ်ကို အစ်မတွေ အများကြီးပါတယ် ... သမီးလည်း သူတို့လို သေသွားမှာ ကြောက်တယ်"
ချန်းဖန်သည် တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်ရင်း စိုးထိတ်နေဟန် ရသော ရှောင်မန်၏ မျက်နှာလေးကို ငေးကြည့်နေမိ၏။ သူသည် ကျူးဝမ်မျိုးနွယ်ကို ကူညီကာ နဂါးရိုင်းများကို တိုက်ခိုက်ရန်ပင် တွေးနေမိသည်။
"ငါ ဘယ်တုန်းက ဒီလောက် စိတ်ပျော့ သွားရတာလဲ ...”
ချန်းဖန်က ပြုံးရင်း ခေါင်းအား ခါယမ်းလိုက်မိ၏။
***
တိုက်ပွဲများကား အဆက်မပြတ် ဖြစ်ပေါ်နေသည်။
သန်းချီသော ကျူးဝမ် စစ်သူရဲများသည် အသက်ပေး၍ တိုက်ခိုက် ကြသော်လည်း နဂါးရိုင်းများ၏ လက်၌ သူတို့၏ ကျူးဝမ် မြို့များသာ တစ်မြို့ပြီး တစ်မြို့ ကျဆုံးလာနေခဲ့သည်။ ဤအတိုင်း ဆက်သွားပါက မကြာခင်မှာပင် နဂါးရိုင်းများ ရှေးဟောင်း ကျူးဝမ်မြို့သို့ ရောက်ရှိ လာနိုင်သည်။
***
တစ်နေ့၌ ...
ချန်းဖန်သည် ကျင့်ကြံနေရာမှ ရုတ်တရက် မျက်လုံးဖွင့်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်၏။
ရှေးဟောင်း ကျူးဝမ်မြို့၏ ကောင်းကင်သည် အနက်ရောင် တိမ်တောင်များဖြင့် ဖုံးလွှမ်း နေသည်။ သို့သော်လည်း သေချာကြည့်ပါက ထိုအရာများမှာ တိမ်တောင်များ မဟုတ်ဘဲ မရေ မတွက်နိုင်သော အနက်ရောင် မွန်းစတား တပ်ဖွဲ့များ ချီတက်လာခြင်းသာ ဖြစ်ကြောင်း တွေ့မြင်နိုင်၏။
"ရှဲ့ချန်းယန် ... ထွက်လာစမ်း"
***