အံ့အားသင့်ကြခြင်း
Vol. 9 Ch. 854
“တော်ဝင်မြို့မှာ ဖြစ်သွားတဲ့ သတင်းကို မင်း ကြားပြီးပြီလား…”
“ကြားပြီးပြီ ... ဒါပေမဲ့ အဓိပ္ပာယ် မရှိတာပါကွာ ... တစ်စုံတစ်ယောက်က ဓားဧကရာဇ် အပါအဝင် တော်ဝင်မိသားစုက လူတွေ အကုန်လုံးကို သူတစ်ယောက်တည်းနဲ့ သတ်သွားတယ်တဲ့ ... နောက်ပြီး အရှင် ပေ့ဟန်လည်း အဲဒီမှာ ရှိတာပဲမလား ... သူက ဘာလို့ ထွက်ပြီး မတားရတာလဲ”
“ငါလည်း အစက မယုံဘူးကွ ... ဒါပေမဲ့ ငါ့ မိသားစုက အကြီးအကဲတွေ ကိုယ်တိုင် မျက်လုံးနဲ့ မြင်ခဲ့ရတာတဲ့ ... အရှင်ပေ့ဟန် ဘာလို့ ပေါ်မလာသလဲ ဆိုတာတော့ သူတို့လည်း မသိဘူး ... သူက တော်ဝင်မြို့မှာ မရှိတာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့”
“ဘယ်လို…”
တော်ဝင်မြို့တွင် ဖြစ်ပျက်ခဲ့သော သတင်းသည် ပြည်နယ်သုံးဆယ့် ခြောက်ခုသို့ ပျံ့နှံ့နေသည်။ လူတိုင်းသည် ထိုသတင်းကို ကြားကြားချင်း မယုံတစ်ဝက်၊ ယုံတစ်ဝက် ဖြစ်နေခဲ့ ကြ၏။
တော်ဝင် နန်းတော်သည် ပေ့ဟန်နယ်ကို နှစ်ထောင်ချီကြာ အုပ်ချုပ်ခဲ့သည်။ အရှင် ပေ့ဟန် မျိုးဆက် နှစ်ခုသည် မျိုးဆက်တိုင်းကို လွှမ်းမိုးခဲ့ပြီး တော်ဝင် မိသားစုမှ ဓားဧကရာဇ် မှာလည်း ပြိုင်ဘက်ကင်းခဲ့သည်။
ထိုကဲ့သို့သော အင်အားစုမှာ လူပုဂ္ဂိုလ် တစ်ယောက်တည်း၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်လား။
***
ယန်ပြည်နယ် အစိုးရ အဆောက်အဦအတွင်း ...
ယန်ပြည်နယ် သခင် အသစ် ရှုဟိုသည် ကောလာဟလ ဖြန့်သော သူများအား အရေးယူရန် သူ၏ လူများကို စေခိုင်းနေခဲ့သည်။
“ငါတို့ တော်ဝင် နန်းတော်က အရမ်း အစွမ်း ထက်တယ် ... ချန်းပေ့ရွှမ်းက ဘယ်လို လုပ်ပြီး အားလုံးကို သတ်နိုင်မှာလဲ ... ပေါက်ကရ လျှောက်ပြောတဲ့ ဘယ်သူမဆို အရေးယူတာ ခံရမယ် ... နောက်ပြီး…”
သူပြော၍ မဆုံးခင်မှာပင် ကောင်းကင်တွင် မီးအလင်းတစ်ခု ပေါ်ထွက်လာကာ သူ၏ လက်သို့ ကျသည်။
ထိုမီးအလင်းမှာ တော်ဝင်မြို့မှ မီးမိုင် ဖြစ်ပြီး သတင်းပို့ရာတွင် သုံးသော အဆောင်တစ်ခု ဖြစ်သည်။
မီးမိုင်တွင် ပါဝင်သော သတင်းကို စစ်ဆေး ပြီးနောက် သူ၏ မျက်နှာက ဖြူရော် သွားတော့၏။
“သခင်လေး ... ဘာဖြစ်လို့လဲ…”
တင်းမိသားစု၏ ဘိုးဘေးက စိတ်ပူစွာ မေးသည်။
မဖြေကြားခင် ရှုဟို၏ လက်က အနည်းငယ် တုန်ရီ နေသည်။
“တော်ဝင် နန်းတော် ဖျက်ဆီး ခံလိုက်ရပြီ ... ဓားဧကရာဇ်လည်း သေသွားပြီ ... ချန်းပေ့ရွှမ်း နိုင်သွားပြီ”
“ဘယ်လို…”
တင်းမိသားစု ဘိုးဘေးမှာ ဆွံ့အ တိတ်ဆိတ် သွားတော့၏။
***
ထျန်းမန် ကောင်းကင်နယ်မြေ ...
“ဟူး ... ဟူး…”
မန်ကူးသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့၏။
သူသည် အမြုတေ ဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အဆင့်ငါး ရွှေ အမြုတေကို ဖွဲ့စည်းရန် အခြေအနေ ကောင်းနေခဲ့ပြီ ဖြစ်သည်။ လိုအပ်သော ရင်းမြစ်များကို စုဆောင်း ပြီးသည်နှင့် မိုးကြိုး ကပ်ဘေးကို ခံယူကာ ရွှေအမြုတေ အဆင့်သို့ တန်း၍ ဝင်ရောက် နိုင်လိမ့်မည် ဖြစ်သည်။
“အကြီးအကဲတို့…”
မန်ကူးက သတင်းကောင်းကို ပြောပြရန် ပြင်လိုက်၏။ သို့သော်လည်း များစွာသော အကြီးအကဲများ၏ မျက်နှာများက ဖြူရော်နေကြောင်း သူ ချက်ချင်းပင် သတိထား မိလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး…”
မဟာ အကြီးအကဲက အားနည်းစွာ ခေါင်းခါ လိုက်၏။
“အကြီးအကဲတို့ ... ကျွန်တော်ရဲ့ ထျန်းမန် ခန္ဓာက ပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားပါပြီ ... အခုဆိုရင် ကူလင်ကျိနဲ့ လင်းဝူဟွာတို့တောင် ကျွန်တော်ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး ... မိုးကြိုးကပ်ဘေးကို ခံယူပြီး ရွှေအမြုတေကို ရရှိတာနဲ့ ဝမ်ရှင်း တန်ခိုးရှင်ချန်းကိုတောင် အနိုင်ယူ နိုင်လောက်ပြီ”
မန်ကူးက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။
မဟာ အကြီးအကဲက မျက်မှောင်ကြုတ် လိုက်သည်။
“မင်း သူ့ကို မနိုင်မှာ ငါတို့ စိုးရွံ့မိတယ် ... ဝမ်ရှင်း တန်ခိုးရှင်ချန်းနဲ့ ချန်းပေ့ရွှမ်းက တစ်ယောက်တည်းပဲ”
“ဟဟ ... ဒါဆိုလည်း ပိုပြီး ကောင်းသွား တာပေါ့ ... စာရင်းသစ်ရော စာရင်းဟောင်းရော ပေါင်းပြီး ရှင်းလို့ ရသွားတာပေါ့”
မန်ကူး၏ မျက်လုံးများက ပိုမို၍ တောက်ပ လာ၏။
“အဲဒါက…”
အကြီးအကဲ အားလုံးက ဖြူရော်စွာ ပြုံးရင်း ခေါင်းခါ လိုက်ကြ၏။
အဆင့် ခြောက် ရွှေအမြုတေ ပိုင်ရှင် ဓားဧရာဇ်ပင် ထိုလူ၏ လက်၌ အသတ်ခံခဲ့ရသည်။ ထိုကဲ့သို့သော လူက အဆင့်ငါး ရွှေအမြုတေပင် မပိုင်ဆိုင်သေးသော လူကို အဘယ်ကြောင့် ဂရုစိုက် မည်နည်း။
***
ခရမ်းမျောက်ဝံ ...
ထိပ်တန်း ဆယ်ခုဝင် မျိုးနွယ် တစ်ခုအနေဖြင့် ခရမ်း မျောက်ဝံများသည် အလွန် အင်အား ကြီးသည်။ သူတို့သည် တောင်တန်း ပြည်နယ်ကို အစိုးရကာ ထိုဒေသ၌ မင်းမူကြ၏။
သို့သော်လည်း ယနေ့တွင်မူ သူတို့သည် လုံးဝ ငြိမ်သက်နေသည်။
ခရမ်း မျောက်ဝံ ခေါင်းဆောင် ချန်းပေ့ရွှမ်း၏ လက်တွင် သေဆုံးခဲ့ရသည် ဆိုသော သတင်းက သူတို့အား ကြီးစွာ စိတ်ထိခိုက်စေပုံရ၏။
ခရမ်း မျောက်ဝံ မျိုးနွယ်သာလျှင်မက…
ကောင်းကင် ဝံပုလွေ၊ လက်ခြောက်ဖက် မြွေ၊ ငွေရောင် ဝိညာဉ် မျိုးနွယ်၊ ချူမိသားစု စသည့် မျိုးနွယ်၊ မိသားစုများစွာမှာလည်း သူတို့၏ ခေါင်းဆောင်များ ဆုံးရှုံးရခြင်းအတွက် သောကရောက် နေကြသည်။
“ငါတို့ အကောင်းဆုံး အဖြေတစ်ခုကို စဉ်းစား သင့်တယ်…”
များစွာသော မိသားစုများက ချန်းဖန်ထံတွင် ညှာတာပေးရန် တောင်းပန်ခြင်းထက် ကျူးဝမ် မျိုးနွယ်များကိုသာ ရှာဖွေရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် မရေမတွက်နိုင်သော မိသားစု အကြီးအကဲ များမှာ ရှေးဟောင်း ကျူးဝမ်မြို့သို့ ဦးတည်ကာ ထွက်ခွာ လာကြတော့၏။
***
ရှေးဟောင်း ကျူးဝမ်မြို့၊ ဘိုးဘေး ဘုရားကျောင်းတွင် ...
များစွာသော အကြီးအကဲများမှာ ဆွံ့အနေကြသည်။
“ချင်လော့ ... ကျုပ်ကို ဆိတ်ဆွဲ စမ်းပါ ... ကျုပ် အိပ်မက် မက်နေတာလား မသိဘူး”
အကြီးအကဲ မူဖန်က ပြောသည်။
“ခင်ဗျား…”
ချင်လော့က ထိုအဘိုးအိုအား စူးရဲစွာ ကြည့်လိုက်သော်လည်း သူသည် မဆိတ်ဆွဲခဲ့ချေ။ သူ ကိုယ်တိုင်မှာလည်း မယုံကြည် နိုင်ခြင်းကို ခံစား နေခဲ့ရသည်။
ချန်းဖန်သည် တော်ဝင် တပ်ဖွဲ့ ခေါင်းဆောင် သုံးယောက်နှင့် ချီဖန်ခုန်း အပါအဝင် ဝမ်ရှင်း တန်ခိုးရှင် ဆယ့်တစ်ယောက်ကို သတ်ဖြတ် ပစ်ခဲ့သည်။
ထိုအရာက ကျူးဝမ် မျိုးနွယ်၏ တစ်ဖန် ပြန်လည် ထွန်းတောက်ခြင်း၏ နိဒါန်း ဖြစ်မည်လား။ သို့မဟုတ် ကျဆုံးခြင်း၏ နိဂုံး ဖြစ်နေမည်လား။
ထိုအပြုအမူအတွက် တော်ဝင် နန်းတော်ကမူ ချန်းဖန်ကို အလွယ်တကူ ခွင့်လွှတ်မည် မဟုတ်ချေ။ ထိုကိစ္စ၌ ဓားဧကရာဇ် ပါဝင် လာနိုင်ပေသည်။
***
လူတိုင်း စိုးရွံ့ နေစဉ်မှာပင် တော်ဝင်မြို့မှ သတင်းမှာ ရောက်ရှိ လာခဲ့သည်။
“အဲဒါက ကောလာဟလပဲ သက်သက်ပဲ နေမှာပါ ... ချန်းပေ့ရွှမ်းက ဘယ်လိုလုပ်ပြီး ဓားဧကရာဇ်ကို အနိုင်ယူနိုင်မှာလဲ ... ငါ့ အထင်တော့ သူက သေရင်သေ မသေရင် ထွက်ပြေး သွားလောက်ပြီ”
ချူထျန်းယု၊ ကူလင်ကျိတို့ အပါအဝင် ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုခြင်း အခမ်းအနားသို့ တက်ရောက်လာသော လူများမှာ နှာခေါင်းရှုံ့ ကြ၏။
မူဟုန်တိနှင့် ယွင်ရီအာ တို့မှာမု ချွေးပြန် နေကြသည်။
“အမမူ ... စီနီယာချန်းက ထွက်ပြေးသွားမယ်လို့ ထင်လား”
ယွင်ရီအာက စိတ်ပူစွာ မေး၏။
မူဟုန်တိက အားတင်းကာ ပြုံးရင်း အဖြေပေး လိုက်သည်။
“မဖြစ်နိုင်ဘူး ... ဝမ်ရှင်း တန်ခိုးရှင်ချန်းက သူရဲကောင်း တစ်ယောက်ပဲဟာ ... သူက ဘာလို့ ထွက်ပြေးရမှာလဲ”
လင်းဝူဟွာကမူ ခေါင်းခါရင်း သက်ပြင်း ချလိုက်၏။
ထိုမိန်းကလေး နှစ်ယောက်သည် တော်ဝင် နန်းတော် မည်မျှ အင်အားကြီးကြောင်းကို သိပုံ မရချေ။
သိပ်မကြာခင်မှာပင် ယန်ပြည်နယ် သခင်အသစ် ရှုဟိုသည် ရှေးဟောင်း ကျူးဝမ်မြို့သို့ ရောက်ရှိ လာခဲ့၏။ လူများစွာသည် ရှုဟိုမှာ ချီဖန်ခုန်းအတွက် လက်စား လာချေခြင်း ဖြစ်မည်ဟု တွေးလိုက် မိသည်။
“ဘုန်း…”
သို့သော်လည်း အားလုံး၏ အကြည့်များ အောက်တွင်ပင် ရှုဟိုသည် ဘိုးဘေး ဘုရားကျောင်း ရှေ့၌ ဒူးထောက် ချလိုက်သည်။
ထို့နောက် သူက ချီဖန်ခုန်း လုပ်ခဲ့သမျှမှာ သူတစ်ယောက်တည်း၏ ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ယန်ပြည်နယ် အစိုးရနှင့် မသက်ဆိုင်ကြောင်း ပြော၏။
“သခင်လေး ... ဒါ ခင်ဗျား ဘာလုပ်တာလဲ ... ထပါ”
ရှဲ့ချန်းယန်က လျင်မြန်စွာပင် ရှုဟိုကို ဆွဲထူလိုက်သည်။
ရှုဟိုသည် ယန်ပြည်နယ်၏ သခင်လေးဖြစ်ပြီး ထောင်ပေါင်းများစွာသော စစ်တပ်ကို အမိန့်ပေး နိုင်သည်။ ထိုသို့သော လူ၏ ဒူးထောက်မှုကို နိမ့်ကျသော ကျူးဝမ် မျိုးနွယ်များ အနေဖြင့် မည်ကဲ့သို့ ခံယူရဲမည်နည်း။
“ကျေးဇူးပြုပြီး ကျုပ်ကို ဆွဲမထူပါနဲ့ မဟာအကြီးအကဲ ... ဝမ်ရှင်း တန်ခိုးရှင်ချန်းက အရမ်းပဲ အစွမ်းထက်လှပါတယ် ... သူ့ကို ပိုင်ဆိုင်ထားတဲ့ ကျူးဝမ် မျိုးနွယ်ဟာလည်း ဒီနေ့က စလို့ ပေ့ဟန်နယ်ရဲ့ ထိပ်တန်း မျိုးနွယ် နေရာကို ရောက်သွားပါပြီ ... ကျုပ် အနေနဲ့ ဂါရဝ ပြုပါရစေ”
ရှုဟိုက ခေါင်းခါရင်း ဇွတ်အတင်း ဒူးထောက်သည်။
“ဘယ်လို…”
သူ၏ စကားက ရှဲ့ချန်းယန်၏ လက်များကို တုန်ရီ သွားစေ၏။
“သ ... သခင်လေး ... ဒါဆို ပျံ့နှံ့နေတဲ့ ကောလာဟလတွေ အားလုံးက အမှန်တွေပေါ့”
“ဟုတ်ပါတယ် ... ဒီသတင်းက တော်ဝင်မြို့က လာတာပါ ... မကြာခင် အခြား မိသားစုကြီးတွေလည်း ဒီကို ရောက်လာမယ် ထင်တယ်”
ရှုဟိုက ရိုသေသော အမူအရာဖြင့် ပြောလိုက်သည်။
ရှုဟို၏ စကားက များစွာသော လူများမှာ အာဆေး မိထားသည့် လူများကဲ့သို့ အေးခဲ သွားစေသည်။ ထိုအရာက အမှန်တကယ်ကြီး ဖြစ်နေသည်လား။
ထို့နောက် ...
ရေခဲဂိုဏ်း၊ နဂါးရိုင်း မျိုးနွယ်၊ သွေးမိစ္ဆာ သားရဲများ ... စသည်ဖြင့် ချန်းဖန်ကို ဆန့်ကျင် ခဲ့သော မျိုးနွယ်၊ ဂိုဏ်းများမှာ တစ်ခုပြီး တစ်ခု ရောက်ရှိ လာကြသည်။ ကျယ်ပြန့်သော ရှေးဟောင်း ကျူးဝမ်မြို့၏ လမ်းများပင် လူများဖြင့် ပိတ်ဆို့ သွား၏။
ဒူးထောက်နေသာ ချူမိသားစုနှင့် ငွေရောင် ဝိညာဉ်မျိုးနွယ် အကြီးအကဲများကို တွေ့မြင် ပြီးနောက် ချူထျန်းယုနှင့် ကူလင်ကျိတို့မှာ ဦးနှောက်များ ပွင့်ထွက်မတတ် ခံစားလိုက်ရသည်။
“မဟာ အကြီးအကဲ ... ကျူးဝမ် မျိုးနွယ်က တကယ့် ပြိုင်ဘက်ကင်း လူတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ... ဒီနေ့က စပြီး ကျုပ်တို့ ပေ့ဟန်နယ် တစ်ခုလုံး ကျူးဝမ် မျိုးနွယ်နဲ့ ဝမ်ရှင်း တန်ခိုးရှင်ချန်း အပေါ်မှာ မီခို ရတော့မှာပဲ”
ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်က လေးစားစွာ ပြောသည်။ သူသည် ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်သော်လည်း ရှဲ့ချန်းယန်၏ အရှေ့၌ မလေးမစား မပြုရဲခဲ့ချေ။
“ဟား ဟား ... ရပါတယ်ဗျာ…”
ရှဲ့ချန်းယန်က ရယ်မောရင်း ပြောလိုက်၏။ သူသည် ဘဝတစ်ခုလုံး၌ ယခုလောက် တစ်ခါမှ မပျော်ခဲ့ဖူးချေ။
မရေမတွက်နိုင်သော ကျူးဝမ် မျိုးနွယ်များ မှာလည်း ငိုကြွေးနေကြ၏။ နောက်ဆုံး၌ သူတို့၏ နေ့ရက်များက ပြန်လည် ရောက်ရှိလာပြီ မဟုတ်ပါလား။
***