← Chapters

တစ်ယောက်နှင့် ငါးဆယ်

Vol. 9 Ch. 850

တစ်ယောက်နှင့် ငါးဆယ်

Vol. 9 Ch. 850

“ဓားဧကရာဇ် သေသွားတာလား…”

မည်သူမျှ ထိုအချင်းအရာကို မယုံကြည်နိုင်ကြချေ။ ကောင်းကင် နယ်မြေ ဂိုဏ်းချုပ်များနှင့် မိသားစုရှစ်ခု ခေါင်းဆောင်များပင် ဆွံ့အ တိတ်ဆိတ်နေကြ၏။

ဓားဧကရာဇ်သည် ရွှမ်ထျန်း ဓားကျင့်စဉ်ကို ထုတ်ဖော် အသုံးပြုခဲ့သည်။ သူ၏ တိုက်ခိုက်မှုသည် သာမန် ရွှေအမြုတေ ထိပ်ဆုံး တစ်ယောက်ကိုပင် အသာလေး သတ်ဖြတ်နိုင်သည်။

သို့သော်လည်း ချန်းဖန် အမည်ရသော လူငယ်သည် ထိုတိုက်ခိုက်မှု အလုံးစုံကို ဖျက်ဆီးကာ ဓားဧကရာဇ်ကိုပါ သတ်ဖြတ်ခဲ့သည်။ ထိုအရာက သူ၏ စွမ်းအားမှာ ရွှေအမြုတေ ထိပ်ဆုံး အဆင့်ထက်ပင် ပို၍ အစွမ်းထက်သည်ဟု အဓိပ္ပာယ် ရပေသည်။

“အခြေတည် ဝိညာဉ် အဆင့်…”

ထိုအတွေး လူတိုင်း၏ စိတ်အတွင်း ဖျတ်ခနဲ ဝင်ရောက် လာ၏။ ထိုလူငယ်က အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်များ ဖြစ်နေသည်လား။

“မဟုတ်ဘူး…”

ကျိုးတုလော့မှာ ယခု အချိန်အထိ ဖြစ်ပျက် သွားသမျှကို မယုံကြည် နိုင်သေးချေ။

ဓားဧကရာဇ်မှာ တော်ဝင် နန်းတော်၏ အစွမ်း အထက်ဆုံးလူ ဖြစ်သည်။ သူ သေခဲ့လျှင် မည်သူက ချန်းဖန်နှင့် တိုက်ခိုက်မည်နည်း။ မည်သူက တော်ဝင် နန်းတော်ကို ကာကွယ် မည်နည်း။

“အစ်ကို နိုင်ပြီ ... အစ်ကို နိုင်ပြီ…”

ရှောင်မန်မှာမူ ပျော်ရွှင်စွာဖြင့် ခုန်ပေါက် နေခဲ့သည်။

သူမသည် တင်းဟိုင် ပုလဲ၏ ကာကွယ်မှု အောက်၌ ရှိနေရာ ပြင်းထန်သော တိုက်ပွဲ အတွင်း၌ လုံခြုံနေဆဲ ဖြစ်သည်။

“သူ နိုင်သွားတယ် ... အဲဒီလိုလေးနဲ့ သူ နိုင်သွားတယ်”

ကျန်းမူ တစ်ယောက်မှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။

“ငါ အကြီးအကဲတွေ ဆီက ရွှမ်ထျန်း ဓားကျင့်စဉ် အကြောင်းကို  အရင်က ကြားဖူးတယ် ... အဲဒါက ဟိုထျန်း ဓားဂိုဏ်းရဲ့ ထိပ်တန်း ဓားကျင့်စဉ်တစ်ခု ဖြစ်ပြီးတော့ အဓိက တပည့်တွေပဲ ကျင့်ကြံခွင့် ရကြတယ်တဲ့ ... အခု ရွှမ်ထျန်း ဓားကျင့်စဉ်က ငါ့ မျက်လုံး အောက်တင် ရှုံးနိမ့် သွားခဲ့တာပဲ”

ချီဖုန်းက ခေါင်းအား ခါယမ်းရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

လူတိုင်းမှာ ချန်းဖန်အား လေးစားစွာ ကြည့်နေမိကြ၏။

ဓားဧကရာဇ်သည် ပေ့ဟန်နယ်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်သည့်အပြင် ကောင်းကင်ဂိုဏ်း တစ်ခု၏ တပည့်လည်း ဖြစ်သည်။ ထိုကဲ့သို့ လူပင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရရာ မည်သူက ချန်းဖန်ကို တိုက်ခိုက် နိုင်တော့မည်နည်း။

တော်ဝင်မိသားစုဝင်များမှာ စတင်ကာ ထွက်ပြေး ကုန်ကြတော့၏။

“ဘုန်း…”

ရုတ်တရက် ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ ဖြစ်ပေါ်လာသည်။

“ဘုန်း ... ဘုန်း…”

တစ်ခဏ အတွင်းမှာပင် ထိုတိမ်တိုက်များက ဆယ်မိုင် ဧရိယာကို ဖုံးလွှမ်းသွားသည်။  ကြောက်မက်ဖွယ် ဖိအားက ကမ္ဘာမြေသို့ ပြိုကျလာရာ မရေ မတွက်နိုင်သော လူများမှာ ထိတ်လန့် ကုန်ကြ၏။

“ဘာတွေ ဖြစ်နေတာလဲ…”

ရွှေအမြုတေ အဆင့်များသည် ကောင်းကင်သို့ မော့ကြည့် လိုက်ကြသည်။

“အဲဒါက ဘာလို့ မိုးကြိုးကပ်ဘေးနဲ့ တူနေရ တာလဲ ... ဒါပေမဲ့ အဲဒီလောက် ကြီးမားတဲ့ မိုးကြိုးကပ်ဘေး ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး ... တကယ်လို့ မရပ်တန့်ဘူး ဆိုရင် အဲဒါက ခဏလေးနဲ့ မိုင်တစ်ရာလောက်ကို ဖုံးလွှမ်းသွား လိမ့်မယ်”

“ဒြပ်စင် ငါးခု မိုးကြိုး၊ မိစ္ဆာ နတ်ဘုရား မိုးကြိုး၊ ကောင်းကင် မီးမိုးကြိုး ... ဟမ် တိမ်တိုက်ထဲမှာ မိုးကြိုး အမျိုးအစားတွေ အများကြီး ပါနေပါလား ... ဘယ်လို အမြုတေ ဖွဲ့စည်းခြင်း အဆင့်က ဒီမိုးကြိုးကပ်ဘေးကို ခံယူမှာလဲ ... ငါဆိုရင် ဒီလို စွမ်းအားများကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

များစွာသော မူလ အဆင့်များမှာ ဖြူရော် လာကြသည်။ မိုးကြိုး တိမ်တိုက် ဖိအား၏ အောက်၌ သူတို့၏ ခန္ဓာကိုယ်များမှာ တဆတ်ဆတ် တုန်ရီ နေခဲ့၏။ ရွှေအမြုတေ အဆင့်များပင်လျှင်  ကြောက်လန့် နေကြသည်။

ရုတ်တရက် ... တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

“ဟိုကိုကြည့်စမ်း ... ချန်းပေ့ရွှမ်း ဘာဖြစ် နေတာလဲ…”

လူတိုင်းက ကြည့်လိုက်ရာ အလင်းငါးမျိုး ဝန်းရံနေသော ချန်းဖန်အား တွေ့ကြရ၏။ သူ၏ ပုံစံက  စွမ်းအားများကို ရုတ်သိမ်းရန် အတင်းအကျပ် ကြိုးစားနေပုံ ရသည်။

“မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်လိုက်တာ သူလား ... သူက အခြေတည် ဝိညာဉ်အဆင့်ကို ဝင်တော့မှာလား…”

များစွာသော ရွှေအမြုတေ အဆင့်များက ချန်းဖန်အား ကြည့်ကြ၏။

“သူ့ဘာသူ ဘာပဲလုပ်လုပ် ... အခွင့်အရေး ရှိတုန်း ငါတို့တွေအတူ ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်သင့်တယ် ... မဟုတ်ရင် ငါတို့ အားလုံး သေသွားလိမ့်မယ်”

ကျိုးတုလော့က အေးစက်စွာ အော်ဟစ် လိုက်သည်။

များစွာသော တော်ဝင် မိသားစုများမှာ ကြောက်လန့် သွားကြ၏။ မိသားစု ခေါင်းဆောင် အချို့၏ မျက်လုံးများမှာလည်း ဝင်းလက် သွားကြသည်။ ချန်းဖန်သည် အလွန် အစွမ်းထက်လွန်းသည်။ သူ့အား သုတ်သင်ရန် ရှားရှားပါးပါး ရသော အခွင့်အရေးကို လက်မလွှတ်သင့်ပေ။

“ဝှစ် ... ဝှစ်…”

အဆုံး၌ တော်ဝင် မိသားစု အပါအဝင် မိသားစု လေးခု၊ ထိပ်တန်း မျိုးနွယ် ငါးခုမှ စုစုပေါင်း ရွှေအမြုတေအဆင့် ငါးဆယ်ခန့်သည် စုပေါင်းကာ တိုက်ခိုက် လိုက်ကြသည်။ ကောင်းကင်နယ်မြေ ခြောက်ခုမှ တန်ခိုးရှင်များ မှာမူ ပါဝင်ခြင်း မရှိဘဲ အပြင်ဘက်မှသာ ကြည့်ရှု့ နေကြ၏။

“ဂိုဏ်းချုပ် ... ကျုပ်တို့ရော မတိုက်ကြဘူးလား…”

ရွှမ်မိန် ကောင်းကင်နယ်မြေ အကြီးအကဲ တစ်ဦးက မေးသည်။

“ငါတို့ ဝင်ပြီး တိုက်ခိုက်တော့ရော ဘာထူးမှာလဲ ... ချန်းပေ့ရွှမ်းကို သတ်နိုင်ရင်တောင် ငါတို့အတွက် ဘာအကျိုးအမြတ်မှ မရဘူး ... နောက်ပြီး ထျန်းကျိ ကောင်းကင်နယ်မြေက လူတွေလည်း ရပ်ကြည့်နေတာ မမြင်ဘူးလား”

ရွှမ်မိန် ဂိုဏ်းချုပ်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်၏။

သူသည် စိတ်ထဲ၌ ကိုယ်ပိုင် အစီအစဉ်ကို ချမှတ်ထားပြီး ဖြစ်သည်။ မဟာ အကြီးအကဲ၏ တပည့် လင်းဝူဟွာသည် ချန်းပေ့ရွှမ်းနှင့် ရင်းနှီးပုံရကာ ကျူးရန်မြို့မှ မိန်းကလေး နှစ်ဦးကိုပင် ကယ်တင်ပေးရန် တောင်းဆိုခဲ့သည်။ အကယ်၍ ချန်းပေ့ရွှမ်းသာ အသက်ရှင်နေသေးပါက ရွှမ်မိန် ကောင်းကင် နယ်မြေသည် သူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။

“ဘုန်း…”

ရွှေအမြုတေအဆင့် ငါးဆယ်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်၏။ သူတို့၏ တိုက်ခိုက်မှုများမှာ အလွန် ပြင်းထန်လှရကား ကောင်းကင်တွင် မုန်တိုင်း တစ်ခုပင် ဖြစ်ပေါ်လာ၏။

“မင်းတို့က တိုက်ခိုက်ရဲတယ်ပေါ့…”

ချန်းဖန်မှာ အလွန်တရာ ဒေါသထွက် သွားသည်။

ဓားဧကရာဇ်ကို သတ်ရန်အတွက် သူသည် အမြုတေ ငါးခု စလုံးကို အသက်သွင်းကာ သူ၏ ခွန်အား အပြည့်ကို ထုတ်သုံးခဲ့ရသည်။ အမြုတေ ငါးခုသည် အလွန်အစွမ်းထက်ပြီး ရွှေအမြုတေ ထိပ်ဆုံး အဆင့် ဓားဧကရာဇ်ပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

သို့တိုင်အောက် ထိုအရာက မိုးကြိုး ကပ်ဘေးကို ဆင့်ခေါ်သလို ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် ချန်းဖန်သည် လှည့်ဖျားခြင်း အစီအရင်ကို တစ်ဖန် ပြန်လည် ခင်းကျင်းနေခဲ့ခြင်း ဖြစ်သည်။

“မင်းတို့က အရေအတွက်များတာနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတယ်ပေါ့ ... ကြည့်ရတာ မင်းကို ရူးသွားပြီ ထင်တယ်”

ချန်းဖန်က အစီအရင် ခင်းကျင်းခြင်းကို ရပ်ကာ အမြုတေများကို တစ်ဖန် ပြန်လည် အသက်သွင်းလိုက်၏။

“ဘုန်း…”

အမြုတေ ငါးခုသည် စတင်ကာ တုန်ရီ လာသည်။

တစ်ချိန်တည်းမှာပင် ရွှမ်ဝူ၊ ခွန်ပန်၊ လိန်ဟူ၊ ကမ္ဘာ သစ်ပင်နှင့် အလင်း စက်ဝိုင်းတို့မှာ ချန်းဖန်၏ အနောက်၌ ပေါ်လာကာ ငါးရောင်ခြယ် အလင်းအသွင် ပြောင်းလဲ၏။ ကမ္ဘာလောကကြီးကား ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် စွမ်းအားဖြင့် ပြည့်နှက် သွားသည်။

“ခရက်…”

လေထုသည် နောက်တစ်ကြိမ် အေးခဲ သွားပြန်၏။ ဟင်းလင်းပြင်ကား နောက်တစ်ကြိမ် ထိန်းချုပ် ခံလိုက်ရပြန်ပြီ ဖြစ်သည်။ ရွှေအမြုတေ အဆင့် ငါးဆယ်မှာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။

တစ်ချိန်တည်း၌ ချန်းဖန်မှာလည်း ချွေးပြန် လာခဲ့သည်။ အမြုတေ ဖွဲ့စည်းခြင်း တစ်ယောက် အနေဖြင့် ရွှေအမြုတေ အဆင့် ငါးဆယ်ကို ထိန်းချုပ်ရခြင်းမှာ လွယ်ကူသော အလုပ် မဟုတ်ချေ။

“မြန်မြန်လုပ်ရမယ်…”

ချန်းဖန်က မိုးကြိုးကပ်ဘေးကို ကြည့်ကာ သူ၏ ထျန်းမိန်ဓားကို ဆွဲထုတ်လိုက်၏။

“ကလန့်…”

ထျန်းမိန်ဓားသည် ချန်းဖန်၏ ထိန်းချုပ်မှုတွင် ပေတစ်ရာခန့်အထိ ကြီးမားလာကာ စစ်မြေပြင်၌ ဝှေ့ယမ်း ခုတ်ထစ်၏။

“ဘုန်း ... ဘုန်း ... ဘုန်း…”

မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေအမြုတေ အဆင့် ဆယ်ယောက်၏ ခန္ဓာကိုယ်များ ပေါက်ကွဲ သွားသည်။ ချန်းဖန်က ထပ်မံ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်ကာ မျက်မှောင်ကြုတ် သွားသည်။

“ဘုန်း…”

အေးခဲနေသော လေထုမှာ မူလအတိုင်း ပြန်လည် စီးဆင်း လာ၏။

“ဘာဖြစ်တာလဲ…”

ကျိုးတုလော့နှင့် အခြားလူများမှာ အံ့ဩ သွားကြသည်။

လေထု၏ အေးခဲမှုသည် သူတို့သည် ခွန်အား ကင်းမဲ့ကာ ချန်းဖန်၏ သတ်ဖြတ်မှုကိုသာ စောင့်နေခဲ့ရသည်။ သို့သော်လည်း ရုတ်တရက် ချန်းဖန်က သတ်ဖြတ်ခြင်း မရှိဘဲ သူတို့ကို ပြန်လွှတ် ပေးခဲ့သည်။

“ဟိုကိုကြည့်စမ်း ... မိုးကြိုးကပ်ဘေးက ပိုပြီး ကျယ်ပြန့် လာပြန်ပြီ”

ရုတ်တရက် ချူမိသားစု ခေါင်းဆောင်က အော်ဟစ် လိုက်သည်။

လူတိုင်းက ကောင်းကင်သို့ ကြည့်လိုက်ရာ မိုးကြိုးကပ်ဘေးမှာ မိုင်ခြောက်ရာအထိ ကျယ်ပြန့် လာသည်ကို တွေ့ရ၏။ ထိုအရာက နတ်ဘုရား ပြစ်ဒဏ် ချမှတ်ရန် အဆင်သင့် ဖြစ်နေပုံ ရသည်။

“သူက သူ့ရဲ့ စွမ်းအားကို ဖိနှိပ်နေတာ ... သူက မိုးကြိုးကပ်ဘေးကို အခု မဖြတ်ကျော် ချင်သေးဘူး ... သူသာ စွမ်းအား အပြည့်အဝ သုံးရင် မိုးကြိုးကပ်ဘေးက အခုရောက် လာလိမ့်မယ်”

ကျိုးတုလော့၏ မျက်လုံးများမှာ ဝင်းလက် သွား၏။

“အားလုံးပဲ ကြောက်မနေကြနဲ့ ... အတူတူ ပူးပေါင်းပြီး သူ့ကို ခွန်အား အပြည့်အဝ သုံးအောင် ဖိအားပေးကြ ... သူ ခွန်အား အပြည့်အဝ သုံးမိတာနဲ့ မိုးကြိုး ကပ်ဘေးက သူ့ကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်လိမ့်မယ်”

မရေ မတွက်နိုင်သော လူများမှာ ကျိုးတုလော့၏ စကား မှန်ကန်ကြောင်း ခေါင်းညိတ် မိကြ၏။

သူတို့ အားလုံးသည် ရွှေအမြုတေ အဆင့်များ ဖြစ်ဖူးရာ မိုးကြိုးကပ်ဘေး၏ သဘော သဘာဝကို ကောင်းစွာ နားလည်သည်။ ယခု ဖြစ်ပေါ်နေသည့် မိုးကြိုးတိမ်တိုက်များမှာ မိုင်ထောင်ချီနားသို့ နီးကပ်နေပြီ ဖြစ်ရာ ခံယူသည့် မည်သူမဆို လွတ်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။

“တိုက်ခိုက်ကြ…”

ပီးရှ တော်ဝင် တပ်ဖွဲ့ခေါင်းဆောင်က ရှေ့ဆုံးမှ ပြေးဝင် သွား၏။

အကယ်၍ ချန်းဖန်သာ အသက်ရှင်ပါက အရင်ဆုံး သုတ်သင်ခံရမည်မှာ တော်ဝင် နန်းတော်မှ လူများသာ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ အခြားလူများထက် ပို၍ ရူးသွပ် နေကြ၏။

“ဟမ့်…”

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်သည်။ ထို့နောက် သူက လက်တစ်ချောင်းကို ဆန့်ထုတ်ကာ ပီးရှ တော်ဝင် တပ်ဖွဲ့ ခေါင်းဆောင်အား တိုက်ခိုက် လိုက်၏။

“ဘုန်း…”

ပီးရှ တော်ဝင် တပ်ဖွဲ့ ခေါင်းဆောင်မှာ ဒဏ်ရာ အကြီးအကျယ် ရကာ နောက်သို့ လွင့်စဉ် သွား၏။

သို့သော်လည်း ထိုအရာက ကျိုးတုလော့နှင့် အခြားလူများ၏ မျက်လုံးများကို ပို၍ ဝင်းလက် လာစေသည်။

“သူက ဓားဧကရာဇ်ကို သတ်နိုင်ခဲ့ပေမဲ့ အခုတော့ အလယ်ဆင့် ရွှေအမြုတေ တစ်ယောက် ကိုတောင် မသတ်နိုင်တော့ဘူး ... အားလုံးပဲ ... သူရဲ့ အကန့်အသတ်ကို ဖျက်ဆီးပြီး မိုးကြိုးကပ်ဘေး လာအောင် တွန်းအားပေးကြဟေ့”

ကျန်ရစ်သော ရွှေအမြုတေအဆင့် လေးဆယ်မှာ ချန်းဖန်ထံသို့ အရပ်မျက်နှာ ပေါင်းစုံမှ တိုးဝင် တိုက်ခိုက်လိုက်ကြသည်။ ချက်ချင်းပင် ကောင်းကင်ကား အလင်းများဖြင့် ပြည့်နှက် သွား၏။

“ဘုန်း ... ဘုန်း ... ဘုန်း…”

ဝိညာဉ် ရတနာ ရှစ်ခု၏ ထိမှန်ခြင်းခံရကာ ချန်းဖန်မှာ နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ် အရှိန်အဝါသည် အားနည်းကာ ပြင်းထန်စွာ တုန်ရီ နေ၏။

“မင်းတို့က သေချင်နေတာပဲ…”

ချန်းဖန်၏ မျက်လုံးများ၌ ဒေါသအလင်းများ ဖြစ်ပေါ် လာသည်။

“အမြုတေတွေကို မသုံးလည်း ငါ မင်းတို့ကို လွယ်လွယ်လေး သတ်နိုင်သေးတယ်”

ထို့နောက် သူသည် လက်များဖြင့် ကောင်းကင်အား ခွဲကာ ဟင်းလင်းပြင် တစ်ခုကို ဖန်တီး၍ ကမ္ဘာမှ ပျောက်ကွယ် သွားတော့၏။

***

All Chapters