ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၃
Vol. 20 Ch. 268
ကျိုးဖန်းသည် တိုက်ခိုက်မှုကို ထပ်မံ ခုခံပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်လည်း မည်သည့်စွမ်းအင်လှိုင်းကိုမျှ မခံစားမိသည့်အပြင် သူ့အနီး လေအဝှေ့ကိုပင် မခံစားမိချေ။
ထို့နောက် ကျိုးချူသည် ထိုနေရာ၌ပင် သိုင်းကွက်အစုံလိုက်တစ်မျိုးကို လေ့ကျင့်၏။
“တတိယသိုင်းကွက် : လက်ဝါးသုံးကွက် ပေါင်းစည်းခြင်း။ သူရဲကောင်းကျိုး ဂရုစိုက်နော်!”
ကျိုးဖန်းသည် ကျိုးချူမှ တက်ကြွစွာ အော်ဟစ်နေသည်ကို မြင်တွေ့လိုက်ရရာ တကယ်ကြီး ယုံကြည်သွားခဲ့သည်။ သို့ဖြင့် မျက်နှာနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မည့် ခန္ဓာကိုယ်အစိတ်အပိုင်းနေရာများကို ထပ်မံကာကွယ်လိုက်သည်။ သို့တိုင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ကျိုးဖန်း ကျိုးချူကို မော့ကြည့်လိုက်သည်။ ကျိုးဖန်း၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများ အတိုင်းသား ထင်ဟပ်နေခဲ့၏။
ဒါက မင်းရဲ့ ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းဆိုတာလား?
…
ထိုစဉ် ကျိုးချူသည်လည်း အနည်းငယ် အံ့အားသင့်နေဟန်သော မျက်နှာအမူအရာဖြင့် ပြောလာသည်။
“ခင်ဗျား ခင်ဗျားက တကယ်ကြီး ကျုပ်ရဲ့သိုင်းကွက်သုံးကွက်ကို လဲမကျဘဲ ခုခံနိုင်ခဲ့တာပဲ။ တကယ့်ကို အထင်ကြီးလောက်စရာပဲဗျာ။ ကျုပ် ကိုယ့်စကားကိုယ်တည်မယ်။ ခင်ဗျားက ကျုပ်ရဲ့သိုင်းကွက်သုံးကွက်ကို ခံယူနိုင်မှတော့ ဒီပြိုင်ပွဲမှာ ကျုပ် ရှုံးနိမ့်ကြောင်း ဝန်ခံပါ့မယ်။ ခင်ဗျား နိုင်ပါတယ်!”
ထိုသို့ပြောခဲ့ပြီး ကျိုးချူသည် ပြိုင်ပွဲစင်ပေါ်မှ အလင်းအလျင်ဖြင့် ခုန်ဆင်းသွားတော့သည်။ ထိုစဉ် အော်ပြောခဲ့၏။
“အဖေ ပြိုင်ပွဲရလဒ်ကို ကြေညာလိုက်တော့!”
ထိုအခါမှသာ ကျိုးဖန်းသည် ဖြစ်စဉ်တစ်ခုလုံးကို နားလည်သွားခဲ့ပြီး ရုတ်ချည်း ဒေါသထွက်သွားတော့သည်။
ဘာကို ရှုံးနိမ့်ကြောင်း ဝန်ခံတာလဲ။ ငါမင်းရဲ့ သောက်ကျိုးနည်း အရှုံးဝန်ခံချက်ကို မလိုအပ်ဘူးကွ!
သို့သော် ကျိုးဖန်းမှ ဒေါသူပုန်ထရန် အခွင့်အရေးမရလိုက်သေးမီ၌ပင် စွင်းပုအာသည် ပြိုင်ပွဲစင်မြင့်ထက်သို့ ခုန်တက်လာခဲ့ပြီး ရွှင်ပျတောက်ပစွာသော အပြုံးဖြင့် ပြော၏။
“ဟားဟားဟား အနိုင်ရရှိခြင်းအတွက် လူငယ်သူရဲကောင်းကျိုးကို ဂုဏ်ပြုပါတယ်။ ဒီပွဲစဉ်ရဲ့ အနိုင်ရရှိသူကတော့ လူငယ်သူရဲကောင်းကျိုး၊ ကျိုးဖန်းဖြစ်ပါတယ်!”
သို့သော် အားပေးချီးမြှောက်သံဟူသည် အလျဉ်းမရှိပေ။ အားလုံးသည် ဟာသပြဇာတ်တစ်ခု ကြည့်လိုက်ရသည့်အလား ခံစားကြရလေရာ အချို့ဆိုလျှင် လှောင်ပြောင်သရော်သံများပင် ပြုလုပ်ကြလေသည်။
“ဘူး…”
ထို့နောက် စွင်းပုအာသည် ကျိုးချူကို စူးစူးရဲရဲ လှည့်ကြည့်၏။
ကောင်စုတ်လေး ငါ့ကို အမြဲဒုက္ခပေးနေတော့တာပဲ!
ဤတစ်ကြိမ်၌ ကျိုးချူသည် အလွန်စိတ်ကျေနပ်ပေသည်။
တချို့လူတွေအတွက် ရှုံးနိမ့်တာက ဘယ်လိုကွာခြားလဲ ကြည့်စမ်းပါဦး။ သူတို့ရဲ့ရှုံးပွဲကျရင်တော့ ညိုမဲစွဲအောင် အရိုက်ခံရပြီး အရမ်းကိုမှ သနားစရာလေး ဖြစ်နေလိမ့်မှာပဲ။
ဒါပေမဲ့ ငါတို့ရှုံးတာကို ကြည့်စမ်း၊ လုံးဝ ဟန်ပန်အပြည့်နဲ့ပဲ။ ‘ကျုပ် ခင်ဗျားကို သိုင်းကွက်သုံးကွက်နဲ့ တိုက်ခိုက်မယ်၊ ခင်ဗျား ခုခံနိုင်ရင် ကျုပ် အရှုံးကိုဝန်ခံမယ်’ ကြည့်လေ၊ လူတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်ဆိုတာ ဒီလိုပဲဖြစ်နေရမှာပေါ့။
အရှုံးဝန်ခံတယ်ဆိုတာ ဘာဖြစ်မလဲ။ အရှုံးဝန်ခံတယ်ဆိုတာ ‘ကျုပ်က အရမ်းသန်မာတယ်၊ ဒါပေမဲ့ ဒီအငယ်လေးက ကြည့်ရတာ မဆိုးလှတာမို့ ကျုပ်က အခွင့်အရေးတစ်ခါလောက် ပေးလိုက်ပါမယ်လေ’ ဒီလိုမျိုးပေါ့။
ဒီပြိုင်ပွဲမှာ ငါကျိုးချူက ရှုံးခဲ့ပေမဲ့ ဂုဏ်ရှိရှိ ရှုံးခဲ့တာပဲ။
စင်ပေါ်မှ ဆင်းလာပြီးနောက် ကျိုးချူသည် ချန်ကျဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“ဘယ်လိုနေလဲ ညီနောင်ရ၊ ငါ ပြဇာတ်ကောင်းလေး ဖန်တီးခဲ့တယ်မလား”
“အင်း ကောင်းပါတယ်။ ဒါပေမဲ့ ကျိုးဖန်းကတော့ မင်းကို အသေမုန်းတီးသွားလောက်ပြီ”
ကျိုးချူမှ ပြန်ပြော၏။
“အဲဒါဆိုလည်း မတတ်နိုင်ဘူးပေါ့။ ငါတို့ကျားဖြူခန်းမနဲ့ သူဖုန်းစားဂိုဏ်းက ‘သတ်မလား သေမလား’အခြေအနေဖြစ်နေပြီပဲကို ငါက သူတို့ ငါ့ကို မမုန်းတီးဖို့ မျှော်လင့်နေနိုင်ဦးပါ့မလား”
ချန်ကျဲ့မှ ပြောသည်။
“မင်း အခု ဖယ်နေလိုက်လို့ရပြီ။ လူကြီးမင်းစွင်းရဲ့ အဆက်အသွယ်တွေနဲ့ဆို မင်းကို ကာကွယ်ပေးနိုင်သေးတယ်”
ထိုအခါ ကျိုးချူ ရယ်မောလိုက်သည်။
“ကျိုစစ် ငါကျိုးချူက အရည်အချင်း များများစားစားရှိတာတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဒါပေမဲ့ ငါက အသိတရားမရှိတဲ့သူ မဟုတ်ဘူး။ မွေးစားအဖေက ငါ့အပေါ် ကောင်းကောင်းဆက်ဆံတယ်။ မင်းနဲ့ငါ့ရဲ့ ညီအစ်ကိုဆက်ဆံရေးက ကောင်းမွန်တယ်။ ဒီအခြေအနေကြောင့်နဲ့ ငါ မင်းတို့ကို သစ္စာဖောက်ရမယ်ဆိုရင် ငါ့တစ်ဘဝလုံးကို ကိုယ့်ကိုယ်အပြစ်ရှိစိတ်နဲ့ ရှင်သန်သွားရလိမ့်မယ်။ ငါတော့ အဲဒီလိုရှင်သန်ရမယ့်အစား သေသွားတာက ပိုကောင်းတယ်လို့ တွေးတယ်”
ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။
“လောင်ကျိုး တစ်ခါတလေကျ မင်းက လူအများစုထက် ပိုပြီး ပြတ်ပြတ်သားသား ရှင်သန်နေထိုင်တတ်တာပဲ”
ကျိုးချူမှ ရယ်မော၏။
“လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရှင်သန်ရတဲ့အချိန်ကာလတွေက မတူညီကြဘူး။ ဘဝဆိုတာ တောက်တောက်ပပနဲ့ နောင်တမရှိအောင် ရှင်သန်ဖို့အတွက်ပဲ ဟားဟားဟား…”
“မင်းရဲ့ ဆိုးရွားတဲ့ရယ်သံကြီးကို ရပ်လိုက်ပါတော့ကွာ”
ကျိုးချူ မိမိကိုယ်ကိုယ် ကျေနပ်ပီတိဖြစ်နေစဉ် ရန်လိုခြင်းအပြည့်နှင့် အသံတစ်သံ သူ၏နောက်ဘက်မှ ထွက်ပေါ်လာ၏။ ထိုအသံပိုင်ရှင်မှာ စွင်းပုအာ ဖြစ်ပေသည်။
ကျိုးချူ၏မျက်နှာ တောင့်ခဲသွားရပြီး စွင်းပုအာကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ စွင်းပုအာမှ ပြော၏။
“မင်းရှာထားတဲ့ပြဿနာကို ကြည့်လိုက်ဦး။ ငါ့မှာ နေ့တိုင်းနေ့တိုင်း မင်းရဲ့အရှုပ်ထုပ်တွေပဲ လိုက်ရှင်းနေရတယ်!”
ထိုအခါ ကျိုးချူမှ ရယ်ကျဲကျဲဖြင့် ပြောသည်။
“အဖေ ဒီနေ့အဖြစ်အပျက်ကို ကျွန်တော့်ဇနီးကို ပြန်မပြောပါနဲ့၊ ကျွန်တော်…”
စွင်းပုအာမှ ကြားဖြတ်ပြောလိုက်သည်။
“မင်းက သူ့ကို လျှို့ဝှက်ထားနိုင်မယ်ထင်လို့လား”
ကျိုးချူ၏မျက်နှာမှာ ထပ်မံ တောင့်ခဲသွားရပြန်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး ပြော၏။
“ဟူး… ကြည့်ရတာ မျက်လုံးမဲဝက်ဝံတော့ သိုင်းလောကကို တစ်ခေါက်ပြန်လာရဦးမယ် ထင်ပါရဲ့”
စွင်းပုအာမှ ဆက်ပြောသည်။
“အိမ်ပြန်ရောက်မှ ငါမင်းနဲ့ စာရင်းရှင်းမယ်”
ထို့နောက် စွင်းပုအာမှ ဆက်ကြေညာသည်။
“ကောင်းပြီ၊ ပထမပွဲစဉ်မှာ သူဖုန်းစားဂိုဏ်းက အနိုင်ရပါတယ်။ အခု ဒုတိယပွဲစဉ်ကို စတင်လိုက်ကြရအောင်။ ဒုတိယပွဲစဉ်မှာလည်း သူဖုန်းစားဂိုဏ်းက အနိုင်ရခဲ့ရင် ဒီပြိုင်ပွဲရဲ့အောင်နိုင်သူက သူဖုန်းစားဂိုဏ်းဖြစ်သွားမှာပါ”
ထိုအခါ အားလုံးသည် ပြိုင်ပွဲစင်မြင့်ထက်သို့ ပြန်လည်အာရုံစိုက်လာကြသည်။
“ကျေးဇူးပြုပြီး သူဖုန်းစားဂိုဏ်းက ပြိုင်ပွဲဝင်စေလွှတ်ပေးပါ”
ထိုအခါ သူဖုန်းစားဂိုဏ်းမှ တောင်တက်နွယ်လျိုဖုန်းကို စေလွှတ်ခဲ့သည်။
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဦးလေးဖူ ဦးလေးအလှည့်ရောက်ပြီ”
ဦးလေးဖူမှ ပြန်ပြောသည်။
“အင်း ငါ့တာဝန်ထားလိုက်ပါ”
သို့ဖြင့် ဖန့်ဖူသည် ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
ဒုတိယပွဲစဉ်အတွက် ပြိုင်ပွဲဝင်မှာ ဖန့်ဖူဖြစ်နေကြောင်း မြင်သောအခါ ပွဲကြည့်စင်ထက်ရှိ လျိုလောင်ကွေ့သည် အံ့ဩသွား၏။
“အာ လူကြီးမင်းပိုင်၊ ကြည့်ရတာ ချန်ကျိုစစ်ရဲ့အစီအစဉ်က မင်းရဲ့အစီအစဉ်နဲ့ မတူတဲ့ပုံပဲ။ သူက ဘာလို့ ဖန့်ဖူကို တိုက်ခိုင်းရတာလဲ”
ထိုအခါ ပိုင်မော့ရှန်းလည်း အံ့ဩသွားခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ချန်ကျိုစစ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ချန်ကျိုစစ်၏ အင်္ကျီလက်စထဲ၌ မည်သည့်ဝှက်ဖဲမျိုး ကိုင်ဆောင်ထားသနည်းဟု စိတ်ရှုပ်ထွေးစွာ တွေးမိနေကြသည်။
မျက်မှောင်ကြုတ်လျက် ပိုင်မော့ရှန်းမှ ပြောသည်။
“သူက ကစားပွဲကို သေချာမှုရှိအောင် ကစားနေတာဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် ဒီပြိုင်ပွဲကို အနိုင်အရှုံးဆုံးဖြတ်မယ့် အဓိကသော့ချက်က ချန်ကျိုစစ်နဲ့ ဖုန်းစန်းတိုက်ခိုက်မယ့်ပွဲစဉ် ဖြစ်သွားလိမ့်မယ်။ သူဒီလိုစီစဉ်တာ သူ ဖုန်းစန်းကို အနိုင်တိုက်နိုင်မယ်လို့ သေချာနေလို့လား”
“ဒါမှမဟုတ် ကျားဖြူခန်းမကို ဆိုးဆိုးရွားရွား မရှုံးစေချင်လို့လား။ အဲဒါကြောင့် ပထမပွဲစဉ်နှစ်ခုကို နည်းနည်းကြည့်ကောင်းအောင် စီစဉ်လိုက်တာများလား”
ဤသည်မှာ သူ၏ဗျူဟာနှင့် ကိုက်ညီမနေသောကြောင့် ပိုင်မော့ရှန်းသည် မျက်ခုံးများတွန့်ချိုးနေေတာ့သည်။
လျိုလောင်ကွေ့မှ မှတ်ချက်ပြုသည်။
“ကြည့်ရတာ လူကြီးမင်းပိုင်လည်း ချန်ကျိုစစ် ဘယ်လိုကစားနေလဲဆိုတာကို မသိတဲ့ပုံပဲ”
ပြိုင်ပွဲသည် ဘာမျှများများစားစား စိတ်ဝင်စားမျှော်လင့်စရာ မရှိသောကြောင့် ပွဲကြည့်စင်မြင့်ထက်ရှိ အခြားသိုင်းပညာရှင်ကြီးများသည်လည်း တိတ်ဆိတ်နေကြသည်။
ဖန့်ဖူ၏အင်အားသည် လျိုဖုန်းထက် လုံးဝ သာလွန်၏။ လျိုဖုန်းမှာ ဒဏ်ရာမရခဲ့ပါက အခွင့်အရေးရှိကောင်းရှိနိုင်သေးသည်။ သို့သော်ငြား သူသည် လက်ရှိတွင် ဒဏ်ရာရထား၏။ လျိုဖုန်းသည် ဖန့်ဖူ၏ပြိုင်ဘက်မဖြစ်နိုင်သည့် ကံကြမ္မာဖန်နေခဲ့ပြီးသားပင်။
စွင်းပုအာမှ ပြိုင်ပွဲစတင်ရန် အချက်ပေးပြီးသည်နှင့် လျိုဖုန်းနှင့် ဖန့်ဖူတို့သည် လက်ဝါးသိုင်းကွက်တစ်ကွက် ဖလှယ်လိုက်ကြသည်။ ထို့နောက် လျိုဖုန်းသည် မျက်နှာအမူအရာပြောင်းလဲ၍ နောက်ဆုတ်သွား၏။
“ကျုပ် အရှုံးပေးတယ်”
လျိုဖုန်းသည် ဖန့်ဖူကို ပြတ်ပြတ်သားသားပင် အရှုံးဝန်ခံခဲ့လိုက်သည်။ သူနှင့် ဖန့်ဖူအနေဖြင့် အသေအကြေတိုက်ခိုက်ရန် မလိုအပ်ပါချေ။
ဤတစ်ကြိမ်ပွဲစဉ်တွင် ဖန့်ဖူနှင့် ယှဉ်ပြိုင်ခဲ့ရပါက အရှုံးပေးလိုက်ရန်နှင့် ချန်ကျိုစစ်နှင့် ယှဉ်ပြိုင်ရပါက အစွမ်းကုန်တိုက်ခိုက်ရန် ညွှန်ကြားချက်ရထားပြီးသား ဖြစ်သည်။
ချန်ကျိုစစ်သည် ဒုတိယပွဲစဉ်တွင် ဖန့်ဖူကို စေလွှတ်ရဲလေရာ သူလည်း အရှုံးပေးလိုက်ပါ၏။
အရာအားလုံးမှာ တတိယပွဲစဉ်အပေါ် မူတည်သွားခဲ့လေပြီ။
ဟုတ်ပြီ၊ တတိယပွဲစဉ်ပဲ။
ထိုအခါ ဖုန်းစန်း၏နှုတ်ခမ်းများသည် လှောင်ပြုံးရိပ်အဖြစ် ကွေးတက်သွားခဲ့သည်။
“ဟားဟားဟား… ချန်ကျိုစစ်၊ နောက်ဆုံးတော့ ငါတို့အလှည့်ရောက်ပြီ”
ချန်ကျဲ့သည် ခြေလက်များကို ညင်သာစွာ သွေးပူလေ့ကျင့်ခန်းလုပ်၍ အကြောဖြေလျှော့သည်။
ချန်ကျဲ့သည် ဖုန်းစန်းထံမှ အကြည့်မလွှဲပေ။ သူတို့နှစ်ဦး၏အကြည့်များသည် လေဟာနယ်ထဲတွင် ထိခတ်သွားကြပြီး အဆုံးမဲ့မီးတောက်မီးလျှံများအဖြစ် တောက်လောင်နေပေသည်။ နှစ်ဦးစလုံးမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်လျှံနေခဲ့၏။
သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် တစ်ဦးကိုတစ်ဦး သေခြင်းတရားဆီသို့ မရမက တွန်းပို့မည့်အခြေအနေအထိ ရောက်ရှိနေကြလေပြီ။