← Chapters

နတ်မိမယ် ရှန်းရှီ

Vol. 9 Ch. 857

နတ်မိမယ် ရှန်းရှီ

Vol. 9 Ch. 857

ကျန်းထျန်း ကုန်းပြင်မြင့်သည် ပေ့ဟန်နယ် အပါအဝင် မြေရိုင်း ဒေသများနှင့် ထိစပ်နေ၏။

၎င်းသည် အပျက်အစီး နယ်မြေတစ်ခု ဖြစ်ကာ ရာစုနှစ် သုံးခုတိုင်း ကမ္ဘာနှစ်ခု ဆုံမှတ်မှ သားရဲများ ထွက်လာတတ်သည်။ သို့ဖြစ်ရာ ထိုဒေသ၌ မည်သူမျှ အကြောင်းပြချက် မရှိဘဲ မနေထိုင်ရဲချေ။

“ဟူး ... ဟူး…”

ချန်းဖန်သည် မိုင်သိန်းချီကို ပျံသန်းပြီးနောက် ရှောင်မန်နှင့်အတူ ကျန်းထျန်း ကုန်းပြင်မြင့်သို့ ရောက်ရှိ လာခဲ့သည်။ ထိုနေရာသို့ အရောက်၌ ချန်းဖန်က မျက်မှောင်ကြုတ်ကာ ရပ်တန့် လိုက်၏။

“ဘာဖြစ်လို့လဲ ... အစ်ကို…”

ရှောင်မန်က ချန်းဖန်အား စိတ်ပူစွာဖြင့် ကြည့်ရင်း မေးလိုက်သည်။

“ကြည့်လိုက်…”

ချန်းဖန်က ပြောလိုက်၏။

“ဘာမလို့လဲ…”

ရှောင်မန်က စိတ်ဝင်တစား ကြည့်လိုက်ရာ ကုန်းပြင်မြင့်၌ ဟင်းလင်းပြင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့ရသည်။

“ခရက် ... ခရက်…”

ကောင်းကင် တစ်ခုလုံးသည် အနက်ရောင် အက်ကြောင်းများဖြင့် ပြည့်နှက်နေ၏။ ထူးဆန်းသော သားရဲများမှာ ထိုအက်ကြောင်း များမှ ထွက်ပေါ် လာနေသည်။

“ဒီနယ်မြေရဲ့ ဟင်းလင်းပြင် တစ်ခုလုံးက မတည်မငြိမ် ဖြစ်နေတယ် ... နည်းနည်းလေး သတိလွတ်တာနဲ့ အက်ကွဲကြောင်း တစ်ခုကတင် ရွှေအမြုတေ အဆင့်ကို နှစ်ပိုင်း ပိုင်းပစ်နိုင်တယ်”

ချန်းဖန်က ပြောလိုက်သည်။

“ဟမ် ... အာ့ဆို သမီးတို့ ဘယ်လို ဖြတ်ကြမှာလဲ”

ရှောင်မန်မှာ အနည်းငယ် ထိတ်လန့်သွားသည်။

“လမ်းလျှောက်သွားကြတာပေါ့…”

ချန်းဖန်က ပြောရင်း မြေပြင်သို့ ဆင်းသက်လိုက်၏။

ကောင်းကင်နှင့် စာလျှင် မြေပြင်ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းများမှာ အလွန် နည်းပါးရာ လမ်းလျှောက်သွားခြင်းက ပိုမို၍ အန္တရာယ်ကင်း ပေသည်။

“ကမ္ဘာနှစ်ခု တစ်ခုနဲ့ တစ်ခု ပွတ်တိုက်တဲ့ အခါမှာ လေဟာနယ်က မတည်မငြိမ် ဖြစ်တာ မထူးဆန်းပါဘူး…”

ချန်းဖန်က အံ့အားသင့်ခြင်း မရှိချေ။ သူသည် ထိုသို့သော အခြေအနေမျိုးကို များစွာ မြင်ခဲ့ဖူးသည်။  ဥပမာ ခွန်ရှုသည် အဆင့်အတန်းတစ်ခု တက်သွားပါက ဟင်းလင်းပြင် အတွင်း၌ သီးသန့် ကမ္ဘာတစ်ခုအဖြစ် ရပ်တည် လာနိုင်လိမ့်မည် ဖြစ်သည်။

“သွားကြစို့…”

ချန်းဖန်က ရှောင်မန်၏ လက်ကို ဆွဲကာ ခြေတစ်လှမ်းလျှင် ပေတစ်ထောင်နှုန်းဖြင့် စတင် လျှောက်လိုက်၏။

သူသည် သာမန် လမ်းလျှောက်နေခြင်းသာ ဖြစ်သော်လည်း သူ၏ ထူးခြား အောင်မြင်ခြင်း အဆင့် ကောင်းကင်ခန္ဓာက သူ့အား အသံ၏ အမြန်နှုန်းထက်ပင် ပို၍ မြန်ဆန်စေသည်။ ကျန်းထျန်း ကုန်းပြင်မြင့်သည် သူ့အတွက် သာမန် လမ်းတစ်ခုအလား ချောမွေ့ လှ၏။

“ဂါး ... ဂါး…”

မကြာခင်မှာပင် ချန်းဖန်တို့သည် သားရဲများနှင့် ရင်ဆိုင် လာရသည်။

ထိုသားရဲများသည် ထျန်းဟောင်ဂြိုဟ်ရှိ သားရဲများနှင့် ကွာခြားသည်။ ၎င်းတို့သည် အနက်ရောင် အကြေးခွံများကို ပိုင်ဆိုင်ကာ ငရဲမှ မိစ္ဆာများ အလား မီးများကို ထိန်းချုပ် နေ၏။

“ကမ္ဘာနှစ်ခု ဆုံမှတ် တစ်ဖက်မှာ နတ်ဆိုး နယ်မြေ ရှိနေတာလား…”

ချန်းဖန်မှာ အနည်းငယ် အံ့အားသင့် သွားသည်။ သို့သော်လည်း သူက ထိုအတွေးကို စိတ်ထဲမှ လျင်မြန်စွာ ထုတ်ပယ် ပစ်လိုက်သည်။

အစစ်အမှန် နတ်ဆိုး နယ်မြေများမှာ ဂလက်စီ တစ်ခုထက်ပင် ပို၍ ကြီးမား၏။ အကယ်၍ ထိုသို့သော နယ်မြေကသာ ပွတ်တိုက်လိုက်ပါက ထျန်းဟောင်ဂြိုဟ် ပျက်စီးသွားပေလိမ့်မည်။

“အဲဒါက မိစ္ဆာ နယ်မြေ အပိုင်းအစ တစ်ခု ဒါမှမဟုတ် အဲဒီလို ဆင်တူတဲ့ဟာမျိုးပဲ ဖြစ်လိမ့်မယ်”

ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဓားတစ်စင်း ဖန်ဆင်း လိုက်၏။ ထို့နောက် သူက ဓားအား ညင်သာစွာပင် ဝှေ့ယမ်း လိုက်သည်။

“ဝှစ်…”

ပေတစ်ထောင် ဧရိယာအတွင်းရှိ သားရဲ အားလုံးမှာ ခေါင်းဖြတ် သွား၏။

“ဂါး ... ဂါး…”

ချန်းဖန်တို့သည် ကျန်းထျန်း ကုန်းပြင်မြင့် အတွင်းပိုင်းသို့ ရောက်လေလေ၊ ပိုမို အစွမ်းသော သားရဲများနှင့် ရင်ဆိုင် လာရလေလေ ဖြစ်နေခဲ့သည်။ နောက်ဆုံး၌ မီတာ ရာချီ မြင့်မားသော ရွှေအမြုတေ အဆင့် မိစ္ဆာ နဂါး တစ်ကောင်ကိုပင် ချန်းဖန်တို့ တွေ့မြင်လိုက်ရသည်။

“ဟူး ... ဟူး…”

၎င်းသည် သွေးနီရောင် ပါးစပ်ကြီးကို ဟရင်း ကျင့်ကြံသူ အုပ်စုတစ်ခုကို ဝါးမျိုရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

၎င်းမိစ္ဆာနှင့် ရင်ဆိုင် နေရသည့် အုပ်စုတွင် မူလအဆင့် ကျင့်ကြံသူ ရှစ်ယောက် ပါဝင်သည်။ သူတို့သည်  ပေ့ဟန်နယ် ရိုးရာနှင့်မတူ ကွဲပြားသော ဝတ်စုံများကို ဝတ်ဆင်ထားရာ အခြား မြေရိုင်း နယ်မြေများမှ လာကြောင်း ဖော်ပြနေ၏။ ကြည့်ရသည်က သူတို့သည် ကျန်းထျန်း ကုန်းပြင်မြင့်သို့ စွန်းစားရေး ခရီးထွက်လာစဉ် နဂါး မိစ္ဆာ၏ တိုက်ခိုက်ခြင်းကို ခံရဟန် တူသည်။

“အစ်ကို…”

ရှောင်မန်က ချန်းဖန်အား အကူအညီ ပေးစေလိုသော မျက်ဝန်းဖြင့် ကြည့်လိုက်၏။

“အင်း…”

ချန်းဖန်က လေအလျင်ဖြင့် ရွေ့လျားရင်း လက်သီး တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ သူ၏ လက်သီးက ရွှေရောင် အလင်းဖြင့် ဝန်းရံကာ နဂါး မိစ္ဆာထံ တိုးဝင်၏။

“ဂါး…”

နဂါးမိစ္ဆာသည် ချန်းဖန်ကို သတိထားမိပြီး ဖြစ်သည်။ ထို့ကြောင့် ချန်းဖန် စတင် တိုက်ခိုက်သည်နှင့် ၎င်းက အမြည်းဖြင့် ပြန်လည် ရိုက်လိုက်သည်။

“ဘုန်း…”

ချန်းဖန်၏ လက်သီးသည် နဂါးမိစ္ဆာ၏ အမြီးကို အပေါက်ကြီး တစ်ခု ဖြစ်သွားစေ၏။

“ဂါး…”

နဂါးမိစ္ဆာက နာကျင်စွာ ဟစ်ကြွေး၍ ချန်းဖန်ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် ၎င်းက ချန်းဖန်အား ချွန်ထက် ရှည်လျားသော လက်သည်းများဖြင့် ကုတ်ခြစ်လိုက်၏။

“သွားစမ်း…”

ချန်းဖန်ကလည်း လက်သီးကို ဆုပ်ကာ ပြန်လည် ထိုးနှက်၏။

“ဘုန်း…”

နဂါးမိစ္ဆာသည် ရွှေအမြုတေ အလယ်ဆင့်ဖြစ်ရာ အလွန် အစွမ်းထက်သော ခန္ဓာကို ပိုင်ဆိုင်ထားသည်။

ချန်းဖန်၏ လက်သီးချက်များပင်လျှင် ၎င်းအား နောက်ဆုတ်ရန်သာ ဖိအားပေးနိုင်၏။ အမြစ်ပြတ် သတ်ဖြတ် နိုင်စွမ်း မရှိခဲ့ချေ။

“ဟမ့်…”

ချန်းဖန်က နှာခေါင်းရှုံ့ကာ အမြုတေ စွမ်းအားကို သုံး၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

“ကလန့်…”

ထိုအချိန်မှာပင် အဝေးမှ အလင်းတစ်ခု လင်းလက်ကာ တဖြည်းဖြည်း နီးကပ်လာ၏။ ထိုအလင်းအတွင်းတွင်မူ အလွန် လှပသော နတ်မိမယ် တစ်ယောက် လိုက်ပါလာသည်။

“မိစ္ဆာ သေစမ်း…”

နတ်မိမယ်က လက်ညှိုးထိုးလိုက်ရာ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နဂါးမိစ္ဆာ၏ လည်ပင်းအား ဝိုင်းပတ်လိုက်၏။

“ဝှစ်…”

ရုတ်တရက် အိမ်တမျှ ကြီးမားသော နဂါးကြီး၏ ဦးခေါင်းမှာ ပြတ်ကာ အဆုံးမဲ့ သွေးများ ပန်းထွက် လာ၏။

“ကလန့်…”

ထို့နောက် အလင်းက ဓားတစ်စင်း၏ အသွင်ဖြင့် နတ်မိမယ်ထံသို့ ပြန်လည် ပျံသန်း သွားသည်။

“အရှေ့အရပ် မိုင်ငါးထောင်ထဲမှာ ရှိတဲ့ မိစ္ဆာ အားလုံးကို ငါသတ်ပြီးပြီ ... မြန်မြန် ထွက်သွားကြ”

နတ်မိမယ်က ပြောလိုက်သည်။ သူမ၏ အသံက ရေခဲအလား အလွန်အမင်း အေးစက် နေ၏။

“ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်…”

မူလ အဆင့် ကျင့်ကြံသူများက ဦးညွှတ်ကာ ကပျာကယာပင် ထွက်ခွာ သွားသည်။

ချန်းဖန်မှာမူ နေရာတွင်ပင် ရပ်ရင်း လျှို့ဝှက်သော နတ်မိမယ်ကို အကဲခတ် နေမိသည်။

နဂါးမိစ္ဆာသည် ရွှေအမြုတေ အလယ်ဆင့် သားရဲ ဖြစ်သည်။ သို့တိုင်အောင် ထိုနတ်မိမယ်က သာမန် တိုက်ခိုက်မှုတစ်ခုဖြင့် သတ်ပစ်ခဲ့သည်။ ထို့အပြင် သူမ၏ ဓားမှာလည်း တန်ဖိုးကြီးသော အဆင့်မြင့် ဝိညာဉ် ရတနာတစ်ခု ဖြစ်၏။

“ရှေ့ဆက်တိုးရင် ဒီလို သားရဲတွေ အများကြီး ရှင်တွေ့ရ လိမ့်မယ် ... ရှင့်အနေနဲ့ ကမ္ဘာနှစ်ခု ဆုံမှတ်ကိုတောင် ရောက်မှာ မဟုတ်ဘူး ... နောက်ပြန်လှည့်လိုက်ပါ”

နတ်မိမယ်က ချန်းဖန်ကို ကြည့်ရင်း ပြောသည်။

“စိတ်မပူနဲ့ ... ဒီလောက်က ငါ့အတွက် အေးဆေးပါ”

ချန်းဖန်က ဂရုမစိုက်ဟန် ပခုံးတွန့်ရင်း ဆိုလိုက်၏။

နတ်မိမယ်မှာ မျက်မှောင်ကြုတ် သွားသည်။

ရှောင်မန်က လျင်မြန်စွာပင် နတ်မိမယ် အနီးသို့ ကပ်ရင်း ပြုံးပြ လိုက်၏။

“မမ ... စိတ်ထဲ မထားပါနဲ့ ... သမီး အစ်ကိုက အဲဒီလိုပဲ ... အစ်မ နာမည်က ဘယ်သူလဲ ... အမက အရမ်း အစွမ်းထက်တာပဲ ... နဂါးမိစ္ဆာကြီးကိုတောင် တစ်ချက်တည်းနဲ့ သတ်လိုက်နိုင်တယ်”

“ရှန်းရှီ…”

ခဏ အကြာ၌ နတ်မိမယ်က ပြန်ဖြေ လိုက်သည်။

“အမရှန်းရှီ ... သမီး နာမည်က ရှောင်မန်ပါ ... အမလည်း ကမ္ဘာနှစ်ခု ဆုံမှတ်ကို စွန့်စား ခရီး ထွက်လာတာလား ... သမီးနဲ့ သမီး အကိုလည်း အဲဒီကို သွားပြီး လူတစ်ယောက်ကို သွားရှာမလို့”

ရှောင်မန်က ပြုံးရင်း ပြောလိုက်သည်။

ရှန်းရှီ ဟု ခေါ်သော နတ်မိမယ်မှာ ရှောင်မန်အား ကြည့်ကာ အနည်းငယ် တွေဝေ သွား၏။

ရှောင်မန်၏ ကျင့်ကြံခြင်း အဆင့်မှာ နိမ့်ကျ သော်လည်း သူမ၏ ခန္ဓာကိုယ်သည် နဂါး သွေးနှင့် နဂါးစွမ်းအား အငွေ့အသက်ကို သယ်ဆောင်ထားသည်။ ထိုအရာက သူမ၏ ပါရမီမှာ ထိပ်တန်း အဆင့်တွင် ရှိနေကြောင်း ဖော်ပြနေ၏။

“ရှောင်မန် ... ကမ္ဘာနှစ်ခု တောင်ထိပ်က အရမ်း အန္တရာယ် များတယ် ... နင်ရော နင့်အကိုရော ပြန်သွားသင့်တယ်…”

နတ်မိမယ် ရှန်းရှီက စကားကို ရပ်ကာ အနည်းငယ် စဉ်းစားလိုက်၏။ အတန်ကြာ၌ သူမက ဆက်ပြောလိုက်သည်။

“နောက်ပြီး အကဲခတ်ရသလောက် ရှောင်မန်ရဲ့ ပါရမီက အရမ်း မြင့်မားပေမဲ့ ကျင့်တဲ့ ကျင့်စဉ်ကတော့ နိမ့်ကျနေတယ် ... နောက်ကျ အခွင့်အရေး ရရင် အစ်မ နင့်ကို အစစ်အမှန် ကျင့်ကြံခြင်း ကျင့်စဉ်တစ်ခု ပေးပြီး ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုဆီကိုပါ ခေါ်သွားပေးမယ်”

စကားဆုံးသည်နှင့် သူမက ရှောင်မန်အား ပြန်လည် မွေးဖွားခြင်း တံဆိပ် ခတ်နှိပ်ထားသော အဆောင် တစ်ခုကို ပေး၏။ ထို့နောက် သူမက ချန်းဖန်အား တစ်ချက်ပင် လှည့်မကြည့်ဘဲ  အလင်းတန်း အသွင်ပြောင်းလဲကာ ကမ္ဘာနှစ်ခု ဆုံမှတ်သို့ အလင်းအလား ပျံသန်း သွားတော့သည်။

“အကို ... ဘာဖြစ်ဖြစ် သမီး အစ်ကိုနဲ့တော့ မခွဲနိုင်ဘူး…”

ရှောင်မန်က ပြောကာ အဆောင်ကို လွှင့်ပစ်ရန် ပြင်လိုက်၏။

“စိတ်ချပါ ... အစ်ကိုက ရှောင်မန်ကို ထားမသွားပါဘူး…”

ချန်းဖန် ပြုံးလိုက်၏။ ထို့နောက် သူက ရှောင်မန်ထံမှ အဆောင်ကို တောင်းယူကာ လေ့လာ လိုက်သည်။

“ဟမ် ... ဒါက ကောင်းကင် အဆောင် တစ်ခုပါလား…”

ချန်းဖန်၏ မျက်လုံးတွင် အရိပ်တစ်ခု ဖြတ်ပြေး သွား၏။

ကောင်းကင် အဆောင် ...

ထိုအရာမှာ အခြေတည် ဝိညာဉ်အဆင့် ပြုလုပ်ထားသော အဆောင် ဖြစ်သည်။ ထိုအဆောင်ဖြင့် တိုက်ခိုက်ပါက သာမန် ဝမ်ရှင်း တန်ခိုးရှင်များပင် ခုခံ နိုင်လိမ့်မည် မဟုတ်ချေ။

“ဘယ်လောက်တောင် မောက်မာ လိုက်သလဲ ... သူက အခြေတည် ဝိညာဉ်အဆင့် လုပ်တဲ့ အဆောင် တစ်ခုကိုတောင် ဒီအတိုင်း ပေးပစ်လိုက်တယ် ... ကြည့်ရတာ သူက အင်အားကြီး ဂိုဏ်းကြီး တစ်ခုခုက လာတာ ဖြစ်ရမယ်”

ချန်းဖန်မှာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ ထို့နောက် သူက ရှောင်မန်အား ကောင်းကင် အဆောင်ကို ပေးကာ ပြောလိုက်သည်။

“ဒီဟာက အသုံးဝင်တယ် ... ဒီအတိုင်း လွှင့်မပစ်နဲ့ဦး ... အချိန်တိုင်း ကိုယ်နဲ့မကွာ ဆောင်ထား”

“အင်း…”

ရှောင်မန်က ခေါင်းညိတ် လိုက်၏။

ထို့နောက် ချန်းဖန်သည် နတ်မိမယ် ရှန်းရှီအကြောင်းကို စဉ်းစားနေရင်း တစ်စုံတစ်ခုကို သတိရ လာခဲ့သည်။ ရှောင်မန်၏ ကျင့်စဉ်မှာ ကျူးဝမ် အကြီးအကဲများ သင်ကြားပေးသော ဖြစ်ရာ  အမှန်ပင် နိမ့်ကျသည်။

“နတ်မိမယ် ရှန်းရှီ ပြောတာ အမှန်ပဲ ... ငါ ရှောင်မန်ကို အစစ်အမှန် နတ်ဘုရား ကျင့်စဉ် တစ်ခု ပေးသင့်တယ် ... ဘာကျင့်စဉ်က ကောင်းမလဲ”

ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစား လိုက်၏။

ထို့နောက် သူတို့ နှစ်ယောက်သည် ကမ္ဘာနှစ်ခု တောင်ထိပ်သို့ ဆက်လက် လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်၌ များစွာသော သာရဲများက သူတို့အား တိုက်ခိုက်ကြ၏။ သို့သော်လည်း ၎င်းတို့ကား ချန်းဖန်၏ လက်ဝါး တစ်ချက်ကိုပင် မခံနိုင်ကြချေ။ တစ်နေရာ၌ ချန်းဖန်သည် မြေဦးခေါင်း၊ သိမ်းငှက်ခန္ဓာ ရှိသော ရွှေအမြုတေ ထိပ်ဆုံးအဆင့် သားရဲကိုပင် တွေ့ခဲ့ ရသည်။

“ကြည့်ရတာ နတ်မိမယ် ရှန်းရှီကို ငါ လျှော့တွက်မိပုံပဲ ... သူက ဓားဧကရာဇ် ထက်တောင် ပိုပြီး အစွမ်းထက် သေးတယ်”

ချန်းဖန်က တွေးလိုက်မိ၏။

“ဟူး ... ဟူး…”

မကြာခင်မှာပင် သူတို့၏ အရှေ့၌ တောင်တစ်ခု ပေါ်လာခဲ့သည်။

ထိုနေရာမှ ကြည့်ပါက ထျန်းဟောင်ဂြိုဟ်၏ ဆန့်ကျင်ဘက်၌ အခြားကမ္ဘာတစ်ခု ရှိနေကြောင်း တွေ့ရ၏။ ထိုကမ္ဘာရှိ တောင်တန်းများသည် ပေတစ်သောင်းခန့် ရှည်လျားသည်။ များစွားသော ပန်းများ၊ ဆေးပင်များသည် နေရာတိုင်း၌ ဖူးပွင့်နေကာ ဝိညာဉ်ရေတံခွန်များမှာလည်း တောင်ကြား အကြားမှ စီးကျ နေ၏။

ထိုအရာက နတ်ဆိုးနယ်မြေ တစ်ခုထက် တန်ခိုးရှင်တို့၏ နတ်ဘုံ နတ်နန်းနှင့်ပင် တူနေတော့သည်။

သူတို့ကား ကမ္ဘာနှစ်ခု ဆုံမှတ်သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

***

All Chapters