← Chapters

ပစ္စည်းများ

Vol. 2 Ch. 23

ပစ္စည်းများ

Vol. 2 Ch. 23

ထျန်းယွမ်ကုန်းမြေတွင် ထူးချွန်ထက်မြက်သူများ ဘယ်သောအခါမှ ရှားပါးခြင်းမရှိပေ။

စွမ်းအားကြီးသူများစွာမှာ ထိပ်ဆုံးသို့မရောက်မီ ကြီးပြင်းဆဲကာလတွင်မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ကြရသည်။

ဤထဲတွင် မိမိထက်အဆင့်မြင့်သူများကို စိန်ခေါ်သည့် ဖြစ်ရပ်အချို့လည်း ရှိခဲ့သည်။

သို့သော် ပုံမှန်အားဖြင့် “အဆင့်ကျော်စိန်ခေါ်ခြင်း” ဆိုသည်မှာ တူညီသော ဒြပ်စင်စွမ်းအားအဆင့်တစ်ခုအတွင်း မတူညီသောအဆင့်ငယ်များကြား တိုက်ပွဲများကိုဆိုလိုသည်။

ဥပမာအားဖြင့် ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်က အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို စိန်ခေါ်ခြင်းမျိုး ဖြစ်သည်။

ဤသည်ကို အဆင့်ကျော်စိန်ခေါ်ခြင်းဟု သတ်မှတ်ခံရလေ့ရှိသည်။

ဟုတ်ပေ၏။

ထူးချွန်ထက်မြက်သူအချို့အတွက် ကနဦးအဆင့်မျှဖြင့် နှောင်းပိုင်းအဆင့်ကျင့်ကြံသူများကို စိန်ခေါ်ခဲ့သည်များလည်းရှိသည်။

သို့သော် အဆင့်ကြီးတစ်ခုနှင့်တစ်ခုကြား ကွာခြားချက်ကိုကျော်လွှားပြီး စိန်ခေါ်ခြင်းမျိုးကတော့ မဖြစ်နိုင်သလောက် ရှားပါးသည်။

ဒြပ်စင်စွမ်းအားကျင့်ကြံသူများအတွက် တူညီသောအဆင့်တစ်ခု၏ ကနဦးအဆင့်၊ အလယ်ဆင့်နှင့် နှောင်းပိုင်းအဆင့်များအကြား စွမ်းအားကွာဟချက်က ပုံမှန်ဆိုလျှင် (၃)ဆ မှ (၄)ဆ ခန့်ရှိသည်။

သို့သော် အဆင့်မြင့်ကျင့်စဉ်များ သို့မဟုတ် ထိပ်တန်းပညာရပ်များကို ကျင့်ကြံထားသည့် ကနဦးအဆင့် ကျင့်ကြံသူက သာမန်ကျင့်စဉ်မျှသာ ကျင့်ကြံထားသည့် မိမိထက်အဆင့်မြင့်သူများကို အနိုင်ယူခြင်းက လုံးဝဖြစ်နိုင်သည့်ကိစ္စပင်။

သို့ပေသိ အဆင့်ကြီး(၂)ဆင့်ကြား စွမ်းအားကွာဟချက်ကတော့ တိုင်းတာရန်မဖြစ်နိုင်ဘဲ ကမ္ဘာတစ်ခုနှင့်တစ်ခုပမာ ကွာခြားနိုင်သည်ဟု ဆိုနိုင်သည်။

ဒြပ်စင်စွမ်းအားစတင်ကျင့်ကြံခြင်းအဆင့်မှ ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ၊ ဒြပ်စင်စွမ်းအားပညာရှင်အဆင့်မှ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ၊ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်မှ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်...။

ထိုအဆင့်ကြီးများတွင် အဆင့်တစ်ခုမှတစ်ခုသို့ ချိုးဖောက်တက်လှမ်းခြင်းသည်ပင် သေခြင်းတရားကိုကျော်ဖြတ်ရသည့်အလား ၊ သာမန်ရုပ်ခန္ဓာ၏ အရိုးအသားများကို ဖယ်ရှားပစ်ရသည့်အလား အပြောင်းအလဲက ကြီးမားလွန်းသည်။

ထိုသို့ အဆင့်ကြီးတစ်ခုနှင့်တစ်ခုကြား ကွာဟချက်က လုံးဝ မတူကွဲပြားသော ကမ္ဘာနှစ်ခုနှင့် ဆင်တူသည်။

အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃)ယောက်မှ (၄)ယောက်ခန့် ပူးပေါင်းလိုက်လျှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို စိန်ခေါ်နိုင်လောက်သည်။

သို့သော် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် (၃)ယောက် (၄)ယောက် ပူးပေါင်းခြင်းက ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်တစ်ယောက်ကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

ကိုယ့်သေတွင်းကိုယ်တူးပြီး သေမင်းတံခါးဝသို့ လျှောက်သွားသည့်ပမာ ဖြစ်ရပေမည်။

အဆင့်ကြီးများကြား ကျယ်ပြောလှသောကွာဟချက်က ထူးခြားသည့်ကျင့်စဉ်များကို ကျင့်ကြံထားရုံဖြင့် မကျော်လွှားနိုင်ပေ။

ထို့ကြောင့် ထျန်းယွမ်ကုန်းမြေပေါ်တွင် အဆင့်ကြီးများကြား အဆင့်ကျော်ကျော်စိန်ခေါ်မှု အလွန်ရှားပါးလှပြီး ရံဖန်ရံခါ အောင်မြင်သည့်ဖြစ်ရပ်များရှိလျှင်ပင် ကျင့်ကြံခြင်းလောက၏ ဒဏ္ဍာရီများသာ ဖြစ်ပေသည်။

ခုန်မင်က နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့်ဖြင့် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ဖြစ်သည့် ဖူစန်းကို အလွယ်တကူ အနိုင်ယူခဲ့ခြင်းမှာ လုံးဝမကြုံဖူးသည့် ဖြစ်ရပ်သာပင်။

တကယ်တော့ အဋ္ဌဂံဝင်္ကပါဗျူဟာ၏ အကူအညီမရှိပါက ခုန်မင်အနေဖြင့် သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာနှင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်၏ ပထမအဆင့်နတ်ဘုရားစွမ်းအား ပိုင်ဆိုင်ထားသည့်တိုင် ဖူစန်းကိုစိန်ခေါ်နိုင်မည် မဟုတ်ပေ။

သူတို့နှစ်ယောက် စစ်မှန်သော တန်ခိုးစွမ်းအားဖြင့် တိုက်ခိုက်ရမည်ဆိုပါက ခုန်မင် အသက်မသေလျှင်ပင် ကံကောင်းပြီဟု ပြောရပေမည်။

သို့သော် လက်တွေ့မှာတော့ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်သည့် ဖူစန်းမှာ ခုန်မင်လက်ချက်ဖြင့် အလွယ်တကူ အသက်ပျောက်သွားခဲ့သည်။

ဤသို့သော အဆင့်ကျော်စိန်ခေါ်မှုက သာမန်အဆင့်ကျော်စိန်ခေါ်မှုထက် အဆပေါင်းများစွာ ဒဏ္ဍာရီဆန်လွန်းသည်။

သို့သော် ခုန်မင်ကတော့ အံ့သြဖွယ်ရာများကိုဖန်တီးပြီး ဒဏ္ဍာရီများဖြစ်ပေါ်လာစေရန် လုံလောက်ပေသည်။

ဖူစန်း အသက်ရှူသံရပ်တန့်သွားတော့မှာ ခုန်မင် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ့လက်ထဲမှ မြားနှင့်လေးကို သိမ်းလိုက်သည်။

သူ ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံး ကိုယ်တိုင်သတ်ဖြတ်ခဲ့သူက ဖူစန်း ဖြစ်သည်။

ပြီးတော့ ထိုသူက သာမန်လူတစ်ယောက်မဟုတ်ဘဲ အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဖြစ်၏။

ခုန်မင်က နှလုံးသားကင်းမဲ့သူမဟုတ်သလို ရက်စက်ကြမ်းတမ်းသူလည်း မဟုတ်ပေ။ သူက သိမ်မွေ့သည့် စာပေပညာရှင်တစ်ယောက် ဖြစ်သည်။

သို့ဖြစ်ရာ လူတစ်ယောက်ကိုသတ်လိုက်ရသည့်အခါ သူ့စိတ်ထဲ အတော်လေး ခံစားချက်ပြင်းထန်သွားသည်။

သို့သော် ထျန်းယွမ်ကုန်းမြေဆိုသည်က “အားကြီးသူကသာ အုပ်စိုးနိုင်မည်” ဆိုသော လောကတစ်ခု ဖြစ်လေရာ စွမ်းအားကြီးမားစွာဖြင့် တိုက်ပွဲများကြား ရှင်သန်နိုင်မှသာ တန်ရုံကျမည်။

ဤအချက်ကို ခုန်မင် နားလည်ထားသည်။

ယခု ဖူစန်းကိုသတ်ဖြတ်လိုက်ခြင်းက ဘာမှမဟုတ်သေးပေ။

အနာဂတ်တွင် ဤသို့သော တိုက်ပွဲများ သေချာပေါက် ထပ်မံကြုံတွေ့ရဦးမည် ဖြစ်လေသည်။

ထို့ကြောင့် ခုန်မင် စိတ်ခံစားချက်များကို လျှင်မြန်စွာ ထိန်းသိမ်းလိုက်ပြီး ဖူစန်း၏အလောင်းရှိရာသို့လျှောက်သွားကာ သူ၏ပစ္စည်းများကို စတင်ရှာဖွေလိုက်သည်။

အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အနေဖြင့် ဖူစန်းထံတွင် တန်ဖိုးရှိသော ပစ္စည်းအချို့ ရှိရပေမည်။

ခုန်မင်က ဖူစန်းကို အနိုင်ယူလိုက်ပြီဖြစ်ရာ ထျန်းယွမ်ကုန်းမြေ၏စည်းမျဉ်းအရ ဖူစန်း၏ခန္ဓာကိုယ်ပေါ်မှအရာအားလုံး သူ သိမ်းပိုက်ခွင့်ရှိသည်။

ထျန်းယွမ်ကုန်းမြေတွင် ထူးခြားသည့် သိုလှောင်ရတနာပစ္စည်းများရှိသော်လည်း ထိုရတနာများက အလွန်ရှားပါးပြီး ကံကောင်းမှသာ ရရှိနိုင်သည်။

ဖူစန်းက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်မျှသာဖြစ်ရာ ထိုသို့သော ရှားပါးရတနာပစ္စည်းများ ပိုင်ဆိုင်မထားနိုင်ပေ။

ထို့ကြောင့် ဖူစန်း၏ ပိုင်ဆိုင်ပစ္စည်းများမှာ သိုလှောင်ရတနာပစ္စည်းဖြင့် သိမ်းဆည်းထားခြင်းမျိုးမရှိဘဲ သူ့ကိုယ်ပေါ်တွင်သာရှိနိုင်သည်။

ထို့ကြောင့် ခုန်မင်က ဖူစန်းတစ်ကိုယ်လုံး နေရာလွတ်မကျန်ရှာဖွေကာ သူ၏ပစ္စည်းများအားလုံးကို သိမ်းယူလိုက်သည်။

ခုန်အိမ်တော်၏ ဒုတိယအကြီးအကဲဖြစ်သော ဖူစန်းက အလွန်ဂုဏ်သိက္ခာရှိသော ရာထူးကို ပိုင်ဆိုင်ထားသူဖြစ်လေရာ သူ၏ပစ္စည်းများက သေချာပေါက် အဖိုးတန်ပေမည်။

သူ့ထံတွင်တွေ့ရသည့် ရွှေလက်မှတ်နှင့်ငွေလက်မှတ်များသည်ပင် ရွှေဒင်္ဂါးနှစ်သောင်းဖိုးနီးပါးရှိသည်။

ဤပမာဏက ခုန်အိမ်တော်အတွက် သိသာထင်ရှားသော ပမာဏမဟုတ်သော်လည်း အိမ်တော်အသုံးစရိတ်ကိုဖြည့်စွမ်းရန် အထောက်အကူ ဖြစ်နိုင်သည်။

ဖူစန်း ဆယ်စုနှစ်များစွာ စုဆောင်းခဲ့သောကြွယ်ဝမှုက ယခုတော့ ခုန်အိမ်တော်ဆီ ရောက်ရှိသွားပေပြီ။

ဖူစန်း၏အလောင်းပေါ်တွင် ရွှေလက်မှတ်နှင့်ငွေလက်မှတ်များအပြင် ကြွေပုလင်း(၂)လုံးလည်း ရှိနေသည်။

ခုန်မင်က ပုလင်းများကိုဖွင့်ကြည့်ပြီး အနံ့ခံလိုက်သည်။

တစ်ခုက ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးဖြစ်ပြီး‌ နောက်တစ်ခုက စိတ်တည်ငြိမ်ဆေး ဖြစ်သည်။

ဤဆေးနှစ်မျိုးလုံးက ဒြပ်စင်စွမ်းအားကျင့်ကြံသူများအတွက် တန်ဖိုးရှိပြီး အသုံးဝင်လှသည်။

ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးလုံးတစ်လုံးက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်၏ ဒြပ်စင်စွမ်းအားကို ချက်ချင်း (၁၀)ရာခိုင်နှုန်း ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ၊ ထိုဆေးကို ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်အောက်ရှိသော ကျင့်ကြံသူများ အသုံးပြုကြသည်။

စိတ်တည်ငြိမ်ဆေးကတော့ သောက်လိုက်လျှင် စိတ်တည်ငြိမ်သွားသဖြင့် ကျင့်ကြံခြင်းအမြန်နှုန်းကို မြှင့်တင်ရန် အထောက်အကူဖြစ်သည်။

ဤဆေးကို ကျင့်ကြံသူတိုင်းအသုံးပြုနိုင်သော်လည်း ၎င်း၏တန်ဖိုးက ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးထက် များစွာနိမ့်ကျသည်။

ဖူစန်း၏ပစ္စည်းများထဲတွင် ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးလုံး (၈)လုံးပါဝင်သည့် ကြွေပုလင်းတစ်လုံး ရှိနေခဲ့သည်။

ဖူစန်းအနေဖြင့် ဆေးတစ်လုံးသောက်လိုက်ရုံဖြင့် သူ၏ဒြပ်စင်စွမ်းအား (၃၀)မှ (၄၀)ရာနှုန်းအထိ ပြန်လည်ပြည့်ဝလာနိုင်သည်။

သို့သော် ကံမကောင်းသည်မှာ ဖူစန်းက အဋ္ဌဂံဝင်္ကပါဗျူဟာ ပုံရိပ်ယောင်များထဲတွင် ပိတ်မိနေပြီး ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးကိုသောက်သုံးရန် လုံးဝ မေ့လျော့နေခဲ့သည်။

ထို့ကြောင့် နောက်ဆုံးတွင် သူ၏စွမ်းအားများကုန်ခမ်းသွားခဲ့ပြီး ခုန်မင်က အမြတ်ထွက်သွားခဲ့သည်။

ခုန်မင်၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးလုံးတစ်လုံးတွင်ပါဝင်သော ဒြပ်စင်စွမ်းအားက သူစုပ်ယူကျင့်ကြံနိုင်သည့် အများဆုံးပမာဏထက်ပင် ကျော်လွန်နေသည်။

ထိုဆေးကို အလျင်စလိုသောက်မိပါက ခန္ဓာကိုယ်ပေါက်ကွဲသွားနိုင်သဖြင့် လောလောဆယ် ထိုဆေးကို အသုံးမပြုနိုင်သေးပေ။

စိတ်တည်ငြိမ်ဆေးနှင့်ပတ်သက်လျှင်တော့ ခုန်မင်၏ သစ်သား-မီး ဒြပ်စင်ဝိညာဉ်ခန္ဓာ အစွမ်းဖြင့်ဆိုလျှင် ကျင့်ကြံခြင်းတွင် အာရုံစူးစိုက်နိုင်ရန် ဆေးဝါးများကူညီရန် မလိုအပ်ပေ။

ဆေးများက တန်ဖိုးမဖြတ်နိုင်သောရတနာများဖြစ်သော်လည်း ခုန်မင်အတွက်တော့ လောလောဆယ် အသုံးမလိုသေးပေ။

ထို့ကြောင့် ဆေးများ၏တန်ဖိုးက ရွှေလက်မှန်နှင့် ငွေလက်မှတ်များတန်ဖိုးထက် များစွာပိုမိုသည့်တိုင် ခုန်မင်ကတော့ ထူးပြီးဝမ်းမြောက်ဝမ်းသာ ဖြစ်မနေခဲ့ပေ။

ရွှေလက်မှတ်နှင့် ငွေလက်မှတ်များအပြင် ဖူစန်း၏အလောင်းထက်တွင် ဓားမြောင်တစ်လက်လည်း ရှိနေသည်။

ဓားမြောင်က အလွန်သိမ်မွေ့လှပပြီး ဓားသွားက ပုစဉ်းတောင်ပံပမာ ပါးလျလွန်းပြီး တစ်ဖက်သို့ ဖောက်ထွင်းမြင်နိုင်မည့်အလား ထင်မှတ်ရသည်။

ထို့ပြင် ဤဓားမြောင်၏ အကြီးမားဆုံးထူးခြားချက်မှာ ၎င်းမှ ခပ်ဖျော့ဖျော့ထွက်ပေါ်နေသော ဒြပ်စင်စွမ်းအား၏ လှိုင်းထမှုဖြစ်သည်။

ခုန်မင်စိတ်ထဲ ဝမ်းသာသွားသည်။

သူက ဓားမြောင်ကို ဂရုတစိုက်အာရုံခံကြည့်လိုက်ရာ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဒြပ်စင်စွမ်းအားဝိညာဉ်ပစ္စည်းများမှာ ထျန်းယွမ်ကုန်းမြေတွင် အလွန်ရှားပါးပြီး ဒြပ်စင်စွမ်းအားကို စုပ်ယူသိုလှောင်နိုင်ကာ ဒြပ်စင်စွမ်းအားကျင့်ကြံသူများအတွက် အထူးထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်သည်။

ဒြပ်စင်စွမ်းအားကျင့်ကြံသူတစ်ယောက် သူနှင့်ကိုက်ညီသည့် ဒြပ်စင်စွမ်းအားဝိညာဉ်ပစ္စည်းတစ်ခု ကံကောင်းစွာ ရရှိခဲ့ပါက သူ၏စွမ်းအား နှစ်ဆထက်ပင်ကျော်လွန်သွားနိုင်ပေသည်။

ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များကို အဆင့်အမျိုးမျိုးခွဲခြားထားသော်လည်း ၎င်းတို့၏အရည်အသွေး မည်သို့ပင်ရှိပါစေ တန်ဖိုးမဖြတ်နိုင်သောရတနာအဖြစ် သတ်မှတ်နိုင်ပေ၏။

All Chapters