မရပ်တန့် နိုင်သော
Vol. 9 Ch. 843
ထျန်းမိန်ဓား…
ထိုအရာသည် ရွှမ်မိန် ကောင်းကင် နယ်မြေ၏ ဝိညာဉ် ရတနာတစ်ခု ဖြစ်ပြီး မဟာ အကြီးအကဲ ဟန်မိန်က ကိုင်ဆောင်ခဲ့သည်။ ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်သည် ကောင်းကင် နယ်မြေ ခြောက်ခုတွင် အတော်ဆုံး ဓားသမား ဖြစ်ပြီး ဓားဧကရာဇ်မှ လွဲ၍ မည်သူ့ကိုမျှ သူ မရှုံးဖူးချေ။
"ကလန့်…"
ချန်းဖန်က ဓားအား ထောင့်ဖြတ် ဝှေ့ယမ်း လိုက်၏။
တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ် အတွင်းရှိ အနက်ရောင် ရွှမ်မင် စွမ်းအားက ဓားအတွင်း တိုးဝင်ကာ အားဖြည့်သည်။ ထိုအခါ ဓားမှာ အတားအဆီးများကို ချိုးဖျက်ကာ ပိုမို လင်းလက် တောက်ပ လာသည်။
"ဝေါ…"
အဆုံး၌ ဓားမှာ ပေတစ်သောင်း ရှည်လျားသော ဓားချီ မြစ်တစ်စင်း အဖြစ် ပြောင်းလဲကာ ကောင်းကင်ကို ထက်ပိုင်း ပိုင်းဖြတ်၏။
"အဲဒါက… ထျန်းမိန်ဓားလား…"
လင်းဝူဟွာနှင့် အခြားလူများမှာ ဆွံ့အ သွားကြသည်။
ရှေးဟောင်း ထျန်းမိန်ဓားမှာ ထိုမျှ အစွမ်းထက် လိမ့်မည်ဟု မည်သူမျှ မထင်ထားကြချေ။ ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်ပင် ဓားအား အသုံးပြု၍ ထိုမျှသော စွမ်းအားကို ထုတ်ဖော် နိုင်မည် မဟုတ်ချေ။
"ဝေါ…"
အားလုံး၏ အကြည့်များ အောက်တွင်ပင် ဓားချီ မြစ်သည် ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက်နှင့် စစ်သည် သောင်းချီထံ တိုးဝင်လေ၏။
"နောက်ဆုတ်…"
တပ်ဖွဲ့ ခေါင်းဆောင် သုံးယောက်နှင့် ချီဖန်ခုန်းတို့မှာ သူတို့၏ ဓမ္မ အသွင်များကို ထုတ်ဖော်ကာ ဓားချီမြစ် တိုက်ခိုက်မှုမှ ပွတ်သီလေး ရှောင်နိုင်ခဲ့သည်။
သို့သော်လည်း အခြား ဝမ်ရှင်း တန်ခိုးရှင် များမှာမူ ကံမကောင်းခဲ့ချေ။
"ခရက်…"
ဓားချီမြစ်၏ တိုက်စားမှုတွင် သူတို့၏ နယ်မြေနှင့် ဓမ္မ အသွင်များမှာ ကျိုးပျက်ကုန်၏။ နောက်ဆုံး၌ သူတို့သည် အသက် ရှင်သန်ရေးအတွက် ဓမ္မ ရတနာများနှင့် ခန္ဓာကိုယ် ပေါ်တွင်သာ မှီခိုကြရတော့သည်။
"ဘုန်း… ဘုန်း…"
သို့သော်လည်း ဓားချီမြစ်က ထိုအကာမကွယ် ဓမ္မ ရတနာများကိုပါ ချိုးဖဲ့ ဖျက်ဆီး ပစ်လိုက်သည်။
အဆုံး၌ ဝမ်ရှင်း တန်ခိုးရှင် အားလုံး နီးပါးမှာ ဒဏ်ရာရ ကုန်ကြ၏။ အချို့ အားနည်းသော ဝမ်ရှင်း တန်ခိုးရှင်များ ဆိုလျှင် ရွှေရောင် သွေးများပင် အန်ကုန်ကြသည်။
"သောက်ပြဿနာပဲ… သူက အရမ်း အစွမ်းထက်တယ်"
ကျူးကျူရှန်းမှာ ပထမဆုံး အကြိမ် အဖြစ် ကြောက်လန့် သွားသည်။ သူ၏ စိတ်တွင် ချန်းဖန်မှာ ဓားဧကရာဇ်နှင့် တန်းတူ အစွမ်း ထက်သည် ဟုပင် ထင်ယောင် ထင်မှား ဖြစ်လာခဲ့၏။
"သူ့ကို သတ်ကြ… ရှေးဟောင်း ကျူးဝမ် မြို့ကို ဖျက်ဆီး ပစ်ကြ…"
ကျူးကျူရှန်းက အော်ဟစ် အမိန့်ပေး လိုက်သည်။
အခြား ဝမ်ရှင်း တန်ခိုးရှင်များကလည်း သူတို့၏ စွမ်းအားကို အမြင့်ဆုံးထိ မြှင့်တင် လိုက်ကြ၏။ သူတို့ကား အဆုံးမဲ့ သတ်ဖြတ်ခြင်းများ ပြုလုပ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ဟမ့်…"
ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။
"သွားစမ်း…"
သူက ချက်ချင်းပင် တင်းဟိုင် ပုလဲကို ထုတ်ယူကာ မိုင်တစ်ရာ ရှည်လျားသော ကောင်းကင် နယ်မြေ အဖြစ် ပြောင်းလဲ လိုက်သည်။ ထိုကောင်းကင် နယ်မြေက ရှေးဟောင်း ကျူးဝမ်မြို့အား ရစ်ပတ်ကာ အလုံးစုံသော တိုက်ခိုက်မှုများမှ ကာကွယ်၏။
"ကလန့်…"
ထို့နောက် ချန်းဖန်က ဓားအား ကောင်းကင်သို့ ပစ်တင်ကာ သူ ကိုယ်တိုင်မှာလည်း ရန်သူများထံ တိုးဝင်သည်။
"ချန်းပေ့ရွှမ်း… မင်း ခုချက်ချင်း ရပ်ပြီး အညံ့ခံမယ် ဆိုရင် ငါတို့ မင်းအတွက် တရား မျှတမှု ရှိအောင် ဆောင်ရွက်ပေးမယ်"
ကျူးကျူရှန်းမှာ နောက်ဆုံး ကြိုးပမ်းမှု အနေဖြင့် ချန်းဖန်အား ဖျောင်းဖျ လိုက်သည်။
"သေလိုက်တော့…"
သို့သော်လည်း ချန်းဖန်က နားထောင်ခြင်း မရှိပဲ ဓားဖြင့်သာ ကောင်းကင်ကို ခုတ်ပိုင်း လိုက်သည်။
"ဝေါ…"
ကောင်းကင်၌ အဆုံးမဲ့ ဓားချီမြစ်တစ်ခု ဖြစ်ပေါ် လာပြန်၏။
"ဘုန်း…"
ကျူးကျူရှန်းက မီတာ တစ်ထောင် မြင့်မားသော ကောင်းကင်မြိုမြွေ အသွင်သို့ ပြောင်းလဲကာ ခုခံလိုက်သည်။ တစ်ချိန်တည်း၌ အခြား ဝမ်ရှင်း တန်ခိုးရှင် များကလည်း သူတို့၏ ဓမ္မ အသွင်များကို ထုတ်ဖော် လိုက်ကြ၏။
"မဟာ ဖီးနစ်…"
"မိစ္ဆာ ဘီလူး…"
"နဂါး…"
" … "
ဓမ္မ အသွင် တစ်ခုချင်းစီကား မီတာ တစ်ထောင်ခန့် မြင့်မားကာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများကို ထုတ်ဖော် နေသည်။ ၎င်းတို့၏ ဖိအားများ အောက်၌ ကောင်းကင်ပင်လျှင် တဆတ်ဆတ် တုန်ရီလာ၏။
"ဘုန်း… ဘုန်း… ဘုန်း.. "
ဓားချီမြစ်နှင့် ဓမ္မ အသွင်များ ထိပ်တိုက် တွေ့ရာ လေထု၌ အဆုံးမဲ့ ပေါက်ကွဲမှုများ ဖြစ်ပေါ် လာသည်။ ထိုပေါက်ကွဲမှု များက အရပ်ရပ်သို့ ဖျက်ဆီးခြင်း လှိုင်းများကို ထုတ်လွှတ်ရာ များစွာသော သက်ရှိများ သေကြေ ပျက်စီးရ၏။
"ဘုန်း…"
ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက်မှာ နောက်သို့ ခြေလှမ်းပေါင်း များစွာ ဆုတ်လိုက် ကြရသည်။ အခြား တစ်ဖက်ရှိ ချန်းဖန်မှာလည်း နောက်သို့ ပေတစ်ရာခန့် လွင့်စဉ် သွားရ၏။
"သူ ငါတို့ကို မယှဉ်နိုင်တော့ဘူး…"
ကျူးကျူရှန်းက ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။
အခြားသော ဝမ်ရှင်း တန်ခိုးရှင်များမှာလည်း ဝမ်းသာ သွားကာ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
"ဘုန်း…"
ထိုအချိန်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်က အလင်းမှုန်များ အဖြစ် ပေါက်ကွဲကာ ကြီးမားသော သားရဲကြီးအဖြစ် ပြန်လည် ဖွဲ့စည်းလာသည်။
၎င်းသည် မရဏပြည်၏ အရှင်နှင့် အလားသဏ္ဌာန် တူကာ အနက်ရောင် ရေနှင့် မိုးကြိုး စွမ်းအားကို ထိန်းချုပ်ထား၏။
"အဲဒါကြီးက…"
ကျူးကျူရှန်း၏ မျက်လုံးများက ပြူးကျယ် သွားသည်။
"ရား…"
ရွှမ်ဝူ သားရဲက ဟိန်းဟောက်ရာ အရပ် ရှစ်မျက်နှာရှိ မိုးကြိုး အလင်းနှင့် ရေတို့က ကခုန်သည်။
ရွမ်ဝူသည် မြောက်အရပ် ကောင်းကင်၏ အရှင်သခင် ဖြစ်ကာ ထောင်ချီသော သားရဲများ၏ ခေါင်းဆောင်လည်း ဖြစ်၏။ ၎င်းပေါ်ထွက် လာသည်နှင့် များစွာသော သားရဲများမှာ ဦးညွှတ် ဂါရဝ ပြုရသည်။
"ဘုန်း…"
ရွှမ်ဝူက ပါးစပ်ကို ဟလိုက်ရာ မိုးကြိုး အလင်းတစ်ခု ထွက်ပေါ် လာ၏။
"ကလန့်…"
ထိုအလင်းက ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ဝမ်ရှင်း တန်ခိုးရှင် သုံးယောက် အပေါ်သို့ ကျသည်။
၎င်း၏ အရှိန်က အလွန် လျင်မြန်လှရကား ဝမ်ရှင်း တန်ခိုးရှင်များမှာ မည်သို့မျှ မတုံ့ပြန် လိုက်နိုင်ချေ။ ချက်ချင်းပင် ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အမြုတေ သုံးခု စလုံး ဖျက်ဆီး ခံရလိုက် ရ၏။
"အဲဒါက…"
ကျူးကျူရှန်းနှင့် အခြား ဝမ်ရှင်း တန်ခိုးရှင် များမှာ သွေးဆုတ် ဖြူရော်ကာ ကြောက်လန့် သွားကြသည်။
သူက မိုးကြိုး အလင်း တစ်ခုတည်းဖြင့် ဝမ်ရှင်း တန်ခိုးရှင် သုံးယောက်ကို သတ်လိုက်သည်လား။ ထိုအရာက အဘယ် နည်းစနစ်နည်း။
"ဘုန်း…"
သူတို့ တွေးနေစဉ်မှာပင် ရွှမ်ဝူက ပါးစပ်ကို ဟကာ အခြား မိုးကြိုးအလင်း တစ်ခုကို ပစ်လွှတ် လိုက်ပြန်သည်။ ၎င်းမှာ ဆယ်မီတာ ထူကာ ရွှမ်မင် နတ်ဘုရား မိုးကြိုးများဖြင့် ဖွဲ့စည်းထား၏။
"နောက်ဆုတ်…"
ကျူးကျရှန်းက အော်ဟစ် သတိပေး လိုက်သည်။
သို့သော်လည်း ထိုအရာကား နောက်ကျ သွားခဲ့ပြီ ဖြစ်လေသည်။ မိုးကြိုးသည် လေဟာနယ်ကို ဖြတ်ကာ ချီဖန်ခုန်း အပေါ်သို့ ကျ၏။
"ဘုန်း…"
ချီဖန်ခုန်း၏ ခန္ဓာကိုယ်က အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားပြန်သည်။
သူသည် ဖီးနစ်ကိုးကောင် နတ်ဘုရား ခန္ဓာကို ပိုင်ဆိုင် ထားသည့် ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ရွှမ်မင် နတ်ဘုရား မိုးကြိုး၏ အရှေ့၌ စက္ကူ တစ်စအလား အားနည်း လွန်းလှ၏။
"အဆင့်လေး ရွှေအမြုတေ ပိုင်ရှင် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်က ခုလိုပဲ သေသွား ရတာလား…"
များစွာသော လူများမှာ ပို၍ ကြောက်လန့် သွားကြသည်။
ချီဖန်ခုန်းသည် အစောပိုင်း ရွှေအမြုတေ အဆင့် တစ်ယောက်သာ ဖြစ်သော်လည်း အဆင့်လေး ရွှေအမြုတေကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ သာမန် အလယ်ဆင့် ရွှေအမြုတေများကဲ့သို့ အစွမ်းထက်သည်။ ထို့အပြင် သူသည် များစွာသော နည်းစနစ်များကို တက်ကျွမ်းကာ လျှို့ဝှက် နတ်ဘုရား စွမ်းအားများကိုပါ ပိုင်ဆိုင် ထားသေးသည်။
သို့တိုင်အောင် သူသည် မိုးကြိုး အလင်း၏ တိုက်ခိုက်မှုကို တစ်ခုကိုပင် ခုခံနိုင်စွမ်း မရှိခဲ့သည်လား။
"အဲဒါက သာမန် ရွှမ်မင် နတ်ဘုရား မိုးကြိုး မဟုတ်ဘူး… ငါတို့ နန်းတော်ကို ပြန်ဆုတ်ပြီး ဓားဧကရာဇ် ဆီက အကူအညီ တောင်းရအောင်…"
ကျူးကျူရှန်းက သွေးပျက်စွာ အော်ဟစ် လိုက်၏။
ထို့နောက် သူက အဖြူရောင် အလင်း အသွင်သို့ ပြောင်းကာ အလျင်မြန်ဆုံး အရှိန်ဖြင့် ထွက်ပြေး တော့သည်။
"ပြေးကြဟေ့…"
အခြားလူများမှာလည်း အိပ်မက်မှ နိုးလာသည့် အလား လျှို့ဝှက် နည်းစနစ်များကို သုံးကာ ထွက်ပြေးကြ၏။ သူတို့ကား ချန်းဖန်ကို ဆက်လက် တိုက်ခိုက်ရဲသည့် သတ္တိ မရှိတော့ချေ။
သို့သော်လည်း ကံဆိုးစွာပင် သူတို့၏ အသိတရား ရမှုက နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
"ရွှမ်ဝူ နယ်မြေ…"
ချန်းဖန်က လေထုအား ဖနှောင့်ဖြင့် ပေါက်ကာ အော်ဟစ် လိုက်၏။
"ဘုန်း…"
ရုတ်တရက် ကောင်းကင်တွင် အနက်ရောင် အလင်း တစ်ခု ဖြစ်ပေါ်လာကာ လျင်မြန်စွာ ပြန့်ကား၍ ဆယ်မိုင် ပတ်ဝန်းကျင်ကို ဖုံးလွှမ်း သွားသည်။
"ပေါက်ကွဲတော့…"
ချန်းဖန်က အမိန့်ပေး လိုက်ရာ ရွှမ်မင် အနက်ရောင် အလင်းများက ထိုနယ်မြေ အတွင်းရှိ ဝမ်ရှင်း တန်ခိုးရှင် လေးယောက်ကို တိုက်စား၏။
"ဘုန်း…. ဘုန်း…"
ချက်ချင်းပင် ကောင်းကင်၌ ရွှေရောင် သွေးမြူများ ဖုံးအုပ် သွားသည်။ ဝမ်ရှင်း တန်ခိုးရှင်များမှာ လွတ်မြောက်ရန် ကြိုးစားသော်လည်း မလွန်ဆန်နိုင်ပဲ ပျက်စီးခြင်းဖြင့်သာ အဆုံးသတ် ရ၏။
" … "
မျက်စိ တစ်မှိတ် အတွင်းမှာပင် နောက်ထပ် ဝန်ရှင်း တန်ခိုးရှင် လေးယောက် သေဆုံး သွားခဲ့ပြန်ပြီ ဖြစ်သည်။
ကျူးကျူရှန်းနှင့် အခြား တပ်ဖွဲ့ ခေါင်းဆောင် နှစ်ယောက်သာ ကျန်ရှိတော့၏။
***