ချန်းဖန်၏ သမိုင်း
Vol. 9 Ch. 838
"ချန်းပေ့ရွှမ်း…"
ချင်လော့ အပါအဝင် လူတိုင်းက ချန်းဖန်အား ပါးစပ် အဟောင်းသားဖြင့် ချန်းဖန်အား ကြည့်လိုက်ကြသည်။
"ဆရာ ဘိုးဘိုး… အဲဒါက ဘာအဓိပ္ပာယ်လဲ ကျွန်မ အကိုက ဘယ်လိုလုပ်ပြီး ဝရမ်းပြေး ချန်းပေ့ရွှမ်း ဖြစ်မှာလဲ…"
ရှောင်မန်က အလောတကြီး ဝင်ပြော လိုက်သည်။
ယန်ပြည်နယ် တစ်ခွင်၌ "ချန်းပေ့ရွှမ်း" ဆိုသော အမည် ကျော်ကြားနေခဲ့သည်က ကြာမြင့် ခဲ့ပြီ ဖြစ်သည်။
ထို့အတူ ကျူးဝမ် မျိုးနွယ်များမှာလည်း ကျူးဟန် တောင်တန်း၌ ဖြစ်ပျက်ခဲ့သည် များကို သိရှိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း သူတို့သည် ကျူးဝမ်မြို့သို့ ပြောင်းရွှေ့ လာသည့် "ချန်းဖန်" ဆိုသော လူငယ်လေးမှာ နာမည်ကျော် ချန်းပေ့ရွှမ်း ဖြစ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
"ဟုတ်တယ်… ငါက ချန်းပေ့ရွှမ်းပဲ…"
ချန်းဖန်က ခေါင်းညိတ်ရင်း အတည်ပြု လိုက်၏။
" … "
ရုတ်ခြည်းပင် အခန်း တစ်ခုလုံး ဆွံ့အ ငြိမ်သက် သွားသည်။ လူတိုင်းသည် ချန်းဖန်အား မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ကြ၏။
"ဝမ်ရှင်း တန်ခိုးရှင်ချန်းက ဓားဧကရာဇ် ကိုယ်တိုင် သတ်ချင်နေတဲ့ ဝရမ်းပြေး ချန်းပေ့ရွှမ်းလား…"
ထိုအတွေးက အားလုံး၏ စိတ်တွင် စိုးမိုး လာသည်။
ကျိုးမျိုးနွယ်သည် နဂါးရိုင်းများနှင့် လုံးဝ ခြားနားသော ပေ့ဟန်နယ်၏ အုပ်ချုပ်သူ မျိုးနွယ် ဖြစ်သည်။ သူတို့အား ဆန့်ကျင်သည့် မည်သူ မဆို အသက်ရှင် လွတ်မြောက်ခဲ့သော မှတ်တမ်း မရှိချေ။
တစ်ခဏ အကြာ၌ ရှဲ့ချန်းယန်က ပြောလိုက်သည်။
"စိတ်မပူပါနဲ့… ဝမ်ရှင်း တန်ခိုးရှင်ချန်းက အစွမ်းထက်တာပဲ… နောက်ပြီး ကျိုးမျိုးနွယ်က ဒီလျှို့ဝှက်ချက်ကို သိမှာ မဟုတ်ပါဘူး… ဘယ်သူပဲ ဖြစ်ဖြစ် ဝမ်ရှင်း တန်ခိုးရှင်ချန်းက ကျုပ်တို့ ကျူးဝမ် မျိုးနွယ်ကို ကယ်တင် ခဲ့တာပဲ… ကျေးဇူး အများကြီး တင်ပါတယ်"
အခြားသော ကျူးဝမ် မျိုးနွယ် အကြီးအကဲ များကလည်း သက်ပြင်းချကြ၏။ အကယ်၍ ထိုသတင်း ပျံ့နှံ့သွားလျှင်ပင် တော်ဝင် မိသားစုသည် သာမန် မျိုးဆက် တစ်ယောက် အတွက် ဝမ်ရှင်း တန်ခိုးရှင်ကို တိုက်ခိုက်လိမ့်မည် မထင်ချေ။
"ကျုပ် ကြားသလောက် ဆိုရင် ဝမ်ရှင်း တန်ခိုးရှင်ချန်းက ကျူးဟန် ရတနာသိုက်ကို တွေ့ခဲ့ပေမဲ့ တော်ဝင် တပ်ဖွဲ့ရဲ့ သုတ်သင်တာကို ခံလိုက်ရတယ်ဆို… အဲဒီ ကောလာဟလတွေက အမှားတွေပေါ့… ဟုတ်လား"
ကျူးဝမ် အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။
"ငါ ကျူးဟန် ကောင်းကင် နယ်မြေထဲမှာပဲ တစ်ချိန်လုံး ရှိနေဝာာ… ဘယ်အစောင့်နဲ့မှ မတွေ့ပါဘူး"
ချန်းဖန်က ခေါင်းခါ လိုက်၏။
"ဒါနဲ့… ဝမ်ရှင်း တန်ခိုးရှင်က ဘယ်ကနေ လာတာလဲ… တကယ်ပဲ ဆူးပြည်နယ်က လာတာလား… နောက်ပြီး ကျုပ်တို့လို သွေးမျိုးဆက်နဲ့ ဘယ်လို လုပ်ပြီး ရွှေအမြုတေကို ဖွဲ့စည်းနိုင်တာလဲ"
ချင်လော့က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ လူတိုင်းကလည်း ချန်းဖန်၏ အဖြေအား မျှော်လင့်တကြီး စောင့်မျှော်ကြ၏။
မူလ အဆင့်များ အနေဖြင့် သူတို့ အသိချင်ဆုံး အရာမှာ ချန်းဖန် မည်သည့် နည်းလမ်းဖြင့် ရွှေအမြုတေ အဆင့်သို့ ဝင်ရောက်ခဲ့သနည်း ဆိုသော မေးခွန်းပင် ဖြစ်သည်။
ကျူးဝမ် မျိုးနွယ်သည် မျိုးဆက်ပေါင်း များစွာ ကျင့်ကြံခဲ့သည့်တိုင် မည်သူမျှ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ကျော်လွန်၍ မရောက်ခဲ့ ဖူးချေ။ အချို့ကမူ ထိုအရာမှာ ပထမ အရှင် ပေ့ဟန် ထားခဲ့သော ကျိန်စာကြောင့်ဟု ပြောကြသည်။
"ငါ့သွေးမှာက ဘယ်လို ကန့်သတ်ချက်မှ ပါမလာဘူး…"
ချန်းဖန်က ဝိုင်ခွက်ကို ကောက်ယူရင်း ဖြည်းညင်းစွာ ပြောလိုက်၏။
"ဘယ်လို…"
ဘိုးဘေး ဘုရားကျောင်း အတွင်းရှိ လူတိုင်းမှာ ဆွံ့အ သွားကြ၏။
ရှဲ့ချန်းယန် ပင်လျှင် ထိုအရာကို မယုံကြည်နိုင်ချေ။ ကျိန်စာသည် ကျူးဝမ် မျိုးနွယ်တိုင်း၏ သွေးများ အတွင်း၌ စီးဆင်း နေသော အရာ ဖြစ်သည်။ မည်သူမျှ လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။
"ဖြစ်နိုင်တာက သူက ကျူးဝမ် မျိုးနွယ် မဟုတ်တာလား…"
အချို့ အကြီးအကဲများက ချန်းဖန်အား ကြောက်ရွံ့စွာ ကြည့်ကြသည်။
"အစ်ကို… ထျန်းဟောင်ဂြိုဟ်ပေါ်မှာ နေထိုင်တဲ့ ကျူးဝမ် မျိုးနွယ် အားလုံးက ပါရမီတွေ ကန့်သတ်ချက်တွေ ရှိတယ်… သမီးတို့ ဘယ်လောက် ဝေးဝေး သွားသွား ဘယ်နေရာ ရောက်ရောက် မလွတ်မြောက်နိုင်ဘူး"
ရှောင်မန်ကလည်း လက်မခံနိုင်စွာ ပြောလိုက်၏။
"ထျန်းဟောင်ဂြိုဟ်ပေါ်က ကျူးဝမ် မျိုးနွယ် အားလုံးက ပါရမီတွေ ကန့်သတ် ခံထား ရတယ်… မှန်တယ်… ဒါပေမဲ့ ငါက ထျန်းဟောင်ဂြိုဟ်က မဟုတ်ဘူး ဆိုရင်ရော…"
ချန်းဖန်က ဝိုင်ခွက်ကို ချကာ တစ်ချက် ပြုံးလိုက်၏။
"ထျန်းဟောင်ဂြိုဟ်က မဟုတ်ဘူး…"
လူတိုင်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။
သူတို့ သိသမျှ အရာက ထျန်းဟောင်ဂြိုဟ်သာ တစ်ခုတည်းသော ကမ္ဘာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ဝမ်ရှင်း တန်ခိုးရှင်ချန်းက ထျန်းဟောင်ဂြိုဟ်မှ မဟုတ်ဟု ဆိုသည်။ ထိုအရာက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ရှဲ့ချန်းယန် တစ်ယောက်သာ တစ်စုံတစ်ခုကို နားလည်သည့် တုန်တုန်ရီရီဖြင့် ချန်းဖန်အား စူးစိုက် ကြည့်နေခဲ့သည်။
"ကြည့်ရတာ မဟာ အကြီးအကဲက နားလည်ပုံ ရတယ်…"
ချန်းဖန်က ပြုံးလိုက်၏။
"ဝမ်… ဝမ်ရှင်း တန်ခိုးရှင်ချန်းက အရှေ့ဂြိုဟ် ဆိုတြာ လာတာလား…"
ရှဲ့ချန်းယန်က စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှ ထရင်း ချန်းဖန်အား မေးလိုက်သည်။
"ဟုတ်တယ်…"
ချန်းဖန်က ခေါင်းညိတ် လိုက်၏။
"မဟာ အကြီးအကဲ… အရှေ့ဂြိုဟ် ဆိုတာက ဘာလဲ…"
အခြား အကြီးအကဲများက နားမလည်စွာ မေးကြသည်။
သို့သော်လည်း ရှဲ့ချန်းယန်က ထိုအရာအား ကြားပုံ မရချေ။ သူက မျက်ရည်များ ကျကာ တရှုံ့ရှုံ့ ငိုကြွေး နေ၏။
"ငါတို့ ကျူးဝမ်တွေရဲ့ မွေးရပ်မြေက တစ်ယောက် ရောက်လာပြီ… ကောင်းကင် အရှင်သခင်တွေက စတေးခံခဲ့ရတာ အလကား မဖြစ်တော့ဘူး"
ထို့နောက် သူက ချန်းဖန်၏ နံဘေးသို့ သွားရောက်ကာ ချန်းဖန်၏ လက်အား ဆုပ်ကိုင် လိုက်သည်။
"ဝမ်ရှင်းတန်ခိုးရှင်ချန်းက အမတေ ပေါင်းစည်းခြင်း ဂိုဏ်းကလား… ဒါမှမဟုတ် လျှို့ဝှက် အဇူရာ ဂိုဏ်းကလား… ယွင်ထျန်း နန်းတော် ကလား… သခင် ရတနာ ဝိညာဉ်နဲ့ ဝမ်ရှင်း တန်ခိုးရှင် ယွင်ရှောင်တို့ရော ဘယ်လိုနေလဲ"
"ငါက အဲဒီ ဂိုဏ်းတွေက မဟုတ်ဘူး… သေမျိုး ကမ္ဘာက လာတာ"
ချန်းဖန်က ခေါင်းခါ လိုက်သည်။
"သေမျိုးကမ္ဘာ… စာအုပ်တွေထဲမှာ ပြောတာ ကတော့ သေမျိုး ကမ္ဘာက ဝိညာဉ်ချီ ခမ်းခြောက်ပြီး ကျင့်ကြံဖို့ အဆင်မပြေ တော့ဘူးဆို… ဘယ်လို လုပ်ပြီး ရွှေအမြုတေ အဆင့် တစ်ယောက် ပေါ်လာတာလဲ"
ရှဲ့ချန်းယန်က ဖြူရော်သော အပြုံးဖြင့် ဆက်ပြော လိုက်သည်။
"နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့နောက် ငါတို့ကို ကယ်တင်ဖို့ မွေးရပ်မြေက မျိုးဆက် တစ်ယောက် ရောက်လာမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"
အခြားသော အကြီးအကဲများမှာမူ ရှဲ့ချန်းယန်နှင့် ချန်းဖန်တို့ ပြောနေသည့် အကြောင်းအရာများကို ယခုထိ နားမလည် ကြသေးချေ။
"မဟာ အကြီးအကဲ… ဘာတွေ ပြောနေတာလဲ.. ကျွန်တော်တို့ကိုလည်း ရှင်းပြ ပါဦး"
ချင်လော့က မေးလိုက်၏။
"ဟုတ်သားပဲ… ငါတို့ မျိုးနွယ် အကြောင်း မင်းတို့ သိသင့်တဲ့ အရာတွေ အများကြီး ရှိသေးတယ်"
ရှဲ့ချန်းယန်က သက်ပြင်းတစ်ချက် ချရင်း စတင် ရှင်းပြ လိုက်သည်။
"ငါတို့ ကျူးဝမ် မျိုးနွယ်တွေရဲ့ မွေးရပ်မြေက ထျန်းဟောင်ဂြိုဟ် မဟုတ်ဘူး… အရှေ့ဂြိုဟ် လို့ ခေါ်တဲ့ စကြဝဠာထဲမှာ ရှိတဲ့ ဝေးလံတဲ့ ဂြိုဟ်တစ်ခုကပဲ… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာက ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတော့ အရှေ့ဂြိုဟ်ရဲ့ ဝိညာဉ်ချီက စတင် ခန်းခြောက် လာခဲ့တယ်… ဒါကြောင့်ပဲ ဝမ်ရှင်း တန်ခိုးရှင်တွေဟာ ကျုးဝမ် မျိုးနွယ်တွေကို ဦးဆောင်ပြီး ထျန်းဟောင်ဂြိုဟ်ကို ပြောင်းရွှေ့ လာခဲ့ ကြတာ"
"ဘယ်လို…"
ရှဲ့ချန်းယန်၏ စကားက ဘိုးဘေး ဘုရားကျောင်း တစ်ခုလုံးအား ရေနှင့် ငြိမ်းသတ်ခြင်း ခံရသည့် မီးအလား ငြိမ်သက် သွားစေသည်။ ထိုအရာက အံ့အားသင့်ခြင်း မျှသာ မကချေ။ လုံးဝ ဆွံ့အသွားကြခြင်း ဖြစ်သည်။
"မဖြစ်နိုင်ဘူး… ငါတို့က ဘယ်လို လုပ်ပြီး အခြား ဂြိုဟ်သားတွေ ဖြစ်နေရ တာလဲ"
များစွာသော အကြီးအကဲများမှာ ထိုအရာကို လက်မခံနိုင်ကြချေ။
ကျူးဝမ် မျိုးနွယ်များသည် ထျန်းဟောင်ဂြိုဟ်တွင် နှစ်ထောင်ပေါင်း များစွာ နေထိုင်ခဲ့ကြရာ ထျန်းဟောင် ဂြိုဟ်သားအဖြစ် ခံယူခဲ့ကြပြီး ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် သူတို့၏ မွေးရပ်မြေမှာ ထျန်းဟောင်ဂြိုဟ် မဟုတ်ပဲ အခြား ဂြိုဟ်တစ်ခု ဖြစ်ကြောင်း ရုတ်တရက် ကြားရခြင်းက သူတို့အား နားမလည်နိုင်အောင် ဖြစ်စေသည်။
"နေဦး… မဟာ အကြီးအကဲ… စကြဝဠာကို ဖြတ်ပြီး လာတယ် ဆိုတော့… ကျုပ်တို့မှာ ဝမ်ရှင်း တန်ခိုးရှင် တစ်ပါး ရှိခဲ့တာလား"
ချင်လော့က ရုတ်တရက် ထရပ်ကာ မေးလိုက်၏။
"ဝမ်ရှင်း တန်ခိုးရှင်တင် မကဘူး… အဲဒီ ကာလတွေတုန်းက ငါတို့မှာ အခြေတည် ဝိညာဉ် အဆင့် ကောင်းကင် အရှင် တစ်ယောက်ပါ ရှိခဲ့တယ်… သူ့နာမည်က ကောင်းကင် ညီမျှခြင်းတဲ့"
ချန်းဖန်က ဝင်ရောက်၍ အဖြေပေး လိုက်သည်။
"ကောင်းကင် အရှင်… ကျုပ်တို့မှာ ကောင်းကင် အရှင် တစ်ယောက် ရှိခဲ့တာလား…"
မူလ အဆင့် အကြီးအကဲများမှာ နောက်တစ်ကြိမ် ပါးစပ် အဟောင်းသား ဖြစ်သွားကြ ပြန်၏။
"အဲဒီလိုဆို ကျုပ်တို့ ဘိုးဘေးတွေက တော်ဝင် မိသားစုနဲ့တောင် ယှဉ်နိုင်တာပေါ့… ဒါပေမဲ့ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်း ပါရမီတွေက ဘာလို့ ကန့်သတ် ခံရတာလဲ… ဘာလို့ ကျုပ်တို့မှာ ရွှေအမြုတေ အဆင့် တစ်ယောက်တောင် ပေါ်မလာ ရတော့တာလဲ"
ချင်လော့က မေးလိုက်သည်။
"ကောလာဟလတွေထဲကလို ပထမ အရှင် ပေ့ဟန် ကျိန်စာ တိုက်ခဲ့တယ် ဆိုတာ အမှန်ပဲလား… ဒါပေမဲ့ ကျုပ်တို့ရဲ့ အရှင် ကောင်းကင် ညီမျှခြင်းက အခြေတည် ဝိညာဉ် အဆင့် လေ… သူက ပထမ အရှင် ပေ့ဟန် ဆီမှာ ရှုံးခဲ့တာများလား"
"အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ငါလည်း သိပ် နားမလည်ဘူး… အတိအကျ ပြောလို့ ရတဲ့ အထိ ခိုင်မာတဲ့ အချက်အလက်တွေ ခုထိ မရသေးဘူး"
ချန်းဖန်က ခေါင်းခါရင်း ရှဲ့ချန်းယန်အား ကြည့်လိုက်သည်။ ထိုအဘိုးအိုမှာ ဘိုးဘေး ဘုရားကျောင်း၏ ခေါင်းဆောင် ဖြစ်ရာ သူ တစ်ခုခုကို သိထားနိုင်ပေသည်။
"ကျုပ် သိသလောက် ဆိုရင် အရင်တုန်းက ပေ့ဟန်နယ်ဟာ ကောင်းကင် ညီမျှခြင်းနယ် ဆိုတဲ့ အမည်နဲ့ ကျူးဝမ် မျိုးနွယ်တွေရဲ့ လက်ထဲမှာ ရှိခဲ့တာ… အနီရောင် နဂါး မျိုးနွယ်နဲ့ ခရမ်းရောင် မျောက်ဝံ တို့လို မျိုးနွယ်စု တွေကလည်း ကျူးဝမ် မျိုးနွယ်ရဲ့ အမိန့်ကို နာခံ ခဲ့ရတယ်"
ရှဲ့ချန်းယန်က အလေးအနက် ရှင်းပြ လိုက်သည်။
"ဒါပေမဲ့ အဲဒီနေ့မှာ သန်းနဲ့ ချီတဲ့ တန်ခိုးရှင် စစ်တပ်တွေ ရုတ်တရက် ပေါ်လာခဲ့ပြီး ကျုပ်တို့ မြို့ကို ဖျက်ဆီးခဲ့တယ်… ထောင်နဲ့ ချီတဲ့ မျိုးနွယ်တွေ ပျက်စီးခဲ့ပြီးတော့ အရှင် ကောင်းကင် ညီမျှခြင်းတို့လည်း ပျောက်ကွယ် သွားခဲ့တယ်… အဲဒီနောက် ကျုပ်တို့ ကျူးဝမ် မျိုးနွယ်တွေလည်း ဝေးလံ ခေါင်ဖျားတဲ့ ယန်ပြည်နယ် မြောက်ပိုင်းကို ပြောင်းရွှေ့ ပေးခဲ့ရတယ်… နောက်ပြီး ထူးဆန်းစွာပဲ ကျုပ်တို့ရဲ့ ကျင့်ကြံခြင်း ပါရမီတွေပါ ပျောက်ဆုံး သွားခဲ့တယ်"
ရှဲ့ချန်းယန်၏ စကားကို နားထောင် ပြီးနောက် ကျူးဝမ် အကြီးအကဲများမှာ လက်သီးကို တင်းတင်းဆုပ် လိုက်မိကြ၏။ နယ်မြေ အုပ်ချုပ်သူ မျိုးနွယ်မှ ကျိန်စာသင့်ခံ မျိုးနွယ် အဖြစ် လျော့ကျ သွားခဲ့ခြင်း… ထိုအမှန်တရားကား အလွန်ပင် ခံပြင်း လွန်းလှသည်။
အထူးသဖြင့် တော်ဝင် မိသားစု ကျိုးမျိုးနွယ်… သူတို့သည် ကျူးဝမ်တို့၏ နေရာကို ယူကာ ကျူးဝမ် မျိုးနွယ်စုကို ကျိန်စာတိုက် ခဲ့သည်။ အကယ်၍ ကျိန်စာတိုက်သူက ပထမ သခင်ကြီး ပေ့ဟန် မဟုတ်လျှင်ပင် သူက ထိုအရာနှင့် တစ်ခုခု သက်ဆိုင် နေလိမ့်မည်။
"မဟာ အကြီးအကဲ… စိတ်မပူပါနဲ့… ကျုပ် ခင်ဗျားတို့ အတွက် ပြန်ပြီး လက်စားချေ ပေးမှာပါ"
ချန်းဖန်က ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ်… ဝမ်ရှင်း တန်ခိုးရှင် ချန်း…"
ရှဲ့ချန်းယန်က ကြမ်းပြင်၌ ဒူးထောက်ကာ ဦးညွှတ် လိုက်၏။ ချင်လော့နှင့် အခြား မူလ အဆင့်များကလည်း ဒူးထောက်ကာ ချန်းဖန်အား ဂါဝရ ပြုကြသည်။
ချန်းဖန်ကမူ နေရာတွင်ပင် အေးစက်စွာ ထိုင်နေခဲ့တော့၏။
***