← Chapters

ပေ့ဟန်နယ်၏ အံ့အားသင့်မှု

Vol. 9 Ch. 837

ပေ့ဟန်နယ်၏ အံ့အားသင့်မှု

Vol. 9 Ch. 837

ပေ့ဟန်နယ်သည် အလွန် ကြီးမားကျယ်ပြန့်သည်။ ၎င်းသည် ပြည်နယ် သုံးဆယ့်ခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး များစွာသော မိသားစု၊ မျိုးနွယ်များ၊ ဂိုဏ်းများ မှီတင်း နေထိုင် ကြသည်။

ယနေ့ ပေ့ဟန်နယ်တွင် ကြီးမားသော သတင်း တစ်ခုက တောမီးအလား ပျံ့နှံ့ နေ၏။

“ဟေ့… ကြားပြီးပြီလား… ယန်ပြည်နယ်မှာ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပြီးတော့ ဝမ်ရှင်း တန်ခိုးရှင် ငါးယောက် သေသွားတယ်တဲ့”

“ဟုတ်လို့လား… ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်ချင်းစီက အရမ်း အစွမ်းထက် ကြတယ်… လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာတောင် တစ်ယောက်မှ မသေခဲ့ကြဘူးလေ... သူတို့ကို ဘယ်သူ သတ်တာလဲ… ဟူးကောင်း ကောင်းကင် နယ်မြေ ဂိုဏ်းချုပ်လား… ဒါမှမဟုတ် ခရမ်း မျောက်ဝံ ဘုရင်လား…”

“တစ်ယောက်မှ မဟုတ်ဘူး… ချန်းဖန်လို့ ခေါ်တဲ့ ကျူးဝမ်မျိုးနွယ် ဝမ်ရှင်း တန်ခိုးရှင်တဲ့…”

“ဘယ်လို…”

ထိုသို့သော စကားဝိုင်းတိုင်းမှာ ပေ့ဟန်နယ်၏ နေရာတိုင်း လိုလိုတွင် ဖြစ်ပွားနေ၏။ မရေမတွက်နိုင်သော ပေ့ဟန်သားတို့မှာ အံ့သြ ထိတ်လန့်ခြင်းကို ခံစားနေရသည်။

ပေ့ဟန်နယ်သည် ပြည်နယ် သုံးဆယ့်ခြောက်ခုဖြင့် ဖွဲ့စည်းထားပြီး ချန်းဖန်သည် ပြည်နယ်တစ်ခု၏ ဝမ်ရှင်း တန်ခိုးရှင် အားလုံး နီးပါးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ မည်သူက မကြောက်ပဲ နေပါမည်နည်း။ ထိုကိစ္စကို ကြားအပြီး၌ အင်အားကြီး မိသားစု၊ မျိုးနွယ် ခေါင်းဆောင်များပင် ချန်းဖန်ကို လေးစား သွားမိကြသည်။

သို့သော်လည်း ထိုအရာက လူတိုင်းကို အံ့သြစေသည့် တစ်ခုတည်းသော အရာ မဟုတ်ချေ။

“အဲဒီ ကျူးဝမ် မျိုးနွယ် မူလအဆင့်က ငယ်ငယ်လေးနဲ့ အလယ်ဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားတာတဲ့”

“တကယ်ကြီးလား…”

အလယ်ဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားသော ဝမ်ရှင်း တန်ခိုးရှင်…

ထိုအရာကား ထိပ်တန်း မျိုးနွယ် ဆယ်ခုနှင့် မိသားစုကြီး ရှစ်ခု ခေါင်းဆောင်များနှင့်ပင် နှိုင်းယှဥ် နိုင်သော အဆင့် ဖြစ်သည်။ ကောင်းကင်နယ်မြေ အချို့၏ ခေါင်းဆောင်များပင် ထိုအဆင့်သို့ မရောက်ကြသေးချေ။ ပေ့ဟန်နယ်၌ ထိုသို့ ကျင့်ကြံခြင်း အဆင့် ရှိသူတိုင်းမှာ အထွတ်အထိပ်၌ ရပ်တည်နိုင်ကြသည်ချည်း ဖြစ်သည်။

“ကျူးဝမ်မျိုးနွယ်တွေက ကျိန်စာတိုက်ခံထားရတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး အဲဒီလို အရှင်သခင် တစ်ယောက် ပေါ်ထွက် လာရတာလဲ…”

မရေမတွက်နိုင်သော လူများမှာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ကြ၏။

“ငါတို့ ပေ့ဟန်နယ်မှာ နောက်ထပ် အစွမ်းထက် အင်အားစု တစ်ခု ပေါ်လာတော့မှာလား…”

ရှန်းပြည်နယ်၊ ထျန်းမန် ကောင်းကင် နယ်မြေ…

မန်ကူးသည် ထျန်မန်တောင်တန်းတွင် ကျင့်ကြံနေသည်။ တောက်ပသော အလင်းများသည် သူ၏ ခန္ဓာကိုယ် တစ်ဝိုက်၌ ဓားများ အလား လင်းလက်နေ၏။ ထိုအလင်းများသည် လွန်ခဲ့သည့် ရာစုနှစ် အတွင်း ထျန်းမန်တောင် တစ်ခုလုံးမှ ထုတ်လုပ်သည့် စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မန်ကူးနှင့် မလှမ်းမကမ်း တစ်နေရာတွင်မူ ထျန်းမန်ခန်းမ အကြီးအကဲများမှာ ရပ်ကာ အကဲခတ် ဆွေးနွေး နေကြ၏။

“မန်ကူးက အများကြီး တိုးတက်လာတာပဲ… ကျူးဟန် တောင်တန်းမှာ ရှုံးပြီး ကတည်းက သူက အရမ်း ကြိုးစားလာတယ်… နောက် ဆယ်စုနှစ် နှစ်ခုလောက်ဆို သူက အဆင့်ငါး ရွှေအမြုတေကို နိုင်ယူ လာနိုင်မှာ သေချာတယ်…”

"အတိတ်တုန်းက ချီဖန်ခုန်းဟာ ပေ့ဟန်နယ် ပြည်နယ် သုံးဆယ့်ခြောက်ခုမှာ ထိပ်ဆုံး ပါရမီရှင် ဖြစ်ခဲ့တယ်… သူက မိုးကြိုး ကပ်ဘေး လေးခုကို ကျော်ဖြတ်ပြီး အလယ်ဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တယ်…  အရှင်ပေ့ဟန် ကိုယ်တိုင်တောင် သူ့ရဲ့ ပါရမီ အတွက် အံ့အားသင့် ခဲ့ရပြီး ယန်ပြည်နယ် သခင် ဘွဲ့ကို အပ်နှင်းခဲ့တယ်… မန်ကူးသာ မိုးကြိုး ကပ်ဘေးမှာ အသက်ရှင် နိုင်မယ် ဆိုရင် ချီဖန်ခုန်း ထက်တောင် ပိုပြီး အစွမ်းထက် လာလိမ့်မယ်… အဲဒီ အခါကျရင် အခြား ကောင်းကင် နယ်မြေ ငါးခုက ငါတို့ ထျန်းမန် နယ်မြေကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး"

ထျန်းမန်ဂိုဏ်း မဟာ အကြီးအကဲက သူ၏ မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း ပြောလိုက်၏။

ကောင်းကင် နယ်မြေ ခြောက်ခုသည် အင်အား မျှတသည် ဆိုသော်လည်း သူတို့၌ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိသည်။

အကယ်၍ မန်ကူးသာ အဆင့်ငါး ရွှေအမြုတေကို ပိုင်ဆိုင်ပါက သူသည် ပေ့ဟန် လူငယ် မျိုးဆက်၌ အစွမ်း အထက်ဆုံးလူ ဖြစ်လာပေလိမ့်မည်။ ထိုသို့သော ပါရမီမျိုးက ပေ့ဟန်နယ် အပြင်ဘက်တွင်ပင် ရှားပါးပြီး ကောင်းကင် ဂိုဏ်းများ၏ တပည့်များနှင့်ပင် နှိုင်းယှဉ် နိုင်၏။

အကြီးအကဲများ ပြောဆို ဆွေးနွေး နေကြချိန် မှာပင်…

"ကလန့်…"

အလင်းတန်း တစ်ခုသည် အဝေးမှ ပျံသန်းလာကာ မဟာ အကြီးအကဲ၏ လက်အတွင်းသို့ ကျရောက် သွား၏။ ထိုအလင်းတွင် ပါဝင်သော အရာကို စစ်ဆေးပြီးနောက် မဟာ အကြီးအကဲ၏ လက်များမှာ တုန်ရီ သွားသည်။

"ဘာဖြစ်လို့လဲ…"

အခြားလူများက မေးလိုက်သည်။

"ယန်ပြည်နယ်မှာ ဝမ်ရှင်း တန်ခိုးရှင် အသစ် တစ်ယောက် ပေါ်လာတယ်… သူက ရွှေအမြုတေ အဆင့် ငါးယောက်ကို သတ်ပြီး ချီဖန်ခုန်းကိုတောင် နောက်ဆုတ်ဖို့ ဖိအားပေး နိုင်ခဲ့တယ်တဲ့… နောက်ပြီး သူက အသက် တစ်ရာတောင် မပြည့်သေးတဲ့ ကျူးဝမ် မျိုးနွယ်တဲ့"

မဟာ အကြီးအကဲက ဖြူရော်စွာ ပြုံးရင်း ပြန်ဖြေ လိုက်သည်။

"ဘယ်လို…"

အဖြေကို ကြားသည်နှင့် လူတိုင်းကား ဆွံ့အ သွားကြတော့သည်။

"မဖြစ်နိုင်ဘူး… ဘယ်လို လုပ်ပြီး အသက် တစ်ရာ မပြည့်သေးတဲ့ လူက ဒီလောက် အစွမ်းထက်မှာလဲ… နောက်ပြီး သူက ကျူးဝမ်လေ…သတင်းက တကယ်ရော သေချာလို့လား"

အတန်ကြာ၌ တစ်ယောက်က သံသယ ဖြစ်စွာဖြင့် မေးလိုက်သည်။

"အင်း… ထျန်းကျိ ကောင်းကင် နယ်မြေရဲ့ ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက် ကိုယ်တိုင် မြင်လိုက်ရတာတဲ့… သူ့ရဲ့ ခန့်မှန်းချက် အရဆို အဲဒီ တစ်ယောက်က အလယ်ဆင့် ရွှေအမြုတေ တစ်ယောက် ဟုတ်ရင်ဟုတ် မဟုတ်ရင် အဆင့်ခြောက် ရွှေအမြုတေ ပိုင်ရှင် ဖြစ်ရမယ်တဲ့"

မဟာ အကြီးအကဲ သက်ပြင်း တစ်ချက် ချရင်း ပြန်ဖြေ လိုက်၏။

" … "

ထို့နောက် ထျန်းမန် ခန်းမ တစ်ခုလုံးကား နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် သွားတော့သည်။

***

ရွှမ်မိန် ကောင်းကင် နယ်မြေ…

သတင်းအား ကြားပြီသည်နှင့် လင်းဝူဟွာသည် တစ်ကိုယ်တည်း တံခါးပိတ် ကျင့်ကြံမည်ဟု ကြေညာကာ လူမြင်ကွင်းမှ ပျောက်ကွယ် သွားသည်။

"အစ်မမူ… ဝမ်ရှင်း တန်ခိုးရှင်ချန်းက စီနီယာချန်း ဖြစ်မယ်လို့ အစ်မ ထင်လား"

ယွင်ရီအာက မေး၏။

"ဟင့်အင်း…"

မူဟုန်တိက ခေါင်းခါလိုက်သည်။ သူမ၏ မျက်ဝန်းတွင်မူ စိတ်မကောင်းခြင်း များစွာက နေရာယူ နေ၏။

"တော်ဝင်မြို့က လာတဲ့ သတင်းတွေ အရဆို စီနီယာချန်းက တော်ဝင် တပ်ဖွဲ့ သုံးခုရဲ့ သုတ်သင်တာကို ခံလိုက်ရပြီတဲ့"

"စိတ်မကောင်းစရာပဲ… စီနီယာချန်းသာ ရှိနေသေးရင် တစ်နေ့မှာ ဝမ်ရှင်း တန်ခိုးရှင် ချန်းလို ဖြစ်လာမှာ…"

ယွင်ရီအာက သက်ပြင်း တစ်ချက် ချလိုက်သည်။

***

ပေ့ဟန်နယ်၊ တော်ဝင်မြို့၊ ကောင်းကင်မြို နန်းတော်…

"မင်းသတင်းက သေချာရဲ့လား…"

ကျိုးတုလော့သည် ရာဇ ပုလ္လင်ထက်တွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ သူသည် တောက်ပသော အင်္ကျီနှင့် ပုလဲ ခုနစ်လုံးပါ သရဖူကို ဆင်မြန်း ထား၏။

"သေချာပါတယ် အရှင်…"

စုံစမ်းရေး အဖွဲ့ ခေါင်းဆောင်က ဦးညွှတ်ရင်း အဖြေပေး လိုက်သည်။

"သတင်းက ယန်ပြည်နယ် အစိုးရ ဆီက တိုက်ရိုက် လာတာပါ… အဲဒီ ကျူးဝမ် မျိုးနွယ် ကျင့်ကြံသူက အရမ်းကို အစွမ်းထက်ပြီး အလယ်ဆင့် ရွှေအမြုတေကို ပိုင်ဆိုင် ထားတယ်တဲ့… ချီဖန်ခုန်း ကိုယ်တိုင်တောင် သူ့ကို ရင်ဆိုင်ဖို့ သတ္တိ မရှိခဲ့ဘူးလို့ ပြောတယ်… နောက်ပြီး ပိုပြီး ထူးဆန်းတာက အဲဒီ ဝမ်ရှင်း တန်ခိုးရှင်က အသက် တစ်ရာ မပြည့်လောက် သေးဘူးတဲ့"

"အသက် တစ်ရာ မပြည့်သေးတဲ့ ကျူးဝမ် မျိုးနွယ် ဝမ်ရှင်း တန်ခိုးရှင်…"

ကျိုးတုလော့၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။ ထိုတစ်ယောက်က သူ့အား အနည်းငယ် မနာလို ဖြစ်စေ၏။

"အရှင်… ချီဖန်ခုန်းက ဒီပြဿနာကို ဖြေရှင်းဖို့ တော်ဝင် မိသားစုကို အကူအညီ တောင်းထားတယ်… မဟုတ်ရင် အဲဒီ ကျူးဝမ် မျိုးနွယ်ရဲ့ လက်အောက်မှာ ယန်ပြည်နယ် ဆုံးရှုံး သွားရလိမ့်မယ် တဲ့"

စုံစမ်းရေး အဖွဲ့ ခေါင်းဆောင်က ဆက်ပြောသည်။

"အင်း…"

ကျိုးတုလော့က အနည်းငယ် စဉ်းစားဟန် မျက်မှောင်ကြုတ် လိုက်သည်။

တော်ဝင် မိသားစု၏ မင်းသား တစ်ပါး အနေဖြင့် သူ့အတွက် သာမန် ဝမ်ရှင်း တန်ခိုးရှင် တစ်ပါးကို ရှင်းပစ်ရန်မှာ မခက်ခဲချေ။ သို့သော်လည်း အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် တစ်ယောက်နှင့် ရင်ဆိုင်ရာတွင်မူ ထိုအရာက အနည်းငယ် ခြားနား၏။

"အရှင်… ချီဖန်ခုန်း ပြောပုံ အရဆို အဲဒီ တစ်ယောက်က လေဟာနယ်ကို ဖောက်ထွက်ပြီး ပျံသန်း နိုင်တယ်တဲ့… ဒါပေမဲ့ ကျုပ်ကတော့ အဲဒါ မမှန်နိုင်ဘူးလို့ ထင်တယ်… အဲဒီလို နတ်ဘုရား စွမ်းအားမျိုးက ဓားဧကရာဇ်လို အရှင်သခင် တွေပဲ သိတာ မလား… သူက အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် တစ်ယောက် ဖြစ်ရင်တောင် အဲဒါက အရမ်းကြီး…"

စုံစမ်းရေး အဖွဲ့ ခေါင်းဆောင်က ဆက်ပြော လိုက်သည်။

"ဘာ… လေဟာနယ်ကို ဖောက်ထွက်ပြီး ဟုတ်လား…"

ကျိုးတုလော့မှာ သတိ ဝင်လာသည်နှင့် ထအော် လိုက်၏။

ထို့နောက် သူက အလျင်စလိုပင် ချန်းဖန်၏ ပုံတူကို ယူလာခိုင်း လိုက်သည်။

အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံး ပိုင်ရှင် ကျူးဝမ် မျိုးနွယ် လူငယ်ကို မြင်တွေ့ အပြီးတွင်မူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အေးခဲ သွားတော့၏။

"အဲဒါ သူပဲ…"

"ချန်းပေ့ရွှမ်း…"

ကျိုးတုလော့၏ လက်များမှာ တဆတ်ဆတ် တုန်ရီလာသည်။

ဓားဧကရာဇ်သည် သူ့အား ချန်းဖန်ကို ဖမ်းရန် အမိန့်ပေးခဲ့သည်။ သူသည် တော်ဝင် တပ်ဖွဲ့ သုံးခုကို သုံး၍ မြေလှန် ရှာဖွေသည့်တိုင် ချန်းဖန်ကို မည်သည့် နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။ အဆုံး၌ သူတို့သည် ချန်းဖန် ပေ့ဟန်နယ်မှ ထွက်သွားပြီ ဟုသာ ကောက်ချက်ချခဲ့သည်။

သို့သော်လည်း ယခုတွင်မူ ချန်းဖန်မှာ အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် တစ်ယောက် အနေဖြင့် ပြန်ပေါ်လာခဲ့သည်။ မည်သို့ပင် ဆိုစေ သူ၏ တာဝန်က ချန်းဖန်ကို ရှင်းလင်းရန် ဖြစ်ရာ ကြောက်ရွံ့နေ၍ မရတော့ချေ။

"တပ်ဖွဲ့ သုံးခု ခေါင်းဆောင်တွေကို အဆင်သင့် ပြင်ထားဖို့ အမိန့်ပေးလိုက်… ငါ ဓားဧကရာဇ်ကို သွားတွေ့ပြီး ဒီအကြောင်း ပြောလိုက်ဦးမယ်"

ထို့နောက် ကျိုးတုလော့မှာ ချက်ချင်းပင် ထိုင်ရာမှ ထကာ ဓားနန်းတော်သို့ ပျံသန်း သွားတော့သည်။

***

ယန်ပြည်နယ် မြောက်ပိုင်း ဒေသ ရှေးဟောင်း ကျူးဝမ်မြို့…

တိုက်ပွဲ အပြီးနေ့မှ စ၍ ကျူးဝမ် မျိုးနွယ်များသည် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပ နေကြသည်။ သူတို့သည် ဘဝ တစ်လျှောက်လုံး၌ ထိုကဲ့သို့ တစ်ခါမှ မပျော်ခဲ့ဖူးချေ။ ဘိုးဘေး ဘုရားကျောင်း၏ အကြီးအကဲများပင် သာမန် လူများနှင့် အတူ လမ်းမများ ထက်၌ ကခုန် နေကြသည်။

တိုက်ပွဲ၏ သူရဲကောင်း အနေဖြင့် ချန်းဖန်သည် များစွာသော လူများ၏ လာရောက် ဂုဏ်ပြုမှုများကို နေအိမ်၌ လက်ခံ တွေ့ဆုံ နေရသည်။ သူသည် ပုံမှန်အားဖြင့် ထိုသို့သော အရာများကို သဘော မကျသော်လည်း ယခုတွင်မူ စစ်မှန်သော ပျော်ရွှင်မှုကို ခံစား နေရသည်။

ဧည့်သည်များ ကြဲပါး သွားချိန်၌ ချန်းဖန်သည် ရှောင်မန်နှင့် အတူ ဘိုးဘေး ဘုရားကျောင်းသို့ ထွက်လာခဲ့သည်။ ကျူးဝမ် မျိုးနွယ်၏ အကြီးအကဲများသည် အပေါက်ဝ၌ စုစည်းကာ ချန်းဖန်အား ကြိုဆိုကြ၏။

"နှုတ်ဆက်ပါတယ်… ကြီးမြတ်တဲ့ ဝမ်ရှင်း တန်ခိုးရှင်"

ချင်လော့နှင့် ရှဲ့ချန်းယန် အပါအဝင် ကျူးဝမ် မျိုးနွယ်၏ မူလ အဆင့်များက ချန်းဖန်အား တညီတညွတ်တည်း ဦးညွှတ် ကြသည်။ ထို့နောက် သူတို့က ချန်းဖန်အား ဧည့်ခန်းမသို့ ဖိတ်ခေါ်၌ အဓိက ထိုင်ခုံ၌ နေရာပေး၏။

"အားလုံးပဲ… ထိုင်ကြပါ… တရိုတသေ လုပ်နေစရာ မလိုပါဘူး"

ချန်းဖန်က လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

"ဟား ဟား…"

ချန်းဖန်၏ မောက်မာခြင်း မရှိသော အပြုအမူကြောင့် များစွာသော မူလ အဆင့်များမှာ သက်တောင့်သက်သာ ရယ်မောရင်း ထိုင်လိုက်ကြသည်။

"ဝမ်ရှင်း တန်ခိုးရှင်ချန်း… ချန်းပေ့ရွှမ်း ဆိုတာလည်း အရှင်ပဲလား မသိဘူး"

ရှဲ့ချန်းယန်က မေးလိုက်၏။

***

All Chapters