ခုန်အိမ်တော်မှသားအဖ
Vol. 2 Ch. 28
ခုန်မင်က တည်ငြိမ်သောမျက်နှာအမူအရာဖြင့်ပင် ခုန်ကျောင်းဦးညွှတ်ဂါရဝပြုသည်ကို အေးဆေးစွာ လက်ခံလိုက်သည်။
ခုန်မင်ရော ခုန်ကျောင်းရောက ဉာဏ်ပညာရှိသူများဖြစ်ပြီး အထက်တန်းလွှာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို နားမလည်သူများ မဟုတ်ပေ။
ခုန်ကျောင်းက ခုန်မင်အား ဤသို့ အရိုအသေပြုရခြင်းမှာ ခုန်မင်က သူ့ရင်ထဲမှစကားများကို ပွင့်ပွင့်လင်းလင်းဖွင့်ဟခဲ့သောကြောင့် ဖြစ်သည်။
ယနေ့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ခံစားချက် တစ်ယောက်နားလည်သွားကြပေပြီ။
ခုန်မင်က သူ၏ရည်မှန်းချက်ကို ခုန်ကျောင်းအား ပွင့်လင်းစွာပြောပြခဲ့သည်။
သူဖြစ်ချင်သည်က ပိုမိုကျယ်ပြန့်သော ကျင့်ကြံခြင်းလောကဆီသို့ ခရီးထွက်ရန်ဖြစ်ပြီး ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ အိမ်တော်သခင်နေရာကို တပ်မက်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။
သို့ဖြစ်ရာ ခုန်ကျောင်းက ခုန်အိမ်တော်သခင်နေရာအတွက် ခုန်မင်အားရန်လိုခဲ့သည်ဆိုလျှင် ထိုကိစ္စက လုံးဝမလိုအပ်ပေ။ အကြောင်းမှာ ခုန်မင်က အိမ်တော်သခင်ဖြစ်ရန် စိတ်မဝင်စားသောကြောင့် ဖြစ်၏။
ခုန်ကျွင်းတွင် သား(၂)ယောက်သာရှိသည်ဖြစ်ရာ ခုန်မင်က အိမ်တော်သခင်မဖြစ်ချင်လျှင် အိမ်တော်သခင်ဖြစ်လာမည့်သူမှာ ခုန်ကျောင်းမှလွဲပြီး အခြားသူမရှိပေ။
ထို့ကြောင့် ခုန်ကျောင်းက ခုန်မင်အား ထိခိုက်အောင်လုပ်ခဲ့သည်များမှာ အရေမရအဖတ်မရများသာဖြစ်ပြီး သိမ်ဖျင်းယုတ်ညံ့သည့်လုပ်ရပ်များသာ ဖြစ်သည်။
ခုန်ကျောင်းက ခုန်မင်အား နက်ရှိုင်းစွာ ဦးညွှတ်ဂါရဝပြုလိုက်ခြင်းမှာ သူ့အမှားကိုဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။
အကယ်၍ ခုန်ကျောင်းသာ အတိတ်ကအမှားများအတွက် ပြန်လည်ပြုပြင်လိုပါက ခုန်မင်ကို ဦးညွှတ်ဂါရဝပြုရုံဖြင့် မလုံလောက်ပေ။ ခုန်အိမ်တော်စည်းမျဉ်းအတိုင်း အပြစ်ဒဏ်ခံယူရမည် ဖြစ်သည်။
သို့သော် အဓိကတရားခံဖြစ်သော ဖူစန်းသေဆုံးသွားပြီဖြစ်လေရာ ခုန်မင်နှင့် ခုန်ကျောင်းတို့ကြားတွင် ဖြေရှင်းမရသော ရန်ငြိုးဟူ၍မရှိခဲ့ပေ။
အချင်းချင်းနားလည်သွားပြီဖြစ်သောညီအစ်ကိုများက ထပ်မံယှဉ်ပြိုင်ကြမည်မဟုတ်သလို ချန်မျိုးနွယ်များ ပြက်ရယ်ပြုစရာဖြစ်အောင်လုပ် နေထိုင်မည်မဟုတ်ပေ။
ခုန်မင်က “ဖူစန်းကို ကျွန်တော်ကိုယ်တိုင်သတ်ပစ်လိုက်တာ” ဟု ပြောစဉ်က ခုန်ကျောင်း အံ့အားသင့်သွားသည့်တိုင် ထိုစကားကို သံသယမဝင်ခဲ့ပေ။
အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်သော ဖူစန်းကို ခုန်မင် မည်သို့အနိုင်ယူခဲ့ကြောင်း ခုန်ကျောင်း နားမလည်နိုင်သော်လည်း သူ၏ညီငယ်တွင် ထိုသို့သောစွမ်းရည်ရှိကြောင်း ရိုးရှင်းစွာပင် ယုံကြည်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ခုန်မင် ပြန်လည်နေကောင်းလာပြီး နဂိုအတိုင်း စိတ်မူမှန်လာကတည်းက သူ့ပုံစံက အလွန်တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိဟန် ပေါ်လွင်နေသည်။
ထိုအချက်ကြောင့် သူ၏ညီငယ်က ယခင်ကနှင့်ကွဲပြားနေသည်ဟု ခုန်ကျောင်း ခံစားခဲ့ရသည်။
သူ၏ညီငယ်က ပိုမိုထူးချွန်လာဟန်ရှိပြီး အရာအားလုံးကလည်း သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်ပမာ ဖြစ်၏။
ထိုသို့ပြောင်းလဲသွားသော ခုန်မင်အား ခုန်ကျောင်း အပြည့်အဝ နားမလည်တော့သလို ခံစားခဲ့ရသည်။
ထို့ကြောင့် ခုန်ကျောင်းအနေဖြင့် ခုန်မင်က ဖူစန်းအကြောင်းမည်သို့ဖော်ထုတ်ခဲ့သည် ၊ သူ့ကိုသတ်ရန် မည်သည့်နည်းလမ်းများ အသုံးပြုခဲ့သည်ကို အသေးစိတ်သိရှိလိုစိတ် မရှိတော့ပေ။
ဤသည်မှာ သူမတတ်စွမ်းသောအရာများကို ခုန်မင်က တတ်စွမ်းနိုင်ကြောင်း နားလည်သွားသောကြောင့်ဖြစ်၏။
ထူးခြားသောညီငယ်ကိုရင်ဆိုင်ရသည့်အခါ ခုန်ကျောင်းသည် ခုန်မင်၏အသက်အရွယ်ကိုထည့်မတွက်တော့ဘဲ ထူးခြားသောပါရမီရှင်တစ်ယောက်အဖြစ်သာရှုမြင်တော့သည်။
ပိုအရေးကြီးသည်မှာ ခုန်မင်က ကျင့်ကြံခြင်းလောကထဲသို့ ခရီးထွက်ရန် ရည်မှန်းချက်ကို ထုတ်ဖော်ပြောလာခဲ့သည့်ခဏမှာပင် ခုန်ကျောင်းအနေဖြင့် မည်သည့်ရွေးချယ်မှုမှန်ကန်သည်ကို ချက်ချင်းသဘောပေါက်ခဲ့သည်။
မှန်ကန်သောရွေးချယ်မှု ပြုလုပ်ပြီးနောက် ခုန်ကျောင်းသည် ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့သည်။
သူ့အပေါ် တစ်ချိန်လုံးဖိစီးနေခဲ့သည့်အရာများက တဒင်္ဂအတွင်း ပျောက်ကွယ်သွားပြီး သူ၏စိတ်ထဲ ပို၍ပင် ကြည်လင်လာသလို ခံစားရသည်။
မျက်နှာတစ်ခုလုံး အပြစ်ရှိစိတ်ဖြင့်ဖုံးလွှမ်းနေသော ခုန်ကျောင်းက ခုန်မင်အားကြည့်လိုက်ပြီး...
“ညီ (၂)... ငါ တကယ်ပဲ စိတ်မကောင်းပါဘူး ၊ ငါတို့ အဖေ့ဆီအတူသွားပြီး ပွင့်ပွင့်လင်းလင်းဖွင့်ပြောလိုက်ရအောင် ၊ ငါတို့အတွက်နဲ့ အဖေ့ကိုစိတ်မပူစေချင်ဘူး”
ခုန်မင်က ခုန်ကျောင်း၏လက်ကိုဆုပ်ကိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အစ်ကိုကြီးပြောတာ မှန်ပါတယ် ၊ ကျွန်တော်တို့အတွက်နဲ့ အဖေ့ကို စိတ်မပူစေချင်ဘူး ၊ ‘ညီအစ်ကိုတွေစည်းလုံးမှ သတ္တုကိုဖြတ်နိုင်မယ်’ ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ ၊ ကျွန်တော်တို့ စည်းလုံးနေသမျှ ခွန်းကာမြို့ဟာ ခုန်အိမ်တော်ရဲ့လက်အောက်မှာပဲ ရှိနေမှာပါပဲ”
ထို့နောက် ညီအစ်ကို(၂)ယောက် စကားပြောရင်း ခုန်ကျွင်းနေထိုင်ရာ ပင်မအိမ်တော်ဆီသို့ အတူတူလျှောက်လှမ်းထွက်ခွာသွားကြလေသည်။
***
ခုန်အိမ်တော်သခင်ဖြစ်သော ခုန်ကျွင်းက ခုန်အိမ်တော်ခြံဝင်း၏ ပင်မအိမ်တော်မှာပင် နေထိုင်လေသည်။
ကြီးမားလှသော ပင်မခုန်အိမ်တော်က အလွန်တရာခမ်းနားပြီး တော်ဝင်ဆန်လွန်းလှသည်။
သို့သော် ခုန်ကျွင်းက အေးဆေးမှုကိုသဘောကျသဖြင့် အစေခံအနည်းငယ်သာထားရှိသဖြင့် ပင်မအိမ်တော်တစ်ခုလုံးက တိတ်ဆိတ်လျှက်ရှိသည်။
အချိန်က နံနက်အရုဏ်တက်လုပြီဖြစ်လေရာ ခုန်ကျွင်းက ပင်မခန်းဆောင်ထဲတွင် ကျင့်ကြံလျှက်ရှိသည်။
ခုန်ကျွင်းက မွေးရာပါ ပါရမီရှင်တစ်ယောက် မဟုတ်ပေ။
ခွန်းကာမြို့ ၊ ခုန်အိမ်တော်ကိုတည်ထောင်ခဲ့သော အဘိုးဖြစ်သူနှင့်မယှဉ်နိုင်သလို သူ၏ဖခင်နှင့်လည်း မယှဉ်နိုင်ပေ။
သို့သော် ခုန်ကျွင်းက စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။
သူက ငယ်စဉ်ကပင် ခုန်အိမ်တော်အမွေအနှစ်များတည်တံ့ခိုင်မြဲရန်အတွက် သူ့အရည်အချင်းဖြင့် နှစ်ဆကြိုးပမ်းအားထုတ်ရမည်ကို နားလည်ခဲ့သည်။
ထို့ကြောင့် ခုန်ကျွင်းသည် ထူးခြားသော ဇွဲလုံ့လဖြင့် ကျင့်ကြံခဲ့ပြီး အရည်အချင်းနည်းပါးမှုကို ကြိုးစားအားထုတ်မှုဖြင့် ဖြည့်ဆည်းခဲ့သည်။
နောက်ဆုံး အသက်(၄၀) သို့ ရောက်သည့်အခါ ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်အဖြစ်တက်လှမ်းနိုင်ခဲ့ပြီး ခုန်အိမ်တော်၏ အိမ်တော်သခင်နေရာကို အမွေဆက်ခံရန် အရည်အချင်းပြည့်မီလာခဲ့သည်။
အိမ်တော်သခင်ဖြစ်လာပြီးနောက် အသက်(၄၀)ကျော်မှ ခုန်ကျွင်းက အိမ်ထောင်ပြုခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူ၏မျက်နှာက နုပျိုသည့်ပုံပေါက်သော်လည်း အမှန်တွင် အသက်(၆၀)ကျော်နေပြီ ဖြစ်သည်။
ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်သို့ တက်လှမ်းပြီးနောက်တွင်လည်း ခုန်ကျွင်းက ဇွဲမလျှော့ဘဲ ဆက်လက်ကျင့်ကြံခဲ့သည်။
နှစ်ပေါင်း(၂၀)ကျော် ကြိုးစားကျင့်ကြံပြီးသည့်နောက် ယခု ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် အထွတ်ထိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ခုန်ကျွင်း၏ မွေးရာပါအရည်အချင်းဖြင့် နောက်တစ်ဆင့်ဖြစ်သော ဒြပ်စင်စွမ်းအားအရှင်သခင် အလယ်ဆင့်သို့ တက်လှမ်းရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။
သို့သော် ခွန်းကာမြို့ကဲ့သို့သော မြို့ငယ်လေးတွင် ခုန်ကျွင်း၏ ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် အထွတ်ထိပ်ကျင့်ကြံမှုသည်ပင် အငြင်းပွားမရသော ထိပ်တန်းကျင့်ကြံသူအဖြစ် တည်ရှိစေခဲ့သည်။
ထို့အပြင် ခုန်အိမ်တော်တွင် လျှို့ဝှက်ထားရှိသည့် “သစ်သားဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု” လည်း ရှိနေလေသည်။
ခုန်ကျွင်း ထိုဝိညာဉ်လက်နက်ကိုအသုံးပြုသည်နှင့် သူ၏တိုက်ခိုက်ရေးစွမ်းအားက ဒြပ်စင်စွမ်းအားအရှင်သခင် အလယ်ဆင့်နှင့် သိသိသာသာ ကွဲပြားမှုမရှိတော့ပေ။
ခုန်မင်နှင့်ခုန်ကျောင်းတို့ ပင်မအိမ်တော် ခြံဝင်းတံခါးရှေ့သို့ ရောက်ရှိလာသည်နှင့် ကျင့်ကြံနေသည့်ခုန်ကျွင်းက ချက်ချင်း အာရုံခံလိုက်မိသည်။
သူက မနေနိုင်ဘဲ အသံမြှင့်ပြီးမေးလိုက်သည်။
“မင်းတို့ညီအစ်ကို(၂)ယောက်... ဘာလို့ ဒီလောက်အစောကြီးရောက်လာရတာလဲ ၊ မင်အာ... မင်းက တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား ၊ ဘာလို့ ဒီလောက်မြန်မြန် ထွက်လာရတာလဲ”
ခုန်မင်က ခြံဝင်းအပြင်ဘက်မှပင် အော်ပြောလိုက်သည်။
“အဖေ... ကျွန်တော်နဲ့အစ်ကိုကြီး အဖေ့ကို ပြောစရာကိစ္စရှိလို့ပါ ၊ အနှောက်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်”
သူ့စကားဆုံးသည်နှင့် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ခြံဝင်းတံခါးပွင့်သွားကာ ခုန်ကျွင်း၏ပုံရိပ်သည်လည်း တံခါးဝတွင် ချက်ချင်းထွက်ပေါ်လာသည်။
သား(၂)ယောက်လုံး၏မျက်နှာက တည်ကြည်လေးနက်နေကြောင်းတွေ့ရတော့ ခုန်ကျွင်းက နက်ရှိုင်းသောလေသံဖြင့် မေးမြန်လိုက်သည်။
“ဘာကိစ္စ ဖြစ်လို့လဲ”
ခုန်မင် စကားမဆိုခင်မှာပင် ခုန်ကျောင်းက မြေပြင်ထက် ဒူးထောက်ချလိုက်ပြီး...
“အဖေ... သားမှာ အပြစ်ရှိပါတယ် ၊ အဖေ သားကို အပြစ်ပေးပါ”
ခုန်ကျွင်းမျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး အလျှင်အမြန်မေးလိုက်သည်။
“ဘာကိစ္စတွေ ဖြစ်လာတာလဲ”
***
ခုန်မင်နှင့် ခုန်ကျောင်းတို့၏စကားများကိုနားထောင်ရင်း ခုန်ကျွင်း ဇာတ်ရည်လည်သွားရသည်။
ခုန်ကျောင်းက ခုန်မင်အား မကောင်းကြံမည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့သလို ဒုတိယအကြီးအကဲ ဖူစန်းမှာလည်း ချန်အိမ်တော်မှ သူလျှိုတစ်ယောက်ဖြစ်မည်ဟု ထင်မထားခဲ့ပေ။
သို့သော် ခုန်မင်က...
“ကျွန်တော် သစ္စာဖောက် ဖူစန်းကို သတ်ပစ်လိုက်ပြီ”
ဟု ပြောလိုက်သောအခါ ခုန်ကျွင်းမျက်နှာက မယုံကြည်နိုင်သော အမူအရာဖြင့် ပြည့်နက်သွားသည်။
သူက မနေနိုင်ဘဲ မေးလိုက်သည်။
“မင်အာ... မင်း တကယ်ပဲ အဲဒီသစ္စာဖောက်’ဖူစန်း’ ကို သတ်ခဲ့တာလား ၊ သူက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်လေ...”
ခုန်မင်က ဖခင်ဖြစ်သူကိုဦးညွှတ်လိုက်ပြီး...
“အဖေ... ကျင့်ကြံခြင်းအဆင့်အရဆိုရင် ကျွန်တော်က အဲဒီသစ္စာဖောက်’ဖူစန်း’ နဲ့ လုံးဝ မယှဉ်နိုင်ပါဘူး ၊ ဒါပေမဲ့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာကို ဟိုးအရင်ကတည်းက သတိထားခဲ့မိတယ် ၊ ဒါကြောင့် သူ့ကို ထောင်ချောက်ထဲမျှားခေါ်ပြီး သတ်ပစ်လိုက်တာပါ”
ခုန်ကျွင်းက ခေါင်းတွင်တွင်ခါယမ်းရင်း...
“ဒါက သိပ်ကိုအန္တရယ်များလွန်းတယ် ၊ မင်း တစ်ခုခုများ မတော်တဆ ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ၊ ဒီလို အလေးအနက်ထားရမယ့်ကိစ္စမျိုးကို အဖေ့ကို ကြိုပြီးပြောပြသင့်တယ်လေ ၊ ဖူစန်းက ဘယ်လောက်ပဲလိမ္မာပါးနပ်ပါစေ... အဖေကိုယ်တိုင်စောင့်ကြည့်နေရင်တော့ သူ ပြဿနာရှာရဲမှာ မဟုတ်ပါဘူး”
ခုန်မင်က...
“ဒီည ဖူစန်းက ကျွန်တော့်ကို မတိုက်ခိုက်ခဲ့ဘူးဆိုရင် ၊ ကျွန်တော်ကလည်း သူ့အကြောင်း မဖော်ထုတ်ခဲ့ဘူးဆိုရင် ၊ အဖေက ဘယ်လိုအကြောင်းပြချက်နဲ့ သူ့ကို အရေးယူနိုင်မှာလဲ ၊ အဲဒီသစ္စာဖောက်လက်ထဲမှာ ကျွန်တော်တို့ ခုန်အိမ်တော် ဂုဏ်သတင်းညစ်နွမ်းမှာမျိုး အဖြစ်မခံနိုင်ဘူး”
ခုန်ကျွင်းက သက်ပြင်းချလိုက်ရင်း...
“မင်အာ... အဖေ့ရင်ထဲမှာတော့ ခုန်အိမ်တော်ရဲ့ဂုဏ်သတင်းထက် သား ဘေးကင်းဖို့က အဆပေါင်းများစွာ ပိုပြီးအရေးကြီးပါတယ်”