← Chapters

အကျဉ်းအကျပ်

Vol. 9 Ch. 841

အကျဉ်းအကျပ်

Vol. 9 Ch. 841

"သူက ချန်းပေ့ရွှမ်းလား…"

"ချန်းပေ့ရွှမ်းက သေသွားပြီ မဟုတ်ဘူးလား… သူက ဘယ်လို လုပ်ပြီး ဒီကို ရောက်နေတာလဲ…"

"သူများပြောတော့ သူက ပေ့ဟန်နယ်က ထွက်သွားပြီဆို…"

မရေမတွက်နိုင်သော လူများမှာ အံ့ဩ ထိတ်လန့် သွားကြ၏။

ကျူးဝမ် မျိုးနွယ်၏ ဝမ်ရှင်း တန်ခိုးရှင် အသစ်ကလေးမှာ ဓားဧကရာဇ် အလိုရှိသည့် ဝရမ်းပြေး တစ်ယောက် ဖြစ်နေမည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။

"ခေါင်းဆောင်ကျူး… ခင်ဗျားက အဖြူရောင် မြွေတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပဲ… စကားကို တရားလက်လွတ် မပြောပါနဲ့"

ချင်လော့က မျက်မှောင်ကြုတ်ရင်း အေးစက်စွာ ပြောလိုက်၏။

"ဟုတ်တယ်… ဒါက ဝမ်ရှင်း တန်ခိုးရှင်ချန်းအတွက် ကြိုဆိုတဲ့ပွဲပဲ… တကယ်လို့ ခေါင်းဆောင်ကျူးက ပြဿနာရှာဖို့ လာတာဆိုရင် ကျုပ်တို့ အားလုံးက ရန်သူအဖြစ် သတ်မှတ်ပြီး အဆုံးအထိ တိုက်ခိုက် ရလိမ့်မယ်"

အခြား အကြီးအကဲ တစ်ဦးကလည်း ဒေါသတကြီး ဆိုသည်။

ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲသည် ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် မျိုးနွယ် တစ်ခု၏ အရေး အပါဆုံး ပွဲဖြစ်သည်။ ပွဲသို့ တော်ဝင်မိသားစု အပါအဝင် မည်သူမျှ လာရောက် နှောင့်ယှက်ခွင့် မရှိချေ။

"ခေါင်းဆောင်ကျူး… ဓားဧကရာဇ်တောင် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်ကို သက်သေ အထောက်အထား မပါပဲ သတ်ဖြတ်လို့ မရဘူး… နောက်ပြီးတော့ ဝမ်ရှင်း တန်ခိုးရှင်ချန်းက ရိုးရိုး ရွှေအမြုတေ အဆင့် မဟုတ်ဘူး… တောက်ပတဲ့ အနာဂတ် ရှိတဲ့ ရွှေအမြုတေ အဆင့်… ဒါက ဘာကို ဆိုလိုတယ် ဆိုတာ ခင်ဗျား နားလည်မှာပါ"

ဟူးကောင်းဂိုဏ်း၏ အကြီးအကဲကလည်း ဆိုလိုက်၏။

"ဟုတ်တယ်…"

ထိပ်တန်း မျိုးနွယ် ဆယ်စုနှင့် မိသားစု အချို့မှ ကိုယ်စားလှယ်များက ထောက်ခံ လိုက်ကြသည်။

သူတို့သည် ကျူးကျူရှန်းလောက် အစွမ်းမထက်သည့်တိုင် အင်အားကြီး နောက်ခံများကို ပိုင်ဆိုင်ထားရာ သူ့အား မကြောက်ကြချေ။ ကျူးကျူရှန်း အနေဖြင့် မိသားစုကြီးများနှင့် ကောင်းကင် နယ်မြေများ၏ တပည့်များကို သတ်ဖြတ်၍ မရချေ။

"ဟမ့်… ငါတို့မှာ သက်သေ မရှိဘူးလို့ ဘယ်သူ ပြောလဲ… ချန်းဖန်က ချန်းပေ့ရွှမ်းနဲ့ တစ်ထပ်တည်း တူနေတာပဲ"

မြွေဖြူ တပ်ဖွဲ့မှ မူလအဆင့် တစ်ယောက်က ဆိုလိုက်၏။

"အဲဒီလို လျှောက်ပြောတာတော့ လူတိုင်း ပြောလို့ရတာပဲ… သေချာတယ်ဆိုရင် လူသက်သေပြလေ"

ချင်လော့က ချက်ချင်းပင် ပြန်လည် ချေပလိုက်သည်။

"ဒီကို ရောက်လာတဲ့ လူငယ်တွေထဲက အချို့က ဝမ်ရှင်း တန်ခိုးရှင်ချန်းကို ကျူးဟန် တောင်တန်းမှာ တွေ့ဖူးပါတယ်"

ချီဖန်ခုန်းက ပြောရင်း လူအုပ် တစ်နေရာသို့ ကြည့်လိုက်သည်။

"ခေါင်းဆောင်ကျူး ပြောတဲ့ စကားက လုံးဝ အမှန်တရား ဆိုတာ ကျုပ် သက်သေခံတယ်…"

ချူထျန်းယုကလည်း အပြုံးဖြင့် ထိုင်ရာမှ ထရပ် လိုက်၏။

"ကျုပ် ဝမ်ရှင်း တန်ခိုးရှင်ချန်းကို ကျူးဟန် တောင်တန်းမှာ တွေ့ဖူးတယ်… သူက လွန်ခဲ့တဲ့ တစ်နှစ်က အတိုင်းပဲ… ဘာမှ ပြောင်းလဲ မသွားဘူး"

ထို့နောက် ငွေရောင် ဝိညာဥ် မျိုးနွယ်မှ ကူလင်ကျိ၊ ယင်ယန် ကောင်းကင် နယ်မြေမှ ကိုယ်စားလှယ် ပိုင်ချွင်အာနှင့် အခြား ချန်းဖန်အား မှတ်မိသူ အချို့ကလည်း ထရပ်ကာ သက်သေခံ ကြသည်။

"နင်တို့…"

လင်းဝူဟွာမှာ ထိုလူများကို ကြည့်ကာ ဒေါသ ထွက်သွားကြ၏။

သူမသည် ချန်းဖန်၏ အနိုင်ကျင့်မှုကို တစ်ခါ ခံခဲ့ဖူးသော်လည်း ထက်မြက်သော တန်ခိုးရှင် တစ်ယောက် ဆုံးရှုံးသွားမည်ကို အမှန်ပင် မလိုလားချေ။

"ဝမ်ရှင်း တန်ခိုးရှင်ချန်း… မင်း ဘာပြောဦးမလဲ"

ကျူးကျူရှန်းက အပြုံးဖြင့် ချန်းဖန်အား ကြည့်လိုက်သည်။

"ခေါင်းဆောင်ကျူး… လူငယ်တွေကို လိမ်ခိုင်းတာက ခင်ဗျား အတွက် အရမ်း လွယ်ပါတယ်"

ချင်လော့မှာ ယခုထိ လက်မလျှော့ လိုသေးချေ။

"ဟားဟား… အဲဒီ သက်သေတွေက မလုံလောက်သေးရင် သူ့ရဲ့ ချစ်သူလေးကို မေးပေး ရမှာပေါ့လေ"

ကျူးကျူရှန်းက အေးဆေးစွာပင် ရယ်မောရင်း လက်တစ်ဖက်အား ဝှေ့ယမ်း လိုက်၏။

"ဝှစ်…"

ရုတ်တရက် လူအုပ်ကြားမှ မိန်းကလေး တစ်ယောက်မှာ တစ်စုံတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံရသည့် အလား လေပေါ်သို့ မြောက်တက်လာ၏။

"အစ်မမူ…"

ယွင်ရီအာက ခေါ်လိုက်သည်။

ထိုမိန်းကလေးကား ချန်းဖန်၏ မိတ်ဆွေ တစ်ဖြစ်လည်း မူဟုန်တိပင်။

"မိန်းကလေးမူ… မင်း အမှန်အတိုင်း သိထား သမျှကို ပြောပါ… မင်းရဲ့ မိဘတွေနဲ့ မူမိသားစု ငါ့လက်ထဲမှာ ရှိနေသေးတယ် ဆိုတာ မမေ့နဲ့ဦးနော်… သူတို့ရဲ့ အနာဂတ်ကို မင်း ကိုယ်တိုင် ဆုံးဖြတ်ပါ"

ကျူးကျူရှန်းက ခြိမ်းခြောက်သော လေသံဖြင့် ပြောလိုက်သည်။

ပထမ၌ မူဟုန်တိမှာ သူမ ချန်းဖန်ကို မမှတ်မိဟု ပြောရန် ပြင်လိုက်သော်လည်း ကျူးကျူရှန်း၏ စကားကို ကြားပြီးနောက် သူမမှာ ဆွံ့အ သွားခဲ့သည်။ ထို့နောက် သူမက ချန်းဖန်အား အားကိုးရာမဲ့ခြင်းနှင့် တောင်းပန်ခြင်းတို့ စွက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

"အမလင်း… အစ်မမူကို ကယ်ပါဦး"

ယွင်ရီအာက လင်းဝူဟွာ၏ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ရင်း တောင်းပန်လိုက်သည်။

"အသုံးမဝင်ဘူး… ကျူးကျူရှန်းရဲ့ လက်ထဲက ဘယ်သူ့ကိုမှ မကယ်တင်နိုင်ဘူး… သူက စေ့စပ်တဲ့ လူတစ်ယောက်ပဲ… သူက ဒီကို မလာခင်တည်းက အကုန် ပြင်ဆင် ပြီးလောက်ပြီ… မူဟုန်တိ မပြောနဲ့ ချန်းပေ့ရွှမ်းလို ဝမ်ရှင်း တန်ခိုးရှင်တောင် သူ့လက်ကနေ လွတ်မယ် မထင်ဘူး"

လင်းဝူဟွာက သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်သည်။

"ကျွန်… ကျွန်မ…"

လေထဲရှိ မူဟုန်တိမှာ စကားတစ်လုံး ပြောရန်ပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။ သူမသည် ချန်းဖန်ကို သူမ တွေ့ဖူးသည် ဟူသော စကားကို ပြောရန် အခက်တွေ့နေပုံ ရသည်။

မူဟုန်တိ၏ ဆိုးရွားနေသော အခြေအနေကို ကြည့်ရင်း ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ထိုင်ရာမှ ထရပ် လိုက်သည်။

"ဟုတ်တယ် ငါက ချန်းပေ့ရွှမ်းပဲ… အဲဒီတော့ ဘာဖြစ်လဲ… မင်းက ငါ့ကို ဖမ်းနိုင်မယ် ထင်နေတာလား"

"ဟားဟား…"

ကျူးကျူရှန်းက အော်ဟစ် ရယ်မော လိုက်သည်။

မရေမတွက်နိုင်သော လူများမှာ စိတ်ပျက်  သွားကြသည်။ သူတို့သည် ထိုအရာကို ခန့်မှန်းခဲ့ပြီး ဖြစ်သော်လည်း ချန်းဖန် ကိုယ်တိုင်က ထောင်ချောက် အတွင်း တိုးဝင်လိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

"ချန်းပေ့ရွှမ်း… မင်းက တော်ဝင် မိသားစုရဲ့ မင်းသားကျိုးကို ရိုက်နှက်ပြီး သူ့ရဲ့ သွေးကို ထုတ်ယူ ခဲ့တယ်… ခုချက်ချင်း အညံ့ခံပြီး ပြစ်ဒဏ်ကို ခံယူပါ"

ချီဖန်ခုန်းက လေထဲသို့ ပျံတက်ကာ အမိန့်ပေး လိုက်၏။

"ဟဟ…"

ချန်းဖန်က ဂရုစိုက်ဟန် မရပဲ အနည်းငယ် ပြုံးလိုက်၏။

"ငါက ဝမ်ရှင်း တန်ခိုးရှင်… ကျိုးချင်ချန်းက အရေးမပါတဲ့ မူလ အဆင့် တစ်ယောက်ပဲ… အဲ့နေ့တုန်းက သူက ငါ့ကို မလေးမစား လုပ်တယ်… သွေး ထုတ်ယူတာ မပြောနဲ့ ငါက သူ့ကို သတ်လိုက်ရင်တောင် အဲဒါက သဘာဝ ကျတယ်"

"မှန်တယ်…"

"ထောက်ခံပါတယ်…"

" … "

ချန်းဖန်၏ စကားကို များစွာသော လူများက ဝိုင်းဝန်း ထောက်ခံ လိုက်ကြ၏။

ဝမ်ရှင်း တန်ခိုးရှင်တိုင်းမှာ နတ်ဘုရားများ ဖြစ်သည်။ သူတို့အား တော်ဝင် မိသားစု၏ လူများ အပါအဝင် မည်သူမျှ စော်ကားပိုင်ခွင့် မရှိချေ။

"ရပ်ကြစမ်း… မင်းသား ကျိုးချင်ချန်းက တော်ဝင် မိသားစုရဲ့ မျိုးဆက်ပဲ… သူ အပြစ်လုပ်ရင် အရှင် ပေ့ဟန် ကိုယ်တိုင် အပြစ်ပေးလိမ့်မယ်… မင်း ကိစ္စ ဘာမှမပါဘူး…"

ကျူးကျူရှန်းက မိုးကြိုးများစွာ ပေါက်ကွဲသည့်အလား အော်ဟစ် လိုက်သည်။ ထို့နောက် သူက လေသံကို အနည်းငယ် လျှော့ကာ ဆိုလိုက်၏။

"ချန်းပေ့ရွှမ်း… ဓားဧကရာဇ်က မင်းရဲ့ ပါရမီကို တန်ဖိုးထားတယ်… မင်း သူ့ကို ကျေးဇူး တင်သင့်တယ်… ကောင်းကောင်း မွန်မွန် အဖမ်းခံပြီး ငါတို့နဲ့ တော်ဝင်မြို့ကို လိုက်ခဲ့ပါ"

"ငါက ငြင်းမယ် ဆိုရင်ရော…"

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။

"ဒါဆို ငါ မင်းကို ဖမ်းပြီး ဝောာ်ဝင် နန်းတော်ကို ခေါ်သွားရမှာပေါ့… နောက်ပြီး မင်းရဲ့ ကျူးဝမ် မျိုးနွယ်တွေ အားလုံးကို သတ်ပြီး ရှေးဟောင်း ကျူးဝမ်မြို့ကိုပါ ဖျက်ဆီးပစ်မယ်"

ကျူးကျူရှန်းက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။

"ဟားဟား… မင်းက ငါကို ဖမ်းမယ်ပေါ့ ဟုတ်လား…"

ချန်းဖန်က ပြက်လုံး တစ်ခုကို ကြားရသည့် အလား ရယ်မော လိုက်သည်။

သူ့ကဲ့သို့ပင် လူတိုင်းမှာလည်း တစ်ခုခု လွဲချော်နေသလို ခံစား လိုက်ရ၏။

ကျူကျူရှန်းမှာ ရွှေအမြုတေ အလယ်ဆင့် ကျင့်ကြံသူ ဆိုသော်လည်း ချန်းပေ့ရွှမ်း မှာလည်း အလယ်ဆင့် ရွှေအမြုတေကို ပိုင်ဆိုင် ထားသည့် ပါရမီရှင် တစ်ယောက် ဖြစ်သည်။

သူ၏ တိုက်ခိုက်ရေး စွမ်းအားက ကျူးကျူရှန်းကို မယှဉ်နိုင်လျှင်ပင် သူ့အတွက် ထွက်ပြေးရန်မှာ ခက်ခဲမည် မဟုတ်ချေ။  သို့တိုင်အောင် ကျူးကျူရှန်းက အဘယ်ကြောင့် ဤမျှ ယုံကြည်ချက် ရှိနေရသနည်း။

"ငါက တစ်ယောက်တည်း မလုပ်နိုင်ဘူးပဲ ထားပါတော့… ဒါပေမဲ့ မန်ဟောင် တပ်ဖွဲ့နဲ့ ဟန်ချီ တပ်ဖွဲ့တွေပါ ပေါင်းလိုက်မယ် ဆိုရင်ရော…"

ကျူးကျူရှန်းက အေးဆေးစွာပင် ပြောလိုက်သည်။

"ဘုန်း… ဘုန်း… ဘုန်း…"

ရုတ်တရက် မိုးကြိုးသံများနှင့် အတူ ကောင်းကင်၌ လေသင်္ဘော အရေ အတွက် နှစ်ရာခန့် ပါဝင်သော အုပ်စု နှစ်ခု ထွက်ပေါ်လာ၏။ ထိုသင်္ဘောများမှာ အလွန် များပြား လှရကား ကောင်းကင်ကိုပင် ဖုံးအုပ် သွားခဲ့သည်။

တပ်ဖွဲ့ နှစ်ဖွဲ့၏ မြားဦးတွင်မူ ကျင့်ကြံသူ နှစ်ယောက် ရပ်နေခဲ့၏။

တစ်ဦးမှာ ယပ်တောင် ကိုင်ဆောင်ထားသည့် အဖြူရောင်ဝတ် စာပေသမား တစ်ဦး ဖြစ်ပြီး အခြား တစ်ဦးမှာ ငါးမီတာခန့် ရှည်သည့် လူ့မိစ္ဆာကြီး ဖြစ်သည်။

"ဟန်ချီ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် လီချန်းယန် နဲ့ မန်ဟောင် တပ်ဖွဲ့ရဲ့ ခေါင်းဆောင် လဲ့ရှန်း…"

မှတ်မိသော လူအချို့က အံဩတကြီး အော်ဟစ် လိုက်ကြ၏။

လီချန်းယန်နှင့် လဲ့ရှန်းတို့မှာ ရွေအမြုတေ အလယ်ဆင့်များ မဟုတ်သည့်တိုင် အလွန် အစွမ်းထက်သူများ ဖြစ်ကြသည်။ အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် ချီဖန်ခုန်းပါ ပေါင်းပါက ချန်းဖန်၏ အရှေ့၌ အစွမ်းထက် ရွှေအမြုတေ အဆင့် လေးယောက် ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်၏။

"ဘုန်း… ဘုန်း… ဘုန်း…"

ပေါက်ကွဲသံများနှင့် အတူ ကျူးဝမ်မြို့၏ ကောင်းကင်၌ ပိုမို များပြားသော အလင်းများ ပေါ်လာ ခဲ့၏။

"ဆူးပြည်နယ် သခင် ရွှမ်ပင်း…"

"လဲ့ပြည်နယ် သခင် ကျိထျန်ချုံး…"

"ရေတပ်ဗိုလ်ချုပ် ရှီမန်ရှန်း…"

" ပင်းပြည်နယ် သခင် အရှင်ဝူ… "

" … "

"ပြည်နယ် သခင် ရှစ်ယောက်နဲ့ တပ်ဖွဲ့ ခေါင်းဆောင် သုံးယောက်… မကောင်းတော့ဘူး… ချန်းပေ့ရွှမ်းတော့ သေပြီပဲ"

များစွာသော လူများမှာ ကြောက်လန့် သွားကြ တော့၏။

ထိုတစ်ယောက်ချင်းစီကား အလွန် အစွမ်းထက် ကြပြီး ပေ့ဟန်နယ်၏ ထိပ်ဆုံး နေရာများတွင် ရပ်တည် နေကြသူများ ဖြစ်သည်။ သူတို့ စုစုပေါင်း အင်အားက ချန်းဖန် မဆိုထားနှင့် မည်သည့် ကောင်းကင် နယ်မြေကို မဆို ရှင်းလင်း ပစ်ရန် လုံလောက်၏။

"ချန်းပေ့ရွှမ်း… ဒူးထောက်မလား သေမလား မြန်မြန် ရွေးစမ်း…"

ကျူးကျိရှန်းက ကောင်းကင်သို့ ပျံတက်ရာ မီတာ တစ်ထောင် မြင့်မားသော ကောင်းကင်မြိုမြွေကို တစ်ကောင် သူ၏ အနောက်၌ ဖြစ်ပေါ် လာ၏။

"ရူး…"

ထိုမြွေကြီးက စူးရှသော မြည်သံ တစ်ခုကို ပေးရင်း အလွန်အမင်း အေးစက်သော လှိုင်းများကို ထုတ်လွှတ်သည်။

"ဟူး… ဟူး…"

များစွာသော ဝမ်ရှင်း တန်ခိုးရှင်များ၊ တော်ဝင် တပ်ဖွဲ့များ၏ ဝန်းရံမှု၌ ချန်းဖန်ကား အကျဉ်းအကျပ်သို့ ကျရောက် နေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters