← Chapters

ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲ

Vol. 9 Ch. 839

ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲ

Vol. 9 Ch. 839

နောက်ရက်များ၌…

ချန်းဖန်သည် ဘိုးဘေး ဘုရားကျောင်းတွင်ပင် ကျူးဝမ် မျိုးနွယ် ဝမ်ရှင်း တန်ခိုးရှင် အဖြစ် ဆက်လက် နေထိုင်ခဲ့သည်။ ဘိုးဘေး ဘုရားကျောင်းရှိ လူများမှာမူ "ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲ" ပြု လုပ်ရန် စတင် ပြင်ဆင်နေကြ၏။

ဝမ်ရှင်း တန်ခိုးရှင် …

ဝမ်ရှင်း တန်ခိုးရှင်များကား ပေ့ဟန်နယ် အတိုင်းအတာနှင့်ပင်လျှင် နတ်ဘုရားများ သဖွယ် ကိုးကွယ် ခံရသည်။

ဂိုဏ်းတစ်ခု သို့မဟုတ် မိသားစု တစ်ခုသည် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်ကို ပိုင်ဆိုင်သည်နှင့် သူတို့၏ ဂိတ်တံခါးများကို ဖွင့်ကာ ဆယ်ရက် ဆယ်လီ ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပ ကြသည်။ ထိုပွဲတော်သို့ အခြားသော မဟာမိတ် မိသားစုများပါ တက်ရောက်ကာ ဝမ်ရှင်း တန်ခိုးရှင်ကို ပိုင်ဆိုင်သည့်အတွက် ဂုဏ်ပြုစကား ဆိုကြသည်။

အခြား အကြီးအကဲများ ပွဲတော် အတွက် ပြင်ဆင် နေကြချိန်၌ ချန်းဖန်ကမူ ဘိုးဘေး ဘုရားကျောင်း တစ်ခုလုံးကို မွှေနှောက် နေခဲ့သည်။ သူကား ကျူးဝမ် မျိုးနွယ် ဝမ်ရှင်း တန်ခိုးရှင် အဖြစ် ခံယူခဲ့ပြီး ဖြစ်ရာ ဘိုးဘေး ဘုရားကျောင်း ကန့်သတ် နယ်မြေများကိုပါ ဝင်ခွင့် ရခဲ့ပြီး ဖြစ်သည်။

"အကို… အကိုက တကယ်ပဲ စကြဝဠာရဲ့ အခြား တစ်ဖက်က လာတာလား… အဲဒီ ဂြိုဟ်က ဘယ်လောက်ဝေးလဲ… အစ်ကို အဲဒီကို ပြန်သွားလို့ ရလား"

ရှောင်မန်သည် ချန်းဖန် သွားရာ နေရာတိုင်းကို တစ်ဖဝါးမှ မခွာပဲ လိုက်၏။ အကိုက အရှေ့ဂြိုဟ်မှ ဖြစ်ကြောင်း သိရှိပြီးသည့် နောက် သူမတွင် မရေ မတွက်နိုင်သော မေးခွန်းများ ရှိလာခဲ့သည်။

"အစ်ကို့ရဲ့ မိတ်ဆွေတွေ မိသားစုတွေက အရှေ့ဂြိုဟ်ပေါ်မှာ ရှိနေမှာပေါ့နော်… အစ်ကို သူတို့ကို နေ့တိုင်း သတိရ နေမှာပေါ့… စိတ်မပူနဲ့ အစ်ကို… သမီး အစ်ကိုနဲ့ အမြဲ ရှိနေပေးမယ်"

ဆယ့်သုံးနှစ်အရွယ် မိန်းကလေးက မိခင် တစ်ယောက်၏ ကြင်နာသော မျက်ဝန်းဖြင့် ချန်းဖန်အား ကြည့်သည်။ သေချာ တွေးကြည့်လျှင် ထိုအရာက ရယ်စရာ ကောင်းသော်လည်း ချန်းဖန်မှာ သဘောကျနေခဲ့၏။

ထို့နောက် ချန်းဖန်က အိုဟောင်းသော စာအုပ် တစ်အုပ်ကို ဆွဲယူကာ ပထမ စာမျက်နှာကို လှန်လိုက်သည်။

ထိုစာအုပ်၏ ပထမ စာမျက်နှာများမှာ ကျူးဝမ် မျိုးနွယ် အရှေ့ဂြိုဟ်မှ ထွက်ခွာခဲ့သော အကြောင်းများ ဖြစ်သည်။ ထိုအထဲမှ အားလုံး နီးပါးမှာ ချန်းဖန် သိပြီးသား အကြောင်းများသာ ဖြစ်၏။

"တောင်တန်းတွေ ပျက်စီးပြီး မြစ်ပြင်တွေ ခန်းခြောက်ကုန်တယ်… တန်ခိုးရှင် တစ်ပါး ဖြစ်ပေါ်လာတယ်… တန်ခိုးရှင်က ပေတစ်သိန်း ရှည်လျားတယ်… သူက မတ်တတ်ရပ်ပြီး စကားလုံး အချို့ကို ပြောတယ်… အဲဒီနောက် ငါတို့ ကျင့်ကြံခြင်းတွေ ပျက်စီး ကုန်တယ်… ချီတည်ရှိမှုကိုတောင် မခံစား နိုင်တော့ဘူး… နှစ်သုံးရာ ကြာပြီးတဲ့ နောက်မှ သံကြိုးတွေ လျော့ပြီး ကျင့်ကြံသူ အသစ် တစ်ယောက် ပေါ်လာခဲ့တယ်"

နောက်ဆုံး စာမျက်နှာကို ဖတ်ပြီး ချန်းဖန်မှာ အလွန် စိတ်ဝင်စား သွားသည်။ ထိုအရာက ကျူးဝမ် မျိုးနွယ်များ၏ ပါရမီများ ဆုံးရှုံးသွားရသည့် အကြောင်းအား ရေးထားကြောင်း သူ ကောင်းစွာ သိသည်။

"အဲဒါက တကယ်ပဲ မဟာ နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်ရမယ်…"

ချန်းဖန်က တွေးလိုက်၏။

ကျင့်ကြံသူ မျိုးဆက်ပေါင်း များစွာအထိ သက်ရောက်သော  ကျိန်စာမျိုးကို သာမန် အခြေတည် ဝိညာဉ် အဆင့်များပင် ထုတ်ဖော် နိုင်မည် မဟုတ်ချေ။

"မဟာ နတ်ဘုရား ကျိန်စာတိုင်းရဲ့ တန်ပြန် သက်ရောက်မှုက အရမ်း ပြင်းထန်တယ်… သူက ကျူးဝမ် မျိုးနွယ် အပေါ် ဘယ်လောက်တောင် မုန်းတီးနေလို့ ကိုယ့်ကိုယ်ကိုယ် ဂရု မစိုက်ပဲ ဒီလို ကျိန်စာမျိုးကို တိုက်ရတာလဲ"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။

သူသည် ထိုသို့ ပြုလုပ်နိုင်သော လျှို့ဝှက် နည်းလမ်း များစွာကို သိထားသည်။ ထိုနည်းလမ်းများ အနက် သွေးမျိုးဆက်၏ "သွေးမျိုးဆက် ကျိန်စာ" မှာ အရိုးရှင်းဆုံး ဖြစ်သည်။

"ဘယ်သူလုပ်တာပဲ ဖြစ်ဖြစ်… အရှင် ပေ့ဟန်က ဒီအကြောင်း သိကို သိရမယ်… ပထမ အရှင် ပေ့ဟန် လုပ်တာတောင် ဖြစ်နေနိုင်တယ်… ငါကြားရ သလောက်ဆို သူက အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်တဲ့… သူ့အနေနဲ့ နှစ်ထောင် ဂဏန်းလောက်က အသာလေး နေလို့ ရတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင် လောက်မှာ ရုတ်တရက် ပျောက်သွားတယ်တဲ့… တစ်ခုခုများ ဖြစ်သွားတာလား"

ချန်းဖန်က တစ်နေ့နေ့၌ တော်ဝင်မြို့သို့ သွားကာ ကျိုးမိသားစုနှင့် တွေ့ဆုံရန် ဆုံးဖြတ် လိုက်၏။

ဘိုးဘေး ဘုရားကျောင်းတွင် တားမြစ်အခန်း ခုနစ်ခု ရှိ၏။

အခန်း အများစုမှာ ကျင့်စဉ်များ၊ စာအုပ် အဟောင်းများနှင့် ဝိညာဉ်ဆေးများကို သိုလှောင် ထားပြီး နောက်ဆုံး အခန်းတစ်ခု သာလျှင် ဝိညာဉ် ရတနာများအား သိမ်းဆည်း ထားသည်ကို တွေ့ရသည်။

သို့သော်လည်း ရှေးဟောင်း ကျူးဝမ် မျိုးနွယ်များ ပြုလုပ်ခဲ့သည့် ဝိညာဉ် ရတနာများမှာ နှစ်ထောင်ချီ ကြာခဲ့ပြီ ဖြစ်ရာ အိုဟောင်း နေပြီ ဖြစ်သည်။ ထို့အပြင် အခြားသော လူများကလည်း ကောင်းနိုးရာရာများကို  ယူဆောင် ခဲ့ကြပြီး ဖြစ်ရာ အကျိုးအပဲ့များသာ ကျန်ရစ်တော့သည်။

"ဟူး…"

ချန်းဖန်သည် ရတနာ ခန်းမ အလယ်တွင် ရပ်ရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် လိုက်၏။ ထိုရတနာ အများစုမှာ တစ်ချိန်က အစွမ်းထက် ဝိညာဉ် ရတနာများ ဖြစ်ခဲ့သော်လည်း ယခုတွင်မူ ရတနာ ဝိညာဉ်များပင် မရှိတော့ချေ။

"ဟမ်…"

အခန်းထောင့် တစ်ခုရှိ ဓားကျိုး တစ်ခု အရောက်တွင်မူ ချန်းဖန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားသည်။

ထိုဓားကျိုးသည် နှစ်ပေခွဲခန့်မျှ ရှည်လျားကာ ဖုန်များ၊ အနက်ရောင် သွေးခြောက်များဖြင့် ညစ်ပတ် ပေရေ နေသည်။

"ဒါက… အခြေတည် ဝိညာဉ် အဆင့် စကြဝဠာ သားရဲရဲ့ သွေးပဲ… ဒီဓားက တစ်ချိန်က အရှင် ကောင်းကင် ညီမျှခြင်း ကိုင်ခဲ့တဲ့ ဓားများလား"

ချန်းဖန်က ညာဘက် လက်ကို ဆန့်ထုတ်ကာ ဓားကို ဆုပ်ကိုင် လိုက်သည်။ ထို့နောက် သူက အမတေ ချီစွမ်းအားကို ဓားအသွင်းသို့ သွန်းလောင်းလိုက်၏။

"ဘုန်း…"

အမတေ ချီစွမ်းအားကို စတင် စုပ်ယူ ပြီးသည်နှင့် ဓားက မိုးကြိုးကဲ့သို့ အသံကို ထုတ်လွှတ်သည်။ တစ်ချိန်တည်း၌ ၎င်း၏ ကိုယ်ထည်ရှိ ဖုန်များ၊ သွေးများမှာ အမှုန် အသွင် ပြောင်းလဲ ပျောက်ကွယ်ကာ တောက်ပသော အလင်း တစ်ခု ဖြာထွက်လာသည်။

"ဝှစ်…"

ချန်းဖန်က အမတေ ချီစွမ်းအားကို ကပြာကယာ ပြန်လည် ရုပ်သိမ်း လိုက်သည်။ အကယ်၍ သူသာ ဓားအား အပြည့်အဝ အသက်သွင်း လိုက်ပါက ဘိုးဘေး ဘုရားကျောင်း တစ်ခုလုံး ပေါက်ကွဲ သွားပေ လိမ့်မည်။

"ဒါက ကောင်းကင် ရတနာပဲ… မဟုတ်သေးဘူး… အတိအကျ ဆိုရရင် ဒါက ကောင်းကင် ရတနာရဲ့ အစိတ်အပိုင်း တစ်ခုပဲ… ဒီဓားက ဝိညာဉ် ရတနာ ပျက်စီး သွားပြီ ဆိုပေမဲ့ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ အဆင့်မှာ ရှိနေသေးတယ်… ငါ့မှာ ရှိသမျှ ရတနာတွေထဲမှာ တင်းဟိုင် ပုလဲက လွဲလို့ ဘယ်ဟာကမှ ဒီဓားလောက် အစွမ်း မထက်ဘူး"

ကောင်းကင် ရတနာ…

ထိုအရာကား ဝိညာဉ် ရတနာထက် တစ်ဆင့် ပို၍မြင့်သော ရတနာ ဖြစ်သည်။ သာမန် အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ပင်လျှင် ကောင်းကင် ရတနာကို မပြုလုပ်နိုင်ချေ။

"ဒီဓားက အရှင် ကောင်းကင်ညီမျှခြင်း ပိုင်ခဲ့တဲ့ ဓားပဲ…"

ဓားမှ ထွက်ပေါ်နေသည့် ရင်းနှီးသော အရှိန်အဝါများ အရ ချန်းဖန်မှာ ကောက်ချက် ချလိုက် နိုင်သည်။ သို့သော်လည်း သူ၏ စိတ်အတွင်း၌ အဖုအထုံး တစ်ခုမှာ ရှိနေဆဲ ဖြစ်၏။

"အရှင် ကောင်းကင် ညီမျှခြင်းက ကောင်းကင် လမ်းကြောင်းကိုတောင် ပိတ်နိုင်ခဲ့တယ်… သူက သာမန် အခြေတည် ဝိညာဉ် အဆင့်တွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ် ဆိုတာ သေချာတယ်… ဒါတောင် ဘယ်လို လူမျိုးက သူ့ဓားကို ထက်ပိုင်းပိုင်းဖြတ် နိုင်ခဲ့တာလဲ… အဲဒါက ကျူးဝမ် မျိုးနွယ်တွေကို ကျိန်စာ တိုက်ခဲ့တဲ့ လူပဲလား"

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။ ထို့နောက် သူက ဓားအား ကြည့်လိုက်၏။

"စိတ်မပူနဲ့… ငါ ဒီကိစ္စတွေ အားလုံးရဲ့ နောက်ကွယ်မှာ ရှိတဲ့ မိစ္ဆာကို ဖော်ထုတ်ပြီး မင်းရဲ့ သခင် ကောင်းကင် ညီမျှခြင်း အတွက် တရားမျှတမှုကို ယူပေးမယ်…"

ထို့နောက် ချန်းဖန်က ရတနာ ခန်းမ အတွင်းရှိ ကောင်းနိုးရာရာ လက်နက်များကို ရှာဖွေ၍ ယူလိုက်သည်။

ပြန်လည် သန့်စင်ပြီးနောက် ချန်းဖန်သည် ထိုအရာများကို ရှေးဟောင်း ဘိုးဘေး ဘုရားကျောင်း၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ငါးယောက်ကို ခွဲဝေ ပေးလိုက်သည်။ ထိုခွဲတမ်း၌ ဓားတစ်ချောင်း လက်ခံ ရရှိရာ ချင်လော့မှာ အလွန် ဂုဏ်ယူ ပျော်ရွှင် နေခဲ့၏။

နောက်ဆုံး၌ ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲနေ့က စတင်ခဲ့ပြီ ဖြစ်သည်။

ထိုနေ့၌ ရှေးဟောင်း ကျူးဝမ်မြို့ တစ်ခုလုံးသည် လူများဖြင့် ပြည့်နှက်နေ၏။ မရေ မတွက်နိုင်သော လေသင်္ဘောများ မှာလည်း မိုးစက်မိုးပေါက်များ အလား တဖွဲဖွဲ ဆင်းသက် နေကြသည်။

"ရေခဲဂိုဏ်း မဟာ အကြီးအကဲ မူဖန်က ဝမ်ရှင်း တန်ခိုးရှင်ချန်းကို ဂုဏ်ပြုဖို့ ရောက်လာ ပါတယ်… ကျူးဝမ် မျိုးနွယ် ပြိုင်ဘက်ကင်းပါစေ"

"သွေးမိစ္ဆာ မျိုးနွယ် ဧကရာဇ်က ဝမ်ရှင်း တန်ခိုးရှင်ချန်းကို တွေ့ခွင့် တောင်းဆိုပါရစေ…"

"ရှန်းပြည်နယ် တဟောင်ဂိုဏ်း လက်ထောက် ဂိုဏ်းချုပ်က ဝမ်ရှင်း တန်ခိုးရှင်ချန်းကို  လာရောက် ဂုဏ်ပြုပါတယ်"

" … "

များစွာသော ဂိုဏ်းများ၊ အဖွဲ့များမှာ လာရောက်ကာ ဂုဏ်ပြုကြသည်။ ထိုအထဲ၌ ရှန်းပြည်နယ်၊ ချင်ပြည်နယ်၊ လော့ပြည်နယ် ကဲ့သို့သော အခြား ပြည်နယ်များပင် ပါဝင် နေ၏။ ကောင်းကင် နယ်မြေများပင်လျှင် သူတို့၏ ကိုယ်စားလှယ်များကို စေလွှတ် ကြသည်။

"လူတွေ အများကြီးပဲ…"

ယွင်ရီအာမှာလည်း လူအုပ် ကြားတွင် ရောက်ရှိ နေသည်။

"ပေ့ဟန်နယ်က လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲ မရှိခဲ့ဘူးလေ… နောက်ပြီးတော့ ဒီဝမ်ရှင်း တန်ခိုးရှင်က အသက် တစ်ရာ မပြည့်ခင် အလယ်ဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တာတဲ့… ဒါကြောင့် လူတိုင်းက သူနဲ့ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက် ချင်နေကြတာ"

လင်းဝူဟွာက ပြောသည်။

သူမသည် ခါတိုင်း ကဲ့သို့ပင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ အေးစက်စက် အမူအရာကို ဆင်မြန်းထားဆဲ ဖြစ်သည်။ ယွင်ရီအာနှင့် မူဟုန်တိ တို့ပင်  သူမ အနားသို့ မတိုးကပ် ရဲကြချေ။

"ငါ့အနားကို တိုးနေ… ဒီကို လာတဲ့ လူတွေ အကုန်လုံးက အရေးပါတဲ့ လူတွေချည်းပဲ… ငါတို့ သွားပြီး ပြဿနာရှာလို့ မရဘူး"

လင်းဝူဟွာ၏ စကားကြောင့် မိန်းကလေး နှစ်ယောက်မှာ သူမ အနား ပိုမို တိုးကပ် လိုက်ကြသည်။

သူတို့ကား ယခုမှ ဝိညာဉ် ပင်လယ် အဆင့်တွင် ရှိနေသေးသော ပုရွက်ဆိတ် ကလေးများ ဖြစ်သည်။ လူတိုင်းက သူတို့အား လက်တစ်ချောင်းပင် မလှုပ်ပဲ သတ်ပစ် နိုင်သည်။

"စီနီယာချန်းသာ အသက်ရှင် နေသေးရင် သူက ဒီကို လာမှာ သေချာတယ်…"

မူဟုန်တိနှင့် ယွင်ရီအာတို့မှာ ချန်းဖန် အကြောင်း တွေးမိရာ စိတ်မကောင်း ဖြစ်သွား ကြသည်။

"ကျူးဝမ် မျိုးနွယ်ရဲ့ ဝမ်ရှင်း တန်ခိုးရှင် အသစ် ကြွချီ လာပါပြီ…"

ရုတ်တရက်… ကျယ်လောင်သော ကြေညာသံကြောင့် မိန်းကလေး သုံးယောက်မှာ ဘိုးဘေး ဘုရားကျောင်းသို့ အာရုံစိုက် လိုက်ကြသည်။

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင်…

"ကလန့်…"

ဘိုးဘေး ဘုရားကျောင်း၏ တံခါးသည် ပွင့်ဟ လာကာ ချောမောသော လူငယ် တစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာ၏။

သူသည် အနက်ရောင် ဆံပင်ရှည်များကို ဖြန့်ချ ထားကာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင် ထားသည်။ သူ၏ လက်တစ်ဖက်ကမူ စိတ်လှုပ်ရှားနေဟန် ရသော ခရမ်းရောင် ဝတ်စုံဝတ် မိန်းမငယ်လေး တစ်ယောက်ကို ဆွဲကိုင် ထား၏။

"သူလား…"

လူငယ်အား တွေ့သည်နှင့် လင်းဝူဟွာမှာ သရဲ တစ္ဆေ တစ်ကောင်ကို မြင်ရသည့် အလား ဆွံ့အ သွားတော့သည်။

***

All Chapters