ကောက်ချက်ချခြင်း
Vol. 019 Ch. 1880
ရီဖူရှင်းက တုံ့ယွမ်အိမ်တော်ရှေ့သို့ လျှောက်လာခဲ့သည်။ ရုပ်တုကြီးက သူ့ဘေး၌ ရှိနေ၏။ သူက လူအုပ်ကြီးအား ပြန်လှည့်ကာ ကြည့်လိုက်သည်။ တုံ့ယွမ်အိမ်တော်အနီးတဝိုက်၌ စုစည်းနေကြသော လူအုပ်ကြီးက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ တုံ့ယွမ်အိမ်တော်ခေါင်းဆောင်အသစ်က သူ၏ ရာထူးကို ဆက်ခံခဲ့ပြီဖြစ်သည်။ သူတို့သည် ဤအချင်းအရာက အိမ်တော်အတွင်း ကျင့်ကြံဖို့ရာ ခက်ခဲမည်လား လွယ်ကူမည်လား မသိရှိကြပေ။
ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "အတိတ်မှာတုန်းက မဟာအင်ပါယာက ကျုပ်တို့ တာဝန်ခံတွေကို တုံ့ယွမ်အိမ်တော်ကို တည်ထောင်ပြီး မဟာလမ်းစဥ်ကျင့်ကြံမှုနည်းစနစ်တွေကို ဒီနေရာမှာ ပျံ့နှံ့အောင် လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်။ အခု ကျုပ်က တုံ့ယွမ်အိမ်တော်ရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ဒီတော့ ကျုပ်က မဟာအင်ပါယာရဲ့ အမိန့်ကိုဆက်ခံပြီး ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုတွေ ပိုမိုတိုးတက်လာဖို့ ကျုပ်တို့ တာဝန်ခံတွေက တုံ့ယွမ်အိမ်တော်ကို အသုံးပြုပြီး အကူအညီပေးရလိမ့်မယ်။"
"လျှိုဟန်က တုံ့ယွမ်အိမ်တော်ကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ပေမယ့် တခြားလူတွေရဲ့ တိုးတက်မှုကို အလေးထားပေးဖို့ မေ့နေခဲ့တယ်။ သူက ရဲတင်းစွာနဲ့ အိမ်တော်ကို ဝင်ခွင့်ရမယ့်လူတွေကိုတောင် ထိန်းချုပ်ကန့်သတ်ထားခဲ့ပြီးတော့ တုံ့ယွမ်အိမ်တော်က ကျုပ်ကိုလည်း အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တယ်။ ခင်ဗျားတို့လည်း သေချာသိကြလိမ့်မယ်လို့ ထင်တယ်။ ကျုပ်က တာဝန်ခံတွေဆီကနေ အမိန့်တွေကို လက်ခံရခဲ့ပြီး ဘာကို အပြီးသတ်လုပ်ဆောင်သင့်တယ်ဆိုတာကို မေ့လိမ့်မှာမဟုတ်ဘူး။ အနာဂတ်မှာ တုံ့ယွမ်အိမ်တော်က ကျင့်ကြံဆင့်မတူညီတဲ့ ကျင့်ကြံသူတွေအတွက် မတူညီတဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးမယ်။ ကျင့်ကြံသူတွေက နေ့တိုင်း တုံ့ယွမ်အိမ်တော်ရှေ့မှာ စစ်ဆေးမှုကို ခံယူနိုင်တယ်။ စစ်ဆေးမှုကို အောင်မြင်တဲ့ ဘယ်သူမဆို တုံ့ယွမ်အိမ်တော်ကို ဝင်ရောက်ကျင့်ကြံနိုင်တယ်။ နောက်ထပ် ဘယ်လိုကန့်သတ်ချက်မှ မရှိတော့ဘူး။"
ရီဖူရှင်း၏ စကားများက လူအုပ်ကြီးကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။ ကျင့်ကြံဆင့်မတူတဲ့သူတွေအတွက် မတူညီတဲ့ စစ်ဆေးမှုတဲ့လား။
ထို့ပြင် နေ့စဥ်စစ်ဆေးပေးခြင်း ဖြစ်သည်။
ထိုသည်မှာ ယခင်ကနှင့် အပြီးတိုင် ကွဲပြားနေခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် ရုပ်တု၏ အသိအမှတ်ပြုခံရသူများကို အကန့်အသတ်မရှိ တုံ့ယွမ်အိမ်တော်တွင် ဝင်ရောက်ကျင့်ကြံနိုင်သည်မှတပါး ကျန်သူများမှာ တုံ့ယွမ်အိမ်တော်သခင် လျှိုဟန် စီစဥ်ထားသော အထူးစစ်ဆေးမှုကို ခံယူရန် လိုအပ်သည်။ စစ်ဆေးမှု၏ ထိရောက်မှုက နိမ့်ပါးပြီး စစ်ဆေးမှုတစ်ခုချင်းစီကြားမှ ကွာဟချက်က အလွန် ရှည်လျားသည်။
ထိုနည်းလမ်းဖြင့် တုံ့ယွမ်အိမ်တော်ပေါ် လျှိုဟန်၏ ထိန်းချုပ်မှုက အားကောင်းသန်မာလာသည်။ သူက တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်မည့်လူများကို အလွယ်တကူ ရွေးချယ်နိုင်သည်။ တုံ့ယွမ်အိမ်တော်မှ အုပ်ချုပ်သူများသာလျှင် တုံ့ယွမ်အိမ်တော်သို့ ဝင်ရောက်ခွင့် ရှိသူများကို ဆုံးဖြတ်ခွင့်ရှိသူများ ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုသို့သော လုပ်ဆောင်မှုများက မကောင်းသော ဆိုးကျိုးအမျိုးမျိုးကို လက်ယပ်ခေါ်နေသကဲ့သို့ပင်။ ဥပမာအနေနှင့် တုံ့ယွမ်အိမ်တော်တွင် ကျင်ကြံခွင့်ရစေရန် လာဘ်ပေးလာဘ်ယူများ လုပ်လာကြပေသည်။
ယခု ရီဖူရှင်းက သူသည် ကျင့်ကြံသူများ နေ့စဥ်စစ်ဆေးမှု ခံယူနိုင်မည့် ပြီးပြည့်စုံသော စစ်ဆေးမှုပုံစံကို လုပ်ဆောင်ပေးမည်ဟု ပြောခဲ့သည်။ ဆိုလိုသည်မှာ ထိုစနစ်က အသက်ဝင်လာသည်နှင့် ၎င်းက သူ့ဘာသာ ဆက်လက် လည်ပတ်နေမည်ဖြစ်ကာ ရီဖူရှင်းက ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်နေရန် မလိုအပ်တော့ပေ။
ကျင့်ကြံသူများအတွက် ၎င်းက သတင်းကောင်းဖြစ်ကြောင်း သံသယဝင်ရန် မလိုပေ။
သို့သော်လည်း ထိုနည်းလမ်းဟောင်းများမှ အကျိုးအမြတ်ရနေသည့် အဓိကအင်အားစုများအတွက် ယခုအခြေအနေက မကောင်းမွန်ပေ။ အတိတ်က သူတို့သည် တုံ့ယွမ်အိမ်တော်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားပြီး အကျိုးအမြတ်များ ရရှိခဲ့သည်။ သို့သော် ယခုတွင် အရာအားလုံးက ပြောင်းလဲသွားပြီဟု ထင်မှတ်ရပေသည်။
"ဒါပေမယ့် လောကကြီးမှာ ဘယ်အရာမှ အကြွင်းမဲ့ ချောမွေ့နေမှာ မဟုတ်ဘူး။ တုံ့ယွမ်အိမ်တော်က နေရာအကန့်အသတ်ရှိနေတယ်။ အဲဒါကြောင့် စစ်ဆေးမှုကို အောင်မြင်တဲ့ အကောင်းဆုံးပါရမီရှိတဲ့သူတွေသာ တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံဖို့ လက်ခံလိမ့်မယ်။ ကျုပ်ဆိုလိုတာ ခင်ဗျားတို့အားလုံး နားလည်မယ်လို့ မျှော်လင့်ပါတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ လူတိုင်းက ဤအကြောင်းပြချက်ကို နားလည်ကြပေသည်။
အကြွင်းမဲ့တရားမျှတမှုက မတရားမျှတမှုတစ်မျိုးပင် ဖြစ်သည်။
"အဲဒါအပြင် ခင်ဗျားတို့လည်း ဒီနေ့ ဖြစ်ရပ်တွေကို မျက်မြင်တွေ့လိုက်ကြမှာပဲ။ ဟယ်လျန်တော်ဝင်မိသားစု၊ ယန်ကလန်နဲ့ ပေ့ကုန်းမိသားစု အဲဒီအုပ်စုသုံးခုက ဒီနယ်မြေရဲ့ ထိပ်သီးအင်အားစုတွေ ဖြစ်တဲ့အပြင် သူတို့က ကျုပ်နဲ့အတူ တုံ့ယွမ်အိမ်တော်အတွင်း ပျက်စီးနေတဲ့ လူတွေကို ရှင်းလင်းရာမှာ ကူညီပေးခဲ့တယ်။ အနာဂတ်မှာလည်း တုံ့ယွမ်အိမ်တော်ရဲ့ စစ်ဆေးမှုနဲ့ စီမံမှုအရေးကိစ္စတွေမှာ သူတို့ အကူအညီတွေ လိုအပ်နေဦးမှာပဲ ဖြစ်တယ်။ အဲဒါကြောင့် ဒီအင်အားစုသုံးခုက လူတွေက တုံ့ယွမ်အိမ်တော်မှာ လွတ်လပ်စွာ ဝင်ရောက်သင်ယူခွင့်ရှိတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။ "ဒါပေမယ့်လည်း လျှိုတုံ့ကော ကျုပ်အပေါ် လုပ်ခဲ့တဲ့ ပုံစံမျိုးတော့ နောက်ထပ် ဘယ်တော့မှ ထပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီအင်အားစုသုံးခုက အဖွဲ့ဝင်တွေက တုံ့ယွမ်အိမ်တော်ကို ဘယ်သူဝင်ရောက်ကျင့်ကြံနိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ခွင့်အာဏာမျိုး သူတို့မှာ ရှိလိမ့်မှာ မဟုတ်ဘူး။ အဲဒီဆုံးဖြတ်ချက်က စစ်ဆေးမှုနဲ့ပဲ သက်ဆိုင်လိမ့်မယ်။ ကျုပ် တုံ့ယွမ်အိမ်တော်ခေါင်းဆောင်အနေနဲ့လည်း ဒီကိစ္စမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။"
လူတိုင်းက ခေါင်းညိတ်လိုက်သည်။ အားလုံး၏ အကြည့်များက ရီဖူရှင်းထံ၌ စူးစိုက်နေကြပြီး လေးစားမှုများဖြင့် ပြည့်လျှမ်းနေသည်။ သူတို့သည် ဤမျှ ထူးချွန်ထက်မြက်သော တိုက်ပွဲစွမ်းရည်ရှိသည့် ပါရမီရှင်သည် အမှန်တကယ်ပင် ထိုသို့သော အမှတ်ရဖွယ် လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးခဲ့သည်။ ကြည့်ရသည်မှာ သူသည် မဟာအင်ပါယာ၏ ဆန္ဒကို အမွေဆက်ခံ၍ မဟာလမ်းစဥ်ကို လောကအတွင်း ဖြန့်ဝေလိုသည့် အမိန့်အား ကိုယ်စားပြုလုပ်ဆောင်နေသည်ဟု သူ့ကိုယ်သူ အမှန်တကယ် သတ်မှတ်လိုက်ပုံရသည်။
ဤသည်မှာ သူ၏ သဘောထားပြည့်ဝသော လုပ်ဆောင်ချက်မှာ လွှမ်းမိုးနိုင်စွမ်းရှိသည့် သူ၏ ခွန်အားနှင့် ထူးချွန်သော ပါရမီတို့မှ လာခြင်းဖြစ်သည်လားဟု သိချင်မိကြပေသည်။
တုံ့ယွမ်မြို့ထဲရှိ ကလန်များမှ အမျိူးသမီးတချို့က ထိုအဖြူရောင်ဆံပင်နှင့် ပြိုင်ဘက်ကင်း ကျက်သရေရှိသည့် ပုံပန်းသွင်ပြင်ရှိသော ရန်ဟောင်ကို လေးစားကြည်ညိုမှုနှင့် ကြည့်နေကြသည်။
"ကျေးဇူးတင်ပါတယ်.. ဓားအင်ပါယာ လျှို့နျန်" တစ်စုံတစ်ယောက်က ရီဖူရှင်းကို အရိုအသေပြုလိုက်သည်။ ထိုသည်မှာ အိမ်တော်သခင်အသစ်က ထိုသို့သော အရာမျိုးကို လုပ်ဆောင်ပေးခဲ့သည့်အတွက် လေးစားမှု ပြုခြင်းပင် ဖြစ်၏။
ရီဖူရှင်း၏ နာမည်လိမ်က ရီလျှို့နျန် ဖြစ်သည်။ သူသည် ယခင်က အလွန် ထူးခြားပြောင်မြောက်လှသည့် ဓားစွမ်းရည်တို့ကို ထုတ်ဖော်ပြသခဲ့ပြီး သူ မည်သူ့ကို သတ်သည်ဖြစ်စေ ဓားတစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။ ထို့ကြောင့် သည်လူက ရီဖူရှင်းကို ဓားအင်ပါယာလျှို့နျန်ဟု ခေါ်ခြင်းက မသင့်တော်ခြင်း မရှိချေ။
လူအများကလည်း ရီဖူရှင်းကို ဦးညွှတ်ကာ အပြုံးနှင့် ပြောလိုက်ကြသည်။ "တုံ့ယွမ်အိမ်တော်ကို ဓားအင်ပါယာလျှို့နျန် ဦးဆောင်တာ ကျုပ်တို့ တုံ့ယွမ်မြို့အတွက် ကောင်းချီးတစ်ခုပါပဲ။"
သူတို့က စိတ်ရင်းဖြင့် လေးစားနေခြင်း ဖြစ်သည်။
သူ၏ ခွန်အား၊ ပုံပန်းသွင်ပြင်၊ တိုက်ပွဲအတွင်း ရန်သူများအား ရှင်းလင်းသုတ်သင်သည့် သူ၏ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်တို့ကြောင့် သူက လူအများ၏ လေးစားခြင်းကို ခံခဲ့ရပေသည်။
"ဓားအင်ပါယာလျှို့နျန်လား။" ရီဖူရှင်းက ရေရွတ်လိုက်ပြီးနောက် သူက ပြုံးကာ ပြောလိုက်သည်။ "ကျုပ်ကို တခြားတွေက ဒီလို ရည်ညွန်းခေါ်ဆိုကြတဲ့ ပထမဆုံးအကြိမ်ပဲ။ ဒါပေမယ့် နားထောင်လို့ မကောင်းတာတော့ မဟုတ်ဘူးပဲ။"
လူတိုင်းသည် ရီဖူရှင်းက ရယ်စရာပြောနေသည်ကို ကြားသည့်အခါ ချက်ချင်းပင် ရယ်မောလိုက်ကြသည်။ ထို့နောက် လူတစ်ယောက်က ပြောလိုက်၏။ "ဒီလူအိုကြီးရဲ့ အမြင်ကို အခြေခံရရင် ဓားအင်ပါယာလျှို့နျန်ရဲ့ တောက်ပမှုက ပြိုင်ဘက်ကင်းပဲ။ အဖြူရောင်ဆံပင်နဲ့ အဖြူရောင်ဝတ်စုံက လောကအရေးကိစ္စတွေကို ကျော်လွှားလွန်မြောက်ခြင်း ပြယုဂ်လိုပဲ။ ဒါကြောင့် ဆံဖြူဓားအင်ပါယာဆိုတဲ့ နာမည်က ပိုပြီး ခမ်းနားသာလွန်တဲ့ နာမည်တစ်ခု ဖြစ်မယ်လို့ ထင်တယ်။"
"ဆံဖြူဓားအင်ပါယာ.." လူအများက ရေရွတ်ပြောဆိုလိုက်သည်။ "တကယ့်ကိုပဲ ဒီနာမည်က ပိုပြီး ခမ်းနားထည်ဝါတယ်။ သူ့ကို ကြည့်လိုက်ကြစမ်းပါ။ အဲဒီနာမည်က သူနဲ့လိုက်တယ်ဆိုတာ သိကြလိမ့်မယ်။"
"ဘာလို့ ကျုပ်တို့က နာမည်နှစ်ခုကို ပေါင်းပြီးမခေါ်ရမှာလဲ။" အိမ်တော်အနီးတဝိုက်ရှိ လေထုက စတင်၍ သက်သောင့်သက်သာ ဖြစ်လာပြီး လူအများသည် စတင် ဆွေးနွေးပြောဆို၍ နောက်ပြောင်နေကြပေသည်။
ရီဖူရှင်းသည် ထိုကိစ္စအပေါ် မည်သည့်အမြင်မှ မရှိပေ။ ကောင်းကင်ဒေသက ကြီးမားကျယ်ပြန့်သော်လည်း ကောင်းကင်ဒေသသို့ အစောဆုံး ရောက်ရှိခဲ့သည့် အစွမ်းထက်ဆုံး အင်အားစုများထဲမှ အများစုသည် အလွန် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သူက သူ၏ အမည်ကို အသုံးပြု၍ ထူးခြားပြောင်မြောက်သည့် ကိစ္စတစ်ခုခု သို့မဟုတ် တုန်လှုပ်ဖွယ် ကိစ္စတစ်ခုခုကို လုပ်ဆောင်မိပြီး သူ၏ အမည်က ပျံ့နှံ့ကာ ထိုထိပ်သီးအင်အားစုများက ဤသတင်းကို ကြားသွားပါလျှင် လွန်ခဲ့သည့် နှစ်အနည်းငယ်က တိုက်ပွဲတွင် သေချင်ယောင်ဆောင်ခဲ့ခြင်းက ကျိန်းသေ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ယခု သူသည် ထိုထိပ်သီးအင်အားစုများနှင့် တိုက်ခိုက်နိုင်ရန် သူ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ရန် အချိန် လိုအပ်နေသည်။ ထိုသို့ ကျင့်ကြံဆင့်မြှင့်တင်ပြီးနောက်၌ သူက မည်သည့်အရာကိုမှ ကြောက်နေတော့မည် မဟုတ်ပေ။
ထို့ကြောင့် ဆံဖြူဓားအင်ပါယာနှင့် ဓားအင်ပါယာလျှို့နျန်ကဲ့သို့သော အမည်ပြောင်မျိုးက သူ၏ နာမည်လိမ် ရီလျှို့နျန်မှ ခွဲထွက်လာခြင်းဖြစ်သောကြောင့် သူ့အတွက် အနှောက်အယှက် မဖြစ်ပါပေ။
ရှားရှင်းယွန်က ရီဖူရှင်း၏ နောက်တွင် ရှိနေသည်။ သူမက သူ့နောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ရီဖူရှင်း၏ နောက်ကျောကိုသာ ကြည့်နေသည်။ အတိတ်တွင် မူလဘုံအတွင်း ရီဖူရှင်းနှင့် ပတ်သတ်ခဲ့သော လူများက သူ့ထက်ပို၍ အများကြီး အားကောင်းသန်မာပေသည်။ ရီဖူရှင်းတွင် ထူးခြားပြောင်မြောက်သော အရည်အချင်းများရှိပြီး လူအများ၏ ထိပ်ဆုံးသို့ တိုက်ရိုက်ရောက်ရှိနိုင်သော်လည်း သူ၏ အရည်အချင်းတချို့က အရိပ်လွှမ်းခံထားရပေသည်။
ယခု သူ ကောင်းကင်ဒေသသို့ ရောက်လာသည့်အခါ လက်ရှိအခြေအနေတွင် သူ၏ အရည်အချင်းများကို ထိုက်တန်စွာ ဖော်ပြနိုင်ပေသည်။
ယန်ချင်းသည်လည်း အလွန် ကျေးဇူးတင်နေသည်။ ရီဖူရှင်းက ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ခြင်း မဟုတ်ခဲ့သော်လည်း ထိုသည်မှာ ကိစ္စမရှိပေ။ သူမက လက်စားချေချင်ရုံသာရှိ၍ လျှိုဟန်အား သေဆုံးစေချင်ပေသည်။
ယခု အရာအားလုံးက ပြီးဆုံးသွားပြီ ဖြစ်သည်။ ရီဖူရှင်းက သူမကို ပေးထားခဲ့သည့် ကတိအား ပြီးမြောက်အောင် လုပ်ဆောင်ပေးခဲ့သည်။
ထို့ပြင် သူသည် သူ၏ အရည်အချင်းနှင့် ကျက်သရေရှိမှုတို့အား ကောင်းစွာပြသခဲ့သည်။
သူမသည် ထိုစဥ်က ဟန်လင်းကို တင်ပြ၍ ရီဖူရှင်းအား ဒုက္ခရောက်စေရန် မပြုလုပ်မိခဲ့သည်ကို ဝမ်းသာမိသည်။ မဟုတ်လျှင် သူမသည် ရီဖူရှင်း၏ ပြိုင်ဘက်ကင်း ပါရမီအရည်အချင်းတို့အား မြင်တွေ့ခွင့်ရလိမ့်မည် မဟုတ်ပေ။
အင်ပါယာဟယ်လျန်၊ ယန်တုံ့ချင်းနှင့် ပေ့ကုံးအော့တို့သည်လည်း ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့အားလုံးတွင် ကိုယ်ပိုင်အတွေးစိတ်ကူးများ ရှိကြသည်။ ပေ့ကုံးအော့သည် သူ၏ မျက်နှာထက်၌ ကျက်သရေရှိသော အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။ ရီဖူရှင်းက သူ့အား အမှန်တကယ် အရေးမယူခဲ့ပေ။ ရီဖူရှင်း၏ ပြဿနာများအား ရင်ဆိုင်သည့် နည်းလမ်းကို တွေ့ကြုံပြီးနောက် သူသည် ထိုပြဿနာအား အနာဂတ်တွင်ပင် အစဆွဲထုတ်လိမ့်မည် မဟုတ်သည်ကို ယုံကြည်ပေသည်။
အခြားတစ်ဖက်၌ ယန်တုံ့ချင်းက မျက်ခုံးအသာပင့်လိုက်သည်။ ဤသည်မှာ သူ မြင်တွေ့လိုသော အဆုံးသတ်မဟုတ်ပေ။ အားထုတ်မှုအများကြီး ပြုလုပ်ကာ လျှိုဟန်နှင့် မဟာမိတ်များကို သတ်ဖြတ်ပေးခဲ့ပြီးနောက် သူ မည်သည်တို့အား ပြန်ရခဲ့သနည်း။
စွမ်းအားလား။
သူက လျှိုဟန်ကဲ့သို့ တုံ့ယွမ်အိမ်တော်ကို ခိုင်မာစွာ ထိန်းချုပ်နိုင်ခွင့်ကို လိုချင်ခဲ့သည်။ သို့သော်လည်း ရီဖူရှင်း၏ လက်ရှိအစီအစဥ်က သူလိုချင်သည်နှင့် အပြည့်အဝ ဆန့်ကျင်နေ၏။
ထို့ပြင် ရီဖူရှင်းသည် ပေ့ကုန်းမိသားစုကိုပင် သူနှင့် ဟယ်လျန်တော်ဝင်မိသားစုတို့၏ အဆင့်အတန်းနှင့် တူညီစွာ ချီးမြှောက်ခဲ့သည်။ သူတို့သည် တုံ့ယွမ်အိမ်တော်၌ လွတ်လပ်စွာ ကျင့်ကြံခွင့်တစ်ခုတည်းကိုသာ ရရှိခဲ့၏။ ထိုသည်မှာ သူ၏ မျှော်လင့်ချက်ကို လုံးလုံးလျားလျား ဆန့်ကျင်နေပေသည်။
ရီဖူရှင်းသည် ခြယ်လှယ်လွှမ်းမိုးရန် လွယ်ကူသောသူ ဟုတ်ပုံမရပေ။ အနည်းဆုံး သူ အစက တွေးထားသကဲ့သို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူက အလွန်အားကောင်းလှသည်။
သို့ပေမယ့်လည်း သူသာ လွှမ်းမိုးခြယ်လှယ်ရန် လွယ်ကူပြီး အားကောင်းသန်မာခြင်း မရှိလျှင် သူတို့သည် တိုက်ပွဲတွင် အလွယ်တကူ အနိုင်ရနိုင်မည် မဟုတ်ပေ။ သူတို့က ရှုံးနိမ့်သွားသည်ပင် ဖြစ်နိုင်သည်။
ရီဖူရှင်းသည် အင်ပါယာဟယ်လျန်နှင့် အခြားလူများကို ကြည့်လိုက်သည်။ "တုံ့ယွမ်အိမ်တော်အတွင်းမှာ အရင်ရှိနေတဲ့ လူတွေက ကျင့်ကြံချင်ရုံသက်သက်ပဲဆိုတော့ ကျုပ်တို့ သူတို့ကို အိမ်တော်အပြင်ဘက် မောင်းထုတ်လိုက်ရင် ရပါပြီ။"
"ကောင်းပါပြီ။" အင်ပါယာဟယ်လျန်က ခေါင်းညိတ်လိုက်သည်။ ထိုလူများကို စစ်ဆေးခြင်း၊ အရေးယူခြင်း ပြုတော့မည် မဟုတ်ပေ။
"အိမ်တော်သခင်ရီ" ယန်တုံ့ချင်းက ရီဖူရှင်းကို ကြည့်ကာ ရီဖူရှင်းနှင့် အခြားသူများက စိတ်ထဲမှ ဆက်သွယ်ကာ စကားပြောလိုက်သည်။ "ကျုပ်က ဒီလူတွေထဲက အကုန်နီးပါး လျှိုဟန်နဲ့ တိုက်ရိုက်ပတ်သတ်နေမှာကို စိုးမိတယ်။ ကျုပ်တို့ သူတို့ကို လွှတ်ပေးလိုက်ရင် သူတို့က အနာဂတ်မှာ ပြဿနာဖြစ်စေလိမ့်မယ်။ ကျုပ်တို့က သူတို့ကို မကြောက်ပေမယ့်လည်း ကျုပ်တို့ မိသားစုကလူတွေ ပစ်မှတ်ထားပြီး လက်စားချေခံရမှာတော့ စိုးမိတယ်။ ဒီအခြေအနေထိတောင် ရောက်နေမှတော့ ပြဿနာကို အမြစ်ဖြတ်ဖို့ ဘာလို့ တစ်ခါတည်း ရှင်းမပစ်လိုက်တာလဲ။"
ရီဖူရှင်းက ယန်တုံ့ချင်းကို ကြည့်ကာ ပြောလိုက်သည်။ "အကြီးအကဲ၊ ခင်ဗျား သူတို့ကို တဆင့်ချင်း စစ်ဆေးလို့ရတယ်။ တကယ်လို့ သူတို့သာ လျှိုဟန်နဲ့ ရင်းနှီးတဲ့ ပတ်သတ်မှုမျိုးရှိနေရင် အခြေခံအားဖြင့် တဆင့်ချင်း ရင်ဆိုင်လို့ရတယ်။ ဒါပေမယ့်လည်း သူတို့က တုံ့ယွမ်အိမ်တော်ကို ကျင့်ကြံဖို့ ဝင်လာရုံသက်သက်ပဲဆိုရင် ကျုပ်တို့က သူတို့အသက်တွေကို အန္တရာယ်ဖြစ်အောင် လုပ်လို့မရဘူး။"
သူက ယန်တုံ့ချင်း၏ အနေအထားကို နားလည်ပေသည်။
ဓားတောင်ဖျား သို့ တုန်းလင်ကလန်နှင့် ဆက်စပ်နေနိုင်ခြေများသည့် လူများကို ရီဖူရှင်းက မည်သည့် အထူးညွှန်ကြားချက်မှ မပေးခဲ့ပေ။ သူက ထိုသူတို့အား ကိုယ်တိုင်ရင်ဆိုင်နိုင်ရန် ခွင့်ပြုပေးထားသည်။
တန်ခိုးရှင်လောကသည် ရက်စက်ပြီး အကြင်နာကင်းမဲ့သော လောကဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း တိုက်ပွဲတို့မှာ ပုံမှန်အားဖြင့် ထိုကဲ့သို့ပင် ဖြစ်၏။ အနိုင်ရသူက ဘုရင်ဖြစ်လာပြီး ရှုံးနိမ့်သူက သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။ သူသည် ထိုအကြောင်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်ထားပေသည်။
ထိုသုံးယောက်က ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ရီဖူရှင်းက ဆက်ပြောလိုက်၏။ "စစ်ဆေးမှုနဲ့ ပတ်သတ်ပြီးတော့ အကြီးအကဲသုံးယောက်ကိုပဲ အပူကပ်ရဦးမယ်။"
"ကိစ္စမရှိဘူး။ ဒါက ဒီလောက် ခက်ခဲတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။" အင်ပါယာဟယ်လျန်က ခေါင်းညိတ်လိုက်သည်။ ပေ့ကုံးအော့ကလည်း ပြောလိုက်၏။ "ကျုပ်မိသားစုကလည်း လူတချို့ ရလိမ့်မယ်။"
ယန်တုံ့ချင်းက သူ၏ အတွေးအမြင်ကို မဖော်ပြခဲ့ပေ။ သူက မတူညီသော အတွေးအမြင်များ ရှိနေသော်လည်း ပြဿနာက စီစဥ်ပြီးသား ဖြစ်နေရာ သူ လှုပ်ရှား၍ ကောင်းသော အခြေအနေ မဟုတ်နေပေ။
သူက အချိန်တချို့ယူရန် လိုအပ်ပြီး အင်ပါယာဟယ်လျန်နှင့် ဆွေးနွေးရန် လိုကောင်းလိုလိမ့်မည်။ သူတို့က မဟာမိတ်အဖြစ်သို့ အစကတည်းက ပူးပေါင်းလာသည့် အင်အားစုနှစ်ခု ဖြစ်လေသည်။
ရီဖူရှင်းက ရုပ်တု၏ သဏ္ဌာန်ဖွဲ့တည်ခြင်းမှ ရွေးချယ်ခံလိုက်ရပြီးနောက်မှသာ ပူးပေါင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ပြဿနာက ဖြေရှင်းပြီခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းက ထိုနေရာမှ ထွက်ခွာကာ တုံ့ယွမ်အိမ်တော်သို့ ဦးတည်လိုက်သည်။ တုံ့ယွမ်အိမ်တော်အပြင်မှ လူအုပ်သည်လည်း စတင်၍ ထွက်ခွာသွားကြသည်။ သို့သော်လည်း လူတိုင်းသိကြသည်မှာ ထိုပြဿနာရပ်ကြီးက လုံးဝအဆုံးသတ်သွားခြင်း မရှိသေးဘဲ အချို့သော အဖြစ်အပျက်များက အနည်းနှင့်အများ ကျန်ရှိနေဦးမည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် အသက်ဆုံးရှုံးရမည့်သူများလည်း များစွာ ကျန်ရှိနေသေးသည်။
အင်ပါယာဟယ်လျန်နှင့် ပထမမင်းသမီး ဟယ်လျန်ယိုတို့က တုံ့ယွမ်အိမ်တော်ရှေ့တွင် ရှိနေဆဲ ဖြစ်သည်။ အင်ပါယာဟယ်လျန်သည် ဟယ်လျန်ယိုကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ "မင်း သူနဲ့ ဆက်သွယ်ပြောဆိုဖူးတာပဲ။ အဲဒီကောင်လေးကို ဘယ်လိုထင်လဲ။"
"တစ်ခေတ်မှာ တစ်ခါထွန်းတဲ့ ပါရမီရှင်မျိုးပဲ။ ဤနယ်မြေက ဘယ်သူမှ သူ့ကို မယှဥ်နိုင်လောက်ဘူး။ သမီးတို့ သူ ဘယ်က လာတယ်ဆိုတာလည်း မသိနိုင်သလို သူ့ရဲ့ ရည်ရွယ်ချက်ကိုလည်း မသိရဘူး။" ဟယ်လျန်ယိုက ပြန်ဖြေလိုက်သည်။
"အဲဒါပဲလား။" အင်ပါယာဟယ်လျန်က မေးလိုက်သည်။
"အဖေ၊ သမီးတို့ သူ့ရဲ့ စစ်မှန်တဲ့ အင်အားကို တော်တော်လေး လျှော့တွက်မိတယ်လို့ ခံစားနေရတယ်။" ဟယ်လျန်ယိုက အင်ပါယာဟယ်လျန်ကို ကြည့်ကာ ဖြေလိုက်၏။
အင်ပါယာဟယ်လျန်က ထိုစကားကြောင့် ထပ်မေးလိုက်သည်။ "ဘာလို့ ဒီလိုပြောရတာလဲ။"
"သူက တောင်ဘက်တောင်ကုန်း ဆရာသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ သူ ဒီကို ရောက်လာကတည်းက လျှိုဟန်ကို ပစ်မှတ်ထားခဲ့တာပဲ။ သူက တုံ့ယွမ်အိမ်တော်ကို သမီးတို့ထက်အရင် ဖိအားပေးဖို့ ကြိုးစားခဲ့တာ။ အဲဒီတုန်းက သမီးတို့ဘက်က ပူးပေါင်းလာမလားဆိုတာလည်း သူ သိလိမ့်မှာမဟုတ်ဘူး။ ဒါဆို သူ့ရဲ့ ယုံကြည်ချက်တွေက ဘယ်က ရောက်လာတာလဲ။" ဟယ်လျန်ယိုက မေးလိုက်ပြီးနောက် ဆက်ပြော၏။ "သမီးထင်တာတော့ သူက လျှိုဟန်ကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူး။ အစကနေအဆုံးထိ သူက အမြဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ခဲ့တယ်။ ရယ်စရာကောင်းလောက်အောင်ပဲ သမီး သူ့ဆီကနေ ပြင်းထန်တဲ့ ယုံကြည်ချက်တွေကို ခံစားမိတယ်။ အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသလိုပဲ။"
"မှန်တယ်။" အင်ပါယာဟယ်လျန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "တော်ဝင်မိသားစုရဲ့ အရှင်သခင်တစ်ယောက်အနေနဲ့ အဖေ့ဘဝတလျှောက်မှာအံ့သြစရာကောင်းလောက်အောင် ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီးကို မြင်တွေ့ဖူးတယ်။ သူ့ရဲ့ အရှိန်အဝါက လုံးဝအားနည်းမနေဘူး။ သာမန်အဆင့်နိမ့်ရန်ဟောင်တွေက အဖေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ အရှိန်အဝါတွေက အားနည်းသွားတတ်တာ ပုံမှန်ပဲ။ ဒါပေမယ့် ဒီကောင်လေးက အဖေနဲ့ ရင်ဆိုင်ရတဲ့အခါ သူက အဖေ့ကို အကြီးအကဲလို့ ခေါ်နေပေမယ့် အရမ်းတည်ငြိမ်ပြီး သက်သောင့်သက်သာ ရှိလွန်းနေတယ်ဆိုတဲ့ ခံစားချက်ကိုရတယ်။ သူ့ရဲ့ မျက်လုံးထဲမှာ တော်ဝင်မိသားစုရဲ့ အရှင်သခင်ဖြစ်တဲ့ အဖေက အဲဒီလောက်ကြီး ဖိအားဖြစ်မနေစေသလိုပဲ။ အဖေ လေ့လာကြည့်ရသလောက် အရင်တုန်းက ရုပ်တုသဏ္ဌာန်ဖွဲ့စည်းတဲ့အခါမှာတောင် သူက တည်ငြိမ်ပြီး စိတ်အေးလက်အေး ရှိနေတုန်းပဲ။ သူက ပြင်းထန်တဲ့ အရေးကိစ္စတွေကို ဖြတ်သန်းတွေးကြုံလာဖူးတဲ့ ပါရမီရှင်အဆင့် လူတစ်ယောက် ကျိန်းသေဖြစ်နိုင်တယ်။ တုံ့ယွမ်အိမ်တော်ရဲ့ ပျက်စီးမှုက သူ့အတွက် နည်းနည်းလေးတောင် အရေးမကြီးတာ ဖြစ်နိုင်တယ်။"
ဟယ်လျန်ယိုက ခေါင်းညိတ်ရင်း ပြောလိူက်သည်။ "သမီး အဲဒါကို သဘောတူတယ်။"
သူမနှင့် သူမ၏ အဖေတွင် တူညီသော ခံစားချက်မျိုးရှိသည်။ သူမ၏ အဆင့်က ရီဖူရှင်းထက် မြင့်သည်မှာ သေချာပေသည်။ သို့သော်လည ရီဖူရှင်းထံမှ ထုတ်လွှတ်သော အရှိန်အဝါတို့က သူက သူမထက် အကြီးအကဲ ဖြစ်နေသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပေသည်။ ထိုသည်မှာ စစ်မှန်သော ခွန်အားမှ ယူဆောင်လာနိုင်သော အရှိန်အဝါနှင့် ယုံကြည်ချက်တို့မှ ယူဆောင်လာနိုင်သည့် အရာပင် ဖြစ်သည်။
"မကြာသေးခင်က ဆင့်လောအိမ်တော်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်။ ဆင့်လောအိမ်တော် တည်ရှိတဲ့ တောင်တစ်ခုလုံးကို ဓားစွမ်းအင်တွေ လွှမ်းခြုံထားခဲ့တယ်တဲ့။" အင်ပါယာဟယ်လျန်က သူ့အသံကို စိတ်ထဲမှ ဆက်လက်ပို့ဆောင်လိုက်သည်။ ဟယ်လျန်ယိုက မှင်တက်သွားသည်။ သူမ၏ နှလုံးသားက တုန်လှုပ်သွားရင်း သူမ အဖေကို ကြည့်လိုက်မိတော့သည်။
***