ကျူးကျူရှန်း
Vol. 9 Ch. 840
"မဖြစ်နိုင်ဘူး… ချန်းပေ့ရွှမ်းက တော်ဝင် တပ်ဖွဲ့ သုံးခု သတ်တာကို ခံလိုက်ရပြီ မဟုတ်ဘူးလား"
လင်းဝူဟွာ၏ ခန္ဓာကိုယ်မှာ စတင် တုန်ရီ လာသည်။ သူမသည် ထိုအရာကို မယုံကြည် နိုင်ချေ။
သို့သော်လည်း ဘိုးဘေး ဘုရားကျောင်း၏ အရှေ့၌ ရပ်ကာ အားလုံး၏ ဂုဏ်ပြုမှုကို ခံယူနေသည့် လူငယ်က အမှန်ပင် ချန်းပေ့ရွှမ်း ဖြစ်သည်။ သူသည် လွန်ခဲ့သည့် လများက ကဲ့သို့ပင် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိချေ။
"အမမူ တွေ့တယ် မလား… သူက စီနီယာ ချန်းပေ့ရွှမ်းပဲ"
ယွင်ရီအာက ထခုန်ရင်း အော်ဟစ် လိုက်၏။
"ဟုတ်တယ်… ဝမ်ရှင်း တန်ခိုးရှင်ချန်းက စီနီယာ ချန်းပေ့ရွှမ်းပဲ"
မူဟုန်တိက ခေါင်းညိတ်ရင်း အတည်ပြု လိုက်သည်။ သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတို့ဖြင့် တလက်လက် တောက်ပနေခဲ့၏။
"သူ အသက်ရှင် နေသေးတာလား… တော်ဝင် အစောင့်တွေက သူ့ကို မသတ်နိုင် ခဲ့တာလား…"
လူအုပ် အကြားတွင် ရှိနေသော ကူလင်ကျိက ဖြူရော်စွာ ပြုံး လိုက်၏။
ထိုနေ့၌ ချန်းဖန်သည် သူ့အား တိုက်ခိုက်ခဲ့သည်။ ငွေရောင် တောင်ပံ မျိုးနွယ်၏ လျှို့ဝှက် ကျင့်စဉ် တစ်ခုကြောင့် မဟုတ်လျှင် နေရာတွင်ပင် သူသေ၍ပင် နေလောက်ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ ချူထန်းယုမှာ အလွန်အမင်း စိတ်ရှုပ်ထွေးမှုကို ခံစား နေရ၏။
ထိုစဉ်က ချန်းဖန်မှာ သူတို့နှင့် များစွာ မကွာသည့် အမြုတေ ဖွဲ့စည်းခြင်း အဆင့်မျှသာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူသည် အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
များစွာသော လူများမှာ ချန်းဖန်ကို ကြည့်ရင်း အမျိုးမျိုးသော ခံစားချက်များကို ခံစား နေရသည်။
ထိုဝမ်ရှင်း တန်ခိုးရှင် အသစ်လေးမှာ အမှန်ပင် ငယ်ရွယ် ပေသည်။ ထို့အပြင် ပြင်းထန်သော အရှိန်အဝါ အရ သူ၏ စွမ်းအားမှာ ပေ့ဟန်နယ်ရှိ ဝမ်ရှင်း တန်ခိုးရှင် အများစုထက် ပို၍ အစွမ်းထက်ကြောင်း ဖော်ပြနေသည်။ သူ၏ အနာဂတ် အောင်မြင်မှုကား ခန့်မှန်း၍ ရလိမ့်မည် မဟုတ်ချေ။
"ဒီလို ပါရမီရှင်မျိုးက တစ်နေ့မှာ ရွှေအမြုတေ အဆင့် အထွတ်အထိပ်ကို ရောက်မှာ သေချာတယ်… သူက ကောင်းကင် အရှင် တစ်ယောက်တောင် ဖြစ်လာနိုင်တယ်"
ဟူးကောင်း ကောင်းကင် နယ်မြေ အကြီးအကဲ တစ်ဦးက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။
"ကောင်းကင် အရှင် ဖြစ်ဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာ မင်းသိရဲ့လား… ပထမ အရှင် ပေ့ဟန်က လွဲလို့ လွန်ခဲ့တဲ့ နှစ်ထောင်ချီ အတွင်း ပေ့ဟန်နယ်မှာ ကောင်းကင် အရှင် တစ်ယောက်မှ မပေါ်ခဲ့ဘူး… အဆင့်ခြောက် ရွှေအမြုတေကို ပိုင်ဆိုင်ထားတဲ့ ဓားဧကရာဇ် တောင်မှ ကောင်းကင် အရှင် ဖြစ်ဖို့ မနီးစပ်သေးဘူး"
ယင်ယန်ဂိုဏ်း ကိုယ်စားလှယ်က နှာခေါင်းရှုံ့ လိုက်သည်။
"ဟုတ်တယ်…"
လူတိုင်းက သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။
အခြေတည် ဝိညာဉ် အဆင့်တိုင်းမှာ ကမ္ဘာ၏ ထိပ်ဆုံး၌ ရပ်တည် နိုင်ကြသူများ ဖြစ်သည်။ ထိုအဆင့်ကို ရောက်ရှိရန်မှာ ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်ချေ။
"ငါ ကြားဖူးတာက ကျူးဝမ် မျိုးနွယ်မှာ ကောင်းကင် ညီမျှခြင်းလို့ ခေါ်တဲ့ ကောင်းကင် အရှင် တစ်ယောက် ရှိခဲ့တယ်တဲ့"
လင်းမိသားစုမှ လူငယ် တစ်ယောက်က ပြောလိုက်သည်။
သို့သော်လည်း စကား မဆုံးခင်မှာပင် စူးရဲသော အကြည့် များစွာက သူ့အပေါ်သို့ ကျရောက် လာ၏။
"ပါးစပ် ပိတ်ထားစမ်း…"
"သောက်အဓိပ္ပာယ် မရှိတာ…"
"အဲဒါက ကောလာဟလပဲ… ဘယ်လို လုပ်ပြီး ကျူးဝမ် မျိုးနွယ်မှာ ကောင်းကင် အရှင် ရှိမှာလဲ…"
များစွာသော မိသားစု အကြီးအကဲများက ပြောဆို ကြသည်။
လူငယ်မှာ အနည်းငယ်ပင် ပါးစပ် မဟရဲ တော့ချေ။ သို့သော်လည်း သူ၏ စိတ်တွင်မူ ထိုအရာက အဘယ်ကြောင့် ဤမျှ ဆတ်ဆတ်ထိမခံ ဖြစ်နေရမှန်း စဉ်းစား နေမိ၏။
ထိုအချိန်၌ မူဟုန်တိနှင့် ယွင်ရီအာတို့မှာ ထိုလူအုပ်၏ အခြား တစ်ဖက်တွင် ရှိနေရာ ထိုအကြောင်းအရာများကို မသိချေ။ သူတို့က ချန်းဖန် အသက်ရှင်နေသေးသည့် အတွက် အလွန်ပင် ပျော်ရွှင်နေကြ၏။
"အာ… မကောင်းတော့ဘူး ထင်တယ် အစ်မမူရေ… ကူလင်ကျိ ချူထျန်းယု တို့လည်း ဒီကို လာတယ် မလား… သူတို့ စီနီယာချန်း အကြောင်း တော်ဝင် မိသားစုကို ပြန်ပြီး အစီရင်ခံရင် ဘယ်လို လုပ်မလဲ"
ရုတ်တရက် ယွင်ရီအာက သတိရကာ ပြောလိုက်သည်။
ချန်းဖန်ကား တော်ဝင် မိသားစု၏ ဝရမ်းပြေး ဖြစ်သည်။ သူ၏ တည်ရှိမှုကို အနံ့ရသည်နှင့် တော်ဝင် တပ်ဖွဲ့မှ လူများ ရောက်လာမည်မှာ သေချာသည်။
"သူ ရုပ်လုံးထွက်ပြလာ ကတည်းက သူ့မှာ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ ယုံကြည်ချက် ရှိလို့ပဲ နေမှာ… နောက်ပြီး တော်ဝင် မိသားစုကလည်း သာမန် မျိုးဆက် တစ်ယောက် အတွက် အလယ်ဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားတဲ့ ဝမ်ရှင်း တန်ခိုးရှင်ကို ဆန့်ကျင်လိမ့်မယ် မထင်ဘူး"
လင်းဝူဟွာက အနည်းငယ် စဉ်းစားရင်း ပြောလိုက်၏။ သို့သော်လည်း သူမ၏ လေသံ၌ မရေရာမှု အချို့က ရောစွက် နေသည်။
ကျိုးမိသားစုသည် ပေ့ဟန်နယ်ကို နှစ်ထောင်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော မိသားစု ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် အခြားလူများ၏ အရှေ့၌ မင်းသား တစ်ပါးအား ရိုက်နှက်ကာ ကောင်းကင်မြို မြွေ၏ သွေးကိုပင် ထုတ်ယူ ခဲ့သည်။ ထိုအရာက တော်ဝင် မိသားစုအား ပေါ်တင် စော်ကားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
လင်းဝူဟွာက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ လာရောက်သော လူများကို စစ်ဆေး လိုက်၏။ သို့သော်လည်း မည်သည့် နေရာတွင်မှ ယန်ပြည်နယ် အစိုးရနှင့် တော်ဝင်မြို့ ကျိုးမိသားစု၏ ကိုယ်စားလှယ်ကို မတွေ့ရချေ။
"ပုံမှန်ဆိုရင် အစိုးရက ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲ တိုင်းကို သူတို့ရဲ့ ကိုယ်စားလှယ်တွေ လွှတ်ပါတယ်… တစ်ခုခုတော့ တစ်ခုခုပဲ"
လင်းဝူဟွာ၏ မျက်နှာက အနည်းငယ် ဖြူရော် သွား၏။
ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲမှာ ဆက်လက် ကျင်းပ နေဆဲ ဖြစ်သည်။ ချန်းဖန်သည် ဘိုးဘေး ဘုရားကျောင်း အဓိက ခန်းမ အတွင်း၌ ထိုင်ကာ များစွာသော လူများ၏ ဂုဏ်ပြုမှုကို ခံယူနေခဲ့၏။
"အရှေ့ဝူပြည်နယ် မိသားစုတွေက ဝမ်ရှင်း တန်ခိုးရှင်ကို ဂုဏ်ပြုပါတယ်… ဒါကတော့ ကျွန်တော်တို့ရဲ့ မဖြစ်စလောက် လက်ဆောင်လေးပါ"
"ယန်ပြည်နယ် ကြေးခွံနက် မိသားစုက ဝမ်ရှင်း တန်ခိုးရှင်ချန်းကို ဂုဏ်ပြုပါတယ်… အဆုံးမဲ့ စွမ်းအားနဲ့ ထာဝရ အသက်ကို ပိုင်ဆိုင် နိုင်ပါစေ…"
"ယွင်ပြည်နယ် ချင်းယန်ဂိုဏ်းက ဝမ်ရှင်း တန်ခိုးရှင်ကို ဂုဏ်ပြုပါတယ်…"
" … "
များစွာသော ဂိုဏ်းများ၊ မိသားစုများ၏ ကိုယ်စားလှယ်များက ယူဆောင်လာသော တန်ဖိုးကြီး လက်ဆောင်များကို ချန်းဖန်အား ပေးအပ်၏။
ထိုအချိန်မှာပင် ရုတ်တရက် ကောင်းကင်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ် လာသည်။
"ယန်ပြည်နယ် သခင် ချီဖန်ခုန်းက ဝမ်ရှင်း တန်ခိုးရှင်ချန်းကို လာတွေ့တယ်…"
လူတိုင်းက ကောင်းကင်သို့ မော့ကြည့် လိုက်ကြရာ မြွေဦးခေါင်းပုံ ထွင်းထု ထားသော ရွှေရောင် လေသင်္ဘော တစ်စင်း ပျံသန်း လာသည်ကို တွေ့ကြရသည်။ သင်္ဘော၏ ထိပ်တွင်မူ ယန်ပြည်နယ် အစိုးရ အလံကို လွှင့်ထူထား၏။
"နောက်ဆုံးတော့ ချီဖန်ခုန်း ရောက်လာပြီပဲ… သူ မလာတော့ဘူးလို့ ထင်နေတာ"
များစွာသော လူများက ကျေနပ်စွာ ပြုံးလိုက် ကြသည်။
သို့သော်လည်း ရှဲ့ချန်းယန်နှင့် ကျူးဝမ် မျိုးနွယ် အကြီးအကဲ များမှာမူ ဖိအားကြီး တစ်ခု ကျရောက် လာသလို ခံစားလိုက်ကြရ၏။
"ဟူး… ဟူး…"
လေသင်္ဘောကြီးသည် ဘိုးဘေး ဘုရားကျောင်း၏ အရှေ့၌ ဖြည်းညင်းစွာ ဆင်းသက်၏။
ထို့နောက် တံခါးပွင့်လာကာ ချီဖန်ခုန်း ထွက်ပေါ် လာသည်။ သူနှင့်အတူ ဆံပင်ဖြူ လူကြီး တစ်ယောက် ဘေးချင်းယှဉ်၍ လျှောက်လာ၏။
"ချီဖန်ခုန်းနဲ့ ဘေးချင်းယှဉ် လျှောက်လာတဲ့ လူက ဘယ်သူလဲ…"
များစွာသော လူများမှာ စိတ်ဝင်တစား စူးစမ်း ကြသည်။ မကြာခင်မှာပင် မှတ်မိဟန် ရသော တစ်ယောက်က ထအော် လိုက်၏။
"အဲဒါက မြွေဖြူ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ကျူးကျူရှန်းပဲ…"
"ဘာကြီး… မြွေဖြူ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဟုတ်လား…"
မရေမတွက်နိုင်သော လူများမှာ ဆွံ့အ သွားကြသည်။
မြွေဖြူ တပ်ဖွဲ့သည် တော်ဝင် မိသားစု၏ တပ်ဖွဲ့ ကိုးခု အနက် တစ်ခု ဖြစ်သည်။ ထိုတပ်ဖွဲ့ ကိုးခုသည် ကျိုးမိသားစု ပေ့ဟန်နယ်ကို စိုးမိုး နိုင်ရသည့် အကြောင်းရင်းလည်း ဖြစ်၏။
"ကျူးကျူရှန်းက လွန်ခဲ့တဲ့ နှစ်တစ်ရာ လောက်မှာ ရွှေအမြုတေ အလယ်ဆင့်ကို တက်လှမ်း နိုင်ခဲ့တယ်တဲ့… သူက တော်ဝင် နန်းတော် တစ်ခုလုံးရဲ့ အစွမ်း အထက်ဆုံး လူငါးယောက်မှာ ပါတယ်… နောက်ပြီး သူက အရမ်း ရက်စက် ပြီးတော့ သတ်ဖြတ်ရတာ ကြိုက်တယ်တဲ့…"
ကျူးကျူရှန်းကို တွေ့မြင်ပြီးနောက် များစွာသော မိသားစု ခေါင်းဆောင်များမှာ စတင်ကာ တုန်ရီ လာသည်။ ချင်လော့နှင့် အခြား ကျူးဝမ် အကြီးအကဲများမှာလည်း ဖြူရော် သွားကြ၏။
"အစ်ကို…"
ရှောင်မန်က ချန်းဖန် အနား ပိုမို တိုးကပ်၍ လက်အား ဆုပ်ကိုင် လိုက်သည်။
"ဘာမဖြစ်ဘူး… အားလုံး အဆင်ပြေ သွားလိမ့်မယ်"
ချန်းဖန်က ရှောင်မန်အား အေးဆေးစွာ ပြုံးပြလိုက်၏။
ရှဲ့ချန်းယန်က ရှေ့သို့ ထွက်ကာ ဖော်ရွေစွာ ပြုံးရင်း ကြိုဆို လိုက်သည်။
"ပြည်နယ် သခင်နဲ့ ခေါင်းဆောင်ကျူးတို့ ကြွလာတာပဲ… စောစောကသာ ကြိုပြီး အကြောင်းကြားထားရင် ကျုပ်တို့ ခမ်းခမ်း နားနား ကြိုဆို…"
"ကလန့်…"
ရှဲ့ချန်းယန်၏ စကား မဆုံးခင်မှာပင် ကျူးကျူရှန်းက အဖြူရောင် အလင်း တစ်ခုကို ပစ်လွှတ်ကာ ရုတ်တရက် တိုက်ခိုက် လိုက်၏။ သို့သော်လည်း ထိုအလင်း ရှဲ့ချန်းယန်ဆီ မရောက်ခင်မှာပင် အဇူရာ အလင်း တစ်ခုက ကြားဖြတ်ကာ တားဆီးလိုက်သည်။
"ဒါ ဘာသဘောလဲ…"
ချင်လော့နှင့် အခြားလူများက သူတို့၏ ဓားများကို ဆွဲထုတ် လိုက်ကြ၏။
"မင်းလို နိမ့်ကျတဲ့ ကောင်က ငါ့ကို မေးခွန်းထုတ် ရဲလား…"
ကျူးကျူရှန်းက ရှဲ့ချန်းယန်ကို လျစ်လျူကာ ချန်းဖန် ဘက်သို့ လှည့်လိုက်သည်။
"ငါ ဒီကို ဘာကြောင့် လာတယ် ဆိုတာ မင်းသိတယ်မလား… မင်းက အတော်လေး အပြေးကောင်းတာပဲ… တစ်နှစ်လုံးလုံး ငါရှာလို့ မတွေ့အောင် ပုန်းနေနိုင်တယ်"
"ဘာတွေ ဖြစ်နေဝာာလဲ…"
များစွာသော လူများမှာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
"ထူးဆန်းတယ်… မြွေဖြူတပ်ဖွဲ့က လာပြီး ဂုဏ်ပြုတာ မဟုတ်ဘူးလား… ဝမ်ရှင်း တန်ခိုးရှင်ချန်းက သူနဲ့ ရန်ငြိုး ရှိနေတာလား…"
ဟူးကောင်းဂိုဏ်း အကြီးအကဲက မျက်မှောင်ကြုတ် လိုက်သည်။
"မင်း ဘာကို ပြောနေတာလဲ… ငါ သိပ်ပြီး နားမရှင်းဘူး…"
ချန်းဖန်က ပြောလိုက်သည်။
"မင်းက နားမရှင်းဘူး ဟုတ်လား… ချန်းပေ့ရွှမ်း… မင်းက ငါ့ကို အရူး လုပ်နိုင်မယ်လို့ ထင်နေတာလား… ဓားဧကရာဇ်က မင်းကို ငါတို့နဲ့ တော်ဝင် နန်းတော်ကို လိုက်ခဲ့ဖို့ အမိန့်ပေး လိုက်တယ်… မလိုက်နာရင် ငါ ကျူးဝမ် မျိုးနွယ်တွေ အကုန်လုံးကို ရှင်းပစ်မယ်"
ကျူးကျူရှန်း၏ မျက်လုံးများက အလွန်အမင်း အေးစက်နေ၏။
***