← Chapters

ငါ့ကို တားတဲ့လူတိုင်း သေရမယ်

Vol. 9 Ch. 834

ငါ့ကို တားတဲ့လူတိုင်း သေရမယ်

Vol. 9 Ch. 834

"ကျေးဇူးပြုပြီး ရပ်လိုက်ပါ…"

"ကလန့်…"

အသံနှင့် အတူ နတ်အလင်း တစ်ခု ဖြစ်ပေါ်လာကာ ချန်းဖန်၏ လက်ထဲမှ နဂါးရိုင်း နတ်ဘုရား၏ နတ်ဘုရား စိတ်ဝိညာဉ်ကို လုယူရန် ကြိုးစား၏။ သို့သော်လည်း ချန်းဖန်က ထိုနတ်အလင်းကို လက်တစ်ချောင်းတည်းဖြင့် ဖျက်ဆီး လိုက်သည်။

"ဘယ်သူလဲ…"

လူတိုင်းက အံ့အားသင့်စွာဖြင့် စူးစမ်း လိုက်ကြသည်။

"ဝှစ်…"

ထိုအချိန်မှာပင် အဝေးမှ အဖြူရောင် အလင်းတစ်ခု ပျံသန်း ရောက်ရှိလာကာ အဖြူရောင် ဝတ်စုံဝတ် အဘိုးအို အသွင်သို့ ပြောင်းလဲ သွား၏။

ဝတ်စုံနှင့် လိုက်ဖက်ညီစွာပင် အဘိုးအို၏ တစ်ကိုယ်လုံးမှာ ဆွတ်ဆွတ်ဖြူ နေသည်။ ခြေ၊ လက်၊ မျက်နှာမှ အစ နောက်ဆုံး သူ၏ မျက်ခုံးမွေးများပင်လျှင် ဖြူဖွေး နေခဲ့သည်။

"ရေခဲဂိုဏ်းရဲ့ ဘိုးဘေး…"

ရှဲ့ချန်းယန် အပါအဝင် ဘိုးဘေး ဘုရားကျောင်း၏ အကြီးအကဲများမှာ ဆွံ့အ သွားကြ၏။

သူတို့သည် အဘိုးအိုကို ကောင်းစွာ မှတ်မိကြသည်။ သူသည် ကျူးဝမ် မျိုးနွယ်တို့ မှီခို နေရသော ရေခဲဂိုဏ်း၏ ရွှေအမြုတေ အဆင့်ဖြစ်ကာ နဂါးရိုင်း နတ်ဘုရားနှင့် တန်းတူ အစွမ်းထက်သည်။

"ရပ်လိုက်ပါ မိတ်ဆွေလေး… နဂါးရိုင်း နတ်ဘုရားက မှားတယ် ဆိုရင်တောင် သူက သေဖို့ မထိုက်တန်ပါဘူး… နောင် အနာဂတ်မှာ နဂါးရိုင်းတွေ ကျုးဝမ် မျိုးနွယ်ကို မထိပါးစေရတော့ဘူး လို့ ကျုပ် ကတိ ပေးပါတယ်… နောက်ပြီး လျော်ကြေး အနေနဲ့ ဝိညာဉ် ကျောက်တုံးတွေ ဝိညာဉ် ဆေးဝါးတွေ ပေးလျော်စေဖို့ နဂါးရိုင်း နတ်ဘုရားကို ကျုပ် ကိုယ်တိုင် ပြောပေးပါမယ်"

ရေခဲဂိုဏ်း ဘိုးဘေးက ချန်းဖန်အား ဖျောင်းဖျရန် ကြိုးစားလိုက်၏။

"ဟုတ်ပါတယ်… ကျုပ်ဘက်ကလည်း အဲဒီလို လုပ်ဖို့ ဆန္ဒ ရှိပါတယ်"

နဂါးရိုင်း နတ်ဘုရား၏ စိတ်ဝိညာဉ် ကလည်း ပြောလိုက်သည်။

ယခုအချိန်၌ သူ၏ အခြေအနေက ချန်းဖန် ပြုသမျှကို အလုံးစုံ နုရမည့် အခြေအနေ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် အကူအညီများ ရောက်လာသည့်တိုင် အနည်းငယ်ပင် မောက်မာရဲခြင်း မရှိချေ။

"ဒီတိရစ္ဆာန် အရိုင်းအစိုင်းကောင်က သေဖို့ မထိုက်တန်ဘူး ဟုတ်လား…"

ချန်းဖန်က ရေခဲဂိုဏ်း ဘိုးဘေးကို စူးစိုက် ကြည့်လိုက်၏။

"ငါ့မျိုးနွယ်တွေကို နဂါးရိုင်း နတ်ဘုရား သတ်နေတုန်းက မင်း ဘယ်ကို ရောက်နေလဲ… နဂါးရိုင်း မျိုးနွယ်တွေ ရှေးဟောင်း ကျူးဝမ်မြို့ကို ကျုးကျော်တုန်းက မင်း ဘယ်ကို ရောက်နေလဲ… နဂါးရိုင်း နတ်ဘုရား ရှောင်မန်ကို ဖမ်းဖို့ လုပ်တုန်းက မင်း ဘယ်ကို ရောက်နေလဲ… ကျူးဝမ် မျိုးနွယ်က မင်းတို့ ဂိုဏ်းကို နှစ်စဉ်နှစ်တိုင်း အခွန် ဆက်သခဲ့တယ်… မင်းက သူတို့ကို ကာကွယ် မပေးတဲ့ အပြင် အခု ရန်သူ့ ဘက်ကနေတောင် ညှိနှိုင်း ပေးနေသေးတယ်… ငါ့ကို အရူးလို့ မင်းက ထင်နေတာလား"

ချန်းဖန်သည် အစောပိုင်းကပင် ထိုရွှေအမြုတေ အဆင့်၏ တည်ရှိမှုကို ခံစား မိခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ထိုသူသည် နဂါးရိုင်း မျိုးနွယ်များ ထင်ရာစိုင်းနေသည့် အချိန်က ပေါ်မလာပဲ ယခုမှ ကိုယ်ထင်ပြကာ ညှိနှိုင်းပေးရန် ကြိုးစား နေသည်။ ထိုသို့သော လူမျိုးကို ချန်းဖန် အနေဖြင့် မည်ကဲ့သို့ ယုံကြည်မည်နည်း။

"ခရက်…"

ချန်းဖန်က လက်အား အနည်းငယ် အားစိုက် လိုက်ရာ နဂါးရိုင်း နတ်ဘုရား၏ စိတ်ဝိညာဉ်၌ အက်ကွဲရာများ ဖြစ်ပေါ်လာသည်။

"မိတ်ဆွေလေး… မင်းက တကယ်ပဲ အဲဒီလို လုပ်ချင်နေတာ သေချာရဲ့လား"

ရေခဲဂိုဏ်း ဘိုးဘေး၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။

"ငါ့ကို တားတဲ့လူတိုင်း သေရမယ်…"

ချန်းဖန်က သူ၏ ဆုံးဖြတ်ချက်ကို ရှင်းလင်းစွာ ပြောလိုက်သည်။

"ဟင်း…"

ရေခဲဂိုဏ်း ဘိုးဘေးက သက်ပြင်း တစ်ချက် ချလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ညင်သာစွာ လှုပ်ရှား၏ မြစ်တစ်စင်းကို ဆင့်ခေါ် လိုက်သည်။

"ဝေါ…"

မြစ်က ရှေးဟောင်း ကျူးဝမ်မြို့၏ အပေါ်သို့ ဖြန့်ကြက်၍ စီးဆင်းလာသည်။ ထိုမြစ်သည် ရောင်စုံအလင်းများကို သယ်ဆောင်ထားရာ လှပသော အရုဏ်ဦးနှင့်ပင် သဏ္ဌာန်တူ နေသေး၏။

"မင်းက ငါနဲ့ တိုက်ခိုက်ချင်တာလား…"

ချန်းဖန်က အနည်းငယ်ပင် ဂရုမစိုက်စွာ ပြုံးလိုက်သည်။

ရေခဲဂိုဏ်း ဘိုးဘေးသည် အစွမ်းထက်သည် ဆိုသော်လည်း အဆင့်နိမ့် ရွှေအမြုတေကို ပိုင်ဆိုင်ထားသည့် အစောပိုင်း ရွှေအမြုတေ အဆင့်မျှသာ ဖြစ်သည်။ ချန်းဖန် အနေဖြင့် သူ့အား လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။

"ကျုပ်က မိတ်ဆွေလေးကို မတားဆီးနိုင်ဘူး ဆိုတာတော့ ဟုတ်ပါတယ်… ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ကျုပ်မှာ အခြား မိတ်ဆွေတွေ ရှိသေးတယ်လေ"

ရေခဲဂိုဏ်း ဘိုးဘေးက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

"ဘုန်း…"

ထိုအခိုက်မှာပင် ရှေးဟောင်း ကျူးဝမ်မြို့၏ ကောင်းကင်သို့ အရပ်မျက်နှာ ခြောက်ခုမှ တောက်ပသော အလင်းတန်းများ ပျံသန်း လာသည်။ ထိုအလင်းတန်း တစ်ခုချင်းစီသည် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်ကို ကိုယ်စား ပြု၏။

"သွေးမိစ္ဆာ သခင်…"

"လင်ထျန်းဂိုဏ်းရဲ့ ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်း…"

"နဝမကောင်းကင်ဓားဂိုဏ်းရဲ့ ဓားသခင် လဲ့ထျန်း…"

"မြောက်ပင်လယ် မွန်းစတား ဂိုဏ်းချုပ်…"

" … "

ရှဲ့ချန်းယန်မှာ ကောင်းကင်သို့ ကြည့်ရင်း အရှင်သခင် တစ်ယောက်ချင်းစီ၏ နာမည်ကို ရေရွတ် နေမိသည်။ ထိုအရှင်သခင်များကား ယန်ပြည်နယ်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူများ ဖြစ်သည်။

"သူက…"

နောက်ဆုံး မီးငှက် ကိုးကောင် ဝန်းရံနေသည့် အဘိုးအိုသို့ အရောက်တွင်မူ ရှဲ့ချန်းယန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တဆတ်ဆတ် တုန်ရီ လာတော့သည်။

"ချီဖန်ခုန်း…"

ထိုအဘိုးအိုကား ယန်ပြည်နယ်၏ သခင် ချီဖန်ခုန်းပင် ဖြစ်၏။

"ဟူး… ဟူး…"

ကြောက်မက်ဖွယ် ဖိအား တစ်ခုသည် ရှေးဟောင်း ကျူးဝမ်မြို့၏ ကောင်းကင်၌ ပျံ့လွင့်နေသည်။ လူတိုင်းသည် စကား တစ်ခွန်းပင် မဆိုရဲကြရာ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ်နေ၏။

"အဲဒါက ဘာအဓိပ္ပာယ်လဲ… ရေခဲဂိုဏ်းရဲ့ ယန်ပြည်နယ် အစိုးရက ကျွန်မတို့ မျိုးနွယ်ရဲ့ မဟာမိတ် မဟုတ်ဘူးလား… သူတို့က ဘာလို့ ကျွန်မရဲ့ အကိုကို တားနေကြတာလဲ"

ရှောင်မန်က နားမလည်စွာဖြင့် ရေရွတ် လိုက်သည်။

ရှဲ့ချန်းယန် အပါအဝင် ဘိုးဘေး ဘုရားကျောင်း အကြီးအကဲများမှာမူ တိတ်ဆိတ် နေကြသည်။ သူတို့၏ စိတ်အတွေးတွင်မူ ယန်ပြည်နယ်၏ ထိပ်သီး အင်အားစုများမှာ သူတို့ ဘက်တွင် မရှိတော့ကြောင်း နားလည် နေကြပြီ ဖြစ်လေသည်။

"ဒီဝောာ့… မင်းတို့တွေ အားလုံးက ငါ့ကို တားဖို့ ရောက်လာကြတာပေါ့ ဟုတ်လား…"

ချန်းဖန်၏ အမူအရာသည် တည်ငြိမ်စွာပင် ရှိနေသေး၏။

"မိတ်ဆွေလေး… ခဏလောက် နားထောင်ပါဦး… နဂါးရိုင်း နတ်ဘုရားက ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်တဲ့ အတွက် ကျုပ်တို့ ယန်ပြည်နယ် အတွက် အရေးကြီးတယ်… ကျေးဇူးပြုပြီး သူ့ အသက်ကို ချမ်းသာ ပေးလိုက်ပါ… ကျန်တာက ဆက်ပြီး ဆွေးနွေးလို့ ရပါတယ်"

ဝမ်ရှင်း တန်ခိုးရှင် လင်ခုန်းက ပြောလိုက်သည်။

"ဟုတ်တယ်… ကျုပ်တို့ အားလုံးက ယန်ပြည်နယ်ရဲ့ ကျင့်ကြံသူ ညီအကိုတွေ ပဲလေ… ဘာလို့ တစ်ယောက်ကို တစ်ယောက် သတ်နေ ရမှာလဲ"

ဓားသခင် လဲ့ထျန်းကလည်း လေးနက်စွာ ဆို၏။

"နောက်ပြီး ဒါက မိတ်ဆွေလေး ကောင်းဖို့အတွက်လည်း ပါပါတယ်… နဂါးရိုင်း နတ်ဘုရားက ပေ့ဟန်နယ်ရဲ့ ထိပ်တန်း မျိုးနွယ် တစ်ခု ဖြစ်တဲ့ အနီရောင် နဂါးမျိုးနွယ်က လာတာပါ… တကယ်လို့ သူ့ကို သတ်လိုက်မယ် ဆိုရင် အနီရောင် နဂါး သခင်ကြီးက ဒီအတိုင်း ငြိမ်နေလိမ့်မှာ မဟုတ်ဘူး"

အနီရောင် နဂါး မျိုးနွယ်သည် ပေ့ဟန်နယ်၏ ထိပ်သီး မျိုးနွယ် ဆယ်ခုတွင် ပါဝင်သော မျိုးနွယ် တစ်ခု ဖြစ်သည်။ သူတို့အား တော်ဝင် မိသားစု ပင်လျှင် လိုက်လျော ညီထွေ ဆက်ဆံ ရသည်။ ထို့အပြင် အနီရောင် နဂါး မျိုးနွယ်၏ ခေါင်းဆောင်မှာ ပေ့ဟန်နယ်၏ ထိပ်သီး ကျင့်ကြံသူ ဆယ်ယောက် စာရင်းတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။

"ဟုတ်တယ်… ငါ့အမေက အနီရောင် နဂါးသခင်ကြီးရဲ့ ညီမပဲ… မင်း ငါ့ကို သတ်ရင် ငါ့ ဦးကြီးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး… သူ ဒေါသထွက်ရင် မင်းရဲ့ ကျုးဝမ် မျိုးနွယ် တစ်ခုလုံးကို ဖျက်ဆီး လိမ့်မယ်"

နဂါးရိုင်း နတ်ဘုရားက လျင်မြန်စွာ ပြောလိုက်သည်။

"နဂါးရိုင်း နတ်ဘုရားကို လွှတ်ပေးပြီး အဆုံးသတ်လိုက်တော့… နဂါးရိုင်း မျိုးနွယ်က ကျူးဝမ်တွေကို နောက်တစ်ခါ မကျူးကျော် စေရတော့ဘူးလို့ ကျုပ် ကတိပေးတယ်"

ချီဖန်ခုန်းကလည်း အင်္ကျီလက်ကို ခါယမ်းရင်း ဆိုလိုက်သည်။

"ငါက မလုပ်ချင်ဘူး ဆိုရင်ရော…"

ချန်းဖန်က ချီဖန်ခုန်းအား မျက်ခုံး ပင့်ရင်း ကြည့်လိုက်သည်။

"မင်းက အမိန့်ကို ယန်ပြည်နယ်ရဲ့ ချိုးဖောက်ပြီး အရှင်သခင်တွေကို စော်ကားနေဝာာပဲ…"

ချီဖန်ခုန်း၏ မျက်လုံးများက အေးစက်သွား၏။

"ယန်ပြည်နယ်ရဲ့ သခင်တစ်ယောက် အနေနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ အတွက် ငါ့မှာ တာဝန် ရှိတယ်… ဆန့်ကျင်တဲ့ ဘယ်သူ မဆို သေရမယ်"

"ဟူး… ဟူး…"

ချီဖန်ခုန်း၏ စကားဆုံးသည်နှင့် သွေးမိစ္ဆာ သခင် အပါအဝင် အခြားလူများက ချန်းဖန်ကို တစ်ပြိုင်နက် ဝန်းရံ လိုက်ကြသည်။

" … "

ထိုအခိုက်၌ ရှေးဟောင်း ကျူးဝမ်မြို့ တစ်ခုလုံးကား လုံးဝ တိတ်ဆိတ် နေ၏။ အကြီးအကဲ အားလုံးမှာ ဖြူရော်နေကာ ချင်လော့ ပင်လျှင် ကြောက်လန့် နေခဲ့သည်။

ဝမ်ရှင်း တန်ခိုးရှင် ငါးယောက်နှင့် ရင်ဆိုင်ရခြင်း…

ထိုအရာကား ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံခြင်းနှင့် မကွာခြားပေ။

"ဝမ်ရှင်း တန်ခိုးရှင်… နဂါးရိုင်း နတ်ဘုရားကို လွှတ်ပေးလိုက်ပါ"

ရှဲ့ချန်းယန်က အော်ဟစ် လိုက်သည်။

"ဟုတ်ပါတယ် ဝမ်ရှင်း တန်ခိုးရှင်… နဂါးရိုင်း နတ်ဘုရားကို သူတို့ဆီ ပြန်ပေး လိုက်ပါ… တိရစ္ဆာန်ကောင် အတွက်နဲ့ အသက်ချင်း လဲရမှာ မထိုက်တန် ပါဘူး"

အခြားသော အကြီးအကဲများကလည်း ချန်းဖန်အား တိုက်တွန်းကြ၏။

"အကို…"

ရှောင်မန် ဆိုလျှင် မျက်ရည်များပင် ဝဲနေခဲ့ပြီ ဖြစ်သည်။

လူတိုင်းသည် ချန်းဖန်အား စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့သည် ချန်းဖန်ကို မသေစေလိုကြချေ။ ချန်းဖန်သည် ကျူးဝမ် မျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ချန်းဖန် ရှိမှသာလျှင် ကျူးဝမ် မျိုးနွယ် အနေဖြင့် ယန်ပြည်နယ်၏ ထိပ်ဆုံး၌ ရပ်တည် နိုင်ပေလိမ့်မည် ဖြစ်သည်။

"ဟဟ…"

ချန်းဖန်က အနည်းငယ် ရယ်မောရင်း ရှောင်မန်အား လှည့်ကြည့်လိုက်၏။

"ရှောင်မန်… ကမ္ဘာပေါ်မှာ သူတော်ကောင်းယောင် ဆောင်နေတဲ့ လူတွေ အများကြီးပဲ… သူတို့က နင့်ကို ထိန်းချုပ် ချင်တဲ့အခါ နင်ကောင်းဖို့လို့ပဲ အမြဲတမ်း ခေါင်းစဉ် တပ်ကြတယ်… အဲဒီလို လူတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ သူတို့ရဲ့ မျက်နှာကိုသာ ဖြတ်ရိုက်လိုက်… အဲဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ"

"မင်း…"

ဝမ်ရှင်း တန်ခိုးရှင် ငါးယောက်၏ မျက်နှာများမှာ ဒေါသဖြင့် နီရဲ သွား၏။ တည်ငြိမ်ပါသည် ဆိုသော ချီဖန်ခုန်းပင်လျှင် ရုပ်ပျက် ဆင်းပျက် ဖြစ်သွားခဲ့သည်။

"ခရက်…"

ချန်းဖန်က လက်အား ဖျစ်ညှစ် လိုက်ရာ နဂါးရိုင်း နတ်ဘုရား၏ မွန်းစတား အမြုတေမှာ တဖြည်းဖြည်း ကွဲကြေလာသည်။  ၎င်း၏ နတ်ဘုရား စိတ်ဝိညာဉ်ကလည်း အလင်းများ အသွင်ဖြင့် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်စ ပြုလာ၏။

"မင်း ဘာလုပ်တာလဲ… ရပ်စမ်း"

ဝမ်ရှင်း တန်ခိုးရှင်များမှာ အော်ဟစ်ရင်း ချန်းဖန်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက် လိုက်ကြသည်။

"ဘုန်း…"

ကောင်းကင်၌ ကမ္ဘာပျက်မတတ် တိုက်ပွဲ တစ်ခု ဖြစ်ပေါ်လာ၏။

ထိုအရှိန်အဝါ၏ အောက်၌ နဂါးရိုင်း စစ်သည်များနှင့် ကျူးဝမ် မျိုးနွယ်များမှာ ဆက်လက် ရပ်တည်နိုင်ခြင်း မရှိရာ ဒူးများပင် ထောက်လိုက် ကြရသည်။

"ငါပြောထားတဲ့ အတိုင်းပဲ ငါ့ကို တားတဲ့ လူတိုင်း သေရမယ်…"

ချန်းဖန်က သူ့အား တိုက်ခိုက်လာသော ဝမ်ရှင်း တန်ခိုးရှင် ငါးယောက်ကို ကြည့်ကာ ပြောလိုက်သည်။

ထို့နောက် သူက နဂါးရိုင်း နတ်ဘုရား၏ စိတ်ဝိညာဉ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အခြား တစ်ဖက်ဖြင့် လေထုအား ထိုးနှက်လိုက်သည်။

"ဘုန်း…"

သူ၏ နောက်၌ ဆယ်ပေခန့် မြင့်မားသော ရွှေရောင်စက်ဝိုင်း တစ်ခု ဖြစ်ပေါ် လာသည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်မှာလည်း မိုးကောင်းကင်သို့ ပျံတက်၏။

ကမ္ဘာပျက်မတတ် တိုက်ပွဲကား စတင်ခဲ့ချေပြီ ဖြစ်သည်။

***

All Chapters