သတ်ဖြတ်ခြင်း
Vol. 9 Ch. 844
"အစ်ကို နိုင်သွားတာလား…"
ရှောင်မန်မှာ ကောင်းကင်သို့ မော့ကြည့်ရင်း ဆွံ့အ နေခဲ့၏။ သူမသည် စောစောပိုင်းက မြင်တွေ့လိုက်ရ သမျှကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက်နှင့် တော်ဝင် တပ်ဖွဲ့ သုံးခု…
ထိုအင်အားကား မခန့်မှန်းနိုင်သည် အထိ ကြီးမား လှသည်။ သို့သော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် အစ်ကိုသည် ဝမ်ရှင်း တန်ခိုးရှင် ရှစ်ယောက်နှင့် တပ်ဖွဲ့ သုံးခုစလုံးကို ရှင်းလင်း ပစ်ခဲ့သည်။
အထူးသဖြင့် သူ၏ ရွှမ်ဝူ ကောင်းကင် သားရဲအသွင်သည် ကောင်းကင်တွင် ပြိုင်ဘက်ကင်း လှ၏။
"မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး…"
ထိုအချိန်၌ ချူထျန်းယု မှာလည်း အိပ်မက် အလား ခံစား နေရသည်။ နောက်ဆုံး ရလဒ်က သူ မျှော်လင့်ထားသည့် အရာနှင့် လုံးဝ ဆန့်ကျင်ဘက် ကွာခြားလှသည်။
ရှောင်မန်နှင့် ချူထျန်းယုတို့ သာမက အခြား အကြီးအကဲ များမှာလည်း မယုံကြည်နိုင်မှုကို ခံစားနေရ၏။
"ဝမ်ရှင်း တန်ခိုးရှင်ချန်းက အရမ်း အစွမ်း ထက်တယ်… အဲဒါက ဘယ်လို နတ်ဘုရား စွမ်းအားမျိုးလဲ… အဲဒီ သားရဲ အသွင်က ကောင်းကင်မြိုမြွေထက်တောင် ပိုပြီး အစွမ်းထက်နေပုံ ရတယ်… ထျန်းဟောင်ဂြိုဟ် ပေါ်မှာ ဒီလို သားရဲ သွေးမျိုးဆက်မျိုး ရှိတယ်လို့ ကျုပ် တစ်ခါမှ မကြားဖူးဘူး"
အကြီးအကဲ တစ်ယောက်က ပင့်သက် ရှိုက်ရင်း ပြောလိုက်၏။
"အဘိုးကြီးတန့်… အဲဒီ သားရဲ ပုံစံမျိုးကို ခင်ဗျား မြင်ဖူးသလို ရှိတယ်လို့ မထင်မိဘူးလား…"
ဟူးကောင်းဂိုဏ်း အကြီးအကဲက မေးလိုက်သည်။
"အဲဒါက…"
ယင်ယန်ဂိုဏ်း ကိုယ်စားလှယ် အဘိုးကြီးတန့်က အနည်းငယ် စဉ်းစားဟန် ပြုလိုက်၏။
"ငါ မြင်တော့ မြင်ဖူးသလိုပဲကွ… ဒါပေမဲ့ မသေချာ…"
"ဟဟ… မသေချာတာ မဟုတ်ပါဘူးဗျာ… ခင်ဗျား မတွေးရဲတာပါ"
ဟူးကောင်းဂိုဏ်း အကြီးအကဲ ကျင်းက ရယ်မောရင်း ချန်းဖန်အား လေးစားစွာ ကြည့်လိုက်၏။
"အဲဒါက ဒဏ္ဍာရီလာ စကြဝဠာရဲ့ အစွမ်းအထက်ဆုံး သားရဲ ရွှမ်ဝူပဲ… ငါသာ မမြင်ရရင် လုံးဝ ယုံနိုင်မှာ မဟုတ်ဘူး… ငါ ခုသေရမယ် ဆိုရင်တောင် နောင်တ မရတော့ဘူး"
…
"ရွှမ်ဝူ အဲဒါက တကယ့် ရွှမ်ဝူပဲ… ဒဏ္ဍာရီလာ သားရဲကြီးက အခု ငါ့မျက်စိအောက်မှာ ရောက်နေပြီ"
လင်းဝူဟွာမှာ ကောင်းကင်ရှိ ချန်းဖန်ကို ကြည့်ကာ ကြက်သေ သေနေခဲ့သည်။
"အမလင်း… ရွှမ်ဝူ ဆိုတာက ဘာလဲ… အဲဒါက အစွမ်းထက် လို့လား… ကောင်းကင်မြို မြွေနဲ့ ယှဉ်ရင်တော့ ဘယ်လို နေလဲ"
ယွင်ရီအာက နားမလည်စွာဖြင့် မေးလိုက်သည်။
"ကောင်းကင်မြိုမြွေ ဟုတ်လား…"
လင်းဝူဟွာက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။
"တကယ်လို့ ကောင်းကင်မြိုမြွေက ပုလဲ တစ်လုံး ဆိုရင် ရွှမ်ဝူက ကောင်းကင်ပေါ်က နေမင်းကြီးပဲ… ကောင်းကင်မြိုမြွေ အကောင် တစ်သိန်း ပေါင်းတောင် ရွှမ်ဝူရဲ့ အကြေးခွံ တစ်ခုကို မယှဉ်နိုင်ဘူး"
"အဲဒီလောက်တောင်လား…"
ယွင်ရီအာက ချန်းဖန်ကို အဝေးမှ ငေးကြည့် လိုက်သည်။
သူမ ကျူးဟန် တောင်တန်းတွင် မမှတ်မထင် စတွေ့ခဲ့သော လူငယ်လေးမှာ ထိုမျှ အစွမ်းထက်သူ တစ်ယောက် ဖြစ်နေမည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ ဖူးချေ။
"အစ်မမူ… ငါတို့က နတ်ဘုရား တစ်ပါးနဲ့ သိနေတာပဲ…"
ယွင်ရီအာက တီးတိုး ရေရွတ် လိုက်၏။
ထိုအချိန်၌ ရှေးဟောင်း ကျူးဝမ်မြို့ ကောင်းကင် ထက်ရှိ တိုက်ပွဲမှာ ဆက်လက် ပြင်းထန် နေဆဲ ဖြစ်သည်။
"ချန်းပေ့ရွှမ်း… မင်းကိုယ်မင်း ဘာထင်နေလဲ… တော်ဝင် မိသားစုနဲ့ ဓားဧကရာဇ်က မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူးကွ"
ကျူးကျူရှန်းက အော်ဟစ်ရင်း မြွေဖြူ ဝင်္ကပါ အတွင်းသို့ ဝင်ပြေးသည်။
"ဘုန်း…"
ချန်းဖန်က ကျူးကျူရှန်း နောက်သို့ လိုက်ရန် ပြင်လိုက်သော်လည်း ဟန်ချီ ဝင်္ကပါက သူ့အား ကြားဖြတ်ကာ တားဆီး လာသည်။
"သွားစမ်း…"
ချန်းဖန်က မည်သည့် တိုက်ခိုက်ရေး နည်းစနစ်ကိုမျှ မသုံးပဲ ရွှမ်ဝူ နယ်မြေဖြင့်သာ ဟန်ချီ ဝင်္ကပါအား ပြန်လည် တိုက်ခိုက်လိုက်သည်။
"ဘုန်း…"
လီချန်းယန် အပါအဝင် ဟန်ချီ ဝင်္ကပါ အတွင်းရှိ တစ်သောင်းသော စစ်သည်များမှာ ချက်ချင်းပင် ပေါက်ကွဲ သွား၏။ မည်သူမျှ အသက်ရှင်ကျန်ရစ် မနေခဲ့ချေ။
"ဝင်္ကပါ…"
တစ်ချိန်တည်းမှာပင် မန်ဟောင် တပ်ဖွဲ့ ခေါင်းဆောင် လဲ့ရှန်းက အော်ဟစ် လိုက်သည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ပေတစ်သောင်း ကြီးမားသော ဘီလူးကြီးက ဒိုင်းကာနှင့် တင်းပုတ်ကို ကိုင်ဆောင်ကာ ချန်းဖန်ထံ ပြေးဝင်လာသည်။
ထိုအရာကား မန်ဟောင် ဝင်္ကပါပင် ဖြစ်သည်။ ထိုဝင်္ကပါ၏ တိုက်ခိုက်ရေး စွမ်းအားက သာမန် ရွှေအမြုတေ အဆင့်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိ၏။
"မြွေဖြူ ဝင်္ကပါ…"
တစ်ချိန်တည်း၌ ကျူးကျူရှန်းကလည်း သူ၏ တပ်ဖွဲ့ဖြင့် မြွေဖြူဝင်္ကပါ ဖွဲ့ကာ ချန်းဖန်ထံ တိုးဝင် လာသည်။
"ဟူး… ဟူး…"
ခဏ အတွင်းမှာပင် ချန်းဖန်ကား အစွမ်းထက် ဝင်္ကပါ နှစ်ခု၏ ဝန်းရံမှု အလယ်သို့ ကျရောက် နေခဲ့ပြီ ဖြစ်လေသည်။
"သေစမ်း…"
မန်ဟောင် ဘီလူးကြီးက တင်းပုတ်ကို ဆွဲကာ ချန်းဖန်အား ရိုက်နှက် လိုက်သည်။
သို့သော်လည်း ချန်းဖန်၏ ရွှမ်ဝူ နယ်မြေကား အလွန် အစွမ်းထက်လှ၏။
"ဘုန်း…"
၎င်းအား ဖြန့်ကြက်သည်နှင့် တင်းပုတ် အပါအဝင် ဘီလူးကြီးမှာ အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲသည်။
"မဟုတ်ဘူး…"
လဲ့ရှန်းမှာ ထွက်ပြေးရန် ကြိုးစားသော်လည်း သူ၏ စစ်သား တစ်သောင်းနှင့် အတူ ပေါက်ကွဲ သွားရသည်။ ချန်းဖန်က လက်ကို ဆန့်ထုတ်ကာ လဲ့ရှန်း၏ ရွှေအမြုတေကို ထုတ်ယူ လိုက်၏။
"မကောင်းတော့ဘူး…"
ကျူးကျူရှန်းမှာ လဲ့ရှန်းကို ကူညီရန် ကြိုးစား လိုက်သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြောက်လန့်ကာ နောက်ဆုတ် သွားခဲ့သည်။
ဓားဧကရာဇ် ပင်လျှင် တပ်ဖွဲ့ ကိုးခု၏ ဝင်္ကပါကို ဖျက်ဆီးရန်အချိန် တချို့ ယူရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုအရာက ချန်းဖန် အတွက်မူ လွယ်ကူလွန်းပုံ ရ၏။
"ပြေး…"
ကျူးကျူရှန်းကား ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲတော့ချေ။ သူက ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားတော့၏။
သို့သော်လည်း ရွှမ်ဝူသားရဲ၏ လက်မှ မည်သူက လွတ်မည်နည်း။
"ဘုန်း…"
မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှမ်ဝူက ၎င်း၏ လက်ကို ဆန့်၍ မြွေဖြူ အစီအရင်အား ဖျက်ဆီးကာ ကျူးကျူရှန်းကို ဖမ်းဆီး လိုက်သည်။
"ကျုပ်… ကျုပ်ကို မသတ်ပါနဲ့… ကျုပ် သိသမျှ အကုန် ပြောပြပါ့မယ်… ကျုပ် ကျူးဝမ် မျိုးနွယ်တွေ အကြောင်းရော ဓားဧကရာဇ် အကြောင်းကိုရောပါ သိပါတယ်"
ကျူးကျူရှန်းက ကြောက်ကြောက် လန့်လန့်ဖြင့် အော်ဟစ် တောင်းပန် လိုက်သည်။
"မလိုတော့ဘူး…"
ချန်းဖန်က သူ၏ ပါးစပ်ကို ဟရင်း အသက်အား ညင်သာစွာ ရှူသွင်းလိုက်၏။
"ဘုန်း…"
မိုင်တစ်ရာ အတွင်းရှိ ဝိညာဉ်ချီများမှာ မုန်တိုင်းအလား အရှိန်အဟုန်ဖြင့် သူ့ထံ တိုးဝင် လာကြသည်။ ထို့နောက် ရွှမ်ဝူက သူ၏ လက်အတွင်းရှိ ကျူးကျူရှန်းကိုပါ တစ်ခါတည်း ဝါးမျို လိုက်သည်။
"အား… မင်းရဲ့ ရွှေအမြုတေက အရသာ ရှိသားပဲ…"
" … "
လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့် သွားကြ၏။ သူက ကျူးကျူရှန်းကို ဒီအတိုင်း ဝါးမျို လိုက်သည်လား။
သို့သော်လည်း ရွှမ်ဝူမှာ အခြားလူများ၏ အတွေးများကို ဂရုစိုက်ပုံ မရချေ။ သူက ကောင်းကင် တစ်နေရာသို့ ကြည့်ကာ ပြောလိုက်၏။
"မင်းတို့က ပြန်ကြတော့ မလို့လား… ကြည့်ရတာ မင်းတို့ သခင်ကို ပြန်ပြီး အစီရင် ခံကြတော့မယ်ပေါ့"
"ဘာလဲ…"
လူတိုင်းမှာ ချန်းဖန်၏ စကားကြောင့် အနည်းငယ် ကြောင်အ သွားကြ၏။ ထိုရွှမ်ဝူက မည်သူ့ကို စကားပြော နေသည်နည်း။
"ဘုန်း…"
ရုတ်တရက် ကောင်းပင်၌ အဖြူရောင်နှင့် အနက်ရောင် အလင်းနှစ်ခု ဖြစ်ပေါ်လာ၏။ ထိုနှစ်ခုက ချက်ချင်းပင် ယင်ယန် စက်ဝိုင်း အသွင်သို့ ပေါင်းစပ်ကာ ထွက်ပြေးရန် ကြိုးစားသည်။
"အဲဒါက မင်ဖြူ အကြီးအကဲနဲ့ မင်နက် အကြီးအကဲတို့ မလား…"
များစွာသော လူများမှာ အံ့ဩ ထိတ်လန့် သွားကြသည်။
"အေးခဲစမ်း…"
ချန်းဖန်က ဖနှောင့် တစ်ချက် ပေါက်လိုက်ရာ မိုင်တစ်ရာ အတွင်းရှိ အရာရာမှာ အေးခဲ သွား၏။ ထိုအထဲ၌ မင်ဖြူ မင်နက် အကြီးအကဲ နှစ်ယောက် မှာလည်း ချွင်းချက် မဟုတ်ခဲ့ချေ။
"ယင်နဲ့ယန် ဖွင့်စမ်း…"
မှင်ဖြူ မှင်နက် အကြီးအကဲ နှစ်ယောက်က ပြိုင်တူ လှုပ်ရှားကာ လွတ်မြောက်ရေး အစီအရင် တစ်ခု ခင်းကျင်းရန် ပြင်လိုက်သည်။ သို့သော်လည်း သူတို့ မစတင် ရသေးခင်မှာပင် ချန်းဖန်က သူတို့၏ အရှေ့သို့ ရောက်နေပြီး ဖြစ်၏။
"သေစမ်း…"
ရွှမ်ဝူက လက်သည်းဖြင့် ကုတ်ခြစ် လိုက်ရာ အဖြူအနက် အကြီးအကဲ နှစ်ယောက်၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်း အစစ ပေါက်ကွဲ သွားသည်။ တစ်ခဏ အတွင်းမှာပင် သူတို့၏ ရွှေအမြုတေနှင့် နတ်ဘုရား စိတ်ဝိညာဉ်များသာလျှင် ကျန်ရစ်ခဲ့တော့သည်။
"ကျေး… ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ဝမ်ရှင်း တန်ခိုးရှင်… ကျုပ်တို့က တိုက်ပွဲကို ကြည့်ရုံ သက်သက် လာတာပါ… ကျုပ်တို့ ဘာမှ မလုပ်ရ ပါဘူး"
အဖြူအနက် အကြီးအကဲ နှစ်ယောက်ကား ချန်းဖန်၏ လက်၌ စတင်ကာ တုန်ရီ လာခဲ့သည်။ သူတို့က မစစ်ဆေး ရပါပဲ အရာရာကို ဖွင့်ဟ ဝန်ခံ လာ၏။
"အရာ အားလုံးကို မင်းသား ကျိုးတုလော့နဲ့ ကျူးကျူရှန်းတို့ စီစဉ်တာပါ… သူတို့ကပဲ အခြား ဝမ်ရှင်း တန်ခိုးရှင်တွေကို ဖိတ်ခေါ်ပြီး အရှင့်ကို ဖမ်းဖို့ လုပ်တာပါ… မင်းသား ကျိုးတုလော့က အရှင့်ကို သူ့အတွက် အလုပ်လုပ် ပေးစေချင် နေတာပါ… သူက အင်အား တောင့်တင်းအောင် လုပ်ပြီး အရှင် ပေ့ဟန်ရဲ့ နေရာမှာ ဆက်ဆံဖို့ ကြံစည် နေတာပါ"
"ဟမ့်… လက်စသတ်တော့ အဲဒီလိုကိုး…"
ချန်းဖန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားသည်။
"ကောင်းပြီလေ… ကျိုးတုလော့နဲ့ တော်ဝင် ကျိုးမိသားစု… မကြာခင် ငါတို့ တွေ့ကြရမှာပါ"
ထို့နောက် ချန်းဖန်က ရွှေအမြုတေများကို စားကာ လူသား အသွင်သို့ ပြန်ပြောင်း လိုက်သည်။
"ဝမ်ရှင်း တန်ခိုးရှင် ချန်း…"
မြေပြင်၌ ရှိနေသော ရှဲ့ချန်းယန်နှင့် အခြား လူများမှာ စိတ်လှုပ်ရှားစွာဖြင့် ချန်းဖန်အား ကြိုဆိုရန် ပြင်ဆင် လိုက်ကြသည်။
"ဟူး… ဟူး…"
သို့သော်လည်း ချန်းဖန်သည် မြေပြင်သို့ မဆင်းသက်ပဲ ရှောင်မန်၏ လက်ကို ဆွဲကာ အခြား အရပ်မျက်နှာ တစ်ခုသို့ ပျံသန်း သွား၏။
"အကို… ဘယ်ကို သွားမလို့လဲ"
ရှောင်မန်က ချန်းဖန်အား ကြည့်ရင်း မေးလိုက်သည်။
"တော်ဝင်မြို့ရဲ့ နန်းတော်ကို…"
ချန်းဖန်က မျက်လုံးများကို ကျဉ်းမြောင်းရင်း ဖြေလိုက်၏။
"အစ်ကိုက စိတ်ဓာတ် အရမ်းသေးသိမ်တယ်… ရန်လာစတဲ့ ဘယ်သူ့ကို မဆို အဆ တစ်ရာ ပြန်ပေးရမှ ကျေနပ်တဲ့ လူစားမျိုးပေါ့"
"ဝှစ်…"
တစ်ခဏ အတွင်းမှာပင် ချန်းဖန်နှင့် ရှောင်မန်တို့မှာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွား၏။
"ဟူး…"
ကျူးဝမ် မျိုးနွယ်များနှင့် ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲသို့ တက်ရောက် လာကြသူ အားလုံးမှာ သက်ပြင်း ပြိုင်တူ ချလိုက်မိကြသည်။
"ကျူးကျူရှန်းက အများကြီး ကြိုတင် ပြင်ဆင်လာတယ်… ဒါပေမဲ့ တကယ် အစွမ်းထက်တဲ့ လူနဲ့ ရင်ဆိုင်တဲ့ အခါမှာတော့ ဘာမှ အသုံးမဝင် ခဲ့ပါလား…"
ဟူးကောင်းဂိုဏ်း အကြီးအကဲက ဖြူရော်စွာ ပြုံးလိုက်မိ၏။
"ဒီနေ့က စပြီး ပေ့ဟန်နယ်မှာ ချန်းပေ့ရွှမ်းရဲ့ နာမည် ဖုံးလွှမ်း သွားတော့မယ် ထင်တယ်…"
***