ထျန်းဟောင်ဂြိုဟ် နယ်တစ်ရာ
Vol. 9 Ch. 856
“အဲဒီလောက်တောင် များတာလား…”
ရှောင်မန်မှာ ပါးစပ် အဟောင်းသားဖြင့် အံ့အားသင့် သွားသည်။
မိုင်သောင်းချီ ကျယ်ဝန်းသော ပေ့ဟန်နယ်ပင် နယ်တစ်ရာထဲမှ တစ်ခုဟု ဆိုသည်။ ဤသို့ ဆိုလျှင် ထျန်းဟောင်ဂြိုဟ်မှာ မည်မျှအထိ ကြီးမား သနည်း။
“နယ်တစ်ရာကို ကောင်းကင်နယ်နဲ့ မြေရိုင်းနယ်လို့ နယ်အမျိုးအစား နှစ်ခု ခွဲခြား ထားတယ် ... ပေ့ဟန်နယ်က မြေရိုင်းနယ်တွေထဲက တစ်ခုပေါ့ ... မြေရိုင်းနယ် အများစုက အပျက်အစီး ဧရိယာတွေမှာ တည်ရှိကြတယ် ... ကောင်းကင်နယ်တွေကတော့ မြေရိုင်းနယ်တွေထက် ပိုပြီး စည်ပင် တိုးတက်ကြတယ် ... ထျန်းဟောင်ဂြိုဟ်ရဲ့ အင်အား အကြီးဆုံး မိသားစု ဂိုဏ်းကြီးတွေဟာလည်း ကောင်းကင်နယ်တွေမှာပဲ ရှိကြတယ် ... နောက်ပြီး ကောင်းကင်နယ်တွေရဲ့ ရွှေအမြုတေအဆင့် အရေအတွက်ဟာ မြေရိုင်းနယ်တွေထက် ပိုများတယ် ... ဝိညာဉ်ချီတွေဟာလည်း ပိုပြီး ထူထပ်တယ်”
ရွှမ်မင်ကျိက ခဏမျှ ရပ်ကာ ဆက်ပြော လိုက်သည်။
“ပေ့ဟန်နယ်မှာ ဆိုရင် ရွှေအမြုတေအဆင့် တစ်ယောက်က ဘိုးဘေး အဆင့်ကို ရောက်နေပြီ ... ဒါပေမဲ့ ကောင်းကင်နယ် တွေမှာတော့ သာမန် ခေါင်းဆောင် တစ်ယောက်ထက် မပိုဘူး ... သူတို့ဆီမှာ အခြေတည် ဝိညာဉ် အဆင့်တွေကိုပဲ ဘိုးဘေး လို့ ခေါ်ကြတယ်”
“ဘုရားရေ…”
ရှောင်မန်၏ မျက်လုံးများကား ပြူးကျယ် နေခဲ့ပြီ ဖြစ်၏။ ယနေ့ သူမ ကြားရသမျှက အံ့အားသင့်စရာချည်းသာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ချန်းဖန်မှာမူ မျက်မှောင်ကြုတ်ရင်း စဉ်းစား နေခဲ့၏။
ကောင်းကင်နယ်များနှင့် မြေရိုင်းနယ်များ၏ ဝိညာဉ်ချီ ပမာဏမှာ ကွာခြားမှု ရှိရာ ၎င်းတို့၏ ကျင့်ကြံသူ အရေအတွက်နှင့် စွမ်းအား ကွာခြားသည်က ပုံမှန် ဖြစ်သည်။ အခြေတည် ဝိညာဉ်အဆင့် ကောင်းကင် အရှင်များသည် ဝိညာဉ်ကြောများ၊ ဝိညာဉ်ချီများကို အစီအရင်ဖြင့် သွယ်ယူကာ ၎င်းတို့ နယ်အတွင်းရှိ ဝိညာဉ်ချီ ပမာဏကို မြှင့်တင် နိုင်သည်။
“အခြေတည် ဝိညာဉ်အဆင့်တွေက ကမ္ဘာ လောကကိုတောင် ပြောင်းပြန်လှန် ပစ်နိုင်တယ် ... ဒီလောက် လုပ်နိုင်တာက မထူးဆန်းပါဘူး”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။
အခြေတည် ဝိညာဉ် အဆင့်များသည် ရာသီဥတုကို ထိန်းချုပ်နိုင်သည့် အပြင်ကမ္ဘာကို ဖျက်ဆီးနိုင်သည့် စွမ်းအားကိုပါ ပိုင်ဆိုင်ကြသည်။ ထို့ကြောင့်ပင် သူတို့အား “ကောင်းကင် အရှင်များ” ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
“အမှန်ပါပဲ ... ကောင်းကင် အရှင်တွေက အဆုံးမဲ့ စွမ်းအားကို ပိုင်ဆိုင် ကြတယ် ... ဒါကြောင့်ပဲ ကောင်းကင်နယ်တွေက မြေရိုင်းနယ်တွေထက် ပိုပြီး အင်အားကြီး နေကြတာပေါ့ ... ကောင်းကင်နယ်တွေက တပည့် တစ်ယောက်တောင် မြေရိုင်းနယ်မှာ ထင်ရာစိုင်းဖို့ လုံလောက်တယ် ... ဥပမာ ဓားဧကရာဇ် လိုပေါ့ ... တကယ်လို့ ဝမ်ရှင်း တန်ခိုးရှင်ချန်းနဲ့ အရှင် ပေ့ဟန်သာ မရှိရင် ပေ့ဟန်နယ်ရဲ့ ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ရွှမ်မင်ကျိက ဆက်ပြောလိုက်၏။
နောက်ဆုံး၌ ချန်းဖန်သည် မြေရိုင်းနယ်နှင့် ကောင်းကင်နယ် အကြားရှိ ခြားနားချက်ကို သိရှိ သွားခဲ့ပြီ ဖြစ်သည်။
ဓားဧကရာဇ်သည် ဟိုထျန်းဂိုဏ်း၏ တပည့်တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း သူသည် ပေ့ဟန်နယ်ကို စိုးမိုးကာ ကောင်းကင် နယ်မြေ ခြောက်ခုကို အနိုင်ယူ နိုင်ခဲ့သည်။ သို့ဖြစ်ရာ ထိုဒဏ္ဍာရီလာ ဂိုဏ်းကြီးများ၏ အင်အားက မည်မျှ ရှိမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
“ကောင်းကင်နယ်တွေထဲမှာ အင်အား အကြီးဆုံး နယ်ဆယ်နယ် ရှိတယ် ... တစ်ခုချင်းစီက ပေ့ဟန်နယ်ထက် ပိုကြီးမားပြီး အစွမ်းထက် ဂိုဏ်းကြီးတွေလည်း အများကြီးရှိတယ် ... ဒါပေမဲ့ သူတို့က ထျန်းဟောင်ဂြိုဟ်ရဲ့ အဓိက အမြုတေ မဟုတ်သေးဘူး ... ဂြိုဟ်ရဲ့ အလယ်မှာ ရှင်းရှန်း နယ်မြေ ရှိသေးတယ် ... အဲဒါကမှ အစစ်အမှန် ကျင့်ကြံခြင်း နယ်မြေ ဖြစ်ပြီးတော့ ဘယ်တော့မှ မရှုံးနိမ့်တဲ့ နယ်မြေလည်း ဖြစ်တယ်”
ရွှမ်မင်ကျိက ပြောလိုက်သည်။ သူ၏ မျက်လုံးများက အတိတ်ကို သတိရသည့်ဟန် ရီဝေ သွားခဲ့၏။ (ရှင်းရှန်း ဆိုသည်မှာ မြင့်မြတ်သော ဟု အဓိပ္ပာယ် ရသည်။)
“ကျုပ် ငယ်ငယ်တုန်းက ဘိုးဘေးနဲ့အတူ ရှင်းရှန်း နယ်မြေကို သွားခဲ့ဖူးတယ် ... အဲဒီ နယ်မြေက ကျုပ်တို့ ပေ့ဟန်နယ် မပြောနဲ့ ကောင်းကင်နယ် တစ်ခုထက်တောင် ဆယ်ဆ ကျယ်တယ် ... နောက်ပြီး ရိုရိုး အသက်ရှူရင်တောင် ဝိညာဉ်ချီကို ခံစားလို့ ရတယ် ... အဲဒီ နေရာမှာ ရှိတဲ့ ဂိုဏ်းတွေ မိသားစုတွေကလည်း အနည်းဆုံး နှစ်သောင်းချီ သမိုင်းကြောင်းကို ပိုင်ဆိုင် ထားကြတယ်…”
ရွှမ်မင်ကျိ ရှင်းပြသည်ကို နားထောင် ပြီးနောက် ချန်းဖန်နှင့် ရှောင်မန်တို့မှာ ထျန်းဟောင်ဂြိုဟ် အကြောင်းကို ပို၍ နားလည် လာကြသည်။
ချန်းဖန်မှာမူ သိပ်၍ အံ့အားသင့်ခြင်း မရှိချေ။ သူသည် အတိတ်ဘဝ၌ ထိုထက် အဆ ရာထောင်ချီ ကြီးမားသော ဂြိုဟ်များကိုပင် တွေ့ခဲ့ဖူးရာ ထိုမျှလောက်က သူ့အတွက် မထူးဆန်းချေ။
သို့သော်လည်း ရှောင်မန်မှာမူ ခြားနားသည်။ သူမသည် ပေ့ဟန်နယ်၏ တောကြိုအုံကြား ရှေးဟောင်း ကျူးဝမ်မြို့တွင် ကြီးပြင်းခဲ့ရရာ ပေ့ဟန်နယ်ထက် ပို၍ ဘာမျှသိမထားခဲ့ချေ။ ထို့ကြောင့်ပင် ထျန်းဟောင်ဂြိုဟ် အကြောင်းကြားပြီးနောက် သူမမှာ အလွန် အံ့ဩနေခဲ့တော့သည်။
“ဒါပေမဲ့ အဲဒါက ကျူးဝမ် မျိုးနွယ်နဲ့ ဘာဆိုင်လို့လဲ…”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
“ဖြည်းဖြည်းပေါ့ ... ဝမ်ရှင်း တန်ခိုးရှင်”
ရွှမ်မင်ကျိက အသာအယာ ပြုံးရင်း ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ထောင်ချီ လောက်က အရှင် ကောင်းကင် ညီမျှခြင်း အုပ်ချုပ်တဲ့ ကောင်းကင် ညီမျှခြင်းနယ်ဟာ ကောင်းကင်နယ်တစ်ခု ဖြစ်ခဲ့တယ် ... အဲဒါက ထိပ်တန်း ကောင်းကင်နယ် ဆယ်ခုထဲမှာ မပါပေမဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ မြေရိုင်းနယ်တွေ ထက်တော့ အများကြီး ပိုပြီး အင်အားကြီး ခဲ့တယ် ... ပထမအရှင် ပေ့ဟန်က အစွမ်းထက်တယ် ဆိုပေမဲ့ အရှင် ကောင်းကင် ညီမျှခြင်းကိုတော့ ဘယ်လို ယှဉ်နိုင်မှာလဲ ... ကျုပ် ကြားရသလောက်ဆို ကျူးဝမ် မျိုးနွယ်ကျဆုံးတဲ့ ကိစ္စက ကောင်းကင်နယ် ဆယ်ခုထဲမှာ ပါတဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းနဲ့ ပတ်သက် နေတယ်တဲ့ ... ရှင်းရှန်း နယ်မြေတောင် ပါသလို ကြားမိတယ် ... အချို့ ပြောတာကတော့ အရှင် ပေ့ဟန်က ရှင်းရှန်း နယ် ဂိုဏ်းတစ်ဂိုဏ်းက လာတာတဲ့”
“အဲဒီလိုကြီးလား…”
ရှောင်မန်က သူမ၏ ပါးစပ်အား ပိတ်လိုက်သည်။
ကျူးဝမ် မျိုးနွယ် ကျဆုံးခြင်း၏ နောက်၌ ထိုမျှ များပြားသော လျှို့ဝှက်ချက်များ ရှိနေမည်ဟု သူမ ထင်မထားခဲ့ချေ။
“ငါထင်ထားတဲ့ အတိုင်းပဲ…”
ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။
နှစ်ထောင်ချီ မျိုးဆက်များအထိ သက်ရောက်သော ကျိန်စာ တိုက်ရန်မှာ အရှင်ပေ့ဟန် ကဲ့သို့ သာမန် တန်ခိုးရှင် တစ်ယောက် အနေဖြင့် တတ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ ထိုအကြောင်းအရာ၏ နောက်ကွယ်တွင် အခြား အကြောင်းအရာများ ရှိနေကြောင်း ချန်းဖန် ခန့်မှန်းခဲ့ပြီး ဖြစ်လေသည်။
“ဘယ်သူပဲ လုပ်လုပ် ... ရှောင်မန်နဲ့ အခြား ကျူးဝမ်မျိုးနွယ်တွေအတွက် ငါ လက်စားချေ ပေးမယ်”
ချန်းန်၏ မျက်လုံးများက သတ်ဖြတ် လိုစိတ်ဖြင့် တောက်ပ သွား၏။
ထို့နောက် သူသည် ကမ္ဘာနှစ်ခု ဆုံမှတ်သို့ သွားရန် စတင် ပြင်ဆင်သည်။ လက်ရှိ အရှင် ပေ့ဟန်ကို မဖမ်းဆီးနိုင်ဘဲနှင့် အတိတ်ရှိ အဖြစ်အပျက် အလုံးစုံကို မသိနိုင်ချေ။ မကြာခင် ရှဲ့ချန်းယန်နှင့် အခြား ကျူးဝမ် အကြီးအကဲများ တော်ဝင်မြို့သို့ ရောက်ရှိ လာ၏။
“အကို ... သမီးလည်း အစ်ကိုနဲ့အတူ ကမ္ဘာနှစ်ခု ဆုံမှတ်ကို လိုက်ချင်တယ်…”
ရှောင်မန်က ပြောသည်။ သူမသည် ချန်းဖန်နှင့် တစ်နေ့ပင် ခွဲမနေလိုချေ။
“ကမ္ဘာနှစ်ခု ဆုံမှတ်က အရမ်း အန္တရာယ် များတယ် ... ဘာလို့ သွားချင်ရတာလဲ ... သမီး ပါရင် ဝမ်ရှင်း တန်ခိုးရှင်ချန်း အတွက်လည်း ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လေ”
ရှဲ့ချန်းယန်က ရှောင်မန်အား ဖျောင်းဖျလိုက်သည်။
“ရပါတယ် ... ကိစ္စ မရှိဘူး”
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် လက်ကို ခါယမ်းရင်း ဆိုလိုက်၏။
မထွက်ခွာခင် ချန်းဖန်သည် “ကောင်းကင် အစေခံ ဓား” ကို ထားရစ်ခဲ့သည်။ ထိုဓားသည် ကျိုးပဲ့ နေသော်လည်း ကောင်းကင် ရတနာ ဖြစ်နေဆဲ ဖြစ်သည်။
ရှဲ့ချန်းယန်သည် ထိုဓားကျိုးနှင့် ချန်းဖန် သင်ကြား ပေးခဲ့သော နည်းစနစ်ကို ပေါင်းစပ်၍ အသုံးပြု ပါက ရွှေအမြုတေ ထိပ်ဆုံး အဆင့်ကိုပင် သတ်နိုင်လိမ့်မည် ဖြစ်သည်။
“စိတ်ဖြောင့်ဖြောင့်သွားပါ ... ကျုပ် ကျူးဝမ် မျိုးနွယ်တွေကို အသက်နဲ့ ရင်းပြီး ကာကွယ်ထားပါ့မယ်…”
ရှဲ့ချန်းယန်က ဦးညွှတ်ရင်း ပြောလိုက်သည်။
“အင်း…”
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။
ထို့နောက် သူသည် ရှောင်မန်နှင့်အတူ ကျန်းရှင်း ကုန်းပြင်မြင့်သို့ ဦးတည် လိုက်တော့၏။
***