← Chapters

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၄

Vol. 20 Ch. 275

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၄

Vol. 20 Ch. 275

ဟမ်?

စူးယွင်ကျင်း၏တုံ့ပြန်မှုသည် ချောင်ဟုန်ယန် မျှော်လင့်ထားသည်နှင့် ကွာခြားနေခဲ့၏။

“ဟားဟား ဂုဏ်သတင်းတဲ့လား။ ငါ့လို ပြည့်တန်ဆာအိမ်က အမျိုးသမီးတစ်ယောက်မှာ ဘယ်လိုဂုဏ်သတင်းများ ရှိနိုင်မှာတဲ့လဲ။ ငါ့ကို ညစ်နွမ်းစေပါတယ်လို့ပြောဖို့က ထိုက်တန်လို့လား”

ချောင်ဟုန်ယန်မှ ပြောသည်။

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“မဖြစ်မနေအခြေအနေကြောင့်သာ မဟုတ်ခဲ့ရင် ဘယ်သူက ပြည့်တန်ဆာအိမ်ကို ဝင်ချင်ပါ့မလဲ။ ပြီးတော့ ယီးဟုန်ဂေဟာက တဏှာရာဂနဲ့ မဖျော်ဖြေသလို အမျိုးသမီးတွေကို ဧည့်သည်လက်ခံဖို့ ဖိအားပေးစေခိုင်းမှု မရှိဘူးလို့ ကျွန်မ ကြားဖူးပါတယ်။ ဒီလိုအရာမျိုးကို လုပ်ဆောင်နိုင်ဖို့ဆိုတာ အတော်လေး ခက်ခဲမှာပါ။ ဒီလိုခေတ်အခါမျိုးမှာ အဲဒီလိုစောင့်ထိန်းနိုင်တာကိုက ဂုဏ်သတင်းကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိတယ်လို့ သတ်မှတ်နိုင်နေပါပြီ”

ချောင်ဟုန်ယန်သည် စူးယွင်ကျင်းအား အလွန်တည်ကြည်လေးနက်စွာ ကြည့်နေခဲ့ပြီး ပြော၏။

“မင်း ငါ့ကို လိမ်ညာပြောဆိုနေတာမှန်း သိနေပေမဲ့ မင်းရဲ့စကားတွေက တကယ့်ကို နားဝင်ချိုတယ်”

…

“ဒါပေမဲ့ ခုနက အဲဒီစိတ်လွတ်နေတဲ့အမျိုးသမီးပြောတာ မှန်တယ်။ မင်းအနေနဲ့ ကိုယ့်အမျိုးသားကို သေချာစောင့်ကြည့်သင့်တယ်။ သူ့ကို အဝေးကြီး‌ မျောလွင့်မသွားစေနဲ့။ ပြီးတော့ သူ့အပေါ်ကို အရမ်းလည်း ကောင်းမပေးနဲ့။ အချိန်ကြာသွားရင် သူက အဲဒါကို ကျိန်းသေပေါက် ဖြစ်သင့်တဲ့အရာတွေလို့ မှတ်ယူသွားလိမ့်မယ်”

ချောင်ဟုန်ယန်သည် စူးယွင်ကျင်းကို အကြံပြုလိုက်သည်။

ကနဦး၌ တတိယသခင်မလေးဟွားသည် ချောင်ဟုန်ယန်မှ သူမကို စိတ်လွတ်နေတဲ့အမျိုးသမီးဟု ခေါ်လိုက်ချိန်တွင် ဒေါသပေါက်ကွဲရန် အသင့်ဖြစ်နေပြီးဖြစ်၏။ သို့သော် နောက်ပိုင်းစကားများကို နားထောင်ပြီးနောက်တွင်မူ မတတ်သာဘဲ ရပ်တန့်လိုက်ရလေသည်။

ကြည့်ရတာ ဒီအမျိုးသမီးမှာ ယုတ်မာတဲ့ရည်ရွယ်ချက် မရှိတဲ့ပုံပဲ။

စူးယွင်ကျင်းသည် ချောင်ဟုန်ယန်၏ အကြံပြုချက်ကို နူးညံ့သိမ်မွေ့သည့်အပြုံးဖြင့် ပြန်တုံ့ပြန်ခဲ့သည်။

“မိန်းကလေးဟုန်ယန်ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ခင်ပွန်းက ကျွန်မအပေါ် စိတ်ရင်းအမှန်နဲ့ ဆက်ဆံပြီး ကျွန်မလည်း အတူတူပါပဲ။ တစ်ယောက်က ‌တစ်ယောက်အပေါ် ကောင်းပေးရတာနဲ့ပတ်သက်ပြီး မေးခွန်းမထုတ်ကြပါဘူး”

ထိုအခါ‌ ချောင်ဟုန်ယန်သည် စူးယွင်ကျင်းကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး ပြောသည်။

“မင်းက တကယ် မိုက်မဲတဲ့မိန်းကလေးပဲ”

ထို့နောက် ချောင်ဟုန်ယန်သည် နေရာမှထွက်ခွာရန် တစ်ဖက်သို့ လှည့်သွားတော့သည်။

သို့သော် ချောင်ဟုန်ယန်သည် ချန်ကျဲ့ကို လက်ညှိုးကွေးပြ၍ ခေါ်လိုက်၏။

“ကျိုစစ် ဒီကိုလာခဲ့”

ချန်ကျဲ့ အလိုအလျောက် ခြေတစ်လှမ်းနောက်ဆုတ်မိလိုက်သည်။ ဤအမျိုးသမီးသည် အန္တရာယ်များသည်ဟု သူခံစားနေရ၏။

ချောင်ဟုန်ယန်မှ ထပ်ပြော၏။

“ဒီကိုလာစမ်းပါ၊ ငါမင်းကို ကိုက်မစားပါဘူး”

ချန်ကျဲ့ ဖုန်းရွှမ်၊ ကျန်းချွမ်နှင့် လုရုံတို့ကို လှမ်းကြည့်လိုက်သည်— ‌ကျားဖြူခန်းမ၏ အရေးပါအရာရောက်သော မွေးစားသားသုံးဦးစလုံးသည် ၎င်းအမျိုးသမီးနှစ်ဦးကြောင့် ကြောက်ရွံ့ထိတ်လန့်လျက် ကျောက်အဖြစ်သို့ ပြောင်းလဲကုန်ကြလေသည်။

ဟုတ်ပါသည်။ ခုနက ချောင်ဟုန်ယန်နှင့် တတိယသခင်မလေးဟွားတို့၏ လက်ဝါးသိုင်းကွက်များ ထိခတ်သည့်မြင်ကွင်းတွင် သူတို့သုံးဦးစလုံး ရှင်းရှင်းလင်းလင်း နားလည်လိုက်ကြသည်။

ဒီ‌နှစ်ယောက်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးတွေပဲ သေချာတယ်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးတွေဖြစ်တဲ့အပြင် ကြမ်းကြုတ်တဲ့အမျိုးသမီးတွေလည်း ဖြစ်နေကြသေးတယ်။ မြန်မြန်ထွက်ပြေးတာ အကောင်းဆုံးပဲ။

ထိုသို့အတွေးဖြင့် ဖုန်းရွှမ်၊ ကျန်းချွမ်နှင့် လုရုံတို့သည် ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်ကြကာ ပြောခဲ့သည်။

“ကျိုစစ် ငါတို့မှာ ဖြေရှင်းစရာကိစ္စလေးတွေရှိသေးလို့ အရင်သွားနှင့်လိုက်‌ပါဦးမယ်”

ထို့နောက် ချက်ချင်း လက်ဝှေ့ယမ်းလျက် ကျားဖြူခန်းမအဖွဲ့သားများကို ရထားလုံးအသင့်ပြင်ရန် အချက်ပေး၍ နေရာမှ အလျင်စလို ထွက်ခွာသွားကြလေသည်။

သူတို့သုံးဦးစလုံး၌ ဇနီးသည်နှင့် ကိုယ်လုပ်တော်များ ရှိကြသည်ဖြစ်ရာ အမျိုးသမီးများကြားရှိ ပဋိပက္ခများသည် မည်မျှအထိ အမြီးအမောက်မတည့်ကြောင်းကို အပြည့်အဝ သိရှိထားပေသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အချင်းပွားသည့် အမျိုးသမီးနှစ်ဦးသည် အင်အားအရာ၌ အလွန်တရာ သာလွန်နေခြင်းပင်။

အမျိုးသားများသည် အရေးကိစ္စများကို ဖြေရှင်းရာတွင် များသောအားဖြင့် ယုတ္တိဗေဒကိုသာ ဂရုထားကြ၏။

သို့သော် အမျိုးသမီးများသည်တော့ ထိုသို့မဟုတ်ပေ။ စိတ်ခံစားချက်အတိုင်း လုပ်ဆောင်ရခြင်းကို ပို၍နှစ်သက်ကြသည်။

သို့ဖြစ်ရာ အပြစ်ကင်းစင်သည့် ဘေးလူများ ထိခိုက်ရခြင်းမှ ကာကွယ်ရန်အတွက် ဆုတ်ခွာရပေမည်။

“ဆုတ်မယ်”ဟူသည့် စကားတွင် ကျားဖြူခန်းမအဖွဲ့သားများသည် ဖုန်းစန်း၊ ကျန်းချွမ်နှင့် လုရုံတို့သုံးဦးကို ခေါ်ဆောင်ကာ အခိုးအငွေ့များအလား နေရာမှ ပျောက်ကွယ်သွားကြတော့သည်။

ရုတ်တရက် ထိုနေရာတွင် သူတို့လူတစ်စုသာလျှင် ကျန်ရစ်ခဲ့တော့၏။

ထိုအခါ ချန်ကျဲ့သည် သူ၏သစ္စာမရှိသည့် ညီနောင်များကို ကြည့်နေရင်း ခါးသီးစွာ ပြုံးလိုက်သည်။ ထိုအချိန်၌ ကျိုးချူသည် ချန်ကျဲ့အား ပြိုင်ပွဲတွင် အနိုင်ရရှိခြင်းအတွက် ဂုဏ်ပြုရန် ပြင်ဆင်နေခဲ့သည်။

သို့သော် အဝေးမှနေ၍ ချန်ကျဲ့အား အမျိုးသမီးများ ‌ဝန်းရံနေသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

သို့ဖြင့် ဇနီးဖြစ်သူထံမှ ပညာပေးခံရမည့်ဖြစ်ရပ်ကို ရုတ်ချည်း တွေးမိသွားခဲ့၍ လမ်းတစ်ဝက်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် တစ်ကိုယ်တည်း ရေရွတ်၏။

“ညီနောင်ရေ ကံကောင်းပါစေ”

ထို့နောက် လှည့်ပြေးသွားတော့သည်။

အခိုးအငွေ့အလား ပျောက်ကွယ်သွားသည့် ကျိုးချူကိုကြည့်၍ ချန်ကျဲ့မှာ မိမိ၏ သူငယ်ချင်းရွေးချယ်မှု မှားယွင်းခြင်းအတွက် တိုးညှင်းစွာ ဆဲရေးလိုက်ရုံသာ တတ်နိုင်လေသည်။

ထို့နောက် အတင်းအကျပ် ဖျစ်ညှစ်လုပ်ယူထားရသော အပြုံးဖြင့် ချောင်ဟုန်ယန်ကို ကြည့်လိုက်သည်။

ချောင်ဟုန်ယန်မှ ပြော၏။

“မင်း ခုနကပဲ အရမ်းတွေ သူရဲကောင်းဆန်နေတာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ သူရဲဘောကြောင်‌သွားရတာလဲ”

ချန်ကျဲ့မှာ ကူကယ်ရာမဲ့စွာဖြင့် ခါးသီးစွာ ပြုံးနေရုံသာ တတ်နိုင်ပေသည်။

“ကျွန်တော် ဒဏ်ရာရထားတယ်လေ၊ အဲဒါ ဒဏ်ရာက နာနေလို့ပါ”

ချောင်ဟုန်ယန်မှ ပြန်ပြော၏။

“ဒဏ်ရာက သွေးတိတ်နေပြီ။ မင်းငါ့ကို လှည့်စားလို့မရနိုင်ဘူး”

ချန်ကျဲ့မှ ပြောသည်။

“စီနီယာဟုန်ယန်မှာ ပြောစရာရှိရင် ကျွန်တော့်ကို တိုက်ရိုက်ပဲ ပြောလိုက်လို့ရမလားဗျာ။ ဘာလို့ ကျွန်တော့်ကို အတင်း အနားကပ်လာခိုင်းရတာလဲ”

ချောင်ဟုန်ယန်မှ ပြန်ပြောသည်။

“ဘာလို့ မေးခွန်းတွေများနေရတာလဲ။ မင်း လာမှာလား မလာဘူးလား”

“ကျွန်တော်! ဟုတ် လာပါပြီ”

ချန်ကျဲ့မှာ ရွေးချယ်စရာမရှိဘဲ ချောင်ဟုန်ယန်အနားသို့ ကပ်သွားရတော့သည်။ ထိုအခါ ချောင်ဟုန်ယန်သည် တတိယသခင်မလေးဟွားနှင့် စူးယွင်ကျင်းတို့ကို ကြည့်လိုက်သည်။ ထို့နောက်မှ ချန်ကျဲ့၏နားသို့ တီးတိုးပြော၏။

“မင်းရဲ့ဇနီးက တကယ့်ကို တစ်ခုခုပဲ။ မင်း သူ့ကို ကောင်းကောင်းမဆက်ဆံဘဲ နေရဲရင် နေကြည့်လိုက်!”

ချောင်ဟုန်ယန်၏ ခပ်နွေးနွေးအသက်ရှူငွေ့သည် ချန်ကျဲ့၏နားကို ထိခတ်သွားခဲ့ရာ ချန်ကျဲ့မှာ ရင်တလှပ်လှပ် ခုန်လှုပ်သွားခဲ့သည်။

သို့သော် ချောင်ဟုန်ယန်၏စကားကြောင့် ချန်ကျဲ့သည် အံ့ဩသွားခဲ့ပြီး သူမကို မော့ကြည့်လိုက်၏။

ချောင်ဟုန်ယန်မှ ဆက်ပြောသည်။

“ဒီနေ့ပြိုင်ပွဲက ‘လှံရှည်ကျိုစစ်’ဆိုတဲ့အမည်ကို မျန့်ရွှေတစ်ခွင်မှာ ကျော်ကြားစေလိမ့်မယ်။ အခုကစပြီး မင်းက နာမည်အဆင့်အတန်းရှိတဲ့ လူတစ်‌ယောက်ပဲ”

“ယီးဟုန်ဂေဟာက မင်းကိုကြိုဆိုပါတယ်”

ထို့နောက် ချောင်ဟုန်ယန်သည် တတိယသခင်မလေးဟွား ရပ်နေသည့်နေရာသို့ သွားလိုက်ပြီး ပြောသည်။

“ယောက်ျားတစ်ယောက်ရဲ့နှလုံးသားက သူ့ရဲ့အမျိုးသမီးအပေါ်မှာ စိတ်ရှိမနေရင် အဲဒီယောက်ျားကို ဘယ်သူမဆို လှုပ်ယိမ်းနိုင်တယ်လေ၊ မဟုတ်ဘူးလား”

တတိယသခင်မလေးဟွားသည် လေးကြိုးမျဉ်းကို အထိခံလိုက်ရသည့်အလား တိုက်ခိုက်ရန် ဟန်ပြင်တော့သည်။

သို့သော် ချောင်ဟုန်ယန်သည် အဝေးသို့ ထွက်သွားနှင့်ခဲ့လေပြီ။

ယခုတွင် ချန်ကျဲ့တို့လူတစ်စုသာ ကျန်ရစ်တော့သည်။

တတိယသခင်မလေးဟွားသည် ချောင်ဟုန်ယန်၏ မှတ်ချက်ဖြင့် မရည်ရွယ်ဘဲ စော်ကားခံလိုက်ရသည့်အလား ခံစားလိုက်ရသည်ကို စူးယွင်ကျင်းမှာ သတိမထားမိရာ ချန်ကျဲ့အနီးသို့ အမြန်သွား၍ စိုးရိမ်ပူပန်စွာ မေး၏။

“ယောက်ျား ရှင်အဆင်ပြေရဲ့လား။ ရှင့်ဒဏ်ရာရော ဘယ်လိုနေလဲ”

စူးယွင်ကျင်း၏ စိုးရိမ်ပူပန်နေသည့် မျက်နှာလေးကြောင့် ချန်ကျဲ့၏နှလုံးအိမ်မှာ နွေးထွေးသွားခဲ့သည်။

ဒါက မိသားစုဆိုတဲ့ခံစားချက်ပဲ။

တခြားသူတွေက ငါ အမြင့်ကို ဘယ်လောက်မြန်မြန် တက်လှမ်းမယ့်အကြောင်းပဲ တွေးနေချိန်မှာ မိသားစုကတော့ ငါထိခိုက်ဒဏ်ရာရထားတာကိုပဲ ဂရုစိုက်တယ်။

ထို့ပြင် အစမှ အဆုံးအထိ စူးယွင်ကျင်းသာလျှင် သူ့ကို စိတ်ပူနေကြောင်း ထုတ်ဖော်ပြသခဲ့သည်။

“ဘာမှမဖြစ်ပါဘူး။ ကိုယ် ဒဏ်ရာအနားက သွေးကြောမှတ်တွေကို ပိတ်လိုက်တော့ သွေးလည်း တိတ်သွားပြီ။ အပေါ်ယံဒဏ်ရာလေးပါပဲ။ ရက်နည်းနည်းလောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ”

စူးယွင်ကျင်းသည် စီးကျလုနီးသော မျက်ရည်များကို လိမ့်ဆင်းမသွားစေရန် ထိန်းချုပ်နေခဲ့သည်။

ဇနီးဖြစ်သူ၏ ထိုသို့အမူအရာကို မြင်သောအခါ ချန်ကျဲ့ ပြုံးလိုက်သည်။

“တကယ်အဆင်ပြေပါတယ်ကွာ”

စူးယွင်ကျင်းမှ ပြောသည်။

“ယောက်ျား ရှင်ဘာလို့ သေချာပေါက် အဲဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရမှာလဲ။ ကျွန်မတို့ ရွာကိုပဲ ပြန်ရအောင်လေ”

စူးယွင်ကျင်းသည် ချန်ကျဲ့ကို ရင်နာနာဖြင့် ကြည့်နေခဲ့သည်။ သူမ ချန်ကျဲ့ကို ထပ်မံ၍ မနာကျင်စေချင်တော့ပေ။ သူမ ထွက်ပြေးသွားချင်သည်။ ချန်ကျဲ့ကို ခေါ်၍ မျန့်ရွှေစီရင်စုမြို့မှ ထွက်သွားကာ ရှန်းထောင်ရွာသို့ ပြန်သွားလိုသည်။

ခက်ခဲပင်ပန်းသည့် ဘဝကို သူမ ခံနိုင်ရည်ရှိပါ၏။ သူမ မကြောက်ပါချေ။

တစ်နေ့နေ့တွင် ချန်ကျဲ့၏ခန္ဓာကိုယ် အပိုင်းပိုင်းကွဲနေသည့်မြင်ကွင်းအား မြင်တွေ့ရမည်ကိုသာ သူမ ကြောက်ရွံ့ပါ၏။

ဒီနေ့တွင် သူမ၏ခင်ပွန်းသည်မှ အနိုင်ရခဲ့သည်။

သို့သော် သူမ၏ခင်ပွန်းသည်မှာ အမြဲအနိုင်ရနေပါမည်ဟု အဘယ်သို့များ အာမခံနိုင်ပါမည်နည်း။

All Chapters