ပြဿနာရှာခြင်း
Vol. 019 Ch. 1881
ရီဖူရှင်းက တုံ့ယွမ်အိမ်တော်ကို ထိန်းချုပ်ပြီးနောက် သူက အင်ပါယာဟယ်လျန်အပြင် အခြားသူများနှင့်အတူ စစ်ဆေးမှုလုပ်ဆောင်မည့် ကိစ္စရပ်အား စီမံခဲ့သည်။ သူတို့က ဆုံးဖြတ်ရမည့် ဆုံးဖြတ်ချက်များနှင့် ကိစ္စရပ်များအား နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးနောက် သူက ကျန်ရှိသော ကိစ္စများကို အင်ပါယာဟယ်လျန်နှင့် အခြားသူများအား အပ်ထားခဲ့သည်။ ထို့နောက် သူက ကျင့်ကြံမှု တိုးတက်လာစေရန်သာ အာရုံစိုက်တော့၏။ သူသည် နေ့ရက်များကို တုံ့ယွမ်အိမ်တော်ထဲ၌ လမ်းစဥ်တေးသွားများနှင့် ကျင့်ကြံရေး စာပေများဖတ်ရှုခြင်းအပြင် ကျင့်ကြံရန်သာ အသုံးပြုခဲ့သည်။ သူသည် တုံ့ယွမ်အိမ်တော်တွင် ရှိနေစဥ် ကြီးမားသော နားလည်သဘောပေါက်မှုကို ရရှိပြီးနောက် အလွန် အစွမ်းထက်သော မဟာလမ်းစဥ် ဓားစွမ်းအင်များကို ပေါင်းစည်းနိုင်ခဲ့သည်။ ဓားစွမ်းအားများက အလွန် အစွမ်းထက်သော်လည်း သူသည် ၎င်းစွမ်းအားများကို ပို၍ တည်ငြိမ်ကာ အစွမ်းထက်လာအောင် ပြုလုပ်ချင်နေပေသည်။
အိမ်တော်အပြင်ဘက်တွင်လည်း သက်ဝင်လှုပ်ရှားလျက်ရှိသည်။ တုံ့ယွမ်အိမ်တော်၏ စစ်ဆေးမှုသည် လက်ရှိရက်များတွင် စတင်ခဲ့ပြီး တုံ့ယွမ်မြို့တခွင်လုံးကို ရိုက်ခတ်မှုကြီး ဖြစ်ပွားစေခဲ့သည်။ တန်ခိုးရှင်များသည် ၎င်းစစ်ဆေးမှုကို ကြည့်ရှုရန် လာကြပြီး တုံ့ယွမ်အိမ်တော်ရှေ့တွင် လူများဖြင့် နေ့တိုင်း စည်ကားနေတော့သည်။ သူတို့အားလုံးသည် စစ်ဆေးမှုကို ခံယူကာ တုံ့ယွမ်အိမ်တော်အတွင်း ဝင်ရောက်၍ ကျင့်ကြံမှုလမ်းစဥ် စာအုပ်များနှင့် ကျမ်းစာများကို ဖတ်ရှုရန် အခွင့်အရေးရလိုကြသည်။
ထိုနယ်မြေရှိ လူအများစုအတွက် တုံ့ယွမ်အိမ်တော်သည် ကျင့်ကြံခြင်း၏ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်သည်။ အခြားသော ကျင့်ကြံသူများကို မဆိုထားနှင့် ရီဖူရှင်းကဲ့သို့ အစွမ်းထက်သောသူမျိုးသည်ပင် တုံ့ယွမ်အိမ်တော်မှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
နေ့ရက်များစွာ ကုန်လွန်သွားခဲ့၏။ ရီဖူရှင်းသည် အပြင်လောက၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မသိရှိပေ။
ထိုအချိန်တွင် တုံ့ယွမ်အိမ်တော်အတွင်းတွင် ဟယ်လျန်ယိုက ရီဖူရှင်းဆီသို့ ရောက်လာခဲ့သည်။ ကြည့်ရသည်မှာ သူမက သူ့ကို တစ်ခုခု ပြောချင်နေပုံရသည်။
"ဘာဖြစ်လို့လဲ။" ရီဖူရှင်းက ဟယ်လျန်ယိုကို မြင်သောအခါ မေးလိုက်သည်။ သူမက စိတ်မသက်မသာ ဖြစ်နေပုံရသည်။ သူမသည် တစ်ခုခု ပြောချင်နေသော်လည်း မည်သည့်နေရာမှ စပြောရမှန်း မသိပုံပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရီဖူရှင်းနှင့် အင်ပါယာဟယ်လျန်သည် ဟယ်လျန်ယိုမှတဆင့် ဆက်သွယ်ခဲ့ကြသည်။ သူတို့က အချင်းချင်း ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သာမန်ကိစ္စသာ ဖြစ်လျှင် ဟယ်လျန်ယိုရ သူ့ကို တိုက်ရိုက်ပြောလာမည် ဖြစ်၏။ ယခုကဲ့သို့ တွေဝေနေစရာအကြောင်း သူမတွင် မရှိပေ။
"တစ်ခုခု ဖြစ်သွားတယ်။" ဟယ်လျန်ယိုက ပြောသည်။
"အင်ပါယာဟယ်လျန်နဲ့ တခြားအကြီးအကဲတွေ ရှိတယ်မလား။ သူတို့ တိုက်ရိုက်ဖြေရှင်းလိုက်လို့ရတယ်လေ။" ရီဖူရှင်းက ဖြေလိုက်၏။ သူက တုံ့ယွမ်အိမ်တော်သခင် ဖြစ်နေသော်လည်း သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်၌ ရှိနေစဥ်ကပင် အရာအားလုံးကို လက်လွှဲထားသည့် ပုံစံကို ကျင့်သုံးနေဆဲပင် ဖြစ်၏။
သူက ကိစ္စများကို ကိုယ်တိုင်ဖြေရှင်းရန် မလိုဘဲ စည်းမျဥ်းများသာ ချမှတ်လေသည်။
ဟယ်လျန်ယိုက စိတ်မသက်မသာနှင့် ချီတုံချတုံဖြစ်နေရာ ၎င်းသည် အင်ပါယာဟယ်လျန်ပင် မဖြေရှင်းနိုင်သော ပြဿနာတစ်စုံတစ်ရာ ဖြစ်လိမ့်မည်ဟု သိလိုက်ပေသည်။
ထို့သို့ဆိုလျှင် ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိသည်။ ထိုသည်မှာ တုံ့ယွမ်အိမ်တော်ကို စီမံခန့်ခွဲရာ၌ သူ့ကို ကူညီထောက်ပံ့ပေးနေသော အင်အားစုများကြား၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။
"ဘာဖြစ်တာလဲ။" ရီဖူရှင်းက မေးလိုက်သည်။
"အိမ်တော် ဝင်ခွင့် စစ်ဆေးမှုလုပ်ဆောင်တဲ့နေရာမှာ တစ်ယောက်က လျှို့ဝှက်လှည့်ကွက်တွေသုံးပြီး ရှုပ်ထွေးအောင် လုပ်နေတယ်။" ဟယ်လျန်ယိုက ပြန်ဖြေလိုက်သည်။
ရီဖူရှင်းက ဟယ်လျန်ယိုကို ကြည့်ကာ မေးလိုက်၏။ "ဒါဆိုရင် ကျုပ်တို့က အတွင်းဘက်မှာ ဒီလိုထပ်မဖြစ်အောင် ပြင်းပြင်းထန်ထန် သတိပေးထားဖို့ လိုနေပြီပဲ။ အများရဲ့ ရှေ့မှာ ဒီပြဿနာကို ဖြေရှင်းမှ ရလိမ့်မယ်။"
ထိုသို့သော ကိစ္စမျိုးက တားဆီးရန် မဖြစ်နိုင်ပေ။ သူသည် ရှေ့ထွက်ကာ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်မှတပါး အခြားမရှိတော့ပေ။ သူက ထိုအင်အားစုသုံးခုကိုသာ စစ်ဆေးမှုအား စီမံရန် ခွင့်မပြုထားလျှင် ထိုအရေးကိစ္စများ ဖြေရှင်းနေရသည့် အင်အားစုတို့က တစ်ကိုယ်ကောင်းဆန်သောအတွေးများ တွေးလာမည်ကို မည်သို့ သိရှိနိုင်ပါမည်နည်း။
ထို့ကြောင့် သူသည် ဟယ်လျန်ယိုကို ပြင်းပြင်းထန်ထန် သတိပေးချက်ပြုလုပ်ခိုင်းရန် ဆုံးဖြတ်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် ဆန့်ကျင်သူများကို အခွင့်အရေးပေးရပေမည်။ မဟုတ်ပါက သူက ပထမတစ်ကြိမ်၌ ကိစ္စရပ်များအား တင်းတင်းကြပ်ကြပ်ကိုင်တွယ်လိုက်လျှင် သူတို့၏ အဆင့်အတန်းကြားတွင် အက်ကြောင်းများ ကျိန်းသေပေါ်ပေါက်လာနိုင်ပေသည်။
သူ တုံ့ယွမ်အိမ်တော်သခင် ဖြစ်လာစဥ်က ထိုအင်အားစုသုံးခုနှင့် သူ၏ ဆက်ဆံရေးက ထိုမျှ နက်ရှိုင်းမှု မရှိသေးသည်ကို သိရှိထားသည်။ သူတို့က သိရုံမျှသာ ရှိသေးသည်ဟု ပြောနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် အက်ကြောင်းများက အလွယ်တကူ ဖြစ်ပေါ်လာနိုင်ပေသည်။ ပြဿနာတစ်ခုခု ဖြစ်ပွားသည့် အချိန်တိုင်း သူက ချက်ချင်း ကိစ္စများအား အကျယ်အကျယ် ဖြစ်သွားအောင် လုပ်ရန် မလုပ်နိုင်ပေ။ သူက ထိုသို့လုပ်လိုက်လျှင် နောက်ပိုင်း၌ ကိစ္စများအား ကိုင်တွယ်ဖြေရှင်းရန် သူတစ်ယောက်တည်းသာ ကျန်ရစ်နေပေလိမ့်တော့မည်။
"ကိစ္စတွေက အရမ်းကြီးလာနေပြီ။" ဟယ်လျန်ယိုက ပြောလိုက်သည်။
ရီဖူရှင်းက သူမကို ကြည့်လိုက်သည်။ ထို့နောက် ဟယ်လျန်ယိုက စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်၏။ "ဝင်ခွင့်စစ်ဆေးမှုနှင့် ပတ်သတ်ပြီး မွှေနေတာ ပေ့ကုံးမိသားစုပါ။ သူက လာဘ်ထိုးတာတွေ လက်ခံခဲ့တယ်။ ဒါပေမယ့် သူက အဲဒီလောက်လွယ်လွယ်နဲ့ ဖော်ထုတ်ခံလိုက်ရတာမျိုး မဖြစ်သင့်ဘူး။ အဲဒါက အရမ်း ထူးဆန်းတယ်။ ကျွန်မအဖေပြောတာတော့ အဲဒါ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ ဖြစ်နိုင်တယ်တဲ့။"
"ရည်ရွယ်ချက်ရှိရှိနဲ့လား။" ရီဖူရှင်း၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။
"အင်း" ဟယ်လျန်ယိုက ခေါင်းညိတ်လိုက်သည်။ "တစ်စုံတစ်ယောက်က ပေ့ကုံးမိသားစုမှ လူကို ပြစ်မှုကျူးလွန်အောင် လုပ်တာ အဲဒီဟာကို ဆင်ခြေအဖြစ် အသုံးချပြီး ပြဿနာဖြစ်အောင် လုပ်ဖို့ကြံစည်နေတာလို့ အဖေက ထင်တယ်။"
"အဲဒါကို ဘယ်သူ လုပ်နေတာလဲ ရှာတွေ့ပြီလား။" ရီဖူရှင်းက မေးလိုက်သည်။ ဤကဲ့သို့ဖြစ်လျှင် သူတွေးထားသည်ထက် အခြေအနေက ဆိုးဝါးနေလောက်သည်။
ဟယ်လျန်ယိုက သူမ၏ ခေါင်းကို ယမ်းလိုက်သည်။ သို့သော်လည်း ရီဖူရှင်းသည် သူမ၏ အနည်းငယ် ချီတုံချတုံဖြစ်နေသော အမူအရာကို မြင်လိုက်ရဖြင့် မေးလိုက်သည်။ "ခန့်မှန်းထားတာရှိလား။"
ဟယ်လျန်ယိုက ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "အစောပိုင်းတုန်းက အဖေ ကျွန်မကို ပြောတော့ပြောပြခဲ့တယ်။ ဒါပေမယ့် ရှင့်ကို ပြောသင့်မပြောသင့် တွေဝေနေတုန်းပဲ။"
ရီဖူရှင်းက သူမကို ကြည့်လိုက်သည်။ သူမ ဤနေရာသို့ လာခဲ့ရာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပြီးသား ဖြစ်နိုင်သည်။
"ကျွန်မအဖေရဲ့ ကနဦးစုံစမ်းမှုနဲ့ ကောက်နှုတ်ချက်အရ ယန်ကလန်နဲ့ ဆက်စပ်နေတဲ့ပုံပဲ။ ဟယ်လျန်ယိုက သာမန်အတိုင်း မပြောဘဲ ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ "ကျွန်မတို့ ပေ့ကုံးမိသားစုကို မပြောရသေးဘူး။ အစပိုင်းက ကျွန်မတို့လည်း ရှင့်ကို ပြောပြဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် အခု ကျွန်မတို့ တွေ့တာတော့ တစ်ယောက်ယောက်က ပြဿနာရှာပြီး တုံ့ယွမ်အိမ်တော်ကိုပါ အခက်အခဲထဲ ရောက်စေချင်နေတယ်။ အဲဒါကို မြန်မြန် မကိုင်တွယ်ရင် မကြာခင် အခြေအနေတွေက မငြိမ်မသက်တွေ ဖြစ်လာလိမ့်မယ်။"
ရီဖူရှင်းက ဟယ်လျန်ယို၏ စကားများကို ကြားပြီးနောက် နားလည်လိုက်သည်။ ပေ့ကုံးမိသားစုနှင့် ယန်ကလန်တို့ ပါဝင်ပတ်သတ်နေသော ဖြစ်ရပ်တွင် ကြည့်ရသည်မှာ ဖုံးကွယ်ထားသော အချက်အလက်များနှင့် အဖြစ်အပျက်များ ရှိနေသေးပုံရလေသည်။ ဟယ်လျန်မိသားစု၏ ရပ်တည်မှုမှ ဤကိစ္စကို ကိုင်တွယ်ရန် ခက်ခဲပေလိမ့်မည်။ သူတို့က သူ့အား သတင်းပေးရန် တွေဝေနေခြင်းမှာ အံ့သြစရာမရှိတော့ပေ။
ထို့ပြင် ဟယ်လျန်မိသားစုက ထိုကိစ္စအား အစဖော်လာသူ ဖြစ်သောကြောင့် သူတို့ကို သွေးထိုးလှုံ့ဆော်သူများအဖြစ် ယူဆနိုင်ချေလည်း အလွန်များပေသည်။
သို့သော်လည်း လွန်ခဲ့သော ရက်များအတွင်း ဟယ်လျန်ယိုနှင့် ဆက်ဆံခဲ့သော ရီဖူရှင်းသည် ဟယ်လျန်ယိုက ရိုးသားဖြူစင်သည်ကို မြင်နိုင်ခဲ့သည်။ အနည်းဆုံး ရီဖူရှင်းသည် သူမက ကောက်ကျစ်ယုတ်မာပြီး အကွက်ဆင်တတ်သူ မဟုတ်ကြောင်း ခံစားမိပေသည်။
"ကျုပ် ကိုင်တွယ်လိုက်မယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက်သူက ခြေလှမ်းကာ တုံ့ယွမ်အိမ်တော်အပြင်ဘက်သို့ ဦးတည်လိုက်သည်။ ဟယ်လျန်ယိုက သူ့နောက်မှ လိုက်လာ၏။
သူတို့နှစ်ယောက်သည် တုံ့ယွမ်အိမ်တော်မှ ထွက်လာခဲ့သည်။ ရီဖူရှင်းသည် သူ၏ နတ်အာရုံကို သုံးကာ ထိုနေရာတဝိုက်ကို အကဲဖြတ်လိုက်လျှင် ထင်ထားသည့်အတိုင်းပင် တုံ့ယွမ်အိမ်တော်အောက်ဘက် စစ်ဆေးမှုကျင်းပရာနေရာ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ လူအများက ထိုနေရာတဝိုက်တွင် စုစည်းနေကြပြီး တစ်စုံတစ်ယောက်ရ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်နေပုံရသည်။
"သွားစို့။" ရီဖူရှင်း၏ ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး နောက်တစ်နေရာ၌ ချက်ချင်း ပေါ်ပေါက်လာသည်။ ဤနေရာတွင် လူအများကြီး ပြည့်နှက်နေပြီး သူတို့ကြားတွင် တုံ့ယွမ်အိမ်တော်၏ အင်အားစုသုံးခုမှ တန်ခိုးရှင်များလည်း ပါဝင်နေသည်။ အချို့သော ကလန်ခေါင်းဆောင်များလည်း ရောက်ရှိနေ၏။
အောက်ဘက်တွင် ရပ်ကာ ဦးညွှတ်နေသူတစ်ယောက် ရှိသည်။ ထိုသူမှာ လာဘ်ယူသည်ဟု ထုတ်ဖော်ခံရသူ ဖြစ်လေသည်။
"အိမ်တော်သခင်" အင်ပါယာဟယ်လျန်က ရီဖူရှင်းရောက်လာသည်ကို မြင်သည့်အခါ ခေါင်းညိတ်ပြလိုက်သည်။ ရီဖူရှင်းက ရှေ့သို့ လျှောက်ထွက်လာပြီး အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်း ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "ပထမမင်းသမီးက ကျုပ်ကို အကြမ်းဖျင်း ပြောပြထားတယ်။ ဒီလူက စည်းမျဥ်းတွေကို ချိုးဖောက် လာဘ်ယူခဲ့တာနဲ့ ပတ်သတ်ပြီး ကန့်ကွက်စရာ တစ်စုံတစ်ရာရှိလား။"
"သူက ဝန်ခံခဲ့ပြီးပြီ။" ဘေးဘက်မှ ယန်တုံ့ချင်းက ပြောလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ "သူနဲ့ ရင်ဆိုင်ဖို့ ခင်ဗျားတို့ ဘယ်လိုပြင်ဆင်ထားလဲ။"
"ဒါက ပြဿနာကြီးတော့ မဟုတ်ဘူး။ ပြီးတော့ သူ ဝင်ခွင့်ပြုလိုက်တဲ့သူတွေက ထူးချွန်ပြောင်မြောက်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်။ သူက တခြားလူတွေရဲ့ နောက်ကွယ်မှာ အလွန်အကျွံ လုပ်ခဲ့တာမျိုး မဟုတ်ဘူး။ အပြင်လူတွေကသာ ဒီပြဿနာကို အကြီးအကျယ် ဖြစ်စေချင်နေကြတာ။ သူတို့မှာ တခြားရည်ရွယ်ချက်တွေ ရှိရမယ်။ အိမ်တော်သခင်၊ ကျုပ်တို့ ဘာလို့ လူတစ်ယောက်လောက်လွှတ်ပြီး အဲဒီလို ဆူဆူပူပူလုပ်နေတဲ့ သူတွေကို မဖြေရှင်းခိုင်းရမှာလဲ။ ပြီးရင် သူ့ကိုကျတော့......" ယန်တုံ့ချင်းက ပြစ်မှုကျူးလွန်သူကို ကြည့်ကာ ပြောလိုက်သည်။ "ဒီအဖြစ်အပျက်က သူ့ကို ကောင်းကောင်း သင်ခန်းစာပေးလိုက်လိမ့်မယ်။ သူက အနာဂတ်မှာ အဲဒီလို ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။"
"အကြီးအကဲပေ့ကုံး ခင်ဗျားရော ဘယ်လိုထင်လဲ။" ရီဖူရှင်းက ပေ့ကုံးအော့ကို ကြည့်ကာ မေးလိုက်သည်။.
"ကျုပ် အိမ်တော်သခင်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပါ့မယ်။" ပေ့ကုံးအော့က ရီဖူရှင်းကို ကြည့်လိုက်သည်။
"စည်းမျဥ်းတွေကို မကြာခင်ကမှ ချမှတ်ထားတာဖြစ်ပေမယ့် ခင်ဗျားတို့ အားလုံးမြင်တဲ့အတိုင်း အခု သူတို့က ချိုးဖောက်ခဲ့တယ်။ ပေ့ကုံးမိသားစုက ကျုပ် လက်အောက်က မဟုတ်တဲ့အတွက် သူတို့ အရေးကိစ္စကို ကျုပ် ဝင်မစွက်ဖက်နိုင်ပေမယ့် ဒီကိစ္စကတော့ တုံ့ယွမ်အိမ်တော်မှာ ဖြစ်သွားခဲ့တာ ဖြစ်တယ်။ ဝင်ခွင့်စစ်ဆေးမှုကလည်း တုံ့ယွမ်အိမ်တော်ရဲ့ ပြဿနာပဲ။ လာဘ်ယူပြီးတော့ ဝင်ခွင့်စစ်ဆေးခြင်း စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တယ်။ ဒါက ကျုပ်နဲ့ လုံးဝကို သက်ဆိုင်သွားတဲ့ ကိစ္စရပ်ပဲ။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "ပြစ်ဒဏ်ကို ခပ်ကြီးကြီး ချမှတ်ရအောင်။ တုံ့ယွမ်အိမ်တော်ကို ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် အသုံးပြုခဲ့တယ်။ သူ့ရဲ့ စွမ်းအင်သိုလှောင်ရာနေရာကို ဖျက်ဆီးပြီး တုံ့ယွမ်အိမ်တော်က နှင်ထုတ်လိုက်မယ်ဆိုရင် အကြီးအကဲပေ့ကုံး ဘယ်လို သဘောရလဲ။"
"အိမ်တော်သခင်။" ရီဖူရှင်း၏ စကားကို ကြားသောအခါ ထိုသူ၏ အမူအရာက အပြင်းအထန် ပြောင်းလဲသွားသည်။ သူသည် ခေါင်းကိုမော့ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နေခဲ့၏။ သူ၏ ကျင့်ကြံဆင့်က မမြင့်မားသေးသော်လည်း သူက ရန်ဟောင်အဆင့် ရောက်နေပြီ ဖြစ်ရာ သာမန်လူတစ်ယောက် မဟုတ်ပေ။ ရီဖူရှင်းက သူ၏ စွမ်းအင်သိုလှောင်ရာနေရာကို ဖျက်ဆီးပစ်ရန် ပြောခဲ့သည်လား။
ထို့ပြင် အကြောင်းရင်းက ထိုမျှသေးငယ်သည့်ကိစ္စရပ်လေးကြောင့် ဖြစ်သည်လား။
"ကောင်းပါပြီ။ ကျုပ်ကိုယ်တိုင် လုပ်ဆောင်လိုက်ပါ့မယ်။" ပေ့ကုံးအော့က ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင် သူက ထိုလူ့ထံသို့ တိုးဝင်သွား၏။
"ကလန်ခေါင်းဆောင်။" ထိုရန်ဟောင်က ပေ့ကုံးအော့ကို ကြည့်လိုက်သည်။ ပေ့ကုံးအော့က ချက်ချင်းပင် ထိုလူ၏ လက်ကို ဆွဲလိုက်သည်။ သူက ရုန်းကန်ရန် ကြိုးစားသော်လည်း ကြောက်မက်ဖွယ် မိုးကြိုးကွန်ယက်တစ်ခုက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ကာ သူ့အား မုန်တိုင်းအတွင်းသို့ ဆွဲယူလိုက်သည်။ ထို့နောက် လက်ဝါးရိုက်ချက်တစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။
ချက်ချင်းပင် ဖျက်ဆီးခြင်းမိုးကြိုးနတ်ဘုရားစွမ်းအင်တို့က ထိုလူ၏ ခန္ဓာကိုယ်မှအရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုလူ၏ မျက်နှာက ဖြူဖျော့သွားလေသည်။
ပေ့ကုံးမိသားစုမှ ကျင့်ကြံသူအချို့က ထိုမြင်ကွင်းအား ကြည့်ရန် မဝံ့ရဲကြပေ။ သူတို့ထဲမှ အချို့က နှလုံးသားထဲတွင် ခါးသီးစွာ ခံစားလိုက်ရသည်။
ဤသို့သော အသေးအဖွဲကိစ္စအတွက် ထိုမျှပြင်းထန်သည့် ပြစ်ဒဏ်လိုအပ်ပါသည်လား။
ပေ့ကုံးအော့က ထိုလူကို အဝေးသို့ ခေါ်ဆောင်ကာ တုံ့ယွမ်အိမ်တော်တည်ရှိရာမှ ထွက်ခွာသွားကြ၏။ ရီဖူရှင်းက ထိုနေရာ၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ မကြာမီ၌ ပေ့ကုံးအော့ ပြန်ရောက်လာသည်။ အပြင်လူများ၏ ဆူပူမှုက ချက်ချင်း ငြိမ်သက်သွားသည်။ မည်သူကမှ ဆူဆူပူပူ ထပ်မလုပ်ရဲတော့ပေ။ လူတိုင်းသည် ပြင်းထန်လှသည့် ထိုသဘောထားကြောင့် မှင်တက်သွားတော့သည်။
အပြစ်ဒဏ်က ထိုမျှ ပြင်းထန်သည်လား။
"ကျူးလွန်သူနဲ့ လာဘ်ပေးလာဘ်ယူပြုခဲ့တဲ့ လူကို သေချာဖော်ထုတ်ဖို့ အကြီးအကဲပေ့ကုံးကိုပဲ တာဝန်ပေးလိုက်ပါ့မယ်။" ရီဖူရှင်းက ပေ့ကုံးအော့ကို ပြောလိုက်သည်။
"ကောင်းပါပြီ။" ပေ့ကုံးအော့က ခေါင်းညိတ်လိုက်၏။ ယန်တုံ့ချင်း၏ မျက်ခုံးများက အနည်းငယ် ကျုံ့သွားသော်လည်း ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
"ဒီကိစ္စက ဒီမှာတင်ပြီးပြီမို့ ခင်ဗျားတို့အားလုံး ထွက်သွားလို့ရပြီ။ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီး ဘယ်သူမှ တူညီတဲ့အမှားမျိုး ထပ်မကျူးလွန်ဖို့ မျှော်လင့်ပါတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် လူတိုင်းက မဆိုင်းမတွ ထွက်ခွာသွားတော့သည်။.
ပေ့ကုံးအော့နှင့် ယန်တုံ့ချင်းသည်လည်း ထွက်ခွာသွား၏။ ထို့နောက် ယန်တုံ့ချင်းက ပေ့ကုံးအော့အနီးသို့ လျှောက်သွားကာ ပြောလိုက်၏။ "ပေ့ကုံး၊ အိမ်တော်သခင်ရဲ့ ပြစ်ဒဏ်က မပြင်းထန်လွန်းဘူးလား။ ဒါပေမယ့် ကျုပ်ခန့်မှန်းမိတာက အိမ်တော်သခင်က ရာထူးကို အသစ်ယူထားတာဆိုတော့ အရမ်း သွေးပူပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်လိုက်တာ ဖြစ်မယ်။ ဒါမှသာ သူ့ကိုယ်သူ အာဏာရှိတယ်ဆိုတာ ပြသနိုင်မှာကြောင့် ဖြစ်မယ်ထင်တယ်။"
"အိမ်တော်သခင် ဘာလုပ်လုပ် ပြဿနာမရှိဘူး။ စည်းမျဥ်းတွေက ချမှတ်ပြီးသားပဲ။ သေချာပေါက် အတိအကျ လိုက်နာသင့်တာပေါ့။ ကျုပ်ရဲ့ လူတွေကို အသေအချာ မကြပ်မတ်မိတာ ကျုပ်အမှားတွေလည်း ပါတယ်။" ပေ့ကုံးအော့က ပြန်ဖြေလိုက်သည်။ ယန်တုံ့ချင်းက ခေါင်းညိတ်လိုက်ရင်း ပြောသည်။ "ဒါလည်း မှန်တာပဲ။"
ထို့နောက် သူတို့က လမ်းခွဲကာ သွားလိုက်ကြသည်။ သူတို့ သပ်သပ်စီသွားပြီးနောက် ယန်တုံ့ချင်း၏ မျက်လုံးများက အေးစက်သွား၏။
အဆုံးတွင် ဤမတော်တဆမှုမှ မည်သည်မှ ဖြစ်မလာခဲ့ပေ။ ဟယ်လျန်ယို၏ ခန့်မှန်းမှုက မည်သည့် သက်သေပြချက်မှ မရလာခဲ့ချေ။
ရီဖူရှင်းက တုံ့ယွမ်အိမ်တော်အတွင်းသို့ မဝင်သေးဘဲ တုံ့ယွမ်အိမ်တော်အထက် ကျင့်ကြံရာခန်းမသို့ ကျင့်ကြံရန် သွားခဲ့သည်။
ထိုနေ့တွင် ကျင့်ကြံရေးခန်းမတစ်ခုလုံးကို ဓားစွမ်းအင်များက ဖုံးလွှမ်းထားခဲ့၏။ ရီဖူရှင်းသည် ထိုခန်းမအတွင်း၌ ခြေထောက်များကို ခွေထိုင်ကာ သူ့ရှေ့တွင် ဓားဆန္ဒက သဏ္ဌာန်များ သုံးခုထိ ဖွဲ့တည်လာသည်။ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးက အရောင်များ ပြောင်းလဲလျက်ရှိသည်။ ဖွဲ့စည်းထားသော ဓားဆန္ဒက သုံးခုတည်းရှိသော်လည်း ကုန်းမြေတစ်ခုလုံးမှ မဟာလမ်းစဥ် စွမ်းအားများက ၎င်းတို့တွင် ပေါင်းစပ်လျက်ရှိ၏။
"ရွှစ်... ရွှစ်...." ဓားဆန္ဒများက နေရာအနှံ့ကို ပျံ့နှံ့နေပြီး ထိုနေရာဝန်းကျင်တစ်ခုလုံးကို ထက်ရှသော စွမ်းအားနှင့် သေခြင်း၏ အငွေ့အသက်တို့က နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ အချိန်တချို့ကြာပြီး နောက်ဆုံး၌ ရီဖူရှင်းသည် သူ၏ အရှိန်အဝါကို ဖိနှိပ်ကာ လိုက်ပြီး ဓားစွမ်းအားများက ပျက်ပြယ်သွားသည်။
ကျင့်ကြံရေးခန်းမအပြင်ဘက်တွင် ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ရပ်ရင်း စောင့်ကြည့်နေသည်။ ထိုသူက ဟယ်လျန်ယို ဖြစ်သည်။
"ဓားဆန္ဒတစ်ခုတည်းက ဒီလောက်ကြောက်စရာကောင်းနေရင် သုံးခုဆို ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲ။" ဟယ်လျန်ယိုက တီးတိုးရေရွတ်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ။" ရီဖူရှင်းက ပြုံးကာ မေးလိုက်၏။
"တစ်ယောက်ယောက်က ရှင့်ကို လာရှာနေတယ် အိမ်တော်သခင်။" ဟယ်လျန်ယိုက အပြုံးနှင့် ရီဖူရှင်းကို ပြန်ဖြေလိုက်၏။
"ဘယ်သူများလဲ။" ရီဖူရှင်းက သိလိုစိတ်နှင့် မေးလိုက်သည်။ သူ့ကို မည်သူက လာရှာသနည်း။
"ပေ့ကုံးမိသားစုရဲ့ နံပါတ်တစ်အလှလေး ပေ့ကုံးရွှမ်းလေ။ ပြီးတော့လည်း သူမက အရမ်းအရည်အချင်းရှိတာနော်။ မကြာခင်သေးခင်ကပဲ ရန်ဟောင်အဆင့်ကို ရောက်သွားပြီလေ။" ဟယ်လျန်ယိုက ရီဖူရှင်းအား ပြုံးရင်း ပြောလိုက်သည်။
ရီဖူရှင်းက အံ့အားသင့်စွာနှင့် သူမအား မေးလိုက်၏။ "သူမက ဘာလို့ ကျုပ်ကို လာရှာရတာလဲ။"
"ရှင့်ဆီက သင်ယူချင်လို့ ဖြစ်မှာပေါ့။" ဟယ်လျန်ယိုက ရယ်မောကာ ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ပိုလို့တောင်အံ့သြသွား၏။ ယခင်တစ်ကြိမ်က အင်အားစုသုံးခုကြားမှ အဖြစ်အပျက်ကို သတိရသင့်သည်။ ပေ့ကုံးမိသားစုက သူတို့၏ နံပါတ်တစ် အလှလေးကို သူထံပို့ဆောင်ရသည့် ရည်ရွယ်ချက်က မည်သည်နည်း။
ပေ့ကုံးမိသားစုက ယခင်အဖြစ်အပျက်နှင့် ပတ်သတ်၍ သူ့အပေါ် အာဃာတမထားတော့သည်လား။.
ယခုတစ်ကြိမ်၌ ပေ့ကုံးအော့၏ အပြုအမူက သူ့အား စိတ်ရှုပ်ထွေးစေလေသည်။
***