← Chapters

ကောင်းကင်ကို ထက်ပိုင်း ပိုင်းခြင်း

Vol. 9 Ch. 847

ကောင်းကင်ကို ထက်ပိုင်း ပိုင်းခြင်း

Vol. 9 Ch. 847

"ရပ်စမ်း… မင်းတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး…"

ဓားဧကရာဇ်က ဖြည်းညင်းစွာဖြင့် ရှေ့သို့ ထွက်လာ၏။

သူသည် ပေ့ဟန်နန်းတော်ကို ရာစုနှစ်များစွာ အုပ်ချုပ်ခဲ့ပြီး မင်းသားများ အပေါ်တွင်ပင် ဩဇာ လွှမ်းမိုးသူ ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ စကားကို မည်သူမျှ မလိုက်နာပဲ မနေဝံ့ချေ။

"ဦးရီးတော်… ကျွန်တော် အဲ့ခွေးကောင်ကို အနိုင်ယူ နိုင်တယ်"

ကျိုးတုလော့က ပြောသည်။

ဝမ်ရှင်း တန်ခိုးရှင် တစ်ရာ၊ အလယ်ဆင့် ရွှေအမြုတေ ပိုင်ရှင် ဆယ်ယောက်၊ တပ်ဖွဲ့ ကိုးခု…

ထိုအင်အားမှာ ချန်းပေ့ရွှမ်း မဆိုထားနှင့် ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက်ကိုပင် အနိုင်ယူရန် လုံလောက် ပေသည်။

"ဟမ့်…"

ဓားဧကရာဇ်က နှာခေါင်းရှုံ့ရင်း ကျိုးတုလော့ကို လျစ်လျူရှုလိုက်သည်။

ထျန်းကျိ ကောင်းကင် နယ်မြေ ဂိုဏ်းချုပ်က ပြောလိုက်၏။

"မင်းသား… ခင်ဗျားရဲ့ အင်အားက သူ့ကို အနိုင်ယူဖို့ ယုံကြည်ချက် ရှိတာ ကျုပ်တို့လည်း နားလည်ပါတယ်… ဒါပေမဲ့ သူ့ကို သတ်ဖို့ ဝမ်ရှင်း တန်ခိုးရှင် ဘယ်နှစ်ယောက်ကို စတေးရမှာလဲ… တိုက်ပွဲကြောင့် ပြည်သူတွေ ဘယ်နှစ်သန်းရဲ့ အသက်တွေ ပေးရမှာလဲ"

"ဟမ့်…"

ကျိုးတုလော့မှာ မကျေမနပ်ဖြင့် ငြိမ်သက်သွားသည်။

အကယ်၍ တိုက်ပွဲ၌ ဆုံးရှုံးမှု များခဲ့ပါက သူ့အဖေက သူ့အား အပိုင်းပိုင်း ဆွဲဖျက် ပစ်ပေလိမ့်မည်။

"နောက်ပြီးတော့ ချန်းပေ့ရွှမ်းက လေဟာနယ်ကို ဖောက်ထွက်ပြီး သွားနိုင်စွမ်း ရှိတယ်… သူသာ ထွက်ပြေးချင်တယ် ဆိုရင် တားနိုင်မယ်လို့ ထင်နေလား… ကျုပ်တို့မှာ ကောင်းကင်အရှင် တစ်ယောက် ရှိမှပဲ သူ့ကို သတ်နိုင်လိမ့်မယ်"

ထျန်းကျိ ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်က ခေါင်းအား ခါယမ်း လိုက်သည်။

"အဲဒါက…"

ကျိုးတုလော့၏ မျက်နှာမှာ ဖြူရော် သွားသည်။

သူသည် ချန်းဖန်က သူ၏ ပါးအား တစ်မိုင်ခန့် အကွာမှ မည်ကဲ့သို့ ရိုက်ခဲ့သည်ကို မှတ်မိဆဲ ဖြစ်သည်။ ထိုသို့ လေဟာနယ်ကို ဖောက်ထွက်၍ သွားလာနိုင်သူ တစ်ယောက်ကို သာမန် ဝမ်ရှင်း တန်ခိုးရှင်များ အနေဖြင့် တားနိုင်လိမ့်မည် မဟုတ်ချေ။

"မင်း အခု နားလည်ပြီလား… အခုကစ နှစ်ငါးဆယ် တံခါးပိတ်ပြီး ကိုယ့်အပြစ်ကို ဆင်ခြင်ပါ… ရွှေအမြုတေ အလယ်ဆင့်ကို မရောက်မချင်း ထွက်မလာနဲ့တော့"

ဓားဧကရာဇ်က အေးစက်စွာ အမိန့်ပေး လိုက်သည်။

"ဟုတ်ကဲ့ပါ… ဦးရီးတော်…"

ကျိုးတုလော့က ခေါင်းညိတ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း ချန်းဖန်က သူ့အား တားဆီး လိုက်သည်။

"ကျိုးတုလော့… မင်းက ရှေးဟောင်း ကျုးဝမ်မြို့ကို မင်းရဲ့ လူတွေ လွှတ်ပြီး ငါ့ကို သတ်ဖို့ ကြိုးစားတယ်… ငါ အခုထိ မင်းနဲ့ စာရင်း မရှင်းရသေးဘူး… ဒါတောင် မင်းက ထွက်သွားချင် နေပြီလား"

ရုတ်တရက် ကျိုးတုလော့မှာ အေးခဲကာ ရပ်တန့် သွား၏။

ဓားဧကရာဇ်က အင်္ကျီလက်ကို ခါယမ်းရင်း ချန်းဖန်အား ပြောလိုက်သည်။

"ဝမ်ရှင်းတန်ခိုးရှင်ချန်း… ငါတို့က မင်း ဒီလောက် အစွမ်းမထက်ဘူး ထင်လို့ စော်ကား မိတာပါ… အပြန်အလှန် အနေနဲ့ မင်း ကျိုးတုရွှမ်ကို သတ်ခဲ့တာကို ငါတို့ ဘက်က ခွင့်လွှတ်ပေးမယ်… ကျေးဇူးပြုပြီး တော်ဝင်မြို့က ထွက်သွားပေးပါ… ဘယ်တော့မှ အလယ်ပိုင်း ပြည်နယ်ကို ပြန်မလာတော့နဲ့"

လူတိုင်းက ဓားဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ခေါင်းညိတ် လိုက်မိသည်။

ချန်းပေ့ရွှမ်းကား ရွှေအမြုတေ ထိပ်ဆုံး အဆင့်များနှင့် ယှဉ်နိုင်သည့် လူတစ်ယောက် ဖြစ်သည်။ ထိုသို့သော သူနှင့် တိုက်ခိုက်ရန် ကြိုးစားခြင်းထက် ငြိမ်းချမ်းရေး ယူလိုက်ခြင်းမှာ ပိုမို ကောင်းမွန်သော ရွေးချယ်မှု ဖြစ်သည်။

"စိတ်မကောင်းပါဘူး… ငါက ငါ့ကို ရန်စတဲ့ ဘယ်သူ့ကိုမှ လွယ်လွယ် ခွင့်လွှတ် မပေးဘူး… ကျိုးတုလော့ကို ငါ့လက်အပ်ပြီး အရှင် ပေ့ဟန်ကိုပါ ထွက်လာခိုင်းလိုက်… အဲဒါဆို ကျိုးမိသားစုကို ငါ လွှတ်ပေးလိုက်မယ်"

ချန်းဖန်က သူ၏ သဘောထားကို ပြတ်သားစွာ ပြောသည်။

"ဒီတော့… မင်းက တော်ဝင်မြို့ကနေ ထွက်မသွားဘူးပေါ့…"

ဓားဧကရာဇ်က မည်သို့မျှ ဒေါသထွက်ပုံ မရပဲ မေးလိုက်သည်။

"ဟုတ်တယ်…"

ချန်းဖန်က အဖြေပေး၏။

"ကောင်းပြီ… ဒါဆို မထွက်သွားနဲ့တော့…"

ဓားဧကရာဇ်က အေးစက်စွာ ဆိုကာ သူ၏ အင်္ကျီလက်အား ဝှေ့ယမ်း လိုက်သည်။

"ဝှစ်…"

ရုတ်တရက် ဓားချီအလင်း တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ကောင်းကင်ကို ဖြတ်သန်းကာ ဆယ်မိုင် အတွင်းရှိ လေထုကို ပိုင်းဖြတ်၏။

ဓားဧကရာဇ်ကား ကမ္ဘာကိုပင် ဖျက်နိုင်သော ဓားချက်ဖြင့် စတင် တိုက်ခိုက် လိုက်ပြီ ဖြစ်လေသည်။

သို့သော်လည်း ချန်းဖန်မှာ ကြောက်လန့်ခြင်း မရှိချေ။ သူက ရိုးရှင်းစွာပင် လက်အား ခါယမ်း လိုက်၏။

"ဝှစ်…"

ကောင်းကင်၌ အနက်ရောင် အလင်း တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ဓားအလင်း အသွင် ပြောင်းကာ ဓားဧကရာဇ်၏ ဓားချီနှင့် ထိပ်တိုက် ထိတွေ့၏။

"ဘုန်း…"

လေထုသည် ကြောက်မက်ဖွယ် အထပ်ထပ် ပေါက်ကွဲ၏။

ပေါက်ကွဲမှု အရှိန်တွင် ချီမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ပတ်ဝန်းကျင်သို့ ဖြန့်ကြက်ကာ  မိုင်တစ်ဆယ် အတွင်းရှိ အရာရာအား အမှုန်အဖြစ် ပြောင်းလဲ ပစ်၏။

"ဟမ်…"

ဓားဧကရာဇ်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။

သူက လေထဲရှိ ဓားချီ အလုံးစုံကို အေးခဲကာ ဓားအလင်းအဖြစ် ပြောင်းလဲ လိုက်၏။ ထို့နောက် သူက ထိုဓားအလင်းကို စီးနင်းကာ ကောင်းကင်သို့ ပျံတက် သွားသည်။

"ငါမင်းကို ကောင်းကင်ကနေ စောင့်မယ်…"

"ကောင်းပြီ…"

ချန်းဖန်ကလည်း ရှောင်မန်၏ လက်ကို ကိုင်ကာ အနက်ရောင်အလင်း အသွင် ပြောင်းလဲ လိုက်၏။

"ဝှစ်…"

"ဝှစ်…"

"ဝှစ်…"

မကြာခင်မှာပင် လူရိပ် သုံးခုမှာ ကောင်းကင်သို့ ထိုးတက်ကာ ပျောက်ကွယ် သွားသည်။

"ဟင်း…"

ထျန်းကျိ ဂိုဏ်းချုပ်က သက်ပြင်း တစ်ချက် ချလိုက်သည်။ ထို့နောက် သူက အလင်း အသွင်သို့ ပြောင်းကာ ချန်းဖန်တို့ နောက်သို့ လိုက်ပါ သွားသည်။

"ဒီတိုက်ပွဲမျိုးက တစ်သက်မှာ တစ်ခါ မြင်ရခဲတယ်… ငါတို့လည်း လွတ်လို့ ဘယ်ဖြစ် မလဲ"

အခြားသော ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်များနှင့် မိသားစု ခေါင်းဆောင်များမှာလည်း တိုက်ပွဲ ကြည့်ရန် ကောင်းကင်သို့ ပျံတက် လိုက်ကြသည်။

မြေပြင်အထက် မိုင်တစ်ရာခန့် ကွာဝေးသော ကောင်းကင်၌…

"ဟူး… ဟူး…"

ချန်းဖန်သည် ရှောင်မန်၏ လက်ကို ကိုင်ရင်း တည်ငြိမ်စွာ ရပ်နေခဲ့သည်။ ရှောင်မန်မှာ ငြိမ်သက်စွာပင် ထွက်ပြူလာသော နေကြယ်ကို ငေးမော နေခဲ့၏။

သူတို့ နှစ်ယောက်၏ အရှေ့ တိမ်စိုင်ထက်၌ ဓားဧကရာဇ်သည် ဓားတစ်ချောင်းအား ကိုင်ကာ ရပ်နေခဲ့သည်။

"ချန်းပေ့ရွှမ်း… မင်း ဒီကို လုံးဝ မလာခဲ့ သင့်ဘူး…"

ဓားဧကရာဇ်က နေကြယ်ကို ကြည့်ရင်း ရေရွတ် လိုက်သည်။

"ဟဟ…"

ချန်းဖန်က အနည်းငယ် ရယ်မော လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ငါ ထျန်းဟောင်ဂြိုဟ်ကို ရောက်ကတည်းက လက်ရည်တူ ပြိုင်ဘက်ကို လိုက်ရှာ နေခဲ့တာ… မင်းက ငါ့အတွက် ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်မယ်လို့ ငါ ယူဆတယ်"

"အင်း… ငါလည်း အဲဒီလို ဖြစ်မယ်လို့ ယူဆ ပါတယ်"

ဓားဧကရာဇ်က ခေါင်းညိတ် လိုက်၏။ ထို့နောက် သူက အဝေးသို့ ငေးကြည့်ရင်း ပြောလိုက်သည်။

"ငါက ဓားဂိုဏ်း တစ်ခုမှာ မွေးဖွား လာခဲ့ပြီး အသက် တစ်နှစ်က စလို့ ကျင့်ကြံခဲ့တယ်… ငါ အသက် နှစ်ဆယ့်ငါး အရွယ်မှာ မူလ အဆင့် တစ်ယောက် ဖြစ်လာခဲ့ပြီး အသက် သုံးဆယ်မှာ အဆင့်ခြောက် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တယ်… ငါ့ကိုယ်ငါ ပြိုင်ဘက်ကင်းပြီလို့ ယူဆနေတဲ့ အချိန်မှာပဲ လူတစ်ယောက်ကို တိုက်ကွက် တစ်ကွက်အတွင်း ရှုံးနိမ့်ခဲ့တယ်… အဲဒီ အချိန်က စပြီး ကမ္ဘာကြီး ဘယ်လောက်ကျယ်လဲ ဆိုတာ ငါနားလည် လာခဲ့တယ်… အဲဒီနောက် ငါဟာ အခြေတည် ဝိညာဉ် အဆင့်ကို မရောက်မချင်း ပေ့ဟန်နယ်ကနေ မထွက်တော့ဘူးလို့ ကျိန်ဆို ခဲ့တယ်"

တိုက်ပွဲကြည့်ရန် ရောက်လာသူ အားလုံးမှာ အံ့ဩ သွားကြသည်။

ဓားဧကရာဇ် ကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင် ပင်လျှင် တစ်စုံတစ်ယောက် ထံ၌ တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်လား။ ပေ့ဟန်နယ် အပြင်ဘက်ရှိ လူများမှာ မည်မျှ အထိ အစွမ်းထက် နေရသနည်း။

"တကယ်လား…"

ချန်းဖန်က ဂရု မစိုက်ပဲ မျက်ခုံးပင့် လိုက်သည်။

"ပေ့ဟန်နယ်က အရမ်း သေးငယ်တယ်… အပြင်ဘက်က အစစ်အမှန် ပါရမီရှင်တွေနဲ့ ယှဉ်ရင် ငါတို့က ဘာမှ မဟုတ်ဘူး… မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မနေသင့်ဘူး"

ဓားဧကရာဇ်က ခေါင်းအား ခါရင်း ပြောလိုက်သည်။

"ဟဟ… ငါက ငါ့ကိုယ်ငါ အမြဲတမ်း ယုံကြည်မှု ရှိတယ်… သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ထက် ငါက အမြဲတမ်း ပြိုင်ဘက်ကင်းပဲ"

ချန်းဖန်က ပြုံးလိုက်သည်။

"မောက်မာလိုက်တာ…"

ရှောင်မန် အပါအဝင် များစွာသော လူများက တွေးလိုက်မိကြ၏။

"ချန်းပေ့ရွှမ်း… မင်းရဲ့ အသက်က အရမ်းငယ်သေးတယ်… ဘာအခက်အခဲကိုမှ မသိတဲ့ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတာ သဘာဝ ကျပါတယ်"

ဓားဧကရာဇ်က ချန်းဖန်အား ကရုဏာ သက်စွာ ကြည့်လိုက်၏။

"နောက်နှစ်ရာကြာမှ စိန်ခေါ်ရင် ငါ မင်းကို ရှုံးကောင်း ရှုံးလိမ့်မယ်… ဒါပေမဲ့ အခုတော့ ငါ့အတွက် မင်းကို အနိုင်ယူဖို့က အရမ်း လွယ်တယ်"

ရုတ်တရက် ဓားဧကရာဇ်၏ နောက်ကျော၌ လွယ်ထားသော ဓားသည် စူးရှစွာ မြည်ကြွေး လာ၏။ ၎င်းက နဂါးအလား ကောင်းကင်သို့ ပျံတက်ကာ တိမ်ပင်လယ်များကို ပိုင်းဖြတ်သည်။

"ဒီဓားကို ချန်လုဓားလို့ ခေါ်တယ်… အဆင့်မြင့် ဝိညာဉ် ရတနာ တစ်ခုပေါ့…"

ဓားဧကရာဇ်၏ သူ၏ ဓားကို မြတ်နိုးစွာ ကြည့်ရင်း ပြောလိုက်သည်။

"ငါပေ့ဟန်နယ်ကို ရောက်ကတည်းက ဒီဓားကို သုံးကြိမ်ပဲ ထုတ်ဖူးခဲ့တယ်… ပထမ တစ်ကြိမ်မှာ ငါဟာ မြောက်ပင်လယ်က မိစ္ဆာ သားရဲကို သတ်နိုင်ခဲ့တယ်… ဒုတိယ တစ်ကြိမ်မှာ လင်းမိသားစု ဘိုးဘေးကို အနိုင်ယူ ခဲ့တယ်… တတိယ တစ်ကြိမ်မှာတော့ ကောင်းကင် နယ်မြေ ခြောက်ခုကို လွှမ်းမိုး နိုင်ခဲ့တယ်"

စကားဆုံးသည်နှင့် ဓားဧကရာဇ်က ဓားအား ဆွဲကိုင်ကာ ခုတ်ပိုင်း လိုက်၏။

"ခရက်…"

ထိုဓားချက်တွင်ပင် စကြ၀ဠာသည် ကွဲအက်ကာ များစွာသော လေဟာနယ် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာခဲ့တော့သည်။

***

All Chapters