ဖုန်းစန်း : ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ_၆
Vol. 20 Ch. 271
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“အစ်ကိုပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အခု သူတို့နှစ်ယောက်ကိုကြည့်ရတာ အင်အားညီမျှနေပုံပဲ။ အချိန်တိုအတွင်း အနိုင်အရှုံးကွဲပြားဖို့တော့ ခက်ခဲမယ်ထင်တယ်”
လျိုလောင်ကွေ့မှ ပြောသည်။
“တကယ့်ကိုပဲ အနိုင်ရသူကိုဆုံးဖြတ်ဖို့ အချိန်ယူရလိမ့်မယ်”
အခြားတစ်ဖက်ရှိ ကျန်းလီယဲ့၊ ချောင်ဟုန်ယန်နှင့် အခြားသော စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးများသည် ပြိုင်ပွဲဝင်နှစ်ဦးမှာ အင်အားညီမျှသည်ဟု တွေးထင်နေကြသည်။ အနိုင်အရှုံးဆုံးဖြတ်ရန်အတွက် အချိန်ယူရလိမ့်မည်ဟုလည်း ယုံကြည်နေကြသည်။
ထို့နောက်တွင်မူ လူအုပ်ကြီးမှာ ရုတ်တရက် အံ့အားသင့်စွာ ပင့်သက်ရှိုက်မိကြလေသည်။
ဝါး!
လူအုပ်ကြီးသည် ချန်ကျဲ့၏တိုက်ခိုက်မှုကို ခုခံရင်း ရုတ်တရက် နောက်ပြန်ပျံထွက်သွားကာ ပါးစပ်မှလည်း သွေးများပန်းထွက်သွားရသည့် ဖုန်းစန်းကို မြင်တွေ့လိုက်ရ၏။ ထို့နောက်တွင်မှ ဖုန်းစန်းသည် မြေပြင်ပေါ်သို့ အားပြင်းပြင်း ပြန်ပြုတ်ကျသည်။
…
ထိုမြင်ကွင်းတွင် နေရာရှိလူအားလုံးမှာ မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြ၏။
ဘာဖြစ်တာလဲ!
ထိုစဉ် မြေပြင်၌လဲကျနေသည့် ဖုန်းစန်းသည် ချန်ကျဲ့ကို တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးလျက် ပြော၏။
“မင်း မင်း အား–”
သွေးများ နောက်ထပ်စီးကျလာပြန်သည်။
ထိုအခါ သူဖုန်းစားအိုကြီးသည် စားပွဲကို ကျိုးပဲ့သွားသည်အထိ လက်ဝါးဖြင့်ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့် အော်ပြော၏။
“သံမဏိလက်ဝါးသိုင်းပဲ! ဖန်းရှစ်ကျုံး မင်းတကယ်ကြီး သူ့ကို သံမဏိလက်ဝါးသိုင်းကို အမွေဆက်ခံခွင့်ပေးလိုက်တာပဲ!”
ထိုစကားတွင် အားလုံးသည် ဖန်းရှစ်ကျုံးကို အံ့အားသင့်စွာဖြင့် ကြည့်လာကြသည်။
သံမဏိလက်ဝါးသိုင်းကတော့ သံမဏိလက်ဝါးသိုင်းပါပဲ!
အားလုံးသည် ဤသည်မှာ ဖန်းရှစ်ကျုံး၏အမှတ်သင်္ကေတဖြစ်သည့် သိုင်းပညာဖြစ်ကြောင်း သိထားကြပြီးဖြစ်သည်။ သံမဏိလက်ဝါးသိုင်းကို လက်ဆင့်ကမ်းသင်ကြားပေးလိုက်ခြင်းသည် ချန်ကျဲ့အား ဖန်းရှစ်ကျုံး၏ အမွေဆက်ခံသူအဖြစ် သတ်မှတ်လိုက်သည်ဟု အဓိပ္ပာယ်သက်ရောက်ပေသည်။ ၎င်းမှာ ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့ထက်ပင် ပို၍မြင့်မားသည့် အဆင့်အတန်းဖြစ်ပေသည်။
ဖန်းရှစ်ကျုံးသည် ဖုန်းရွှမ်နှင့် ကျန်းချွန်တို့ကို အသက်၇နှစ်၊ ၈နှစ်ခန့်အရွယ်ကတည်းက ပျိုးထောင်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် အားလုံးသည် ဖန်းရှစ်ကျုံး၏ဆက်ခံသူမှာ ထိုနှစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော်ငြား ယခုတွင်တော့ ရက်အနည်းငယ်လေးအတွင်း၌ ချန်ကျိုစစ် ထွက်ပေါ်လာပေသည်။
ထိုမြင်ကွင်းတွင် ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့နှစ်ဦး၏ မျက်နှာအမူအရာများသည်လည်း မသက်မသာဖြစ်သွားတော့၏။
ဖုန်းရွှမ်မှ ပြောသည်။
“သံမဏိလက်ဝါးသိုင်းပဲ!”
ကျန်းချွမ်မှ ပြောသည်။
“မွေးစားအဖေက တကယ်ကြီး သူ့ကို သံမဏိလက်ဝါးသိုင်းကို အမွေပေးလိုက်တာပဲ။ အဲဒီတော့ ကျွန်တော်တို့က ဘာဖြစ်သွားမလဲ”
ဖုန်းရွှမ်မှ ပြောသည်။
“မွေးစားအဖေမှာလည်း အခက်အခဲရှိလို့ ဖြစ်မှာပါ။ ခြုံငုံကြည့်လိုက်ရင် အခု ကျားဖြူခန်းမက သေရေးရှင်ရေးအခြေအနေနဲ့ ကြုံတွေ့နေရတာ မဟုတ်လား”
ကျန်းချွမ်သည် ဖုန်းရွှမ်ကို ကြည့်လိုက်သည်။ ထို့နောက်မှ ပြောသည်။
“မွေးစားအဖေက ဘယ်တော့မှ အမှားမလုပ်ဘူး။ ညီငယ်၅အနေနဲ့ ဒီအခွင့်အရေးကို ရရှိသွားတဲ့အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်”
ဖုန်းရွှမ်မှ ပြောသည်။
“ငါလည်း ညီငယ်၅အတွက် ဝမ်းသာမိပါတယ်”
နှစ်ဦးသည် ဝမ်းသာပါကြောင်း ပြောနေကြသည့်တိုင် သူတို့၏မျက်နှာထက်တွင်တော့ ဝမ်းသာသည့်အမူအရာ စိုးစဉ်းမျှ မရှိပါချေ။
ထိုအချိန်၌ စင်အောက်ရှိပွဲကြည့်ပရိသတ်များသည်လည်း ဆူညံပွက်လောရိုက်ကုန်တော့သည်။
“ဒါ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒီချန်ကျိုစစ်က အရမ်းမရိုးဖြောင့်လွန်းတာပဲ။ ခုခံတဲ့သိုင်းကွက်ထဲမှာ ယန်စွမ်းအင်နဲ့ သန်မာမှုအားကောင်းတဲ့ သံမဏိလက်ဝါးသိုင်းကို ဖုံးကွယ်ထားတယ်။ ဖုန်းစန်းက အဲဒါကို သတိမထားမိဘဲ ဒဏ်ရာအပြင်းအထန်ရသွားတာပဲ!”
“ဒါပေမဲ့ ချန်ကျိုစစ် သိုင်းကွက်သုံးတဲ့ အချိန်ကိုက်က အပြစ်အနာအဆာကို မရှိဘူးနော်။ သူ အလစ်တိုက်မယ်လို့ ကြိုသိထားရင်တောင်မှ မဟန့်တားနိုင်လောက်ဘူးလို့ ခံစားရတယ်”
“ချန်ကျိုစစ်က တကယ့်ကို နတ်ဆိုးမိစ္ဆာတစ်ကောင်ပဲ”
“ဒီပွဲမှာ ချန်ကျိုစစ် နိုင်တော့မှာပဲ!”
ထိုအခိုက်အတန့်၌ အလောင်းအစားသည် လုံးဝ ပြောင်းလဲသွားခဲ့တော့သည်။ ချန်ကျဲ့နှင့် ဖုန်းစန်း၏ အနိုင်ရရှိနှုန်းအချိုးမှာ ၁:၂သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်၌ အားလုံးသည် ပြိုင်ပွဲစင်ပေါ်ရှိ ချန်ကျဲ့ကို ကြည့်နေကြသည်။
ဖုန်းစန်းသည် ချောင်းဆိုးလျက် ပြိုင်ပွဲစင်၏ကြမ်းပြင်ထက်တွင် ခြေပစ်လက်ပစ် လဲကျနေကာ မလှုပ်ရှားနိုင်တော့သည့်အလား ထင်မှတ်ရပေသည်။ ထိုစဉ် ချန်ကျဲ့သည် ဖုန်းစန်းအနီးသို့ ချဉ်းကပ်သွား၏။ မြက်ရှင်းသည့်အခါ အမြစ်ကိုပါ မနှုတ်ယူပါက နွေဦးလေပြေသည် ၎င်းမြက်ကို အသက်ပြန်သွင်းပေးနိုင်လိမ့်မည်။
သူ လူသတ်တော့မည်ဖြစ်၏။
ထိုအခါ ဖုန်းစန်းသည် သူ့ထံ ချဉ်းကပ်လာနေသည့် ချန်ကျဲ့ကို အကြည့်မလွှဲတမ်းကြည့်လျက် ရင်ဘတ်ထဲမှ ဆေးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
ဤသည်မှာ သူ၏ဆရာဖြစ်သူ ပေးထားသည့် ရွှေကျီးဆေးလုံးဖြစ်သည်။ ၎င်းဆေးလုံးကို သောက်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် ဒဏ်ရာများကို လျစ်လျူရှုကာ မိမိ၏တိုက်ခိုက်မှုစွမ်းရည်ကို အမြင့်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိစေနိုင်သည်။
ဖုန်းစန်းသည် ဆေးလုံးကို တိတ်တဆိတ်သောက်သုံးပြီးနောက် ဆက်လက်ချောင်းဆိုးကာ ဆက်လက်၍ အပြင်းအထန် နာကျင်ဟန်ဆောင်နေလိုက်သည်။
သို့သော် သူ၏မျက်လုံးများသည် လူအုပ်ဘက်သို့ အကြည့်လွှဲသွား၏။ စင်အောက်ရှိ သူဖုန်းစားဂိုဏ်းသားများသည် ဖုန်းစန်း၏အကြည့်ကို ရိပ်ဖမ်းမိ၍ နားလည်လိုက်ကြသည်။
ချန်ကျဲ့သည် ဖုန်းစန်းအနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားနေသည်။ လက်ကိုမြှောက်လျက် သံမဏိလက်ဝါးသိုင်းဖြင့် တိုက်ခိုက်ရန် အသင့်ပြင်ထား၏။ ဤတစ်ကြိမ်တွင် သူ၏လက်ဝါးရိုက်ချက်သည် ဖုန်းစန်း၏ဦးခေါင်းကို ထိမှန်သွားခဲ့ပါက ဖုန်းစန်း၏ဦးခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။
ချန်ကျဲ့ အနီးသို့ တိုးကပ်သွားခဲ့သည်။
ချန်ကျဲ့မှ ဖုန်းစန်းရှေ့တည့်တည့်သို့ မရောက်ရှိမီ၌ ဖုန်းစန်းသည် ရွှေရောင်တောက်ပသော မျက်နှာဖြင့် ချန်ကျဲ့ကို မော့ကြည့်လာသည်။ သူ၏မျက်လုံးအစုံသည်လည်း ရွှေရောင်တောက်ပနေကာ ချန်ကျဲ့ကို ပြော၏။
“မင်း ငါ့အသက်ကို ချမ်းသာပေးနိုင်မလား”
“မလုပ်နိုင်ဘူး!”
ချန်ကျဲ့မှ ပြန်ပြောသည်။
ဖုန်းစန်းသည် ရုတ်တရက် ပြုံးလိုက်၏။
“ငါမင်းကို တောင်းပန်ရင်ရော?”
“အဲဒါဆိုလည်း သေချာပေါက် မရနိုင်ဘူးပဲ!”
ထိုအခါ ဖုန်းစန်းမှ ပြောသည်။
“မင်းက တကယ် အကြင်နာမဲ့ပြီး ရက်စက်တာပဲ!”
ချန်ကျဲ့မှ ပြောသည်။
“သိုင်းလောကမှာ တစ်ဦးတည်း သီးသန့်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့။ သွားသေလိုက်တော့!”
ထိုသို့ပြောလျက် ချန်ကျဲ့သည် ဖုန်းစန်းကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
ထိုအခါ ဖုန်းစန်းမှ လှောင်ရယ်၏။
“ဟားဟားဟား ကံဆိုးစွာနဲ့ မင်းက ငါ့ကိုသတ်ဖို့ မထိုက်တန်ဘူး!”
“ဓား!”
ဝှစ်!
ချက်ချင်းပင် စင်အောက်ရှိ လူတစ်ယောက်မှ ဖုန်းစန်းကို သူ၏ရွှေဓားကို ပစ်ပေးလိုက်၏။ ဖုန်းစန်းသည် ချန်ကျဲ့ကို ဓားဖြင့် ချက်ချင်းခုတ်ပိုင်းလိုက်သည်။
ချန်ကျဲ့ ထိတ်လန့်သွားပြီး အမြန် နောက်ဆုတ်ရှောင်လိုက်၏။
ပြတ်ရှသံတစ်ခုနှင့်အတူ ချန်ကျဲ့၏ဘယ်ဘက်ပခုံး၌ ဟက်တက်ကွဲဒဏ်ရာတစ်ခု ဖြစ်တည်သွားတော့သည်။ သွေးများ ချက်ချင်း စီးကျလာသည်။
“အား!”
ထိုမြင်ကွင်းတွင် စူးယွင်ကျင်းမှာ ကြောက်ရွံ့မှုကြောင့် မေ့လဲလုမတတ်ဖြစ်သွားရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်မိ၏။
ထိုအခါ စင်အောက်ရှိပွဲကြည့်ပရိသတ်များသည် စတင်၍ ကျယ်လောင်စွာ ဆဲဆိုကြတော့သည်။
“စက်ဆုပ်ဖို့ကောင်းလိုက်တာ၊ ဒါ ကလိမ်ကကျစ်ကျတာပဲ၊ အရှက်မဲ့လိုက်တာ!”
“အောက်တန်းစားကောင် အရှက်မဲ့လိုက်တာ!”
…
အော်ဟစ်ဆဲဆိုသံများမှာ အဆုံးမရှိချေ။ သို့သော် ဖုန်းစန်းသည် ဂရုစိုက်နေပါမည်လော။ သူ ဂရုမစိုက်ပေ။
အဲဒီသောက်ကျိုးနည်းဂုဏ်သိက္ခာက ဘာမို့လို့လဲ။ အောင်နိုင်သူက ဘုရင်ဆိုတာကိုပဲ ငါသိတယ်။ ချန်ကျိုစစ် သွားသေလိုက်တော့!
သို့ဖြင့် သူ၏လက်ထဲရှိ ရွှေဓားဖြင့် ချန်ကျဲ့သို့ ဦးတည်ခုတ်ပိုင်းလေသည်။
ထိုအချိန်၌ ချန်ကျဲ့သည် ဘယ်ဘက်ပခုံး ဒဏ်ရာရထားသောကြောင့် သတိတကြီးထား၍ အဆက်မပြတ် နောက်ဆုတ်ရှောင်တိမ်းရန်သာ တတ်နိုင်၏။ သွေးများသည် သူ၏အဝတ်များကိုပင် အနီရောင်ပြောင်းလဲသွားစေခဲ့လေပြီ။
ထိုအခါ ပွဲကြည့်စင်ပေါ်ရှိ ဖန်းရှစ်ကျုံးမှ ဒေါသတကြီးဖြင့် ပြော၏။
“ခင်ဗျားတို့ ဘယ်လိုတောင် ညစ်ရဲတာလဲ!”
သူဖုန်းစားအိုကြီးသည် ဖန်းရှစ်ကျုံးကို ကြည့်လာပြီး ပြောသည်။
“ကျုပ်တို့သူဖုန်းစားဂိုဏ်းရဲ့ ရွှေဓားဖုန်းစန်းက ဓားသိုင်းကျွမ်းကျင်တဲ့သူပဲ။ အဲဒါကို ခင်ဗျားတို့က သူ့ကို လက်ဗလာနဲ့ တိုက်ခိုက်စေခဲ့တယ်။ ဒီပြိုင်ပွဲက အစကတည်းက တရားမျှတမှု ရှိမနေတာပဲ။ ကျုပ်တို့က ဘာများ ညစ်မိလို့လဲ”
“မင်း!”
ဖန်းရှစ်ကျုံးမှာ ဒေါသထွက်နေသည့်တိုင် အခြားသိုင်းပညာရှင်ကြီးများမှ ဘာမျှပြောမလာသောကြောင့် အင်အားမဲ့နေခဲ့သည်။ ထို့ပြင် သူကိုယ်တိုင်သည်လည်း ဒဏ်ရာရထားရာ သူဖုန်းစားအိုကြီး၏ပြိုင်ဘက် ဟုတ်မနေပေ။
ထိုအချိန်၌ ပြိုင်ပွဲမှာ လုံးဝ အထိန်းအကွပ်မဲ့နေခဲ့လေပြီ။ စင်အောက်မှ ထိုမြင်ကွင်းကို ကြည့်နေသည့် ကျိုးချူသည် ချန်ကျဲ့၏လှံရှည်ကို ရုတ်ချည်း သတိထားမ$သွား၏။
“ချန်ကျဲ့ ဖမ်းလိုက်!”
ချန်ကျဲ့မှာ အဆက်မပြတ် ရှောင်တမ်းနေရပြီး ဖုန်းစန်း၏ အလစ်တိုက်ခိုက်မှုကြောင့် အလွန်တရာ ဒေါသထွက်နေခဲ့သည်။ ထိုစဉ် သူ့ထံ ဦးတည်လာသည့် လှံရှည်ကိုမြင်သောအခါ ချက်ချင်း ခုန်ဖမ်းလိုက်သည်။
လှံရှည်ကို ဖမ်းယူပြီးသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့သည် ချက်ချင်း သိုင်းကွက်ထုတ်လိုက်သည်။
“အတိဒုက္ခဆယ့်သုံးပါးလှံ!”
ပထမသိုင်းကွက်!
[အရိုးထိတိုင်သော လိုအင်ဆန္ဒ!]
ချွင်!
ချန်ကျဲ့၏လှံထိပ်ဖျားသည် ဖုန်းစန်း၏ဓားသို့ တည့်တည့်ထိခတ်သည်။ အရိုးထိတိုင်သော အင်အားသည် ဖုန်းစန်း၏ မူလက ဒဏ်ရာရထားပြီးသော ဝမ်းဗိုက်ကို နောက်တစ်ကြိမ် ထိခိုက်သွားစေခဲ့၏။
ဒုတိယသိုင်းကွက်!
[မြစ်ရေပြင်ထက်က နေဝင်ချိန်၊ အထီးကျန်မှု အငွေ့အသက်တွေဟာ တန်းတန်းမတ်မတ် အထက်ကိုပျံတက်သွားတယ်၊ မိုင်ထောင်ချီပျံသန်းတဲ့ ငန်းတွေဟာ မိတ်ဆွေဟောင်းကို အမှတ်ရလေတယ် – ခွဲခွာခြင်း!]
ချွင်!
ဒုတိယသိုင်းကွက်သည် ဖုန်းစန်း၏ အတွင်းအားများကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေခဲ့ရာ ဖုန်းစန်းမှာ အလိုအလျောက် တောင့်ခဲသွားရလေသည်။
ထိုအခါ ချန်ကျဲ့သည် လှံရှည်ကို အားဖြင့်ဆုပ်ကိုင်လိုက်သည်။
တတိယသိုင်းကွက်!
[အိပ်မက်တွေဟာ အရုဏ်တက်၅ချက်မျာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ် – လေလွင့်ဝိဉာဉ်!]
ဝှစ် ဝှစ် ဝှစ်…
လှံရှည်သည် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ် မှော်ဆန်စွာ ခွဲဖြာပေါ်ထွက်လာခဲ့သည်။ ထိုအခိုက်အတန့်၌ ဖုန်းစန်းမှာ လုံးဝ ချောင်ပိတ်နေခဲ့လေပြီ။ သူ၏မျက်လုံးရှေ့တွင် မြူခိုးထုကြီး ပိတ်ကာနေသည့်အလား ချန်ကျဲ့၏လှုပ်ရှားမှုများကို မှေးမှိန်စွာသာ မြင်ရလေသည်။
ဝှစ်!
သို့သော် သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ချိန်တွင်မူ လှံရှည်သည် မြူခိုးထုကို ဖောက်ထွင်းဖြတ်ကျော်လာခဲ့ပြီဖြစ်၏။
ထို့နောက် သူ၏လည်မျိုသို့ အကြင်နာကင်းမဲ့စွာ ထိုးဖောက်သွားခဲ့သည်။
ပြိုင်ပွဲကွင်းတစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်မှုကြီးစိုးသွားလေသည်။ ပွဲကြည့်နေသူအားလုံးမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြကာ သူတို့မျက်လုံးရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်လျက် မျက်လုံးအပြူးသား ဖြစ်နေကြတော့သည်။