← Chapters

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၂

Vol. 20 Ch. 267

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၂

Vol. 20 Ch. 267

ဖန်းရှစ်ကျုံးမှ ချက်ချင်း ပြော၏။

“တပ်မှူးကတော့ ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီဗျာ”

“‌ကျုပ် ချဲ့ကားပြီးပြောတာ မဟုတ်ရပါဘူး။ အဲဒီလူငယ်လေးက ပြိုင်ပွဲစည်းမျဉ်းကို ကြားပြီးတာနဲ့ ချက်ချင်း ဒီလိုနည်းဗျူဟာကို အကြံပြုနိုင်တယ်။ သူက သာမန်လူမဟုတ်ဘူး။ အမှန်တကယ် ဉာဏ်ထက်မြက်တဲ့လူတစ်ယောက်ပဲ။ ပြီးတော့လည်း ကျုပ်တို့သခင်ကြီးက ဉာဏ်ထက်မြက်တဲ့သူတွေကို တန်ဖိုးအထားဆုံးပဲဗျ”

ချီမုကော၌ ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်ရှိနိုင်ကြောင်း သတိထားမိလိုက်ရာ ဖန်းရှစ်ကျုံး အံ့ဩထိတ်လန့်သွားခဲ့သည်။ သို့တိုင် ဖန်းရှစ်ကျုံးသည် တုံ့ပြန်ပြောဆိုခဲ့၏။

“စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ နှစ်ခြိုက်မှုကို ခံယူရတာ ကျိုစစ်အတွက် ဂုဏ်ယူစရာပါပဲ”

ထိုအခါ ချီမုကောမှ ပြောသည်။

“အမ်း ပြိုင်ပွဲပြီးတဲ့အခါ ကျုပ် ဒီလူငယ်သူရဲကောင်းနဲ့ တွေ့ကြည့်ရမယ်”

ထိုစကားများကို ကြားနေခဲ့သည့် သူဖုန်းစားအိုကြီးသည် လက်သီးတင်းတင်းဆုပ်ထား၏။ ချီမုကောသည် သူ့ကို စကားရိပ်သန်းနေပုံ ရပေသည်။ ကြည့်ရသည်မှာ စီရင်စုအုပ်ချုပ်ရေးမှူးသည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်၏ ဂုဏ်သတင်းကို ကြားသိ၍ သူဖုန်းစားဂိုဏ်းကို လာရှာခြင်းဖြစ်နိုင်ပေသည်။

ငါကလည်း သူတို့ကို ထုတ်မပေးနိုင်‌တာတော့ နှမြောစရာပဲ!

…

ထို့ပြင် ပြိုင်ပွဲစည်းမျဉ်းမှာ မည်သို့ပင်ဖြစ်စေ အဓိကအချက်သည်တော့ မပြောင်းလဲပေ– အင်အားကြီးသူသာလျှင် အထွတ်အထိပ်ရောက်နိုင်၏။

သူဖုန်းစားဂိုဏ်းရဲ့အင်အားက ကျားဖြူခန်းမထက် သာလွန်တယ်ဆိုတာ လုံးဝ သိသာနေတာပဲ။ ထျန်းကျီးမြင်းပြိုင်ပွဲဗျူဟာဖြစ်ဖြစ် ဘာကြီးဖြစ်ဖြစ် အင်အားကြီးသူက အောင်နိုင်သူဖြစ်လာမှာကိုတော့ ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး!

ပြီးတော့ ဒီပြိုင်ပွဲမှာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသူက သူဖုန်းစားဂိုဏ်းပဲ။

ပွဲကြည့်စင်မြင့်ထက်ရှိ သိုင်းပညာရှင်ကြီးများသည် တစ်ဦးကိုတစ်ဦး အကဲခတ်၍ တွေးတောကြံစည်နေကြသည်။

ထိုအချိန်၌ ကျိုးဖန်းသည် မိမိမှာ ပြိုင်ဘက်ကို ပြောင်းလဲမရနိုင်ကြောင်း နားလည်သွား၏။ သို့ဖြင့် ဖန်းစန်းနှင့် အကြည့်ချင်းဖလှယ်သည်။ ဖုန်းစန်းမှ မျက်မှောင်ကြုတ်လျက် ပြောသည်။

“ခင်ဗျား မစိုးရိမ်နဲ့။ ကျုပ်တို့ရဲ့အင်အားက သိသာနေတာပဲ။ သူတို့မှာ အစီအစဉ်တွေ အကြံအစည်တွေ အသင်္ချေရှိနေပါစေဦးတော့ သူတို့ ဘာကိုများ ဒီထက်ပိုကောင်းအောင် လုပ်နိုင်မှာတဲ့လဲ။ ခင်ဗျား တစ်ပွဲနိုင်မယ်၊ ကျုပ် တစ်ပွဲနိုင်မယ်၊ ဒီပြိုင်ပွဲရဲ့ အောင်နိုင်သူက ကျုပ်တို့သူဖုန်းစားဂိုဏ်းပဲ ဖြစ်မှာပဲ”

“ချန်ကျိုစစ်ကတော့!”

ဖုန်းစန်းသည် မျက်လုံးအနည်းငယ်မှေးကျဉ်းလိုက်ပြီး ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“ကျုပ်တို့ သူ့ကို ဒီပြိုင်ပွဲထဲမှာ မသတ်နိုင်ခဲ့ရင်တောင် နောက်ပိုင်းမှာ အချိန်အများကြီးရှိပါသေးတယ်။ ကျုပ်တို့က အခု သူ့မျက်နှာကို သိထားပြီပဲ၊ သူတစ်သက်လုံး ပုန်းနေနိုင်မှာတဲ့လား”

ထိုအခါ ကျိုးချူသည် ခပ်ဖျော့ဖျော့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျိုးချူကို လှည့်ကြည့်၏။

ထိုအချိန်၌ ကျိုးချူသည် ပြိုင်ပွဲစင်မြင့်အလယ်တွင် ရပ်၍ ဘေးပတ်ပတ်လည်ရှိ လူအုပ်ကို အရိုအသေပြုနှုတ်ဆက်နေပေသည်။

“လူကြီးမင်းတို့အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ!”

ကျိုးချူ၏ထိုသို့အပြုအမူကို မြင်သောအခါ ပွဲကြည့်ပရိသတ်များမှာ ၎င်းအပြုအမူကြောင့် အံ့အားသင့်ကုန်ကြလျက် ခွက်ထိုးခွက်လှန် ရယ်မောကြလေသည်။

ဒီကောင်လေးက သူ့ကိုယ်သူ သိုင်းလောကမှာ သရုပ်ပြဖျော်ဖြေမယ့်လူလိုမျိုး မှားယွင်းအထင်ရောက်နေပုံပဲ!

ကျိုးချူ၏ထိုအပြုအမူကို မြင်နေရသည့် အစီအစဉ်မှူး စွင်းပုအာသည်လည်း ခပ်ဖျော့ဖျော့ချောင်းဟန့်လာသည်။

“အဟမ်း…”

ကျိုးချူသည် ယောက္ခထီးဖြစ်သူ၏ ချောင်းဟန့်သံကို ကြားသောအခါ ချက်ချင်း တည်ကြည်လေးနက်သွား၏။

ဒီအသံက အသေးအဖွဲလေး မဟုတ်နိုင်ဘူး။

ထိုသို့အတွေးဖြင့် ကျိုးချူသည် သူ၏အပြုအမူတို့ကို ပြန်လည်ထိန်းသိမ်းပြင်ဆင်ကာ တည်ကြည်လေးနက်စေလိုက်သည်။

ထိုအခါ စွင်းပုအာသည် ကျိုးဖန်းသို့လှည့်၍ အပြုံးဖြင့် တောင်းပန်စကားဆိုသည်။

“လူကြီးမင်းကျိုး ထောက်ထားသက်ညှာပေးပါ သက်ညှာပေးပါ”

ကျိုးဖန်းသည် စွင်းပုအာကဲ့သို့ အဆက်အသွယ်ကောင်းမွန်များပြားသူတစ်ဦးအား မျက်နှာသာပေးရမည်ကို နားလည်သောကြောင့် ခေါင်းညိတ်တုံ့ပြန်ခဲ့သည်။

စွင်းပုအာလည်း စိတ်သက်သာရာရစွာဖြင့် ပြိုင်ပွဲစင်ပေါ်မှ ဆင်းလာခဲ့သည်။

ငါ့သမီး မုဆိုးမဖြစ်ကျန်ခဲ့မှာ စိုးလို့သာ မဟုတ်ရင် အဲဒီသုံးစားမရတဲ့ကောင် ကျိုးချူကို ဂရုစိုက်ပေးနေမှာကို မဟုတ်ဘူး။

ပြိုင်ပွဲစင်ပေါ်မှ မဆင်းခင် စွင်းပုအာမှ ကြေညာ‌သည်။

“ပြိုင်ပွဲစတင်ပါပြီ!”

ထိုအခါ ကျိုးဖန်းသည် တိုက်ခိုက်ရန် ကိုယ်နေဟန်ထားသို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ခေါင်းဆောင်စွင်းကို မျက်နှာသာပေးရမည့်အကြောင်း သတိရသွားသောကြောင့် ပြောလိုက်သည်။

“မင်းက မျက်လုံးမဲဝက်ဝံကျိုးချူလား။ ကျေးဇူးပြုပြီး သင်ကြားပြသပေးပါဦး”

ကျိုးချူမှာ ရုတ်ချည်း မျက်နှာကြီးမည်းမှောင်သွားတော့သည်။

မျက်လုံးမဲဝက်ဝံဆိုတာက ဘာကြီးတုန်း?! အဲဒီသောက်ကျိုးနည်း သိုင်းလောကနာမည်ကြီးက ငါ့ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံး ကပ်လိုက်နေမှာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား?

တွေးလိုက်ရုံနဲ့တင် ကြောက်စရာကြီးဟ!

သို့သော်ငြားလည်း ၎င်းကို အခွင့်အရေးကောင်းတစ်ခုဟု သူတွေးပါသည်။

ဒါနဲ့ ချက်ချင်းကြီး အရှုံးပေးလိုက်ရင် အမှိုက်ကောင်လို ဖြစ်သွားလိမ့်မှာပဲ။

သို့ဖြင့် ကျိုးချူသည် လက်နှစ်ဖက်နောက်ယှက်ရပ်လျက် ပြော၏။

“ခင်ဗျားက သံမဏိသူဖုန်းစားကျိုးဖန်းဖြစ်မယ်ထင်တယ်။ ကျုပ်ကြားဖူးတာတော့ ခင်ဗျားက အရမ်းသန်မာတယ်တဲ့။ ဆိုတော့ ခင်ဗျား ကျုပ်ရဲ့သိုင်းကွက်သုံးကွက်ကို ခံယူရဲမလားနော်”

ကျိုးဖန်းသည် ကျိုးချူအား တုံ့ပြန်ငြင်းခုံရန် စိတ်မပါလက်မပါဖြင့် ကြည့်လိုက်သည်။

ဒီကောင်က ဒီတိုင်း ကိန်းဂဏန်း‌တွေ လျှောက်ပြောနေတာပဲ။

ဘာလို့များ ဇာတ်လမ်းဇာတ်ကွက်တွေ ခင်းနေသေးတာလဲပဲ။

သို့သော်ငြား ကျိုးဖန်းမှာ ပြန်လည်တုံ့ပြန်ပြောရလေသည်။

“မင်းက သိုင်းကွက်သုံးကွက်ကို ဘယ်လိုအသုံးပြုမှာများလဲ”

“ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းကို ခင်ဗျား ကြားဖူးတယ်မလား”

“ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းလား”

ကျိုးဖန်း အံ့ဩသွားခဲ့သည်။ သိုင်းလောကတွင် ၎င်းသိုင်းပညာအကြောင်း ပြောဆိုကြသည်များကို သူ အမှန်တကယ်ပင် ကြားဖူးပါ၏။ ၎င်းသည် ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုဖြစ်ပြီး ၎င်း၏အလွန့်အလွန်ကြီးမားသော အင်အားဖြင့် အဝေးမှ လူများကို ထိခိုက်ဒဏ်ရာရစေနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်သည်။

“မင်းက အဲဒီသိုင်းပညာကို တတ်မြောက်တယ်လား”

ကျိုးချူမှ ပြောသည်။

“ဒါပေါ့ဗျ။ ခင်ဗျား အဝေးကနေပြီး ကျုပ်ရဲ့လက်ဝါးသိုင်းကွက်သုံးကွက်ကို ခံယူရဲသလား။ ခင်ဗျား အဲဒီသိုင်းကွက်သုံးကွက်ကို ခုခံနိုင်ရင် ကျုပ် ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်မယ်”

“မင်းကလား”

“ခင်ဗျားက ကြောက်လို့လား။ ခင်ဗျား ကြောက်တယ်ဆိုရင်လည်း ဒီတိုင်း ရှုံးတယ်လို့ ဝန်ခံလိုက်ပါတော့လား။ အဲဒီလိုဆိုရင်တောင် ခင်ဗျားအတွက် အရှက်ရစရာ မဖြစ်နိုင်ပါဘူး!”

ကျိုးချူသည် တမင် စိတ်ကိုနှိုးဆွ၍ စိန်ခေါ်နေခဲ့သည်။ သူသည် ကျိုးဖန်းကို ယုံကြည်ချက်အပြည့်ဖြင့် အကြည့်မလွှဲတမ်း ကြည့်နေခဲ့၏။ ကျိုးဖန်းမှာ မထိန်းချုပ်နိုင်စွာ အနည်းငယ် တွေဝေလာရသည်။

ကျိုးချူက တကယ်ပဲ ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းကို တတ်မြောက်ထားတာ ဖြစ်နေမလား။

ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!

“ဟေး ခင်ဗျား ဘာတွေတွေးနေတာလဲ။ ကျုပ်ရဲ့ သိုင်းကွက်သုံးကွက်ကို ခံယူရဲလားလို့”

ကျိုးဖန်းသည် မျက်လုံးအိမ်တို့မှေးကျဉ်းထား၏။ ဘေးပတ်ပတ်လည်ရှိ လူများသည် သူတို့အချင်းချင်း စတင်ပြောဆို‌ဆွေးနွေးလာကြသည်။

“ကျိုးချူက အသုံးမကျတဲ့‌နောက်လိုက်ကောင် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းကို သိနိုင်မှာလဲ”

အခြားသူများသည်လည်း စတင်ပြောဆိုလာကြတော့သည်။ ပွဲကြည့်စင်မြင့်ထက်ရှိ ချီမုကောပင်လျှင် ဖန်းရှစ်ကျုံးအား သိချင်စိတ်ပြင်းပြစွာဖြင့် မေးလာခဲ့သည်။

“ခန်းမအရှင်သခင်ဖန်းက ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းပညာကို အမွေဆက်ခံထားရှိတာလားဗျ”

ဖန်းရှစ်ကျုံးသည် ကသိကအောက်နိုင်လှစွာသော အပြုံးဖြင့် ပြန်ပြော၏။

“ကျုပ်က အဲဒီလိုအရာမျိုးကို ဘယ်နေရာက ရမှာလဲဗျာ”

“ဒါဆိုသူက?”

ချီမုကောသည် ဖန်းရှစ်ကျုံးကို ကြည့်နေ၏။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“သူက အတည်ပေါက်နဲ့ လျှောက်ပြောနေတာ ဖြစ်ပါလိမ့်မယ်”

“လျှောက်ပြောနေတာ? ဟားဟားဟား… စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ။ ကျားဖြူခန်းမက လူတွေက တကယ့်ကို တစ်ယောက်မကျန် ပါရမီထူးလှပါပေတယ်!”

ချီမုကောသည် အားရပါးရ ရယ်မောနေတော့သည်။

ထိုအချိန်၌ ပြိုင်ပွဲစင်ပေါ်ရှိ ကျိုးဖန်းသည် ကျိုးချူကို စူးစိုက်ကြည့်နေ၏။ သူသည် ဤ‌ကောင်လေးမှာ ပေါက်ကရများ လျှောက်ပြောနေခြင်းဖြစ်ကြောင်း အပြည့်အဝ သတိထားမိသည့်တိုင် လက်ရှိအချိန်မှာ သူ့ဘက်မှ စတင်တိုက်ခိုက်ရန် သင့်တော်သည့်အချိန် မဟုတ်ပေ။

ဤကောင်စုတ်လေးသည် သူ့ထံ ဘောလုံး‌ပစ်သွင်းပေးထားခဲ့ပြီး မဟုတ်ပါလော။

“ဒါပေါ့ဗျာ၊ လူကြီးမင်းကျိုး ကြောက်တယ်ဆိုရင်လည်း ခင်ဗျားဘက်က အရင် စတိုက်နိုင်ပါတယ်။ ကျုပ်ရဲ့ ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းက တိုက်ခိုက်ဖို့ပဲ လုံလောက်တာ၊ ခုခံဖို့ကျ မရသေးဘူးဗျ။ ခင်ဗျား စတိုက်မယ်ဆိုရင်တော့ ကျုပ် အရှုံးပေးလိုက်ပါမယ်။ ခင်ဗျားက သူရဲကောင်းပီသတဲ့သူဆိုရင်တော့ ကျုပ်ရဲ့ သိုင်းကွက်သုံးကွက်ကို ခံယူကြည့်ပေါ့ဗျာ။ ခင်ဗျား ကြောက်တယ်ဆိုရင်တော့ ကျုပ် ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ”

ကျိုးချူသည် အလွန်ရွှင်ပျစွာသော အပြုံးမျက်နှာကြီးဖြင့် ထိုသို့ပြောခဲ့လေသည်။

ထိုအခါ ကျိုးဖန်း၏မျက်လုံးအိမ်တို့ ပို၍မှေးကျဉ်းသွားရသည်။ ကျိုးချူသည် ပေါက်ကရများလျှောက်ပြောနေခြင်းဖြစ်နိုင်ကြောင်း သိနေသည့်တိုင် ဤအခြေအနေကို သူ မရပ်တန့်နိုင်ချေ။

ကျိုးဖန်းသည် သေချာစဉ်းစား‌တွေးတောပြီးနောက် ပြောလာ၏။

“ကောင်းပြီ၊ ကျုပ် မင်းရဲ့သိုင်းကွက်သုံးကွက်ကို ခံယူမယ်။ မင်းမှာ ဘယ်လိုအရည်အချင်းတွေ ပိုင်ဆိုင်ထားလဲ ကြည့်ကြတာပေါ့!”

ထိုအခါ ကျိုးချူသည် ဝမ်းမြောက်ရွှင်ပျစွာ ပြုံးလိုက်သည်။

“ကောင်းပြီ၊ ခင်ဗျား ကျုပ်ရဲ့သိုင်းကွက်သုံးကွက်ကို ခုခံနိုင်ရင် ကျုပ် အရှုံးပေးမယ်။ ကြည့်ထားနော် ပထမသိုင်းကွက်က အဆုံးမဲ့သမုဒ္ဒရာပဲ!”

ထိုသို့ပြောလျက် ကျိုးချူသည် လက်ဝါးသိုင်းတစ်ကွက်ဖြင့် ရုတ်တရက် စတင်တိုက်ခိုက်လေသည်။

လူအားလုံး အံ့ဩထိတ်လန့်သွားကြ၏။ ကျိုးဖန်းသည်လည်း ခုခံရန်အတွက် ခန္ဓာကိုယ်စွမ်းအင်ကို အလိုအလျောက် သက်ဝင်လှုပ်ရှားစေလိုက်သည်။ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကာကွယ်ရန်အတွက် လက်ကိုလည်း အထက်သို့ ပင့်မြှောက်လိုက်သည်။

ဒါပေမဲ့… တိတ်ဆိတ်ငြိမ်သက်နေတယ်

ထို့နောက် ကျိုးဖန်းမှ ဘာမျှမတုံ့ပြန်နိုင်မီ၌ပင် ကျိုးချူမှ အော်ဟစ်လာ၏။

“ဒုတိယသိုင်းကွက် : ပင်လယ်ပြင်မှ နတ်ဆိုးမိစ္ဆာနှင့် နတ်ဘုရားတို့ ထွက်ပေါ်လာ!”

All Chapters