ပန်းပဲပညာရှင်၏အမွေအနှစ်များ
Vol. 2 Ch. 26
ဖူစန်းတစ်ယောက် ထူးခြားသောအခွင့်အရေးတစ်ခု မရှိဘဲ ဤမျှကြွယ်ဝနိုင်မည် မဟုတ်ပေ။
သို့ပေသိ ဖူစန်းအနေဖြင့် ထူးခြားသောအတွေ့အကြုံတစ်ခု ရှိခဲ့စေကာမူ သူသေဆုံးသွားပြီဖြစ်ရာသူ၏ရှားပါးရတနာများက ခုန်မင်လက်ထဲ ရောက်ရှိသွားပေပြီ။
ခုန်မင်က သူ့လက်ထဲမှ ‘ပန်းပဲပညာကျမ်း’ ကို ဖင်ပြန်ခေါင်းပြန် တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတော့ ဤ ပန်းပဲပညာကျမ်း၏ မှော်ဆန်သောဂုဏ်သတ္တိများကို ကိုယ်တိုင်ခံစားကြည့်ရန် ဆုံးဖြတ်လိုက်၏။
မီးဒြပ်စင်စွမ်းအားကို ပိုင်ဆိုင်သူများသာ ပန်းပဲပညာရှင်ဖြစ်လာနိုင်ပြီး ၊ ပန်းပဲပညာကျမ်းကိုလည်း ထိပ်တန်းအဆင့် ပန်းပဲပညာရှင်များက ပြုစုထားခြင်း ဖြစ်သည်။
ထို့ကြောင့် ပန်းပဲပညာကျမ်းကိုဖွင့်လှစ်ရန်အတွက် မီးဒြပ်စင်စွမ်းအားအသုံးပြုကာ သော့ဖွင့်ရပေမည်။
မဟုတ်ပါက ပန်းပဲပညာကျမ်း၏ မျက်နှာဖုံးနှင့် နောက်ကျောဖုံး ခွဲမရအောင်ကပ်နေခြင်းကို တခြားနည်းလမ်းဖြင့် ဖွင့်လှစ်နိုင်မည် မဟုတ်ပေ။
ယခင်ကကဲ့သို့ သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာကိုသာပိုင်ဆိုင်ထားမည်ဆိုလျှင် ခုန်မင်အနေဖြင့် ဤစာအုပ်ကို ဖတ်ရှုနိုင်မည် မဟုတ်ပေ။
ဖူစန်းကဲ့သို့ပင် ရတနာကျမ်းစာအုပ်ကိုပိုင်ဆိုင်ထားသည့်တိုင် ဘာမှလုပ်မရဘဲ ထိုင်ကြည့်နေရမည်ဖြစ်၏။
သို့သော် ယခုတော့ ခုန်မင်က သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ သူ့အနေဖြင့် ပန်းပဲပညာကျမ်းကိုဖတ်ရှုရန် အခက်အခဲမရှိတော့ပေ။
အာရုံတစ်ချက်ပြုလိုက်သည်နှင့် မီးဒြပ်စင်စွမ်းအားက သူ၏လက်များတွင်စုစည်းလာပြီး ပန်းပဲပညာကျမ်းစာအုပ်ကို လွှမ်းခြုံသွားသည်။
ခပ်ဖျော့ဖျော့ အနီရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး မျက်နှာဖုံးနှင့် နောက်ကျောဖုံးကပ်နေသည့် စာအုပ်က ရုတ်တရက် ပွင့်ထွက်သွားသည်။
စာအုပ်ပွင့်သွားသည်နှင့် ပန်းပဲပညာကျမ်းအတွင်းမှ အလွန်ပြင်းထန်သော မီးဒြပ်စင်စွမ်းအားလှိုင်းလုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားလှိုင်းလုံးက ဖခင်ဖြစ်သူ ခုန်ကျွင်းထက် များစွာပိုမိုအားကောင်းသည်။
“ဒီပန်းပဲပညာကျမ်းကို ရေးခဲ့တဲ့သူက အနည်းဆုံး နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်ဖြစ်ရမယ် ၊ ဒါမှမဟုတ် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ရမယ်”
ပန်းပဲပညာရှင်များက သူတို့၏အာရုံစူးစိုက်မှုကို ပန်းပဲပညာလမ်းကြောင်းသို့ အာရုံပြောင်းရသည့်အတွက် ကျင့်ကြံခြင်းအဆင့်တွင် ဒြပ်စင်စွမ်းအားကျင့်ကြံသူများကို မမှီနိုင်သည်မှာ သဘာဝပင် ဖြစ်သည်။
ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိသော ပန်းပဲပညာရှင်တစ်ဦးသည် ပန်းပဲပညာရှင်များထဲတွင် အင်အားကြီးသူအဖြစ် သတ်မှတ်ခံရပေမည်။
ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို ဖန်တီးနိုင်သူဆိုလျှင် အနည်းဆုံး နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် ဖြစ်ရပေမည်။
ထိုသို့သောပုဂ္ဂိုလ်များက ပန်းပဲပညာရှင်ဟုဆိုသော်လည်း ထူးခြားထင်ရှားသူများဖြစ်၏။
ကံကောင်းသည်မှာ ပန်းပဲပညာကျမ်းက ထူးခြားစွာမှော်ဆန်လွန်းပြီး မီးဒြပ်စင်စွမ်းအားလှိုင်းလုံးများကို သတ်မှတ်ထားသောအကွအဝေးအတွင်းသာ ထိန်းထားသဖြင့် ခုန်မင်တစ်ယောက်တည်းသာ ခံစားမိနိုင်သည်။
မဟုတ်ပါက ဤမျှအားပြင်းသော ဒြပ်စင်စွမ်းအားလှိုင်းလုံးများ ခုန်မင်နေထိုင်ရာခြံဝင်းမှ အပြင်ဘက်သို့ဖြာထွက်သွားပါက ခုန်အိမ်တော်တစ်ခုလုံး ထိတ်လန့်အံ့သြသွားမည်ပင်။
ခုန်မင် ပန်းပဲပညာကျမ်းကိုကြည့်လိုက်တော့ စာအုပ်ထဲမှစာမျက်နှာများက မီးလျှံတစ်ခုပမာ လောင်ကျွမ်းနေလေသည်။
မှိန်ဖျော့သော်လည်း ထင်ရှားသည့် လျှို့ဝှက်ဆန်းကျယ်သော အင်းသင်္ကေတများက မီးလျှံများထဲတွင် လောင်ကျွမ်းပျောက်ကွယ်နေသည်။
ခုန်မင်က စိတ်ကိုတည်ငြိမ်စေလိုက်ပြီး မီးဒြပ်စင်စွမ်းအားကို စုစည်းကာ၊ ပန်းပဲပညာကျမ်းဆီသို့ ဖြည်းညင်းစွာ ထုတ်လွှတ်လိုက်သည်။ မီးဒြပ်စင်စွမ်းအားနှစ်ခုထိတွေ့သည်နှင့် သဘာဝအလျှောက်ပေါင်းစည်းသွားပြီး မီးဒြပ်စင်စွမ်းအားမှတစ်ဆင့် သူ၏စိတ်အာရုံထဲသို့ ကြီးမားသော သတင်းအချက်အလက်စီးကြောင်းတစ်ခု တိုက်ရိုက်စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
ပန်းပဲပညာကျမ်း၏ အံ့ဖွယ်သဘောတရားက သာမန်ကျင့်စဉ်များ ၊ လျှို့ဝှက်ကျမ်းစာများနှင့် အမှန်တကယ် ကွဲပြားလှသည်။
ပညာရပ်တစ်ခုကို စိတ်ထဲသို့ တိုက်ရိုက်ပို့လွှတ်သည့် အံ့သြဖွယ်ရာနည်းလမ်းက စာအုပ်စာမျက်နှာများကို ကိုယ်တိုင်လှန်လှောဖတ်ရှုခြင်းထက် များစွာပိုမိုထိရောက်သည်။
သို့သော် မီးဒြပ်စင်စွမ်းအားကိုပိုင်ဆိုင်သော ကျင့်ကြံသူများအနေဖြင့် ပန်းပဲပညာကျမ်းကို စတင်ဖွင့်လှစ်နိုင်သော်လည်း အထဲတွင်ပါဝင်သော ပညာရပ်ကို ချက်ချင်းဖတ်ရှုနိုင်ခြင်း မရှိသေးပေ။
ခုန်မင် လောလောဆယ် လက်ခံရရှိသည့်ပညာမှာ ပန်းပဲပညာအခြေခံဗဟုသုတနှင့် ကနဦးကျင့်ကြံခြင်းနည်းလမ်းများသာ ဖြစ်သည်။
ကနဦးအဆင့် ပန်းပဲပညာရှင်ဖြစ်လာပြီး မီးထိန်းချုပ်နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်မှသာ ပန်းပဲပညာကျမ်း၏ပိုမိုနက်ရှိုင်းသောအကြောင်းအရာများကို တဖြည်းဖြည်း သော့ဖွင့်ဖတ်ရှုနိုင်မည်ဖြစ်၏။
သို့သော်လည်း၊ ဤကနဦးဗဟုသုတဖြင့်ပင် ခုန်မင်၏ ပန်းပဲပညာရှင်များနှင့်ပတ်သက်သည့် နားလည်မှုက ယခင်ကထက် များစွာတိုးတက်လာခဲ့သည်။
ဤပန်းပဲပညာကျမ်းကိုချန်ထားခဲ့သောပုဂ္ဂိုလ်က ပန်းပဲပညာလမ်းကြောင်း၏ ဆရာသခင်တစ်ယောက် အမှန်ပင်ဖြစ်သည်။
သူ၏ကိုယ်ပိုင်ဖော်ပြချက်အရ ဤစာအုပ်ကို ရေးသားစဉ်တွင် သူက ကနဦးအဆင့် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်သို့ ရောက်ရှိခဲ့ပြီး ထိုခေတ်က ကျင့်ကြံခြင်းလောကတွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။
ထို့ပြင် ဤပန်းပဲပညာရှင်သည် သူ့ဘဝတွင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် (၅)ခုကို ဖန်တီးခဲ့ပြီး လျန်ကျိုးနယ်တွင် အကြီးကျယ်ဆုံး ပန်းပဲပညာရှင် ဆရာသခင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်၏ ပြောကြားချက်အရ ကျင့်ကြံသူတစ်ယောက်သည် မီးဒြပ်စင်စွမ်းအားကို ပိုင်ဆိုင်ထားပြီး လုံလောက်သော နားလည်မှုရှိသရွေ့ ပန်းပဲပညာရှင်ဖြစ်ရန် အရည်အချင်းပြည့်မီသည်။
သို့သော် ပန်းပဲပညာလမ်းကြောင်းတွင် အမှန်တကယ် အောင်မြင်မှုရရှိရန်အတွက် ဒြပ်စင်စွမ်းအားကျင့်စဉ် (၂)ခု သို့မဟုတ် (၃)ခုကို တပြိုင်နက်တည်းကျင့်ကြံရန် လိုအပ်သည်ဟု ဆိုသည်။
ပန်းပဲပညာလမ်းကြောင်းက မီးထိန်းချုပ်မှုကို ဗဟိုပြုထားသဖြင့် မီးဒြပ်စင်စွမ်းအားကို အခြေခံအုတ်မြစ်အဖြစ် အားကိုးသည်။
သို့သော် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို ဖန်တီးရန်အတွက် မီးဒြပ်စင်စွမ်းအားတစ်ခုတည်းဖြင့် မလုံလောက်ပေ။
မီးဒြပ်စင်စွမ်းအားကို အခြားဒြပ်စင်စွမ်းအား(၄)မျိုးဖြင့် ဖြည့်စွမ်းပြီး ပန်းပဲပညာတွင် ထူးခြားသောအပြောင်းအလဲများ ဖြစ်ပေါ်စေရန် လိုအပ်သည်။
သို့မှသာ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို ဖန်တီးနိုင်မည်ဖြစ်၏။
ဤသဘောတရားက ဒြပ်စင်(၅)မျိုး အပြန်အလှန်ဖြစ်ပေါ်မှု ၊ ထိန်းချုပ်မှု နိယာမနှင့် အနည်းငယ်ဆင်တူသည်။
ပန်းပဲပြုလုပ်ရာတွင် မီးဒြပ်စင်စွမ်းအားတစ်မျိုးတည်းကိုသာအသုံးပြုပြီး အခြားဒြပ်စင်စွမ်းအားများ ပေါင်းစပ်ခြင်းမရှိပါက ထူးခြားဖြစ်စဉ်များအတွက် အခွင့်အရေးမရှိသလို ဒြပ်စင်စွမ်းအားသိုလှောင်နိုင်သော ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကိုလည်း ဖန်တီးနိုင်မည် မဟုတ်ပေ။
ပန်းပဲပညာရှင်ဖြစ်ရန် အသင့်တော်ဆုံး ခန္ဓာကိုယ်ဖွဲ့စည်းမှုက မီးနှင့်သတ္တုဒြပ်စင်စွမ်းအား(၂)မျိုးကို တပြိုင်တည်းကျင့်ကြံနိုင်သည့် ရုပ်ခန္ဓာမျိုးဖြစ်၏။
ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များ အောင်မြင်စွာပြုလုပ်နိုင်ရန်အတွက် မီးဒြပ်စင်စွမ်းအားနှင့် သတ္တုဒြပ်စင်စွမ်းအားတို့က အဓိကကျသည်။
ယေဘုယျပြောရလျှင် ပန်းပဲပညာရှင်တစ်ယောက်သည် မီးနှင့် သတ္တုဒြပ်စင်နှစ်မျိုးကို ကျင့်ကြံနိုင်ပါက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို ဖန်တီးနိုင်ကာ ထိပ်တန်းပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်။
သို့သော် ထူးချွန်သည့် ပါရမီရှင် ပန်းပဲပညာရှင်တစ်ယောက်ဖြစ်လာရန်အတွက် အနည်းဆုံး ဒြပ်စင်စွမ်းအား (၃)မျိုး တပြိုင်တည်းကျင့်ကြံနိုင်သည့် ရုပ်ခန္ဓာဖွဲ့စည်းမှုမျိုး ပိုင်ဆိုင်ရပေမည်။
မီးနှင့် သတ္တုဒြပ်စင်စွမ်းအား(၂)မျိုးကို အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ပါက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များ ပြုလုပ်နိုင်သည့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာနိုင်သည်။
သို့သော် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များတွင် မတူညီသောအဆင့်အမျိုးမျိုးရှိသည်။
ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို ဖန်တီးလိုပါက မီးနှင့် သတ္တုဒြပ်စင်စွမ်းအားကိုသာ ကျင့်ကြံရုံဖြင့် မဖြစ်နို်ငပေ။
အနည်းဆုံး နောက်ထပ်ဒြပ်စင်စွမ်းအားတစ်မျိုးကို ထည့်သွင်းရမည်ဖြစ်သည်။ သို့မှသာ ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို ဖန်တီးနိုင်မည်ဖြစ်၏။
ဤပန်းပဲပညာကျမ်းကိုရေးသားခဲ့သော ပန်းပဲပညာရှင်က မီး၊ သတ္တု၊ နှင့် ရေဒြပ်စင်စွမ်းအားများကို တပြိုင်တည်း ကျင့်ကြံခဲ့သူ ဖြစ်သည်။
သူဖန်တီးခဲ့သော ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် (၅)ခုအနက် (၂)ခုက ထပ်တန်းအဆင့် ဝိညာဉ်လက်နက်များအဖြစ် သတ်မှတ်ခံရပြီး ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်ရှိသော တန်ခိုးစွမ်းအားရှင်များ အသုံးပြုရန် သင့်တော်သည်။
ဤသို့သော အောင်မြင်မှုများကြောင့်ပင် ဤပန်းပဲပညာရှင်က လျန်ကျိုးနယ်တွင် အကြီးကျယ်ဆုံးပန်းပဲပညာရှင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
ဤပန်းပဲပညာကျမ်းတွင် ဤပန်းပဲပညာရှင်ဖန်တီးခဲ့သော ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်(၅)ခု၏ လုပ်ဆောင်ချက်များကို စေ့စပ်သေချာစွာ မှတ်တမ်းတင်ထားသည်။
ထိုပစ္စည်းများထဲမှတစ်ခုမှာ “အလင်းဖောက်ထွင်းဓားမြောင်” ဖြစ်သည်။
သို့သော် အလင်းဖောက်ထွင်းဓားမြောင်က ဤပန်းပဲပညာရှင် ဒြပ်စင်စွမ်းအားအရှင်သခင် နှောင်းပိုင်းအဆင့်တွင်ရှိစဉ်က ဖန်တီးခဲ့သော အစောပိုင်းလက်ရာတစ်ခုသာဖြစ်သည်။
၎င်း၏အရည်အသွေးကို ထိပ်တန်းအဆင့်ဟု မသတ်မှတ်နိုင်ဘဲ အလယ်ဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်အဖြစ်သာ သတ်မှတ်နိုင်သည်။
ဖူစန်းက ကံကောင်းပြီး ဤပန်းပဲပညာရှင်၏ အကြွင်းအကျန်များကိုရှာဖွေတွေ့ရှိကာ အလင်းဖောက်ထွင်းဓားမြောင်နှင့် ပန်းပဲပညာကျမ်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ဖူစန်းက မြေဒြပ်စင်တစ်မျိုးတည်းကိုသာ ကျင့်ကြံသူဖြစ်သဖြင့် ပန်းပဲပညာရှင်ဖြစ်ရန် အရည်အချင်းမပြည့်မီသလို ရေဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သော အလင်းဖောက်ထွင်းဓားမြောင်ကိုလည်း အသုံးပြုနိုင်စွမ်း မရှိခဲ့ပေ။
သို့သော် ခုန်မင်ကတော့ သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အပြင် ထူးခြားသော နားလည်နိုင်စွမ်းလည်းရှိသည်ဖြစ်ရာ သူသာ ပန်းပဲပညာရှင်ဖြစ်ချင်သည်ဆိုပါက အခက်အခဲမရှိဘဲ ဖြစ်လာနိုင်သည်။