ညီအစ်ကိုနှစ်ယောက်၏စိတ်ရင်းစကား
Vol. 2 Ch. 27
ထျန်းယွမ်ကုန်းမြေတွင် ပန်းပဲပညာရှင်များက အလွန်တန်ဖိုးထားခံရပြီး ဤပညာရပ်ကိုလိုက်စားခြင်းက ချီးကျူးစရာ ရွေးချယ်မှုတစ်ခုဖြစ်သည်။
သာမန်လူများအတွက် ကျင့်ကြံခြင်းနှင့် ပန်းပဲပညာရပ်ကို တပြိုင်တည်းလေ့လာရန်ကြိုးစားခြင်းက ဖိအားများဖြစ်ပေါ်စေနိုင်ပြီး လမ်းစဉ်နှစ်ခုလုံးတွင် မအောင်မြင်ဘဲ ဖြစ်သွားနိုင်သည်။
သို့သော် “ခုန်မင်” က မည်သူဖြစ်ပါသနည်း။
သူက သဘာဝလွန် ပါရမီရှင်တစ်ယောက် ဖြစ်သည်။
သူ၏စိတ်က အဆုံးမရှိသော ဉာဏ်ပညာများဖြင့် ပြည့်နက်နေသည်။ သူ့အနေဖြင့် ပညာရပ်နှစ်ခု တပြိုင်တည်းလေ့ကျင့်သည်ကိုမဆိုထားနှင့် ရာနှင့်ချီသည့်ပညာရပ်များကို တပြိုင်တည်းလေ့ကျင့်လျှင်ပင် နယ်ပယ်တိုင်းတွင် ထူးချွန်နိုင်ဆဲဖြစ်သည်။
သုံးပြည်ထောင်ခေတ်ကတည်းက ခုန်မင်က ဤအချက်ကို သက်သေပြခဲ့ပြီးဖြစ်သည်။
စာပေပညာ ၊ ဂီတအနုပညာ ၊ နက္ခတ်ဗေဒပညာ ၊ ယန္တရားပညာ ၊ လက်နက်အတတ်ပညာ ၊ စစ်ရေးဗျူဟာများသာမက သူက ဟင်းလျာချက်ပြုတ်ခြင်းနှင့် မုန့်လုပ်နည်းများကိုပင် တတ်မြောက်ခဲ့သေးသည်။
ယခု ကံကောင်းထောက်မပြီး ပန်းပဲပညာကျမ်းကို ရရှိပြီဖြစ်ရာ သူ့အနေဖြင့် ဤပညာရပ်ကို မသင်ယူဘူးဆိုလျှင် “ခုန်မင်” ပီသမည် မဟုတ်ပေ။
ခန္ဓာကိုယ်ဖွဲ့စည်းမှုအရ ခုန်မင်က သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။
ဤဖွဲ့စည်းမှုသည် မီးနှင့်သတ္တုဒြပ်စင်နှစ်မျိုးပေါင်းစပ်မှုမဟုတ်သော်လည်း “ဝိညာဉ်ခန္ဓာ” ဆိုသော အားသာချက်ကိုပိုင်ဆိုင်ထားသဖြင့် သူ၏စွမ်းဆောင်ရည်က မီးနှင့်သတ္တုဒြပ်စင်နှစ်မျိုး ကျင့်ကြံထားသူများထက် နိမ့်ကျမည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ခုန်မင်၏ ကျင့်ကြံခြင်းအဆင့် ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ဤသဘောတရားက ဒြပ်စင်(၅)မျိုး အပြန်အလှန်သက်ရောက်မှုနိယာမအရ သူ၏ခန္ဓာကိုယ်ထဲတွင် အခြားသောဒြပ်စင်စွမ်းအားများလည်း ဖွံ့ဖြိုးလာနိုင်ဖွယ်ရှိသည်။
ထိုသို့ဆိုလျှင် သူ့အနေဖြင့် ဒြပ်စင်နှစ်မျိုးကျင့်ကြံနိုင်ခြင်းသာမက ဒြပ်စင်သုံးမျိုး ၊ ဒြပ်စင်လေးမျိုး ကျင့်စဉ်များကို တပြိုင်နက်ကျင့်ကြံနိုင်ဖွယ် ရှိ၏။
နောက်ဆုံး ခုန်မင်က “ဒြပ်စင်ငါးပါးဝိညာဉ်ခန္ဓာ” ကျင့်ကြံအောင်မြင်ခဲ့ပါက ဒြပ်စင်(၅)မျိုးလုံးပိုင်ဆိုင်သော ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာမည်ဖြစ်ရာ ၊ သူ မည်သို့သော အံ့သြဖွယ်ရာများကိုဖန်တီးမည်ကို မိုးကောင်းကင်သာလျှင် သိရှိနိုင်ပေမည်။
ခုန်မင်က တစ်ခေါက်ဖတ်ရုံနှင့်အလွတ်ရသည့် မှတ်ဉာဏ်ရှိသည့်အပြင် ပန်းပဲပညာကျမ်းနိဒါန်းက စာဖတ်စရာမလိုဘဲ သတင်းအချက်အလက်အဖြစ် သူ့စိတ်ထဲ တိုက်ရိုက်ထည့်သွင်းပေးခြင်း ဖြစ်သည်။
ထို့ကြောင့် ပန်းပဲပညာလမ်းကြောင်း၏ အခြေခံနည်းလမ်းများကို ခုန်မင် လျှင်မြန်စွာပင် ကျွမ်းကျင်သွားခဲ့သည်။
သူ့အနေဖြင့် အခြေခံအပိုင်းတွင် အောင်မြင်မှုအချို့ရရှိသည်နှင့် ပန်းပဲပညာကျမ်း၏ ပိုမိုနက်ရှိုင်းသော အကြောင်းအရာများကို ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။
ပန်းပဲပညာကျမ်းကို ပိတ်လိုက်ပြီးနောက် ခုန်မင်သည် အခြားကိစ္စတစ်ခုကို မတွေးမနေနိုင်ဖြစ်လာသည်။
ထျန်းယွမ်ကုန်းမြေတွင် ပန်းပဲပညာနှင့် အဆင့်အတန်းချင်းယှဉ်နိုင်သည့် တစ်ခုတည်းသော ပညာရပ်မှာ အဂ္ဂိရတ်ပညာဖြစ်သည်။
ပြီးတော့ ပန်းပဲပညာကျမ်း၏ အကြောင်းအရာများအပေါ်အခြေခံပြီး ခုန်မင်သိရှိလိုက်သည်မှာ အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် လိုအပ်ချက်များက ပန်းပဲပညာရှင်ဖြစ်ရန်လိုအပ်ချက်များနှင့် ခပ်ဆင်ဆင်တူသည့်အချက်ပင်။
ထပ်စဉ်းစားကြည့်လျှင် အဂ္ဂိရတ်ပညာလမ်းကြောင်းတွင် ကြီးကျယ်သောအောင်မြင်မှုရရှိရန် ဒြပ်စင်နှစ်မျိုးသို့မဟုတ် သုံးမျိုးကို တပြိုင်တည်းကျင့်ကြံနိုင်သည့် ထူးခြားသောရုပ်ခန္ဓာတစ်ခု လိုအပ်နိုင်သည်။
ခုန်မင်၏ လက်ရှိ သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာနှင့်ဆိုလျှင် အဂ္ဂိရတ်ပညာရှင်ဖြစ်ရန် သင့်တော်နိုင်ပေသည်။
သို့သော် ကံမကောင်းသည်မှာ ခုန်မင့်လက်ထဲ အဂ္ဂိရတ်ပညာကျမ်း မရရှိသေးခြင်းပင်။
မည်သို့ပင်ဖြစ်စေ ခုန်မင်ကတော့ အနာဂတ်တွင် အဂ္ဂိရတ်ပညာကိုပါ လေ့လာရန် စိတ်ပိုင်းဖြတ်ထားပေပြီ။
ဟုတ်ပေ၏။
အနာဂတ်ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အစီအစဉ်များရှိသည့်တိုင် လက်ရှိဦးစားပေးရမည့်ကိစ္စမှာ ဖူစန်း အသတ်ခံရကြောင်း အိမ်တော်သို့ ရှင်းလင်းတင်ပြရန် ဖြစ်သည်။
ဤကိစ္စ၏အမှန်တရားကို အပြင်လူများ သိ၍မဖြစ်ပေ။
ခုန်အိမ်တော်၏ ဒုတိယအကြီးအကဲတစ်ယောက်က သစ္စာဖောက်ဖြစ်ကြောင်းသိရှိသွားပါက ခုန်အိမ်တော် ဂုဏ်သတင်းကျဆင်းသွားပြီး ရပ်တည်နိုင်မည် မဟုတ်တော့ပေ။
အနာဂတ်တွင် ထူးချွန်သူများကို စုဆောင်းရန်လည်း များစွာခက်ခဲလာနိုင်သည်။
ခုန်မင် ကောင်းကင်ထက်မော့ကြည့်လိုက်တော့ ညအမှောင်က မင်ရောင်ပမာ မည်းနက်နေလေသည်။
ခုန်မင် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး အရင်ဆုံး သူ့ “အစ်ကိုကြီး” နှင့် ပွင့်ပွင့်လင်းလင်း စကားပြောရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ခုန်မင် ခြံဝင်းထဲမှထွက်ခွာပြီး အစ်ကိုဖြစ်သူ ခုန်ကျောင်း၏အဆောင်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ခုန်ကျောင်း၏ခြံဝင်းက ခုန်မင်၏ခြံဝင်းနှင့် အလွန်ဝေးကွာပြီး ခုန်အိမ်တော်၏ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်တွင် တည်ရှိသည်။
သို့သော် ခုန်မင်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားပညာရှင် ကျင့်ကြံမှုကို ပြန်လည်ရရှိထားပြီဖြစ်သဖြင့် ခုန်ကျောင်းအဆောင်သို့သွားရန် ခဏမျှသာ အချိန်ယူရသည်။
ခုန်ကျောင်းနေထိုင်သည့် ခြံဝင်းနှင့်အဆောင်က ခုန်မင်နေထိုင်သည့် ခြံဝင်းအရွယ်အစားအ ဆောက်အဦပုံစံ အားလုံးနီးပါးတူညီသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ခုန်ကျွင်းက ခုန်မင်ကို ပိုမိုဂရုစိုက်ချစ်ခင်သော်လည်း နေ့စဉ်လိုအပ်ချက်များတွင် သားနှစ်ယောက်ကို တန်းတူဆက်ဆံသည်မှာ သိသာသည်။
ခုန်မင် ခုန်ကျောင်း၏ အဆောင်အပြင်ဘက်သို့ရောက်သည်နှင့် အတွင်းမှ ဒြပ်စင်စွမ်းအားလှုပ်ရျားမှုကို ခံစားလိုက်မိသည်။
ကြည့်ရသည်မှာ ခုန်ကျောင်း ကျင့်ကြံနေဟန် ရှိလေသည်။
ခုန်မင် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
သူကဲ့သို့ ထူးချွန်သော ပါရမီရှင်ညီငယ်တစ်ယောက်ရှိခြင်းက ခုန်ကျောင်းအတွက် ကြီးမားသည့် ဖိအားတစ်ခု ဖြစ်မည်ပင်။
ထိုသို့ဖိအားမခံစားရပါက ခုန်ကျောင်းအနေဖြင့် ဤမျှအသည်းအသန် ကျင့်ကြံနေမည် မဟုတ်ပေ။
ခုန်ကျောင်းက အသက်(၂၀)ကျော်လေးဖြင့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားပညာရှင်တစ်ယောက် ဖြစ်နေလေရာ ထူးခြားသောအရည်အချင်းရှိသူအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် သူ့အရည်အချင်းက ခုန်မင်နှင့်ယှဉ်ပါက မထင်ရှားလှပေ။
ခုန်ကျောင်းက နှစ်ပေါင်းများစွာ ထိုသို့သောဖိအားများဖြင့် ရင်ဆိုင်ခဲ့ရသဖြင့် ဖူစန်း၏သွေးထိုးမှုကိုနားဝင်သွားပြီး ခုန်မင်ကိုဆန့်ကျင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။
ခုန်အိမ်တော်မှသားများဖြစ်သဖြင့် သူတို့ငယ်စဉ်ကတည်းက ဒြပ်စင်စွမ်းအားကျင့်ကြံရပြီး သာမန်ကလေးများလိုမဟုတ်ဘဲ ဆော့ကစားချိန်ပင် အလွန်နည်းပါးခဲ့သည်။
ထို့ကြောင့် ခုန်မင်နှင့် ခုန်ကျောင်းတို့ကြား ညီအစ်ကိုဆက်ဆံရေးမှာလည်း သိပ်ပြီးရင်းနှီးမှု မရှိခဲ့ပေ။ ကျင့်ကြံနေရသဖြင့် အချင်းချင်းတွေ့ဆုံရန်ပင် ခဲယဉ်းခဲ့သည်။
အထူးသဖြင့် ခုန်ကျောင်းက ခုန်မင်ကို ထိခိုက်စေခဲ့ပြီးနောက် ညီဖြစ်သူနှင့်တွေ့ဆုံရန် ပိုမိတွန့်ဆုတ်သွားသည်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူက ညီငယ်ကိုရှောင်လွှဲရန် မျိုးစုံအကြောင်းပြခဲ့သည်။
ယခု အချိန် (၅)နှစ်ကြာပြီးမှ ခုန်မင်က ခုန်ကျောင်း၏အဆောင်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းသာပင်။
ခုန်မင်က သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်လိုက်ပြီး တံခါးကိုအသာခေါက်ပြီးနောက် လေသံမြှင့်ကာ စကားဆိုလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော်တို့ ခဏလောက်တွေ့လို့ရမလား”
ခဏအကြာမှာတော့ တံခါးဖွင့်သံ တကျွီကျွီထွက်ပေါ်လာသည်။
တံခါးဝတွင်ပေါ်လာသော ခုန်ကျောင်း၏မျက်နှာထက် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
“ညီ (၂) ၊ မင်း ငါ့ဆီ ဘယ်လိုရောက်လာတာလဲ ၊ ဒီလောက်နောက်ကျနေပြီကို... အရေးကြီးကိစ္စရှိလို့လား”
ခုန်ကျောင်းမျက်နှာထက်မှာ အံ့အားသင့်ဟန်က ဟန်ဆောင်ထားခြင်းဖြစ်ကြောင်းသိရှိသည့်တိုင် ခုန်မင်က ထုတ်ဖော်မပြောခဲ့ပေ။
သူက သိမ်မွေ့စွာပင် စကားဆိုလိုက်သည်။
“အစ်ကိုကြီး... ဖူစန်းသေသွားပြီ ၊ အဲဒီသစ္စာဖောက်ကို ကျွန်တော်ကိုယ်တိုင် သတ်ပစ်လိုက်တာ”
ခုန်ကျောင်းမျက်နှာထက်မှ “အံ့အားသင့်သော” အမူအရာ ပျောက်ကွယ်သွားပြီး ချက်ချင်းပင် အေးစက်တင်းမာသွားသည်။
သူက ခြောက်သွေ့စွာရယ်မောလိုက်ရင်း...
“ညီ (၂) ၊ မင်း နောက်နေတာမလား ၊ အကြီးအကဲဖူက ငါတို့ခုန်အိမ်တော်ရဲ့ ဒုတိယအကြီးအကဲ ၊ ပြီးတော့ သူက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်...”
ခုန်ကျောင်းစကားမဆုံးခင် ခုန်မင်က တည်တံ့သည့်မျက်နှာထားဖြင့် စကားဖြတ်ပြောလိုက်သည်။
“သူအဆင့်အတန်းက ဘာပဲဖြစ်ပါစေ ကျွန်တော်တို့ညီအစ်ကိုတွေကြားမှာ သွေးထိုးခဲ့တယ်လေ ၊ သူ့အပြစ်က သေသင့်တယ်...”
ထို့နောက် ခုန်မင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ခုန်ကျောင်းကို စူးစိုက်ကြည့်လိုက်သည်။
“အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးကို အမြဲပြောချင်နေတဲ့ စကားတွေရှိပါတယ်...”
ခုန်ကျောင်းက အနည်းငယ် အေးစက်စက်ဖြင့်...
“ဘာများလဲ...”
“ကျွန်တော် စပြီးကျင့်ကြံကတည်းက ခွန်းကာမြို့က သိပ်ကို သေးငယ်လွန်းတယ်လို့ ခံစားရတယ် ၊ ကျွန်တော်က ကျယ်ပြောတဲ့အပြင်လောကကြီးကို စူးစမ်းလေ့လာချင်တာ ၊ ခုန်အိမ်တော်ကိုအုပ်ချုပ်ဖို့ စိတ်မဝင်စားဘူး ၊ ဒီတော့ အိမ်တော်ကိစ္စရပ်တွေကို အစ်ကိုကြီးကပဲ စီမံအုပ်ချုပ်ရမှာပါ”
သူက စကားခဏရပ်ပြီး ခုန်ကျောင်းကို အကဲခတ်လိုက်တော့ ခုန်ကျောင်းက သူ့စကားကိုနားထောင်နေကြောင်းတွေ့ရသည်။
“ကျွန်တော့်ဘဝက ကျင့်စဉ်လမ်းမှာ မြှုပ်နှံထားတာပါ ၊ ဒီခရီး ဘယ်အထိရောက်နိုင်မလဲဆိုတာ သိချင်တယ် ၊ ဒါကြောင့် လောကီရေးရာတွေမှာ စိတ်မဝင်စားဘူး ၊ ဒါကြောင့် ကျွန်တော် အရွယ်ရောက်လာတဲ့တစ်နေ့ကျရင် ခုန်အိမ်တော်မှာပဲ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ပိတ်လှောင်ထားမှာမဟုတ်ဘူး ၊ အစ်ကိုကြီး သဘောပေါက်တယ်မလား”
ခုန်မင်ထံမှ မျှော်လင့်မထားသည့်စကားများကိုကြားရတော့ ခုန်ကျောင်း အံ့အားသင့်သွားရသည်။
“အာ...”
သူက ညီငယ်ကို ပြိုင်ဘက်ပမာ သဘောထားခဲ့သော်လည်း ညီဖြစ်သူက သဘောထားအမှန်ကို ထုတ်ဖော်ပြောလာခဲ့သည်။
ခုန်ကျောင်းက...
“ညီ (၂)... မင်းရဲ့ ရည်မှန်းချက်တွေက မြင့်မားလွန်းတယ် ၊ ငါတကယ်ကို သဘောကျတယ် ၊ ငါတို့ညီအစ်ကိုတွေ တွေ့ဆုံတာကလည်း ခပ်ရှားရှားဆိုတော့ စိတ်ထဲကခံစားချက်တွေ ဖလှယ်ဖို့ အခွင့်အရေးမရှိခဲ့ဘူး...”
သူက စကားခဏနားပြီး ခုန်မင်ကို အကဲခတ်လိုက်သည်။
ခုန်မင်၏မျက်နှာက လူကြီးတစ်ယောက်ပမာ အလွန်တည်ငြိမ်နေသော်လည်း သူပြောသည့်စကားများက စိတ်ရင်းဖြစ်ကြောင်း ခုန်ကျောင်း ခံစားမိလေသည်။
“ညီ (၂) ... အရင်တုန်းက အစ်ကိုကြီး မင်းအပေါ် အပြစ်ပြုမိတာရှိရင် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေ”
စကားဆုံးသွားသည်နှင့် ခုန်ကျောင်းက ခုန်မင်အား နက်ရှိုင်းစွာဦးညွှတ်ပြီး လေးစားသည့်အမူအရာတစ်ခု ပြသလိုက်လေသည်။
ယနေ့ညတွင် ညီအစ်ကိုနှစ်ယောက် နားလည်မှုရရှိသွားပြီး လွန်ခဲ့သော(၅)နှစ်က ခုန်မင်ကို ထိခိုက်အောင်လုပ်ခဲ့မိခြင်းအတွက် ခုန်ကျောင်းက တောင်းပန်လိုက်ခြင်းဖြစ်သည်။
သာမန်အခြေအနေများတွင် ဤသို့ ဦးညွှတ်ဂါရဝပြုခြင်းက ငယ်ရွယ်သူများက အကြီးအကဲများကိုသာ ဂါရဝပြုကြခြင်း ဖြစ်သည်။
ယခု အစ်ကိုကြီးဖြစ်သော ခုန်ကျောင်းက ခုန်မင်ကို ဤသို့ဦးညွှတ်လိုက်ခြင်းမှာ ခုန်မင်ရှေ့တွင် သူ့ကိုယ်သူ အလွန်နှိမ့်ချလိုက်ခြင်းပင် ဖြစ်လေသည်။