ကျေးဇူးပြုပြီး ရပ်လိုက်ပါ
Vol. 9 Ch. 833
"ဘယ်လို ဖြစ်နိုင်မှာလဲ ...”
နဂါးရိုင်း သခင်မှာ သူ မြင်တွေ့ရသမျှ အလုံးစုံကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
ထိုအရာကား နဂါးရိုင်း မျိုးနွယ်၏ ပြိုင်ဘက်ကင်း ဘိုးဘေး နတ်ဘုရား ဖြစ်သည်။ ယန်ပြည်နယ်နှင့် ပေ့ဟန်နယ် တို့တွင်ပင် ထင်ရှားသည့် အရှင်သခင် တစ်ယောက်ဖြစ်သည်။
နဂါးရိုင်း သခင်သာမက လူတိုင်းမှာ အံ့ဩမှင်တက် နေကြဆဲ ဖြစ်သည်။ ချင်လော့ ဆိုလျှင် စကား တစ်ခွန်းပင် မဆိုနိုင်ခဲ့ချေ။ ဖြစ်ပျက်သွားသမျှ အရာအားလုံးက သူတို့ မျှော်လင့်ထားသည့် အရာများနှင့် လုံးဝ ကွာခြားလွန်းသည်။
အမှန်တကယ် ဆိုလျှင် နဂါးရိုင်း နတ်ဘုရား၏ လက်ချက်ဖြင့် အနက်ရောင်ဝတ် လူငယ် သေဆုံးသွားသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် သေဆုံးသွားရသူက နဂါးရိုင်း နတ်ဘုရား ဖြစ်သွားရသနည်း။
"ယောက်ျား ... အဲဒါ ရှောင်ဖန်မလား"
အဒေါ်လုက ဝေခွဲရခက်စွာဖြင့် တုန်တုန်ရီရီ မေးသည်။
"ရှောင်ဖန်က ငါတို့လိုပဲ သာမန်လူ တစ်ယောက် မဟုတ်ဘူးလား ... ငါတို့ အမြင်မှားနေတာပဲ ဖြစ်မှာ"
ဦးလေးကျန်းက ခေါင်းအား ဘယ်ပြန်ညာပြန် လိုက်သည်။
ရှေးဟောင်း ကျူးဝမ်မြို့မှာ တဒင်္ဂ တိတ်ဆိတ် သွားသော်လည်း မကြာခင်မှာပင် အုတ်အော်သောင်းနင်း အောင်ပွဲခံသံများဖြင့် ပြည့်နှက်သွား၏။
မရေ မတွက်နိုင်သော လူများသည် သူတို့၏ ခေါင်းပေါင်းများ၊ ပဝါများကို လေထဲသို့ ပစ်ကာ သူတို့၏ ပျော်ရွှင်မှုကို ဖော်ပြကြသည်။ ဘိုးဘေး ဘုရားကျောင်း၏ အကြီးအကဲများဆိုလျှင် စတင်ကာ ငိုကြွေးနေကြပြီ ဖြစ်လေသည်။
ကျူးဝမ် မျိုးနွယ်သည် ထိုနေ့အတွက် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်။
လွန်ခဲ့သည့် နှစ်ထောင်ချီအတွင်း၌ သူတို့သည် အမှောင်ထုကို တွန်းလှန်ခဲ့ရသည်။ ရေခဲဂိုဏ်း၏ ခြေထောက်အောက်၌ ဒူးထောက်ခဲ့ရသလို မွန်းစတားများ၏ ကျူးကျော် တိုက်ခိုက်မှုတိုင်း၌လည်း အမြဲတမ်း အသက်များ ဆုံးရှုံးခဲ့ရသည်။
သို့သော်လည်း ယခုတွင်မူ သူတို့အမြဲ အိပ်မက်မက်ခဲ့သောနေ့က ရောက်ရှိ လာခဲ့ပြီ ဖြစ်လေသည်။
"ငါတို့ ကျူးဝမ် မျိုးနွယ်မှာ ဝမ်ရှင်း တန်ခိုးရှင် ရှိပြီ ... ငါတို့ ကျူးဝမ် မျိုးနွယ်မှာ ဝမ်ရှင်း တန်ခိုးရှင် ရှိပြီ"
ရှဲ့ချန်းယန်မှာ တတွတ်တွတ်ဖြင့် ရေရွတ်နေမိ၏။
ဝမ်ရှင်း တန်ခိုးရှင်…
ပေ့ဟန်နယ်၌ ဝမ်ရှင်း တန်ခိုးရှင်သည် အလွန် မြင့်မားသော အဆင့်အတန်း တစ်ခုကို ကိုယ်စား ပြု၏။ ဝမ်ရှင်း တန်ခိုးရှင်ကို ပိုင်ဆိုင်ထားသည့် မိသားစု၊ မျိုးနွယ်များသာလျှင် ဤနယ်၌ လူရာဝင်သည်။
ဝမ်ရှင်း တန်ခိုးရှင် မပိုင်ဆိုင် ထားမှုကြောင့် ကျူးဝမ်မျိုးနွယ်မှာ နှစ်ထောင်ပေါင်း များစွာတိုင် အစေခံများအလား အခြား မျိုးနွယ်များ၏ အထင်သေးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ယနေ့တွင်မူ ကျူးဝမ် မျိုးနွယ်မှ လူငယ် တစ်ယောက်သည် ရွှေအမြုတေ အဆင့် နဂါးရိုင်း နတ်ဘုရားကို သက်သောင့်သက်သာ သတ်ဖြတ်ပြခဲ့သည်။ ထိုလူငယ်မှာ ရွှေအမြုတေ အဆင့် အစစ်အမှန် ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ရွှေအမြုတေ အဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သို့ဖြစ်ရာ သူ့ကား ဝမ်ရှင်း တန်ခိုးရှင် ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန် နေခဲ့ပြီ ဖြစ်သည်။
"ခရက် ... ခရက် ...”
အပိုင်းပိုင်း အစစ ကြဲပြန့်သွားသော နဂါးရိုင်း နတ်ဘုရား၏ သွေးသားများမှာ ပြန်လည် စုစည်းလာကာ ဒဏ်ရာ ရနေသော နဂါးရိုင်း နတ်ဘုရား အသွင်သို့ ပြန်လည် ဖွဲ့စည်းသွား၏။
သူကား အသက်ရှင်နေဆဲ ဖြစ်သည်။
သို့သော်လည်း ထိုအရာက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ ရွှေအမြုတေ အဆင့်တိုင်းသည် သတ်ဖြတ်ရန် ခက်ခဲ၏။
အကယ်၍ သူတို့ကို သတ်ချင်ပါက ခန္ဓာရော နတ်ဘုရား စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်ရန် လိုအပ်သည်။ နဂါးရိုင်း နတ်ဘုရားသည် ခန္ဓာကိုယ် ဖျက်ဆီးခံခဲ့ရသော်လည်း နတ်ဘုရား စိတ်ဝိညာဉ်၏ စွမ်းအားကို အသုံးပြု၍ ခန္ဓာအား ပြန်လည် ဖွဲ့စည်းကာ ရှင်သန် လာခဲ့ခြင်း ဖြစ်သည်။
"မင်းက အသက်ရှင် နေသေးတာပဲ ...”
ချန်းဖန်က ပြုံးရင်း နဂါးရိုင်း နတ်ဘုရားအား အေးစက်စွာ ကြည့်လိုက်၏။
"ရပ် ... ရပ်ကြရအောင် ... ဒီတစ်ခါက ငါ့ အမှားပါ ... ငါ ခုချက်ချင်း ထွက်သွားပေးပါ့မယ်"
နဂါးရိုင်း နတ်ဘုရားက ၎င်း၏ ခေါင်းကိုငုံ့ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ ထိုအခိုက်၌ သူကား မောက်မာသော နဂါးရိုင်း နတ်ဘုရားနှင့်မတူဘဲ ကြက်ပေါက်ငယ်လေး တစ်ကောင်နှင့်သာ တူနေခဲ့သည်။
"ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေကလည်း ပျက်စီးသွားပြီ ... နောက်ပြီး ငါ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေချည်းပဲ ... လက်စားချေတာက စောင့်လို့ရတယ်"
ထိုအတွေးဖြင့် နဂါးရိုင်း နတ်ဘုရား ခေါင်းအား ပိုမို ငုံ့လိုက်သည်။
"ဟမ့် ...”
သို့သော်လည်း ဂရုစိုက်ခြင်း မရှိချေ။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
"မင်းက နှစ်ယောက်စလုံး သေတဲ့အထိ တိုက်ခိုက်ချင်တာလား ... ငါ သေရမယ် ဆိုရင်တောင် မင်းကိုပါ အတူ ရအောင် ခေါ်မယ် ... မင်းသေရင် ကျူးဝမ် မျိုးနွယ်တွေကို ဘယ်သူက ကာကွယ် ပေးမှာလဲ"
နဂါးရိုင်း နတ်ဘုရားက ကြောက်ကြောက်လန့်လန့်ဖြင့် ချန်းဖန်အား ခြိမ်းခြောက်ရန် ကြိုးစားလိုက်၏။
"မင်းက ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား ...”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
"ဘုန်း ...”
နဂါးရိုင်း နတ်ဘုရား၏ အထက် ကောင်းကင်၌ ကြီးမားသော ရွှေရောင် လက်ဝါးကြီး ဖြစ်ပေါ် လာ၏။
"ဘုန်း ...”
ထိုလက်ကြီးက ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ကာ နဂါးရိုင်း နတ်ဘုရား၏ အပေါ်သို့ ကျဆင်းသည်။
"ဘုန်း ...”
နဂါးရိုင်း နတ်ဘုရားကလည်း သူ၏ နတ်ဘုရား စွမ်းအားကို ထုတ်ဖော်ကာ တန်ပြန် တိုက်ခိုက်ရန် ကြိုးစား လိုက်၏။
သို့သော်လည်း ရွှေရောင် လက်ကြီးက အရာအားလုံးကို ဖျက်ဆီးကာ သူ၏ အပေါ်သို့ ကျ၏။
"ဘုန်း ...”
နဂါးရိုင်း နတ်ဘုရား၏ အနက်ရောင် အရိုးများ၊ သွေးများ၊ အကြေးခွံများမှာ ပေါက်ကွဲ၍ အရပ်မျက်နှာ ပေါင်းစုံသို့ ပြန့်ကျဲသွားသည်။
"အား ...”
နဂါးရိုင်း နတ်ဘုရားက နာကျင်စွာ ညည်းညူလိုက်၏။
၎င်း၏ နတ်ဘုရား စိတ်ဝိညာဉ်က အနက်ရောင် အလင်းအသွင်ဖြင့် နဂါးရိုင်း စစ်သည်များ အကြား၌ ပုန်းကွယ်ရန် ကြိုးစားသည်။
"သူ့ကို မလွတ်စေနဲ့ ...”
ရှဲ့ချန်းယန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
နတ်ဘုရား စိတ်ဝိညာဉ်နှင့် မွန်းစတား အမြုတေ ပျက်စီးခြင်း မရှိဘဲ နဂါးရိုင်း နတ်ဘုရားမှာ မသေဆုံး နိုင်ချေ။ သူကား နှစ်တစ်ရာ ကာလအတွင်း မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိ လာပေလိမ့်မည် ဖြစ်သည်။
သို့သော်လည်း အခြားတစ်ဖက်၌ ချန်းဖန် ကဲ့သို့သော အရှင်သခင်မှာ ကျူးဝမ်မြို့၌ ထာဝရ နေလိမ့်မည် မဟုတ်ချေ။ နဂါးရိုင်း နတ်ဘုရား နောက်တစ်ကြိမ် ပြန်လည် ရောက်လာချိန်၌ ရှေးဟောင်း ကျူးဝမ်မြို့နှင့် ကျူးဝမ် မျိုးနွယ်မှာ အပြီးတိုင် ပျက်စီး ရပေလိမ့်မည် ဖြစ်သည်။
"ဟဟ ...”
ချန်းဖန်က ပြုံးလိုက်၏။
"ဝှစ် ...”
ထို့နောက် သူ၏ ခန္ဓာကိုယ်က ရုတ်ခြည်းပင် ရွှေရောင် အလင်းအသွင်သို့ ပြောင်းလဲကာ နတ်နဂါးရိုင်း စစ်တပ်အတွင်း တိုးဝင်သွားသည်။
"ဘိုးဘေး နတ်ဘုရားကို ကာကွယ်ကြ ...”
နဂါးရိုင်း သခင်က အော်ဟစ် အမိန့်ပေးလိုက်သည်။
"ဘုန်း ...”
ချက်ချင်းပင် မရေမတွက်နိုင်သော နဂါးရိုင်း စစ်သည်များမှာ ချန်းဖန်အား တားဆီးရန် ကြိုးစားလိုက်ကြ၏။ သို့သော်လည်း ထိုအရာက ကိုယ့်ကိုယ်ကိုယ် အသေခံခြင်းနှင့် မခြားနားချေ။
"ဟူး ... ဟူး ...”
ချန်းဖန်၏ အစစ်အမှန်ချီမှာ ရွှေရောင် မီးတောက် အသွင်ဖြင့် သူ၏ လမ်းကြောင်းရှိ နဂါးရိုင်းများကို လောင်ကျွမ်း၏။ များစွာသော နဂါးရိုင်းများမှာ ရွှေရောင် မီးတောက်၏ အောက်၌ ပိုးဖလံများ အလား လောင်ကျွမ်းခံရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင်…
ထောင်ချီသော နဂါးရိုင်း စစ်သည်များမှာ သေဆုံးသွားသည်။ နဂါးရိုင်း သခင်ပင်လျှင် မလွတ်မြောက်ခဲ့ချေ။
အဆုံး၌ နဂါးရိုင်း နတ်ဘုရား၏ စိတ်ဝိညာဉ်မှာ ချန်းဖန်၏ လက်အတွင်းသို့ ရောက်ရှိ လာခဲ့၏။ ချန်းဖန်က ထိုစိတ်ဝိညာဉ်နှင့် မွန်းစတား အမြုတေကို ဖောက်ခွဲပစ်ရန် ဟန်ပြင် လိုက်စဉ်မှာပင် အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။
"ကျေးဇူးပြုပြီး ရပ်လိုက်ပါ ...”
***