← Chapters

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၄

Vol. 20 Ch. 269

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၄

Vol. 20 Ch. 269

“သေရမယ် သေခြင်းတရားပဲ ရလိမ့်မယ်!”

သူတို့နှစ်ဦးကြား၌ ကျေအေးမရနိုင်သည့် အမုန်းတရားများ ရှိပေသည်။

ချန်ကျဲ့သည် ဖုန်းစစ်ကို သတ်ခဲ့သည်။ ဖုန်းစစ်သည် ဖုန်းစန်း၏ညီ‌ဖြစ်သည်။ ညီအစ်ကိုကို သတ်ဖြတ်ခဲ့သည့် အမုန်းတရားမှာ မကျေအေးနိုင်ပေ။ သွေးဖြင့်သာ ပြန်လည်ပေးဆပ်နိုင်လိမ့်မည်။

တစ်ဖက်တွင်လည်း ဖုန်းစန်းသည် ကျားဖြူခန်းမအဖွဲ့သားများစွာကို သတ်ဖြတ်ခဲ့သည်။ ဖုန်းစန်း၏လုပ်ရပ်များသည် အလွန်ရက်စက်ကြမ်းကြုတ်၏။ ချန်ကျဲ့သိကျွမ်းသည့် ရှောင်ပုရှီးကဲ့သို့ ညီငယ်လေးကိုပင် အလွတ်မပေးချေ။ ထိုလူများသည် ချန်ကျဲ့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်၍ ချန်ကျဲ့အနေဖြင့် သူတို့အတွက် တရားမျှတမှုရှာဖွေပေးရန် တာဝန်ရှိပေသည်။

ထို့ကြောင့် ဤပွဲစဉ်သည် သူတို့နှစ်ဦးလုံး မျှော်လင့်ကြီးစွာ စောင့်မျှော်နေသည့် ပွဲစဉ်လည်း ဖြစ်ပေသည်။

…

ထိုအချိန်၌ စွင်းပုအာသည် ပြိုင်ပွဲစင်‌ပေါ်သို့ တက်လာသည်။

“အားလုံးပဲ ဒီနေ့ပြိုင်ပွဲဟာ လက်ရှိမှာ ပွဲစဉ်နှစ်ခုပြီးဆုံးသွားပါပြီ။ သူဖုန်းစားဂိုဏ်းနဲ့ ကျားဖြူခန်းမနှစ်ခုစလုံးက တစ်ပွဲစီ အနိုင်ရရှိထားတာကြောင့် အခုလာမယ့်ပွဲစဉ်က အရမ်းကိုမှ အရေးကြီးတဲ့ အဆုံးအဖြတ်ပေးမယ့်ပွဲစဉ် ဖြစ်ပါလိမ့်မယ်”

“ဒီပွဲစဉ်မှာတော့ သူဖုန်းစားဂိုဏ်းရဲ့ အနာဂတ်သူရဲကောင်း ရွှေဓားဖုန်းစန်းနဲ့ ကျားဖြူခန်းမရဲ့ သခင်၅ ချန်ကျိုစစ်တို့က ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်”

“ပြိုင်ပွဲဝင်နှစ်ယောက်ကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ပါတယ်”

ထိုအခါ ချန်ကျဲ့သည် ဖုန်းစန်းကို ပြုံးပြလိုက်သည်။ တစ်ချိန်တည်းတွင် ဖုန်းစန်းသည်လည်း မျက်လုံးအိမ်တို့မှေးကျဉ်းလျက် ရက်စက်ကြမ်းကြုတ်ဟန်သော အပြုံးဖြင့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။

ထို့နောက်တွင်မှ ချန်ကျဲ့သည် ပြိုင်ပွဲစင်‌ပေါ်သို့ ဖြည်းဖြည်းချင်း တက်သွားခဲ့သည်။

ကျိုးချူကို ဖြတ်လျှောက်သွားစဉ် ကျိုးချူမှ ပြော၏။

“ကျိုစစ်‌ သေချာပေါက် မထိခိုက်ဘဲ ပြန်လာနော်။ ငါမင်းနဲ့ သေရည်သောက်ဖို့ စောင့်နေမယ်”

ချန်ကျဲ့ ပြုံးလိုက်သည်။

ထိုစဉ် ဖန့်ဖူမှလည်း ချန်ကျဲ့ကို ခေါင်းညိတ်ပြီး ပြော၏။

“ကျိုစစ် အနိုင်ယူခဲ့!”.

ချန်ကျဲ့သည် သူ၏အစ်ကိုသုံးယောက်ကို ဖြတ်၍ ဆက်လျှောက်လာခဲ့သည်။ ဖုန်းရွှမ်မှ ချန်ကျဲ့ကိုပြော၏။

“ကျိုစစ် ကျားဖြူခန်းမရဲ့ အနာဂတ်က အခု မင်းလက်ထဲမှာပဲ၊ မင်း ကျိန်းသေပေါက် နိုင်ရမယ်!”

ချန်ကျဲ့မှ ပြန်ပြောသည်။

“စိတ်ချပါ အစ်ကိုကြီး၊ ကျိုစစ် အကောင်းဆုံးကြိုးစားပါ့မယ်”

ကျန်းချွမ်သည်တော့ မျက်နှာသိပ်မကောင်းလှပေ။ ကျန်းချွမ်သည် ချန်ကျဲ့ကို နှစ်ကြိမ်ပြန်ကြည့်ပြီးနောက်မှ ပြောလာခဲ့၏။

“ချန်ကျိုစစ်!”

“ဟင်?”

ချန်ကျဲ့လည်း ကျန်းချွမ်ကို ပြန်ကြည့်လိုက်သည်။

ကျန်းချွမ်မှ ပြော၏။

“ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မကောင်းခဲ့ဘူး၊ ဒါကို မင်းလည်း သတိထားမိမှာပါ။ ကျောင်းရွှမ်က ငါ့ဇနီးရဲ့အစ်ကိုပဲ။ အမှန်အတိုင်းပြောရရင် အဲဒီကိစ္စ‌အတွက် ငါမင်းအပေါ် အမြဲ မကျေမချမ်းဖြစ်နေခဲ့တာ။ အဲဒါကြောင့်ပဲ တခြားညီနောင်တွေက မင်းကို ရင်းရင်းနှီးနှီးဆက်ဆံတဲ့အချိန်မှာ ငါ မဆက်ဆံခဲ့တာ”

“ဒါပေမဲ့ အခု ဒီလိုဖြစ်လာခဲ့ပြီ။ ကျားဖြူခန်းမရဲ့အနာဂတ်က တကယ့်ကိုပဲ မင်းလက်ထဲမှာရှိနေတာ။ ငါလည်း အဲဒီကိစ္စကို အရမ်းကြီး စွဲမထားချင်ဘူး”

“အဲဒါကြောင့် အနိုင်ယူခဲ့ အဟမ်း… မင်း ကျိန်းသေပေါက် နိုင်ရမယ်”

ကျန်းချွမ်သည် ချောင်းဟန့်လျက် အနည်းငယ် ဗလုံးဗထွေးပြောခဲ့သည်။

ချန်ကျဲ့သည် ကျန်းချွမ်ကို လက်သီးယှက်အရိုအသေပြုခဲ့ပြီး ဘာမျှမပြောပေ။

လုရုံ‌ရှေ့မှ ဖြတ်သွားသောအခါ လုရုံမှ ပြောသည်။

“ညီငယ်၄ပြောဖူးတာတော့ မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးတဲ့။ ငါ သူ့ကို မယုံကြည်ခဲ့ဘူး။ အခု ငါ သူပြောခဲ့တဲ့စကားက မမှားယွင်းဖို့ မျှော်လင့်တယ်။ ကျိုစစ် ကောင်းကင်ဘုံက ညီငယ်၄အတွက် မင်း ကျိန်းသေပေါက် နိုင်ရမယ်။ သူမင်းကို စောင့်ကြည့်နေတယ်!”

ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ပြိုင်ပွဲစင်ပေါ်သို့ တက်သွားခဲ့သည်။

ထိုအချိန်၌ စင်အောက်ရှိ လူအုပ်ကြီးထဲတွင် စူးယွင်ကျင်းသည် စိုးရိမ်ပူပန်စွာဖြင့် သူမ၏အဝတ်အနားစကို ဆုပ်ချေနေ၏။

စူးယွင်ကျင်း၏ ထိုအပြုအမူကိုကြည့်၍ တတိယသခင်မလေးဟွားမှ ပြောသည်။

“တော်လောက်ပြီ။ အဝတ်ကို ဆုပ်ချေမနေနဲ့တော့၊ မဟုတ်ရင် ဒီအဝတ်တွေ လွှင့်ပစ်လိုက်ရတော့မယ်”

“ကျွန်မ ကျွန်မ စိတ်လှုပ်ရှားနေလို့ပါ”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ဘာစိတ်လှုပ်ရှားစရာရှိလို့လဲ။ ကျိုစစ် မင်းကို မြင်သွားအောင်လုပ်လိုက်ရင် ရပြီပဲကို”

ထိုသို့ပြောပြီးနောက် တတိယသခင်မလေးဟွားသည် အော်ဟစ်ပြောလိုက်သည်။

“ချန်ကျိုစစ် ဒီကိုကြည့်!”

ချန်ကျဲ့ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ လူအုပ်ကြီးထဲရှိ တတိယသခင်မလေးဟွားတို့သုံးဦးကို မြင်လိုက်ရသည်။ တတိယသခင်မလေးဟွားမှ အော်ပြော၏။

“ကျိုစစ် ယွင်ကျင်းက ငါ့ကို ပြောခိုင်းတယ်။ မြန်မြန်တိုက်၊ မြန်မြန်အဆုံးသတ်ပြီး အိမ်ပြန်လာတဲ့။ အိမ်ပြန်ပြီး အရသာရှိရှိ စားသောက်ကြမယ်တဲ့”

ထိုအခါ ချန်ကျဲ့ နောက်တစ်ကြိမ် ပြန်လှည့်၍ သူ့ကို စိုးရိမ်ပူပန်စွာ ‌ကြည့်နေသည့် စူးယွင်ကျင်းကို ကြည့်လိုက်သည်။

စူးယွင်ကျင်း၏ဘေး၌ ကလေးမလေးသည် လက်တစ်ဖက်တွင် ပေါက်စီတစ်လုံးကိုင်ထားလျက် သူမ၏ ဆီပေကျံနေသော လက်သေးသေးလေးဖြင့် ချန်ကျဲ့ကို လက်ဝှေ့ယမ်းပြနေသည်။

“အစ်ကိုကြီး နိုင်ရမယ်နော်!”

“ဟားဟားဟား… လှလိုက်တဲ့ မိန်းမငယ်လေးပဲ!”

ချန်ကျဲ့မှ စူးယွင်ကျင်းကို လှည့်ကြည့်နေစဉ် သူ၏နောက်မှ စဉ်းလဲသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းအသံမှာ ညအမှောင်ထုရှိ ညဇီးကွက်အလား ကြားရသူကို နေမထိထိုင်မသာ ဖြစ်စေသည်။

ချန်ကျဲ့ ဖုန်းစန်းဘက်သို့ ပြန်လည့်လိုက်သည်။ ဖုန်းစန်းသည် ချန်ကျဲ့အား အေးစက်စွာကြည့်နေခဲ့ကာ စူးယွင်ကျင်းကို လက်ဟန်ပြ‌ပြော၏။

“မင်းရဲ့ဇနီးလေးက အရမ်းလှတာပဲ”

“မကြာခင် မုဆိုးမဖြစ်သွားရမှာတော့ နှမြောစရာပဲ”

“ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ မင်းသေသွားပြီးရင် ငါသူ့ကို သေချာဂရုစိုက်လိုက်ပါ့မယ်။ လောကရဲ့သာယာပျော်ရွှင်မှုက ဘယ်လိုမျိုးလဲဆိုတာကို အပြည့်အဝ ကြုံတွေ့ခံစားရအောင် လုပ်ပေးလိုက််ပါ့မယ်”

ထိုသို့သောစကားတွင် ဖုန်းစန်း၏ မျက်လုံးများမှာ ညစ်ညမ်းရိုင်းစိုင်းသည့် အကြည့်များအဖြစ် ပြောင်းလဲနေခဲ့သည်။

ချန်ကျဲ့၏ မျက်နှာအမူအရာသည် ရုတ်ချည်း အေးစက်သွား၏။ ဖုန်းစန်းဆိုလိုသည့် အဓိပ္ပာယ်ကို သူနားလည်သည်။ ဖုန်းစန်းသည် သူ၏ဇနီးကို ထိပါးလိုနေခြင်းပင်။

သူဒီနေ့ ဒီပြိုင်ပွဲစင်ပေါ်ကနေ အသက်ရှင်လျက် ထွက်မသွားနိုင်စေရဘူး။

ထိုအချိန်၌ အနီးရှိလူများသည် ပြိုင်ပွဲစင်ကို အာရုံစိုက်ကြည့်နေကြသည်။

ပြိုင်ပွဲကွင်းအတွင်း အလောင်းအစားများ ပြုလုပ်ထားပြီးဖြစ်ရာ အားလုံးသည် သူတို့နှစ်ဦးကို အာရုံစိုက်နေကြ၏။

ဖုန်းစန်းနှင့် ချန်ကျိုစစ်၏ ပြိုင်ပွဲရလဒ်သည် အံ့ဩဖို့ကောင်းလောက်အောင် ၅:၁ဖြစ်နေခဲ့သည်။ ချန်ကျိုစစ် အနိုင်ရပါက ၅ဆပေးချေရမည်ဖြစ်ပြီး ဖုန်းစန်း အနိုင်ရပါက တစ်ဆပေးချေရမည် ဖြစ်သည်။

ဤသည်မှာ ပြိုင်ပွဲဝင်နှစ်ယောက်အပေါ် ပွဲကြည့်ပရိသတ်များ၏ အမြင်ကို ဖော်ပြနေပေသည်။

အလွန်နည်းပါးသည့် လူနည်းစုသာလျှင် ချန်ကျဲ့အပေါ် မျှော်လင့်ချက်ထားရှိကြ၏။

ပွဲကြည့်စင်မြင့်ပေါ်ရှိ သိုင်းပညာရှင်ကြီးများသည်လည်း ယှဉ်ပြိုင်တိုက်ခိုက်မည့် ပြိုင်ပွဲဝင်နှစ်ဦးကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ချီမုကောမှ ဖန်းရှစ်ကျုံးကို ပြောသည်။

“ခန်းမအရှင်သခင်ဖန်း ခင်ဗျားရဲ့ ဒီမွေးစားသားရဲ့အင်အားက ဘယ်လိုရှိလဲဗျ”

ထိုအခါ ဖန်းရှစ်ကျုံးမှ ပြုံးလိုက်ပြီး ပြောသည်။

“အဆင်ပြေပါတယ်”

“ဟုတ်လား။ ကျုပ် ဒီကလေးကို အတော်လေး သဘောကျမိသား”

ချီမုကောမှ ပြော၏။

ဖန်းရှစ်ကျုံးသည် ကျေးဇူးတင်ကြောင်း‌ ဖော်ပြသည့်အနေဖြင့် လက်ဟန်ဖြင့် အရိုအသေပြုလိုက်သည်။

မနီးမဝေးထိုင်ခုံ၌ ချောင်ဟုန်ယန်၏ဘေးရှိ အစေခံမလေးသည် ချောင်ဟုန်ယန်ကို လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးနေသည်။ ချောင်ဟုန်ယန်သည်တော့ မလှုပ်မယှက်ပင်။ အစေခံမှ မေး၏။

“သခင်မလေး ဘယ်သူနိုင်မယ်ထင်လဲ။ ချန်ကျိုစစ်လား ဖုန်းစန်းလား”

“ကိစ္စမရှိဘူး”

ချောင်ဟုန်ယန်မှ ပြန်ပြောသည်။

ထိုအခါ အစေခံမှ ပြောသည်။

“‌ဒါပေမဲ့ သခင်မလေးပြောတော့ ‌လိပ်ပြာလေးအတွက် လက်စားချေဖို့ ချန်ကျိုစစ်ကို ဖုန်းစစ်နဲ့ တိုက်ခိုက်စေချင်တယ်ဆို”

ချောင်ဟုန်ယန်သည် အစေခံမလေးကို တစ်ချက်ကြည့်လိုက်ပြီး ပြော၏။

“ငါ လိပ်ပြာလေးအတွက် လက်စားချေချင်တယ်လို့ ဘယ်သူပြောလဲ”

“ဒါဆို သခင်မလေး ဘာလို့ ချန်ကျိုစစ်ကို ဖုန်းစန်းနဲ့ တိုက်ခိုင်းတာလဲ”

အစေခံ‌မှ မေးသည်။ ချောင်ဟုန်ယန် တန့်သွား၏။ သူမ၏ တုန်လှုပ်သွားမှုကို တည်ငြိမ်စေရန် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ပြောသည်။

“ဒီတိုင်း ငါ ဖုန်းစန်းကို ကြည့်မရလို့”

ထိုအခါ အစေခံမှ ပြော၏။

“သခင်မလေး ဖုန်းစန်းကို အရမ်းမုန်းနေတယ်ဆိုရင် ဘာလို့ ကိုယ်တိုင်မသတ်တာလဲ”

ချောင်ဟုန်ယန်သည် ခါးသီးစွာ ပြုံးလိုက်သည်။

“သိုင်းလောက.. သိုင်းလောက,က အဲဒီလောက်မရိုးရှင်းဘူး။ ငါလိုလူမျိုးမှာတောင် စိုးရိမ်ပူပန်မှုတွေရှိနေရင် စိုးရိမ်ပူပန်မှုမရှိဘဲ နေနိုင်တဲ့သူ ဘယ်သူများ ရှိနိုင်ပါ့မလဲ”

အစေခံသည် အပြည့်အဝ နားမလည်ပေ။ ချောင်ဟုန်ယန်လည်း ထပ်မံ ရှင်းမပြချေ။

သူမ၏ကမ္ဘာ‌ကြီးသည် ဤအစေခံမလေး နားလည်နိုင်မည့်အရာ မဟုတ်ပါချေ။

သူမကဲ့သို့ နေရာမျိုးတွင်ရှိနေသည့် လူတစ်ယောက်အတွက် တစ်ခါတလေတွင် ကြိုက်ခြင်း၊ မကြိုက်ခြင်းသည် ‌အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ ရလဒ်၊ ရည်ရွယ်ချက်နှင့် လွှမ်းမိုးမှုအာဏာတို့ ဖြစ်ကြ၏။

All Chapters