← Chapters

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၅

Vol. 20 Ch. 270

ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၅

Vol. 20 Ch. 270

‌သူမအနေဖြင့် ပွင့်ပွင့်လင်းလင်းပြောမရသည့်အရာများ ရှိ၏။

လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ချောင်ဟုန်ယန်သည် ပြိုင်ပွဲစင်သို့ ကြည့်လိုက်သည်။

“မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်!”

ထိုအချိန်၌ လျိုလောင်ကွေ့သည် နန်ပါးထျန်းကို ရယ်မောလျက် စကားပြောနေခဲ့သည်။

“ပါးထျန်း မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့က ဒီတစ်ကြိမ်တော့ တကယ့်ကို ကျဉ်းထဲကျပ်ထဲအခြေအနေကို ရောက်နေတာပဲ။ အဲဒီသူဖုန်းစားဂိုဏ်းရဲ့ ရွှေဓားဖုန်းစန်းက ရွှေဓားအစောင့်အရှောက်ရဲ့တပည့်လို့ ပြောလို့ရတယ်။ ရွှေဓားအစောင့်အရှောက်ရဲ့အင်အားက မင်းနဲ့ငါ နှစ်ယောက်စလုံးထက် သာလွန်နိုင်တယ်နော်”

ထိုစကားများကို နန်ပါးထျန်းသည် ကြားဖြတ်ပြောမနေဘဲ ပြိုင်ပွဲစင်ကိုသာ မျက်မှောင်ကြုတ်လျက် ကြည့်နေပေသည်။

ထို့နောက် စွင်းပုအာမှ ပြောသည်။

“ကောင်းပြီ၊ ပြိုင်ပွဲဝင်နှစ်ယောက် အဆင်သင့်ဖြစ်ကြပြီလား။ မင်းတို့အဆင်သင့်ဖြစ်ပြီဆို ပြိုင်ပွဲစမယ်”

ဖုန်းစန်းနှင့် ချန်ကျဲ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦး၏လက်ထဲတွင် မည်သည့်လက်နက်မျှ မကိုင်ဆောင်ထားပေ။ ပြိုင်ပွဲစည်းမျဉ်းအရ လက်ဗလာဖြင့် တိုက်ခိုက်ရပေမည်။

…

ဖုန်းစန်းသည် ရွှေကျီးတစ်ဖက်သွားဓားသိုင်းကို ကျွမ်းကျင်သူဖြစ်သော်ငြား အလွန်အားကောင်းသည့် လက်ဝါးသိုင်းတစ်မျိုးဖြစ်သော “လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်း”ကိုလည်း တတ်မြောက်၏။

၎င်းသည် ရွှေကျီးမျိုးဆက်များကို လက်ဆင့်ကမ်းပေးသည့် သိုင်းပညာတစ်မျိုးဖြစ်သည်။

ဓားသိုင်းနှင့် လက်ဝါးသိုင်းနှစ်မျိုးစလုံးသည် အရေးကြီး၏။ သို့သော် ဓားသိုင်းသည် ပို၍အင်အားကြီးမားပေသည်။

သို့သော်ငြား စီရင်စုအုပ်ချုပ်ရေးမှူးသည် ကျားဖြူခန်းမကို အလေးပေး‌‌လိုကြောင်း သိသာလှပါ၏။ ထို့ကြောင့် ပြိုင်ပွဲတွင် လက်ဗလာဖြင့်သာ တိုက်ခိုက်စေခဲ့သည်။

ထို့နောက်တွင် ပြိုင်ပွဲဝင်နှစ်ဦးသည် တိုက်ခိုက်ရန် အသင့်အနေအထားပြင်လိုက်ကြသည်။

ဖုန်းစန်းသည် ခြေတစ်လှမ်းရှေ့တိုး၍ မြင်းကိုယ်ဟန်အနေအထား ပြင်ဆင်ထားကာ လက်နှစ်ဖက်သည်တော့ အဖွင့်အပိတ်ဟန်ဖြင့် နေတစ်စင်းနှင့် ဆင်တူသည်– ဤသည်မှာ လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်း၏ ပထမဆုံးသိုင်းကွက်ဖြစ်သည့် နေမင်းအားထွေးပိုက်ခြင်း ကိုယ်နေဟန်ထားဖြစ်သည်။

ဖုန်းစန်း၏ ကိုယ်နေဟန်ထားကိုမြင်သောအခါ အားလုံးသည် စိတ်လှုပ်ရှားတက်ကြွလာကြတော့သည်။

“အဲဒါက လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်းပဲ!”

“လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်းဆိုတာ ဘာလဲ”

တစ်ယောက်မှ မေးခွန်းထုတ်လာသည်။

“လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်းနဲ့ ရွှေကျီးဓားသိုင်းက ရွှေကျီးဂိုဏ်းရဲ့ အထူးသိုင်းကျင့်စဉ်တွေပဲ။ သူဖုန်းစားဂိုဏ်းမှာ ရွှေကျီးဂိုဏ်းက ဆင်းသက်လာတဲ့ ရွှေကျီးအစောင့်အရှောက်ဆိုပြီးရှိတယ်။ သိုင်းလောကမှာ သူဖုန်းစားဂိုဏ်းရဲ့ တတိယမြောက်ဂိုဏ်းချုပ်ဖုန်းက ရွှေကျီးဂိုဏ်းသားဖြစ်ပြီး‌ ရွှေကျီးအစောင့်အရှောက်ရဲ့တပည့်ဆိုတဲ့ ကောလာဟလ‌တွေလည်း ရှိတယ်။ ကျုပ်လည်း အရင်က မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ အခုကြည့်ရတာတော့ အတော်များများ မှန်နေပုံပဲ”

“ဒီပွဲစဉ်မှာတော့ ချန်ကျိုစစ် ရှုံးလိမ့်မှာပဲ!”

ထိုအချိန်၌ ဖုန်းစန်းမှ ရယ်မောလျက် ပြော၏။

“ဓားမရှိရင် ငါမင်းကို မထိခိုက်စေနိုင်ဘူးလို့ ထင်နေသလား။ ငါမင်းကို ပြောလိုက်မယ်၊ ငါ့ရဲ့လက်ဝါးသိုင်းက မင်းခံနိုင်ရည်ရှိမယ့်အရာ မဟုတ်ဘူး”

ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။

“ဟုတ်လား”

ထိုသို့ပြောလျက် ချန်ကျဲ့သည် ခြေတစ်လှမ်းတိုး၍ လက်နှစ်ဖက်ဆန့်ထုတ်ကာ ဖုန်းစန်းအား သိုင်းကွက်ထုတ်ပါရန် ဖိတ်ခေါ်သည့်ဟန် ပြုလုပ်လိုက်သည်။

ထိုအခါ ဖုန်းစန်းသည် အေးစက်စက် လှောင်ရယ်၏။

“မင်းက ငါ့ကို ဘာထင်နေလဲ။ ငါ့ကို ဒီလိုမျိုးအထင်သေးရဲတယ်ပေါ့လေ? မင်း သတိထားဆင်ခြင်လိုက်တော့!”

ထိုသို့ပြောလျက် ဖုန်းစန်းသည် ချန်ကျဲ့သို့ ရုတ်တရက် ဦးတည်တိုက်ခိုက်၏။

ဖုန်းစန်း၏တိုက်ကွက်သည် လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်းမှ အသက်သေစေနိုင်သော သိုင်းကွက်ဖြစ်သည့် ရွှေကျီးမှ နေမင်းကိုကိုက်ဖဲ့ခြင်းသိုင်းကွက် ဖြစ်သည်။

ဖုန်းစန်း၏ လက်ဝါးရိုက်ချက်သည် ချန်ကျဲ့၏ မျက်လုံးများတည့်တည့်သို့ ဦးတည်၏။

ချန်ကျဲ့ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ရေထိန်းချုပ်လက်ဝါးသိုင်းဖြင့် ဖုန်းစန်း၏တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။ သို့ဖြင့် လက်ဝါးရိုက်ချက်နှစ်ခု ထိခတ်သွားပြီး ဝုန်းခနဲအသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

နောက်တဒင်္ဂ၌ သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားကြ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် လူအုပ်ကြီးထဲရှိတစ်ယောက်မှ အံ့အားသင့်စွာပြောလာ၏။

“သံမဏိအရိုးအဆင့်.. ချန်ကျိုစစ်ကလည်း သံမဏိအရိုးအဆင့်ကျင့်ကြံသူပဲ။ သူတို့နှစ်ယောက် အကြိတ်အနယ်တိုက်ခိုက်ရနိုင်ခြေ ရှိသေးတယ်!”

စင်အောက်ရှိ ပွဲကြည့်ပရိသတ်များသည် မတည်ငြိမ်နိုင်ကြတော့ပေ။

“သံမဏိအရိုးအဆင့်! ချန်ကျိုစစ်ကလည်း သံမဏိအရိုးအဆင့်ပဲ!”

ရုတ်တရက် လုအုပ်ကြီးမှာ ပြောဆိုဆွေးနွေးသံများဖြင့် ဆူညံသွားတော့သည်။ ချန်ကျိုစစ်သည်လည်း သံမဏိအရိုးအဆင့်ဖြစ်ရာ ဖုန်းစန်းနှင့် အင်အားညီမျှသည်ဟု ဆိုနိုင်ပေသည်– ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!

ဒါပေမဲ့ အခုတော့ ပြိုင်ပွဲက ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းသွားပြီ။

ချက်ချင်းပင် မရေမတွက်နိုင်လောက်အောင်သော လူများသည် ချန်ကျိုစစ် အနိုင်ရမည့်ဘက်မှ လောင်းကြေးထပ်ရန် လောင်းကစားရုံသို့ အပြေးသွားကြ၏။ သို့သော် လောင်းကစားရုံသည် တုံ့ပြန်မှုမြန်ဆန်ပေသည်။ ချန်ကျိုစစ်နှင့် ဖုန်းစန်း၏ လောင်း‌ေကြးအချိုးကို ၂:၁သို့ ချက်ချင်း ပြောင်းလဲညှိနှိုင်းလိုက်သည်။

ချန်ကျိုစစ်သည်လည်း သံမဏိအရိုးအဆင့်ဖြစ်နေမည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

ဖုန်းစန်းသည် ခြေနှစ်လှမ်းနောက်ဆုတ်သွားပြီးနောက် လက်မောင်းကို လှုပ်ခါနေခဲ့သည်။ မျက်လုံးများတွင်မူ အံ့ဩထိတ်လန့်မှုများ ထင်ဟပ်နေ၏။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ! ဒီကောင်လေးက ဘယ်လိုလုပ်ပြီး သံမဏိအရိုးအဆင့်ဖြစ်နိုင်မှာလဲ!”

လွန်ခဲ့သည့်ရက်က သူရရှိခဲ့သည့် အချက်အလက်များထဲတွင် ဒီကောင်လေး၏ကျင့်ကြံဆင့်သည် အများဆုံးမှ နွဲ့ပျောင်းအရွတ်အဆင့်ဖြစ်နိုင်သည်ဟု သတင်းရထားပြီး ဖြစ်သည်။ သို့သော် ယခုတွင်တော့ လက်ဝါးတစ်ချက်တွင် သူတို့နှစ်ယောက်မှာ အင်အားညီမျှနေပေသည်– ဒါဘယ်လိုဖြစ်နိုင်မှာလဲ!

ဖုန်းစန်း ‌ခေါင်းခါရမ်းလိုက်ပြီး ချန်ကျဲ့ကို ကြည့်လိုက်သည်။

သူ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။ ကျင့်ကြံဆင့်တက်ရန်အတွက် ဆေးသုံးစွဲခဲ့သော် ၎င်းဆေးသုံးစွဲသူသည် အခြေခံအုတ်မြစ် မတည်ငြိမ်ဖြစ်၍ သံမဏိအရိုးအဆင့်၏အင်အားကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ချန်ကျိုစစ်၏အင်အားသည် တည်ငြိမ်ခိုင်မာ၏။ ထို့ပြင် သံမဏိအရိုးအဆင့်သို့ တက်လှမ်းရန်အတွက် ဆေးသုံးစွဲခဲ့လျှင်သော်မှ သံမဏိအရိုးအဆင့်အတွင်း၌ပင် ကွဲပြားခြားနားမှုများ တည်ရှိသည်။

ငါက ၁၀နှစ်ကျင့်ကြံထားတဲ့သူပဲ။ အဲဒီချန်ကျိုစစ်က ဆယ်နှစ်တာကွာဟချက်ကို ဘယ်လိုဖြည့်ဆည်းမှာလဲ။

ချန်ကျဲ့မှာ အမှန်တကယ်ပင် ဆေးသုံးစွဲ၍ အဆင့်တက်လှမ်းခဲ့ခြင်းဖြစ်ကြောင်းကိုမူ ဖုန်းစန်း မသိနိုင်ပါချေ။

ဆေးသုံးစွဲ၍ အဆင့်တက်လှမ်းသူများတွင် အခြေခံအုတ်မြစ် မတည်ငြိမ်ဖြစ်လေ့ရှိ၏။ သို့သော် ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ဖြင့် ဆေး၏အာနိသင်ကို ထိန်းချုပ်အသုံးချခဲ့သည်။

ယန်ချွမ်ကျင့်စဉ်သည် တစ်ချိန်က လောကထိပ်တန်းအဆင့်ဖြစ်ခဲ့သော ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၏ ပထမဆုံးကျင့်စဉ်ဖြစ်ရာ အလိုအလျောက်ပင် ထူးခြားသည့်ကဏ္ဍများ တည်ရှိပေသည်။ ယန်ချွမ်ကျင့်စဉ်၏ ထူးခြားသည့်အချက်မှာ ၎င်း၏တည်ငြိမ်အောင် ထိန်းညှိနိုင်ခြင်းနှင့် အင်အားဖြည့်ဆည်းနိုင်ခြင်းတို့ဖြစ်သည်။ သို့ဖြစ်ရာ ယန်ချွမ်ကျင့်စဉ်ဖြင့် ဆေး၏အာနိသင်ကို ထိန်းချုပ်အသုံးချခြင်းသည် ‌ဘေးထွက်ဆိုးကျိုးများကို ဖိနှိပ်နိုင်ပေသည်။

အခြေခံအုတ်မြစ်ကို တည်ငြိမ်ခိုင်မာစေရန် ထိန်းညှိပေးနိုင်သည်ဖြစ်ရာ ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိသည့် ‌အခြေခံအုတ်မြစ် မတည်ငြိမ်ခြင်းကဲ့သို့ ပြဿနာများလည်း မဖြစ်ပေါ်နိုင်တော့ပေ။

ဖုန်းစန်းသည် မျက်လုံးအိမ်တို့ အနည်းငယ်မှေးကျုံ့လျက် စိတ်အခြေအနေကို အမြန်ထိန်းညှိနေသည်။ ချန်ကျဲ့၏အင်အားသည် သူမျှော်လင့်ထားသည်ထက် သာလွန်နေသော်ငြား သူသည် ရွှေဓားအစောင့်အရှောက်၏တပည့်ဖြစ်ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာ လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်းကို ကျင့်ကြံထားသူဖြစ်သည်။

ငါလိုလူက ဘယ်လိုလုပ်ပြီး ဘာမဟုတ်တဲ့ ချန်ကျိုစစ်လက်ထဲမှာ ရှုံးနိမ့်နိုင်မှာလဲ!

ထိုသို့အတွေးဖြင့် ဖုန်းစန်းသည် လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်းတစ်ကွက်ကို ထုတ်သုံး၍ ‌တစ်ဟုန်ထိုး ထပ်မံဦးတည်တိုက်ခိုက်ပြန်သည်– နေမင်းထိုးဖောက် နှစ်ဆင့်လက်သီး!

ဖုန်းစန်းသည် ချန်ကျဲ့ဆီသို့ တစ်ဟုန်ထိုး ဦးတည်တိုက်ခိုက်လာသည်။ ထိုအခါ ချန်ကျဲ့၏မျက်နှာထက်တွင် စဉ်းလဲသည့်အပြုံးတစ်စ ထွက်ပေါ်လာခဲ့၏။

သူ အလျင်လိုနေပြီပဲ။

ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းဖြင့် ခုခံလိုက်သည်။ သူ၏ ခုခံသိုင်းကွက်သည် အကျိုးသက်ရောက်မှု အားကောင်းလှသည်မှာ ရေလွှာခန်းစီးတစ်စအလား လွင့်မျောလျက် ဖုန်းစန်း၏တိုက်ခိုက်မှုကို ဟန့်တားလိုက်လေသည်။

ရေထိန်းချုပ်လက်ဝါးသိုင်းသည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာ ဖြစ်သည်။ ထို့ကြောင့် လေလွင့်ခန္ဓာရွှေကျီးလက်ဝါးသိုင်းနှင့် ထိပ်တိုက်ထိခတ်သောအခါ ညီတူညီမျှယှက်နွယ်နေပေသည်။

အင်အားညီမျှနေသည့် တိုက်ခိုက်မှုနှစ်ကြိမ်ကို မြင်လိုက်ရသည်တွင် ချီမုကောမှ ရယ်မော၏။

“ခန်းမအရှင်သခင်ဖန်းရဲ့ ကျားဖြူခန်းမက တကယ့်ကို ပါရမီရှင်တွေ အလျှံပယ်ရှိနေတာပဲဗျာ။ ဒီချန်ကျိုစစ်ကလည်း အရမ်းကိုမှ အရည်အချင်းရှိတယ်။ တော်တယ် တော်တယ်!”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“တပ်မှူးက မြှောက်ပင့်လွန်းနေပါပြီ”

ထိုစဉ် လျိုလောင်ကွေ့သည် နားကိုပွတ်သပ်လျက် ပြော၏။

“လောင်ဖန်း မင်း ဆေးလုံးတွေ အတော်များများသုံးခဲ့တယ်မလား”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“ဟားဟား ဘာမှမဟုတ်ပါဘူး အဆင်ပြေပါတယ်”

နန်ပါးထျန်းမှ ပြောလာ၏။

“အစ်ကိုက အရမ်းရက်ရောတာပဲဗျာ”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“တခြားနည်းလမ်းမှ မရှိပဲလေ။ ကျားဖြူခန်းမ ရှုံးသွားခဲ့ရင် အဆုံးသတ်ပြီပဲ။ ကျားဖြူခန်းမ မရှိတော့ရင် အရာအားလုံးလည်း အဆုံးသတ်သွားမယ်လေ”

All Chapters