← Chapters

ဓားအား ဆွဲထုတ်ခြင်း

Vol. 9 Ch. 842

ဓားအား ဆွဲထုတ်ခြင်း

Vol. 9 Ch. 842

"ဟူး… ဟူး…"

ကြောက်မက်ဖွယ် ဖိအား တစ်ခုသည် ရှေးဟောင်း ကျူးဝမ်မြို့ပေါ်သို့ ဖြန့်ကြက်ကာ ကျဆင်းနေ၏။

"ငါ… ငါတို့ သေရတော့မှာလား…"

ကျူးဝမ် မျိုးနွယ် အကြီးအကဲ တစ်ယောက်က တုန်ရီစွာ ရေရွတ် လိုက်သည်။ များစွာသော ကျူးဝမ် မျိုးနွယ်များကလည်း ချန်းဖန်အား ဖြူရော်စွာ ကြည့်လိုက် မိကြ၏။

သူတို့သည် နှစ်ထောင်ပေါင်း များစွာ စောင့်ပြီး နောက်မှ ဝမ်ရှင်း တန်ခိုးရှင် တစ်ပါးကို ရရှိခဲ့သည်။ သို့သော်လည်း မထင်မှတ်စွာပင် ထိုဝမ်ရှမ်း တန်ခိုးရှင်က ကျူးဝမ် မျိုးနွယ်ဆီသို့ ကပ်ဘေးများကိုပါ တစ်ပါတည်း သယ်ဆောင် လာခဲ့သည်။

"ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက်… တော်ဝင် တပ်ဖွဲ့ သုံးခုရဲ့ အင်အားပါ ပေါင်းရင် အဲဒီ အင်အားက မိသားစုကြီး ရှစ်ခုနဲ့ ထိပ်တန်း မျိုးနွယ် ဆယ်ခုကိုတောင် အနိုင်ယူနိုင်စွမ်း ရှိတယ်…"

ကူလင်ကျိက ပြုံးလိုက်၏။

"ဟမ့်… ချန်းပေ့ရွှမ်း မင်းထွက်ပြေးမလား တိုက်ခိုက်မလား ကြည့်ရသေးတာပေါ့"

ချူထျန်းယုကလည်း အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။

"ဟူး… ဟူး…"

တစ်ချိန်တည်း၌ လေသင်္ဘောများစွာမှာ မြေပြင်သို့ ဆင်းသက် လာကြသည်။ ထို့နောက် သောင်းချီသော စစ်သည်များ အစီအရီ ထွက်လာကြ၏။

သာမန် စစ်သည်တိုင်းမှာ အနည်းဆုံး ဝိညာဉ် ပင်လယ် အဆင့်တွင် ရှိနေပြီး ဝိညာဉ် သံချပ်ကာနှင့် ဝိညာဉ် လက်နက်များကို ဆွဲကိုင် ထားကြသည်။ သူတို့သည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ဗိုလ်ချုပ်များ၏ ဦးဆောင်မှု အောက်တွင် စနစ်တကျ ရွေ့လျားကာ ဝင်္ကပါများကို တည်ဆောက် လိုက်ကြ၏။

"ရား…"

မကြာခင်မှာပင် ရှေးဟောင်း ကျူးဝမ်မြို့ပြင်၌ အဖြူရောင် မြွေကြီးတစ်ကောင်၊ ပေ တစ်ထောင် အလျားရှိသော နဂါးတစ်ကောင်နှင့် ကြီးမားသော ဘီလူးကြီး တစ်ကောင် ဖြစ်ပေါ်လာ၏။ ထိုသတ္တဝါကြီး သုံးကောင်မှာ စစ်သည်များဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါများ ဖြစ်ပြီး ရှေးဟောင်း ကျူးဝမ် မြို့နားသို့ တဖြည်းဖြည်း ချဉ်းကပ် လာသည်။

"ချန်းပေ့ရွှမ်း… အညံ့ခံစမ်း…"

ကျူးကျူရှန်းက မြွေဖြူ၏ ဦးခေါင်းထက်သို့ ပျံတကက်ကာ ရပ်ရင်း ချန်းဖန်အား ဖိအားပေး လိုက်၏။

"ဟဟ… ဒါမှမဟုတ် မင်း ထွက်ပြေးချင်လည်း ပြေးလေ… ငါတို့က ရှေးဟောင်း ကျူးဝမ်မြို့နဲ့ အခြား ကျူးဝမ် သုံးဆယ့်နှစ်မြို့ကို ဖျက်ဆီး လိုက်ရုံပဲပေါ့…"

"ဟမ့်…"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တဖြည်းဖြည်း နီးကပ်လာသော ရန်သူများကို ကြည့်လိုက်၏။

ထိုအင်အားလောက်ဖြင့် မြောက်ပိုင်း ကောင်းကင် အရှင်သခင်ကို ခြိမ်းခြောက် နိုင်မည် ထင်နေသည်လား။

"ဝမ်ရှင်း တန်ခိုးရှင်ချန်း… ကျုပ်သာ ခင်ဗျား နေရာမှာ ဆိုရင် အညံ့ခံ လိုက်ပြီ… ဓားဧကရာဇ်က ပါရမီရှင်တွေကို တန်ဖိုးထား တတ်ပါတယ်… ခင်ဗျား စိတ်ကူး မလွဲသင့်ဘူး…"

ချူထျန်းယုက ချန်းဖန်အား စေတနာထားဟန် အကြံပေးလိုက်သည်။

"ဝမ်ရှင်း တန်ခိုးရှင်ချန်း…"

ဘိုးဘေး ဘုရားကျောင်း အကြီးအကဲ တစ်ဦး ကလည်း ချန်းဖန်အား ဖျောင်းဖျရန် ကြိုးစား လိုက်၏။

"ပါးစပ်ပိတ်ထားစမ်း… ဝမ်ရှင်း တန်ခိုးရှင်ချန်းက ငါတို့ ကျူးဝမ် မျိုးနွယ်ရဲ့ ခေါင်းဆောင်ပဲ… သူ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် ငါတို့ နာခံရမယ်"

ရှဲ့ချန်းယန်က ဖနှောင့်ဆောင့်ရင်း အော်ဟစ် လိုက်သည်။

"ဟုတ်… ဟုတ်ကဲ့ပါ…"

အကြီးအကဲမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ ငြိမ်ကျသွား၏။

ကြီးမားသော ဖိအားအောက်၌ ကျူးဝမ် မျိုးနွယ် အတွင်းမှာပင် အချင်းချင်း သွေးကွဲမှုများက စတင်ကာ ဖြစ်ပေါ် နေခဲ့ပြီ ဖြစ်လေသည်။

***

ထိုအချိန် တော်ဝင်မြို့၊ ကောင်းကင်မြို နန်းတော် အတွင်း…

ဓားဧကရာဇ်သည် ခန်းမကြီးတစ်ခု၏ အလယ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရပ်နေခဲ့၏။ သူ၏ နောက်တွက်မူ ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်ရင်း ရပ်နေသော  ကျိုးတုလော့ ရှိသည်။

"ကျူးကျူရှန်းတို့ ရှေးဟောင်း ကျူးဝမ် မြို့ကို သွားပြီလား…"

ဓားဧကရာဇ်က မေးသည်။

"ဟုတ်ပါတယ် ဦးရီးတော်… တပ်ဖွဲ့ သုံးခု အပြင် ပြည်နယ် သခင် ခြောက်ယောက်နဲ့ ရေတပ် ဗိုလ်ချုပ်တို့ကိုပါ လိုက်သွားခိုင်းလိုက် ပါတယ်… နောက်ပြီး သူတို့ အပြင် အစေခံကြီး နှစ်ဦးကိုလည်း လိုက်ပြီး စောင့်ကြည့်ခိုင်း ထားပါတယ်… ချန်းပေ့ရွှမ်း ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး"

ကျိုးတုလော့က အဖြေပေးသည်။

"ကောင်းတယ်… တုလော့ မင်းမှန်တယ်… အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် တစ်ယောက်ကို ဘယ်တော့မှ လျှော့မတွက်သင့်ဘူး"

ဓားဧကရာဇ်က ခေါင်းညိတ် အသိအမှတ်ပြု လိုက်၏။ ထို့နောက် သူက ဆက်ပြော လိုက်သည်။

"သူ့ကို အသက်ရှင်လျက် ဖမ်းမိရင် ပိုကောင်း လိမ့်မယ်… သူသာ ငါတို့ အတွက် အလုပ် လုပ်ပေးရင် ငါတို့ နောက် နှစ်တစ်ထောင်လောက် အထိ ငြိမ်းချမ်းရေးကို ထိန်းနိုင်လိမ့်မယ်"

"ဒီအတွက် မပူပါနဲ့ ဦးရီးတော်… ကျွန်တော် ကျူးကျူရှန်းကို သေသေချာချာ မှာကြား ပြီးပါပြီ"

ကျိုးတုလော့က သူ၏ စေ့စပ်မှုကို ဂုဏ်ယူစွာ ပြုံးရင်း ဆိုလိုက်၏။

"အင်း…"

ဓားဧကရာဇ်က ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူက တံခါးဆီသို့ လျှောက်သွားကာ တစ်ချက် ရပ်လိုက်၏။

"ကျူးကျူရှန်းကို ငါယုံတယ်… သူ ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး"

***

ရှေးဟောင်း ကျူးဝမ်မြို့…

မရေမတွက်နိုင်သော လူများသည် ချန်းဖန်ကို ကြည့်ကာ သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေကြ၏။ အားလုံး၏ အကြည့်များ အောက်၌ ချန်းဖန်သည် တည်ငြိမ်စွာ ရပ်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေဆဲ ဖြစ်သည်။

"အစ်ကို… အစ်ကို ဘာလုပ်လုပ် သမီး အကို့ဘက်မှာ ရှိနေမယ်"

ခရမ်းရောင်ဝတ် ကောင်မလေးက ချန်းဖန်၏ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ သူမ၏ မျက်ဝန်းက ချန်းဖန် အပေါ် ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။

"အင်း…"

ချန်းဖန်က ခေါင်းညိတ်ရင်း မိန်းကလေး၏ ဦးခေါင်းအား ပွတ်သပ် ပေးလိုက်သည်။ ထို့နောက် သူက ရန်သူများဘက်သို့ လှည့်ကာ မေးလိုက်၏။

"ငါစဉ်းစား မရတာတစ်ခု ရှိတယ်… ငါက ဘာလို့ မင်းတို့ ကျိုးမျိုးနွယ်ဆီမှာ အညံ့ခံ သင့်တာလဲ…"

"ဘာလို့လဲ ဆိုတော့… မင်းက အစွမ်း မထက်လို့… မင်းရဲ့ ကျူးဝမ် မျိုးနွယ်က အားနည်းလို့… ကျိုး မျိုးနွယ်က ပေ့ဟန်နယ်နဲ့ အစွမ်း အထက်ဆုံး အင်အား ဖြစ်လို့ပဲ"

ကျူးကျူရှန်းက ပြောလိုက်သည်။

"တကယ်ကြီးလား…"

ချန်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူက ကျူးကျူရှန်းအား လှောင်ပြောင်သလို ကြည့်လိုက်၏။ သူ၏ ပုံစံက ဘာကိုမျှ ဂရုမစိုက်သော နတ်ဘုရား တစ်ပါးနှင့် အလားတူ နေခဲ့သည်။

"ဘာလဲ…"

ကျူးကျူရှန်းမှာ တစ်စုံတစ်ခု လွဲမှား နေကြောင်း ခံစားမိသွား၏။ ထို့နောက် သူက ချက်ချင်းပင် မြွေဖြူတပ်ဖွဲ့ကို ချန်းဖန်အား တိုက်ခိုက်ရန် အမိန့်ပေး လိုက်သည်။

သို့သော်လည်း ထိုအရာက နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။

"ကျူးကျူရှန်း… မင်းတက အစကတည်းက မှားနေခဲ့တာပဲ… ပေ့ဟန်နယ်ရဲ့ အစွမ်း အထက်ဆုံးက ကျိုးမိသားစု မဟုတ်ဘူး… ငါ ချန်းပေ့ရွှမ်းပဲ…"

ချန်းဖန်က ပြောကာ လက်တစ်ဖက်အား မြှောက်လိုက်သည်။

"ကလန့်…"

ကောင်းကင်၌ ဓားသံစဉ် တစ်ခု ထွက်ပေါ် လာ၏။

"ပေ့ဟန်နယ်က တရားမျှတမှု မရှိ ခဲ့ဘူး… ဒီနေ့မှာ ငါ ချန်းပေ့ရွှမ်းက ငါ့ရဲ့ ဓားနဲ့ တရား မျှတမှုကို ယူဆောင်ပေးမယ်…"

"အဲဒါဟာ ရှေးဟောင်း ကျူးဝမ်တွေ အတွက် လက်စားချေမှုလည်း ဖြစ်တယ်"

"ပေ့ဟန်နယ်ကို ကျိုးမျိုးနွယ်ရဲ့ သွေးနဲ့ ဖုံးလွှမ်းစေမယ်"

ချန်းဖန်၏ အသံက ပို၍ ပို၍ ကျယ်လောင် လာ၏။

တစ်ချိန်တည်း၌ မိုးကြိုးများက အဆက်မပြတ် မြည်ဟည်းကာ သူ၏ လက်၌ ဓားတစ်ချောင်း ဖြစ်ပေါ် လာသည်။

ထိုအရာကား ရှေးဟောင်း ထျန်းမိန်ဓားပင် ဖြစ်လေ၏။

***

All Chapters