ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၅
Vol. 20 Ch. 276
မျန့်ရွှေစီရင်စုတွင် နေထိုင်ရခြင်းမှာ ကြိုးတန်းပေါ် လမ်းလျှောက်နေရခြင်းနှင့် တူ၏။ ၉၉လှမ်း လျှောက်ပြီးလျှင်သော်မှ မှားယွင်းသည့် ခြေလှမ်းတစ်လှမ်းသည် အသူတရာချောက်နက်ထဲသို့ ထိုးကျသွားစေနိုင်သဖြင့် ဘာမျှအသုံးမဝင်ပေ။
လျှောက်လှမ်းပြီးသည့် ၉၉လှမ်းသည် အချည်းနှီးဖြစ်သွားလိမ့်မည်။
ထို့ကြောင့် စူးယွင်ကျင်းသည် ကြောက်ရွံ့လာခဲ့၏။
သူမ၏ခင်ပွန်းသည် သေဆုံးရမည့်တစ်နေ့သို့ ရောက်ရှိလာမည်ကို သူမ ကြောက်ရွံ့လာခဲ့သည်။
သို့တည်းမဟုတ် လမ်းလျှောက်နေသည့် အလောင်းကောင်ကဲ့သို့ ဘဝမျိုးလည်း ဖြစ်လာနိုင်ပေသည်။
…
စူးယွင်ကျင်းသည် ကြောက်ရွံ့နေခဲ့ပြီး အမှန်တကယ် ထိတ်လန့်နေခဲ့သည်။
ချန်ကျဲ့သည် ဇနီးဖြစ်သူ၏ အတွေးများကို ခံစားမိနေသည့်တိုင် သူမကို မည်သည့်အာမခံချက်မျှ မပေးခဲ့ပေ။
ဤသည်မှာ ယှဉ်ပြိုင်မှုများသော ခေတ်ကာလဖြစ်သည်။
မိမိဘက်မှ မယှဉ်ပြိုင်ပါက မချမ်းမြေ့ဖွယ်သော အဆုံးသတ်သာလျှင် ရရှိလိမ့်မည်။
သူတို့ ရွာသို့ပြန်သွားခဲ့ပါက ရန်သူများ ရွာသို့လိုက်လာပါက သူအဘယ်သို့ ကာကွယ်ပေးရမည်နည်း။
သူတို့၏အိမ်လေးကို အဘယ်သို့ ကာကွယ်ရမည်နည်း။
ဤလမ်းကြောင်းပေါ်သို့ သူ ခြေချလိုက်ချိန်မှ စတင်၍ နောက်ဆုတ်ရန်လမ်း မရှိတော့ပေ။ ရှေ့ဆက်ရန်သာ ရှိ၏။
အန္တရာယ်များသည့်ရပ်ဝန်းအတွင်း ရုန်းကန်ခြင်းသည်သာလျှင် သူ၏လေ့ကျင့်ရေးအတွက် လိုအပ်သည့် အင်အားအာဏာ၊ ဩဇာလွှမ်းမိုးမှုနှင့် အရင်းအမြစ်များ ရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။
သူ့တွင် ရွေးချယ်စရာ မရှိပေ။ ဤသည်မှာ ယှဉ်ပြိုင်မှုများသောလောကကြီး ဖြစ်နေသည်။
လဲလျောင်းအနားယူခြင်း မရှိပေ။ လဲလျောင်းအနားယူခြင်းသည် သေခြင်းတရားကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်၏။
အစီအစဉ်ချထားခြင်းနှင့် လှုပ်ရှားခြင်းတို့ကို အခြေအနေဖန်တီးယူ၍ ပြုလုပ်ခြင်းဖြင့်သာ ဤလောက၏ ဗဟိုချက်သို့ တစ်လက်မစီ ပို၍နီးကပ်သွားနိုင်မည်ဖြစ်ပြီး ပို၍ ရရှိပိုင်ဆိုင်နိုင်လိမ့်မည်။ မိမိကိုယ်ကိုယ် ကာကွယ်နိုင်သည့်အင်အားလည်း ရှိနိုင်လိမ့်မည်။
ယခုကဲ့သို့ပင် ဖြစ်ပေသည်။
သူသာ ရွာတွင် ဆက်နေရန် ရွေးချယ်ခဲ့ပါက သံမဏိအရိုးအဆင့်သို့ ဤမျှအချိန်တိုအတွင်း အဘယ်သို့များ ရောက်ရှိနိုင်ပါမည်နည်း။
ဝူကျုံးနှင့် ယွီပင်းတို့ကိုပဲ ဥပမာယူကြည့်ပါလေ။ သူတို့သည် သူတို့၏သက်တမ်းတစ်ဝက်ခန့်ကို ရွာတွင် ကုန်ဆုံးခဲ့သည့်တိုင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် အဆင့်မတက်လှမ်းနိုင်ဘဲ ရုန်းကန်နေကြရသည် မဟုတ်ပါလော။
သို့သော် သူကိုယ်တိုင်သည်တော့ ကျားဖြူခန်းမသို့ ဝင်ရောက်ခဲ့ပြီး နွဲ့ပျောင်းအရွတ်အဆင့်နှင့် သံမဏိအရိုးအဆင့်တို့ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ မျန့်ရွှေစီရင်စု၌ပင် နာမည်အဆင့်အတန်းရှိသူတစ်ယောက် ဖြစ်လာခဲ့သည်။
ဤသည်မှာ ရှန်းထောင်ရွာတွင် အိပ်မက်ပင် ထည့်မမက်နိုင်သည့်အရာများ ဖြစ်ပေသည်။
ထို့ကြောင့် ချန်ကျဲ့သည် ဇနီးဖြစ်သူအား ပြန်သွားပါမည်ဟု ကတိမပေးနိုင်ပေ။ သူ့တွင် ပြန်ဆုတ်ရန်လမ်း မရှိပေ။
သိုင်းလောက၌ မိမိ၏ကံကြမ္မာကို ကိုယ်တိုင်မထိန်းချုပ်ချေ။
ငါ နောက်ဆုတ်နိုင်ဦးမလား။
မဆုတ်နိုင်ဘူး!
ဆုတ်လိုက်ရင် ဖြေရှင်းဖို့ခက်ခဲတဲ့ ကပ်ဘေးအန္တရာယ်တွေ မလွဲမသွေ ကျရောက်လာလိမ့်မယ်။ ရဲရဲဝံ့ဝံ့ ရှေ့ဆက်သွားမှ အန္တရာယ်တွေ ကြုံတွေ့ရရင်တောင် အခွင့်အရေး အမြဲရှိနေမှာ။
အင်အားအကြီးဆုံးဖြစ်လာဖို့ ဆာလောင်နေရမယ်။ အင်အားအကြီးဆုံးသူမှသာ ကိုယ်ကာကွယ်ပေးချင်တဲ့လူတိုင်းကို ကာကွယ်ပေးနိုင်မှာ!
ချန်ကျဲ့သည် ဇနီးဖြစ်သူ၏ အနည်းငယ် ဖရိုဖရဲဖြစ်နေသည့် ဆံပင်ကို သပ်တင်ပေးလိုက်ပြီး သူမ၏ မျှော်လင့်ခြင်းကြီးစွာသော မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။
“ကိုယ်တောင်းပန်ပါတယ်။ ကိုယ် မင်းကို ကတိမပေးနိုင်ဘူး”
ထိုအခါ စူးယွင်ကျင်းသည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့သော် အမြန်ခေါင်းညိတ်၍ ပြောသည်။
“ဒါဆိုလည်း ယောက်ျား၊ ကျွန်မတို့ အကောင်းဆုံးကြိုးစားကြတာပေါ့။ ကျွန်မအတွက် စိတ်မပူနဲ့။ ကျွန်မ အဆင်ပြေမှာပါ”
ချန်ကျဲ့ ပြုံးလိုက်ပြီး သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
“ကိုယ်က မင်းကို ဘယ်လိုလုပ်ပြီး စိတ်မပူဘဲ နေနိုင်ပါ့မလဲ အရူးမလေး”
ထိုစဉ် တတိယသခင်မလေးဟွား ရောက်လာပြီး မေး၏။
“ကျိုစစ် ခုနက အဲဒီမိန်းမ မင်းကို ဘာပြောသွားတာလဲ”
“အို သူပြောတာ ယွင်ကျင်းက မိန်းမကောင်းလေးမို့ ကောင်းကောင်းတန်ဖိုးထားပါတဲ့”
“အဲဒါပဲလား”
တတိယသခင်မလေးဟွားသည် ချန်ကျဲ့၏စကားကို သင်္ကာမကင်းဖြစ်နေပေသည်။ ချန်ကျဲ့မှ ပြောသည်။
“သူက ကျွန်တော်တို့ကြား စိတ်ဝမ်းကွဲအောင်လို့ တမင် ကျွန်တော့်နားနား ကပ်ပြောခဲ့တာ”
တတိယသခင်မလေးဟွားသည် ချန်ကျဲ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေပြီးနောက် စူးယွင်ကျင်းကို လှည့်ပြော၏။
“ယွင်ကျင်း မင်းသူ့ကိုယုံလား”
စူးယွင်ကျင်းမှ ခေါင်းညိတ်သည်။
“ကျွန်မရဲ့ခင်ပွန်းက ကျွန်မကို လိမ်ပြောမှာ မဟုတ်ဘူး”
တတိယသခင်မလေးဟွားမှ မှတ်ချက်ပြုသည်။
“ယုံကြည်ချက်တွေ အရမ်းရှိနေတာပဲ”
“ဒါနဲ့ ကျိုစစ်၊ မင်းဒီနေ့ပြိုင်ပွဲကို နိုင်သွားတော့ မျန့်ရွှေစီရင်စုမှာ အတော်လေး ဂုဏ်သတင်းကြီးသွားလိမ့်မယ်။ ဂုဏ်သတင်းနဲ့အတူ အင်အားအာဏာနဲ့ ပစ္စည်းဥစ္စာတွေ ရောက်လာလေ့ရှိတယ်။ အနာဂတ်မှာ မင်းအနားကို ချမ်းသာကြွယ်ဝမှုကြောင့် ချဉ်းကပ်လာတဲ့မိန်းကလေးတွေ အများကြီးရှိလာလိမ့်မယ်။ မင်း ယွင်ကျင်းကို သစ္စာဖောက်တဲ့လုပ်ရပ်မျိုး လုံးဝ မလုပ်ဖို့နဲ့ အဲဒီမြေခွေးမတွေရဲ့ ဖြားယောင်းခံရပြီး ယွင်ကျင်းကို နာကျင်အောင် မလုပ်မိဖို့ ငါမျှော်လင့်ပါတယ်”
“အစ်မ!”
စူးယွင်းကျင်းသည် တတိယသခင်မလေးဟွား၏စကားကို ကြားဖြတ်ေပြာလိုက်၏။
“ကျွန်မရဲ့ခင်ပွန်းက အဲဒီလိုလုပ်မှာမဟုတ်ပါဘူး”
စူးယွင်ကျင်းသည် ချန်ကျဲ့ဘက်မှ ကာကွယ်ပေးသည်။
ချန်ကျဲ့မှ ပြော၏။
“အစ်မ မစိုးရိမ်ပါနဲ့။ ကျွန်တော် ကျွန်တော့်ရဲ့ဇနီးကို ဘယ်တော့မှ မနာကျင်စေရပါဘူး”
“ဒါဆိုကောင်းပြီ”
သူတို့စကားပြောနေစဉ် လူတစ်ယောက်မှ အော်ပြောလာခဲ့သည်။
“သခင်၅ ခန်းမအရှင်သခင်က ခေါ်နေပါတယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ၊ ငါလာပြီ”
ချန်ကျဲ့ တတိယသခင်မလေးဟွားကို လှည့်ကြည့်၍ ဆက်ပြောသည်။
“အစ်မ ကျေးဇူးပြုပြီး ယွင်ကျင်းကို အိမ်ပြန်ခေါ်သွားပေးပါဦး။ ကျွန်တော် လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ပါ”
“ငါပြောခဲ့တဲ့စကားတွေကို မှတ်ထားနော်!”
ချန်ကျဲ့မှ စိတ်ချစေရန် ပြော၏။
“မစိုးရိမ်ပါနဲ့ အစ်မ”
ထွက်ခွာသွားသည့် ချန်ကျဲ့ကို ကြည့်နေခဲ့ရင်း စူးယွင်ကျင်းမှ ပြောသည်။
“အစ်မဟွား အစ်မ ခုနက စကားတွေကို ဘာလို့ပြောရတာလဲ။ ကျွန်မရဲ့ခင်ပွန်းက အဲဒီလိုလူမျိုးမဟုတ်ပါဘူး”
“ဟမ့် ငါ့ရဲ့တုံးအတဲ့ညီမလေးရယ်၊ လောကမှာ မခုတ်တတ်တဲ့ကြောင်ရယ်လို့ ရှိလို့လား။ မင်းက ရိုးစင်းပြီး လှည့်စားရလွယ်ကူတယ်။ ဒီတော့ ဒီအစ်မက လူဆိုးလုပ်လိုက်ဖို့ပဲ တတ်နိုင်တော့တယ်၊ မဟုတ်ရင် မင်းက ရောင်းစားခံရရင်တောင် ရောင်းသွားတဲ့သူအတွက် စကားကောင်းပြောပေးနေလိမ့်ဦးမယ်”
“ဒါပေမဲ့ ဒါပေမဲ့ အဲဒီလိုပြောရင် သူ စိတ်မကောင်းဖြစ်သွားမှာပေါ့”
“သူ စိတ်မကောင်းဖြစ်တာ မဖြစ်တာကို ငါဂရုမစိုက်ဘူး။ ငါက သူ့ကို လက်ထပ်မှာမှ မဟုတ်ဘဲ!”
“ညီမလေး မင်းက စိတ်ထားနူးညံ့ပြီး အနိုင်ကျင့်ဖို့လွယ်ကူတယ်။ ငါ့မောင်က အရမ်းထူးချွန်နေတော့ အနာဂတ်မှာ သူ့အနားကို မြေခွေးမတွေ ချဉ်းကပ်လာမှာ သေချာကပါက်ပဲ။ ဒီအစ်မကမှ မင်းကို အားပေးမထောက်ခံရင် အဲဒီမြေခွေးမတွေက မင်းခေါင်းပေါ်ကနေ နင်းလျှောက်သွားကြလိမ့်မယ်”
“ဒါကိုမှတ်ထား၊ မင်းက ချန်ကျိုစစ်ရဲ့ ဝေါယာဉ်ပေါ်က သတို့သမီးပဲ။ တရားဝင် လက်ထပ်ယူထားတဲ့ ဇနီးမယားပဲ။ မင်း စိတ်ဓာတ်မာကြောရမယ်”
စူးယွင်ကျင်းမှ ပြောသည်။
“ဟားဟား ဘာကို သခင်မကြီးတွေ သခင်မငယ်တွေလဲရှင်။ ဘုရင့် အနောက်ဆောင်က ပြိုင်ပွဲတွေကျနေရောပဲ”
“အဲဒါဆို မင်းက မိဖုရားခေါင်ကြီးဖြစ်သင့်တာပေါ့”
တတိယသခင်မလေးဟွားမှ ပြောသည်….
ထိုစဉ် ချန်ကျဲ့သည် ပွဲကြည့်စင်ပေါ်သို့ ရောက်ရှိ၏။ ထိုအချိန်တွင် အစောင့်အရှောက်ကြီး၁၃ဦးသည်လည်း အသီးသီး ထွက်ခွာသွားကြပြီဖြစ်ရာ ဖန်းရှစ်ကျုံးနှင့် ချီမုကောတို့ နှစ်ဦးသာ ကျန်ရှိတော့သည်။
“လာ ကျိုစစ်၊ မင်းကို မိတ်ဆက်ပေးမယ်။ ဒီပုဂ္ဂိုလ်က စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က သံနက်သံချပ်ကာစစ်တပ်ရဲ့ တပ်မှူးချီမုကောပဲ”
ထိုအခါ ချန်ကျဲ့ ချက်ချင်း နားလည်လိုက်သည်။ မုလန်လူမျိုး!
ချန်ကျဲ့ လေးစားရိုသေစွာဖြင့် အရိုအသေပြုလိုက်သည်။
“တပ်မှူးကို ဂါရဝပြုပါတယ်”
ချီမုကောမှ ပြောသည်။
“အမ်း ငါက ဒီတိုင်း မင်းကို တွေ့ကြည့်ချင်ရုံပါ။ မင်းလို ငယ်ရွယ်တဲ့အသက်အရွယ်မှာ ဒီလိုအရည်အချင်းမျိုး တွေ့ရဖို့ဆိုတာ မလွယ်ကူဘူးလေ။ ငါတို့သခင်ကြီးက မင်းလိုလူငယ်တွေကို အရမ်းနှစ်ခြိုက်တာ”
ချန်ကျဲ့ ရုတ်ချည်း အရိုအသေပြုလိုက်ပြီး ပြောသည်။
“စီရင်စုအုပ်ချုပ်ရေးမှူးအတွက် ကျွန်တော့်ရဲ့ဘဝတစ်ခုလုံးကို မြှုပ်နှံဖို့ ဆန္ဒရှိပါတယ်!”
ချီမုကောသည် ချန်ကျဲ့ကိုကြည့်လျက် မှတ်ချက်ပြုသည်။
“မင်းက အတော်လေး အထင်ကြီးလောက်စရာပဲ။ ဒီလိုပဲ ဆက်လုပ်သွား။ ကျားဖြူခန်းမက မင်းအမိန့်အောက်မှာဆိုရင် တော်ဝင်တရားရုံးတော်ကို သေချာပေါက် ပိုကောင်းကောင်း အမှုထမ်းနိုင်လိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ထိုစကားများကို နားထောင်နေသည့် ဖန်းရှစ်ကျုံးသည် ချီမုကော၏မှတ်ချက်နောက်ကွယ်မှ အရိပ်အခြည်ကို နားလည်ပေသည်။ သို့သော် ဖန်းရှစ်ကျုံးသည် အလွန်အကျူး တုံ့ပြန်ခြင်းမပြုခဲ့ပေ။