← Chapters

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၆

Vol. 20 Ch. 277

ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၆

Vol. 20 Ch. 277

ထိုစဉ် ချီမုကောသည် နေကိုမော့ကြည့်လျက် ပြောသည်။

“အင်း အချိန်ကျပြီ၊ ကျုပ်သွားတော့မယ်။ ခန်းမအရှင်သခင်ဖန်း ခင်ဗျားရဲ့ဒဏ်ရာတွေကို သေချာဂရုစိုက်ပါ။ နှုတ်ဆက်ပါတယ်”

ထိုသို့ပြောခဲ့ပြီးနောက် ချီ‌မုကောသည် ပွဲကြည့်စင်ပေါ်မှ ဆင်းသွားတော့သည်။ စင်အောက်၌ အနက်ရောင်မြင်းတပ်သည် ချီမုကော၏မြင်းကို အသင့်ပြင်စောင့်‌ဆိုင်းနေ၏။ ချီမုကောသည် မြင်း၏ကျောပေါ် ခုန်တက်ပြီးနောက် သံနက်မြင်းတပ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ချန်ကျဲ့သည် ထွက်ခွာသွားသည့် ချီမုကောကို ကြည့်နေခဲ့ရင်း ပြောသည်။

“မွေးစားအဖေ တပ်မှူးမှာ ပူပန်စရာရှိနေတယ်လို့ မထင်ရဘူးလား”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အင်း ဒါပေမဲ့ အဲဒါက ငါတို့နဲ့ မဆိုင်ဘူး။ ဒါနဲ့ ကျိုစစ်၊ ငါမင်းကို မေးစရာရှိတယ်”

“မွေးစားအဖေ ပြောပါ”

“သားငယ်၄ကို သတ်တာ သူဖုန်းစားဂိုဏ်းလို့ ထင်သလား”

“ဟမ်?”

ချန်ကျဲ့ ကြောင်အစွာဖြင့် ဖန်းရှစ်ကျုံးကို ကြည့်လိုက်သည်။

“မွေးစားအဖေက သူဖုန်းစားဂိုဏ်းက သတ်တာမဟုတ်ဘူးလို့ ထင်နေလို့လား”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ငါဒီနေ့ သူဖုန်းစားအိုကြီးကို မေးခဲ့တယ်။ သူက သားငယ်၄ကို သတ်ခဲ့တယ်လို့ ဝန်မခံခဲ့ဘူး။ ငါတို့နဲ့ သူဖုန်းစားအိုကြီးကြားက ရန်ငြိုးတွေအရဆို သူငါ့ကို လိမ်ပြောစရာ အကြောင်းမရှိဘူး”

“အဲဒီတော့ မွေးစားအဖေက အစ်ကို၄ရဲ့သေဆုံးမှုမှာ မသင်္ကာစရာတစ်ခုခုရှိနေတယ်လို့ တွေးနေတာပေါ့?”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အမ်း သားငယ်၄ကို မရှင်းမလင်းနဲ့ သေဆုံးခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် ငါသူ့ကို စိတ်ပျက်စေခဲ့တဲ့အတွက် အပြစ်ရှိစိတ်ခံစားနေရလိမ့်မယ်”

ချန်ကျဲ့ ခဏရပ်တန့်သွားပြီး မေးလိုက်သည်။

“မွေးစားအဖေ ဘာကိုဆိုလိုတာပါလဲ”

“လတ်တ‌လောမှာ လင်းယုန်အစောင့်အရှောက်၁၂ဦးကို မင်းရဲ့အမိန့်ကိုနာခံဖို့ တာဝန်ပေးထားမယ်။ သားငယ်၄ရဲ့သေဆုံးမှုကို လျှို့ဝှက်ပြီး စုံစမ်းစစ်ဆေးပါ။ ငါ့သားက အကြောင်းအရင်းမရှိ သေဆုံးမှာမဟုတ်ဘူး!”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော် နားလည်ပါပြီ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အမ်း လောလောဆယ်တော့ အဲဒါကို အရင် စလုပ်ထားလိုက်ပါ။ ပြီးတော့ မနက်ဖြန်ကျရင် ငါမင်းကို ကျားဖြူခန်းမမှာ တခြားတာဝန်တွေ စီစဉ်ပေးမယ်။ သားကြီး၊ သားငယ်၂နဲ့ သားငယ်၃တို့အားလုံးက အပြင်းအထန်ဒဏ်ရာရထားကြတော့ လတ်တလောမှာ ကျားဖြူခန်းမရဲ့ အရေးကိစ္စတွေကို အသေးစိတ် စီမံနိုင်မှာ မဟုတ်သေးဘူး။ အဲဒါကြောင့် ငါတို့ရဲ့လမ်းမကြီးလေးခုနဲ့ နန်ရေကန်ကို မင်းပဲ အာရုံစိုက်ပေးရလိမ့်မယ်”

“မင်းသယ်ပိုးရမယ့် ဝန်ထုပ်က ပေါ့သေးသေးမဟုတ်ဘူး!”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မွေးစားအဖေရဲ့ ဝန်တွေကို မျှဝေထမ်းဆောင်ပေးဖို့က ကျွန်တော့်တာဝန်ပါပဲ”

ဖန်းရှစ်ကျုံးမှ ခေါင်းညိတ်လိုက်ပြီး မေးသည်။

“မင်းရဲ့ဒဏ်ရာရော ဘယ်လိုနေသေးလဲ”

ချန်ကျဲ့ အံ့ဩသွား၏။ ဖန်းရှစ်ကျုံးသည် သူ၏ဒဏ်ရာအကြောင်း မေးလာလိမ့်မည်ဟု ချန်ကျဲ့ မျှော်လင့်မထားခဲ့ပေ။ ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“အိုး အသေးစားဒဏ်ရာလေးပါပဲ၊ စိုးရိမ်စရာမရှိပါဘူး”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အမ်း ဒဏ်ရာကို ဂရုမစိုက်ဘဲ မထားလိုက်နဲ့ဦး။ ဒါနဲ့ ခန်းမထဲက ဒဏ်ရာ‌‌ပျောက်ဆေး ဘာဆေးဖြစ်ဖြစ် မင်းယူသုံးလို့ရတယ်။ မင်းက အခု ကျားဖြူခန်းမရဲ့ မဏ္ဍိုင်ပဲ။ မင်း နာမကျန်းဖြစ်လို့ မရဘူး”

“မွေးစားအဖေကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ သူဖုန်းစားဂိုဏ်းကို ဘယ်လိုလုပ်ကြမလဲ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အခု သူတို့က ခြိမ်းခြောက်မှုမဖြစ်နိုင်တော့ဘူး”

“ခြိမ်းခြောက်မှုမဖြစ်တော့ဘူးလား”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အတည်တကျမဖြစ်သေးတဲ့ အရေးကိစ္စတွေအားလုံးကို ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့က ကိုင်တွယ်လိမ့်မယ်။ ဒီတစ်ကြိမ်မှာ ငါတို့က အကြီးကြီးရရှိခဲ့ပြီးပြီ။ အခုအချိန်က စပြီးတော့ နန်ရေကန်က ငါတို့အပိုင်ပဲ”

နန်ရေကန်ကိုရရှိခြင်းသည် အမှန်တကယ်ပင် ‌အကြီးကြီးရရှိလိုက်ခြင်း ဖြစ်၏။ အထူးသဖြင့် မျန့်ရွှေစီရင်စုတစ်ခွင်ရှိ တရားမဝင် ဆားထုတ်လုပ်မှု၏ ဆယ်ပုံနှစ်ပုံကို ပိုင်ဆိုင်ထားသောကြောင့် အလွန်အကျိုးအမြတ်များသည့် နယ်မြေဖြစ်ပေသည်။ သို့သော် ယခု၌ ၎င်းသည် ကျားဖြူခန်းမ၏ ထိန်းချုပ်စီမံမှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ရာ ထုတ်လုပ်မှုပမာဏကို သေချာကန့်သတ်ရန် လိုအပ်ပေလိမ့်မည်။

သို့တိုင် အနည်းဆုံး မျန့်ရွှေစီရင်စုတစ်ခွင်ရှိ တရားမဝင် ဆားထုတ်လုပ်မှု၏ ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်နိုင်သေးသည်။

၎င်းပမာဏသည်လည်း ကြောက်ခမန်းလိလိသော ပမာဏပင် ဖြစ်ပေသည်။

ဤနယ်မြေ၏ ဝင်ငွေတစ်ခုတည်းသည် လမ်းမကြီး နှစ်လမ်း၊သုံးလမ်း၏ နှစ်စဉ်ဝင်ငွေဖြင့်ပင် ညီမျှနိုင်‌၏။

ဤနန်ရေကန်တိုက်ပွဲသည် ကျားဖြူခန်းမ၏ ဩဇာလွှမ်းမိုးမှုကို သုံးပုံနှစ်ပုံနီးပါးအထိ တိုးချဲ့နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

၎င်းသည် ကြီးမားသည့် တိုးချဲ့မှုတစ်ရပ် ဖြစ်ပေသည်။

ထို့ပြင် ဤသည်မှာ ကျားဖြူခန်းမမှ ရရှိနိုင်သည့် အကြီးမားဆုံးသော အကျိုးအမြတ်ဖြစ်၏။ သူဖုန်းစားဂိုဏ်း၏ အခြားလုပ်ငန်းများမှာမူ ကျားဖြူခန်းမအနေဖြင့် လက်လှမ်းမမီပေ။

…

ဘုန်း!

ဘုန်း!

ထိုအချိန်၌ စီရင်စုမြို့၏ အပြင်ဘက်မနီးမဝေးရှိ တောအုပ်ထဲမှ ကြောက်မက်ဖွယ် အသံကြီးများကို ကြားလိုက်ရ၏။

ဂျောက်!

ကျယ်လောင်သည့် ဆူညံသံကြီးနှင့်အတူ သစ်ပင်ကြီးတစ်ပင်သည် ရုတ်ချည်း အေးခဲသွား၍ လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့သည်။

တစ်ချိန်တည်း၌ အနီးမှ မီးတောက်မီးလျံများ ဖြာထွက်နေသည့် လက်ဝါးတစ်ချက်သည် ကျောက်တုံးကြီးတစ်တုံးကို ရိုက်ခတ်သွားသည်။ ကျောက်တုံးကြီးလည်း လွင့်ထွက်သွားပြီး သစ်ပင်မြောက်များစွာကို ဖြတ်တိုက်သွားခဲ့သည်။ ကျောက်တုံးတွင် ပြင်းထန်စွာ တောက်လောင်နေသည့် အပူချိန်ကြောင့် မီးခိုးငွေ့များ ထွက်‌လာခဲ့သည်။

ဝူး…

တစ်ပြိုင်နက်တည်း၌ ဧရာမနဂါးတစ်ကောင် ဟိန်းဟောက်သံအလား အသံတစ်သံ ထွက်ပေါ်လာခဲ့ကာ နောက်တဒင်္ဂ၌ သစ်ပင်များ ပြားချပ်သည်အထိ လဲကျသွားခဲ့သည်။

“အဟွတ်…”

တောအုပ်ထဲ၌ သူဖုန်းစားအိုကြီးသည် ခန္ဓာကိုယ်ထက်တွင် ဧရာမလက်ဝါးရာကြီးတစ်ခု ထင်ဟပ်နေလျက်ဖြင့် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။

၎င်းလက်ဝါးရာသည် သံတံဆိပ်တုံးခပ်နှိပ်သကဲ့သို့ သူဖုန်းစားအိုကြီး၏ ရင်ဘတ်‌နေရာရှိ အဝတ်အစားများကို လောင်ကျွမ်းသွားခဲ့ပြီး အရေပြားနှင့်အသားတို့ကို မြင်နေရစေသည်။ သူ၏အရေပြားထက်တွင် နီရဲသည့်အမှတ်အသားကြီး ကျန်ရစ်နေခဲ့သည်။

ဤသည်မှာ လျိုလောင်ကွေ့၏ အမှတ်သင်္ကေတစွမ်းရည်ဖြစ်သည့်

ပြင်းထန်မီးစွမ်းအင်သိုင်းမှတစ်ပါး အခြားမဖြစ်နိုင်ပေ။

၎င်းလက်ဝါးရိုက်ချက်ကြောင့် သူဖုန်းစားအိုကြီးမှာ သွေးအန်သွားရခြင်း ဖြစ်၏။

သူဖုန်းစားအိုကြီးသည် ချောင်းအသည်းအသန်ဆိုးနေရင်း သူ၏ရှေ့ရှိ လူနှစ်ယောက်ကို ကြည့်လိုက်သည်။

ထိုနှစ်ဦးမှာ မျန့်ရွှေစီရင်စု၏ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ အထင်ကရပုဂ္ဂိုလ်နှစ်ဦးဖြစ်သည့် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့ ဖြစ်သည်။

အမြဲလိုလို အစေးကပ်မနေသည့် လူနှစ်ဦးသည် ယခုတွင်တော့ အံ့အားသင့်ဖွယ်ကောင်းလှစွာပင် သူဖုန်းစားအိုကြီးကို ပူးပေါင်းတိုက်ခိုက်နေကြလေသည်။

သူဖုန်းစားအိုကြီးမှ ရယ်မော၏။

“နန်ပါးထျန်း၊ လျိုလောင်ကွေ့၊ ကျုပ်တို့ကြားမှာ ရန်ငြိုးရန်စ မရှိခဲ့ဖူးပါဘူး။ ဒီနေ့ ကျုပ်ကို ဘာလို့ တိုက်ခိုက်ရတာလဲ”

နန်ပါးထျန်းမှ ရယ်မောလိုက်ပြီး ပြောသည်။

“သူဖုန်းစားအိုကြီး ခင်ဗျားရဲ့ ကျုပ်ရဲ့ငါးဖမ်းကုန်သည်အဖွဲ့ကို နှောင့်ယှက်ဖို့အစီအစဉ်က နေ့အလင်းရောင်လို သိသာရှင်းလင်းနေတာကို ခင်ဗျားက ကျုပ်တို့ကြားမှာ ရန်ငြိုးရန်စ မရှိပါဘူးလို့ ပြောရဲသေးတယ်လား”

ထိုအခါ သူဖုန်းစားအိုကြီးသည် လျိုလောင်ကွေ့ဘက်သို့ ကြည့်၍ ပြောသည်။

“ခေါင်းဆောင်လျို ကျုပ်တို့ကြားမှာ ပဋိပက္ခမဖြစ်ခဲ့ဖူးဘူး။ ဘာလို့များ နန်ပါးထျန်းကို အနိုင်တိုက်ပြီး မျန့်ရွှေစီရင်စုရဲ့ နံပါတ်တစ်အဖွဲ့အစည်းဖြစ်လာဖို့ ကျုပ်နဲ့ မပူးပေါင်းနိုင်ရတာလဲ”

လျိုလောင်ကွေ့မှ ရယ်မောလျက် တုံ့ပြန်သည်။

“ဟားဟား ဘာရယ်မဟုတ်ပါဘူး။ ငါ ဒီနေ့ နန်ပါးထျန်းကို တိုက်ခိုက်ဖို့ စိတ်မဝင်စားလို့လေ”

သူဖုန်းစားအိုကြီးမှ ပြောသည်။

“ကောင်းပြီ၊ ဒါဆိုလည်း ခေါင်းဆောင်လျိုအနေနဲ့ ဘေးမှာရပ်ပြီး စောင့်ကြည့်နေလိုက်ပါလား။ ကျုပ်နဲ့ နန်ပါးထျန်းကို အသေအကြေ တိုက်ခိုက်ခိုင်းထားပြီး အဆုံးသတ်မှ ခေါင်းဆောင်လျိုက အမြတ်ဝင်ယူဖို့ဆိုရင်ရော ဘယ်လိုသဘောရလဲ”

ထိုစကားတွင် နန်ပါးထျန်း တစ်ကိုယ်လုံးတောင့်တင်းသွား၏။ နန်ပါးထျန်းသည် သူဖုန်းစားအိုကြီးနှင့် အပြန်အလှန် ခဏမျှတိုက်ခိုက်ခဲ့ပြီးနောက် သူဖုန်းစားအိုကြီး၏အင်အားမှာ မိမိထက် သာလွန်ကြောင်း သိရှိခဲ့ရသည်။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် အမှန်တကယ်ပင် အလွန်ဆန်းကြယ်နက်နဲ၏။ သူဖုန်းစားအိုကြီးသည် သိုင်းကွက်တစ်ကွက်သာ တတ်မြောက်ထားခြင်းဖြစ်သည့်တိုင် မျန့်ရွှေစီရင်စုကို လွှမ်းမိုးရန် လုံလောက်ပေသည်။

လျိုလောင်ကွေ့မှ ပြုံးလိုက်ပြီး ပြန်ပြောသည်။

“ဟားဟား… ဒါဆိုလည်း ကောင်းပြီလေ။ မင်းငါ့ကို နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်း ထုတ်ပေးလိုက်ပါလား။ အဲဒါဆို ငါချက်ချင်း ‌ရှောင်ထွက်သွားပေးမယ်”

“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်လား”

“ပေးမှာလား”

“မပေးနိုင်ဘူး!”

သူဖုန်းစားအိုကြီးမှ အဖြေပေးလိုက်သည်။ ထိုအခါ လျိုလောင်ကွေ့သည် ရွှင်ပျစွာ ပြုံးလိုက်ပြီး ပြော၏။

“ဒါဆိုရင်တော့ ညီနောင်ရေ ငါတို့လည်း ရွေးချယ်စရာမရှိတော့ အတင်းအကျပ် ယူရတော့မှာပဲ”

သို့ဖြင့် သူတို့နှစ်ဦးသည် သူဖုန်းစားအိုကြီးကို ထပ်မံတိုက်ခိုက်ကြသည်။ သူဖုန်းစားအိုကြီးသည် မျက်လုံးအစုံ နီရဲလျက် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ချက်ချင်း ထုတ်သုံးသည်– ရွှေနဂါးမင်း လယ်ကွင်းဆင်း!

ဘုန်း ဘုန်း ဘုန်း…

တိုက်ခိုက်မှု၏ ပေါက်ကွဲသံကြီးများ တောအုပ်တစ်ခွင် ပဲ့တင်ထပ်သွား၏။

တစ်နာရီကြာမြင့်ပြီးနောက်တွင်တော့ သူဖုန်းစားအိုကြီးသည် သွေးများဖုံးလွှမ်းလျက် လက်မောင်းတစ်ဖက်မှာ ဆိုးဆိုးရွားရွား စုတ်ပြဲပြုတ်ထွက်ကာ သေလုမျောပါး အခြေအနေဖြင့် လွင့်ပျံထွက်သွားတော့သည်။

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည်လည်း အခြေအနေ မကောင်းလှပေ။

လျိုလောင်ကွေ့သည် လက်မောင်းအဆစ်လွဲသွားခဲ့ပြီး နန်ပါးထျန်းသည်လည်း အပြင်းအထန် ချောင်းဆိုးနေလျက် ဖုန်အလိမ်းလိမ်းဖြင့် တောအုပ်ထဲမှ ထွက်လာကြသည်။

နန်ပါးထျန်းမှ ပြောသည်။

“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ထုတ်ပေးလိုက်။ ခင်ဗျားအသက်ကို ချမ်းသာပေးမယ်!”

သူဖုန်းစားအိုကြီးသည် မှုန်မှိုင်းနေသည့်မျက်နှာဖြင့် လှောင်ရယ်၏။

“ဟားဟား မင်းတို့ကများ သူဖုန်းစားဂိုဏ်းရဲ့ နတ်သိုင်းကျင့်စဉ်ကို ထိဖို့ ထိုက်တန်လို့လား! လူယုတ်မာတွေ!”

သူတို့စကားပြောနေကြစဉ် မြေကြီးသည် ရုတ်တရက် တုန်ခါလာ၏။ ချီမုကောမှ သံနက်မြင်းတပ်ကို ဦးဆောင်လာခြင်း ဖြစ်သည်။

ချီမုကောသည် မြေပြင်ပေါ်လဲနေသည့် သူဖုန်းစားအိုကြီးကို ကြည့်၍ ပြောသည်။

“အမ်း စိတ်မချမ်းမြေ့စရာအခြေအနေပါလား သူဖုန်းစားအိုကြီးရဲ့။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ကျုပ်တို့သခင်ကြီးက အရမ်းစိတ်ဝင်စားနေတယ်။ ခင်ဗျား အဲဒါကို ထုတ်ပေးမယ်ဆိုရင် ကျုပ် ခင်ဗျားအသက်ကို ချမ်းသာပေးမယ်”

“ဟားဟား ထင်ထားတဲ့အတိုင်းပဲ၊ မင်းတို့အားလုံးက မုလန်လူမျိုး‌တွေရဲ့ နောက်လိုက်ခွေးတွေပဲ! ဟားဟား မင်းတို့က နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို လိုချင်တယ်ပေါ့လေ။ ကောင်းပြီ၊ ကျုပ် အဲဒီသိုင်းကျမ်းကို လျှို့ဝှက်တဲ့တစ်နေရာမှာ သိမ်းထားတယ်။ ဒါပေမဲ့ အဲဒါက ဘယ်နေရာလဲ‌ဆိုတာ ‌ပြောမပြဘူး။ မင်းတို့ ဘယ်သူမှ ရှာမတွေ့စေရဘူး၊ ဘယ်သူမှ!”

“မင်းတို့ ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူး!”

ကယောင်ချောက်ချား စိတ်လွတ်နေသည့် သူဖုန်းစားအိုကြီးကို ကြည့်၍ ချီမုကောမှ ပြောသည်။

“ဒါဆိုလည်း အဓိပ္ပာယ်မရှိတာတွေကို ကျော်လိုက်ကြတာပေါ့။ သူ့ကိုဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်မယ်! ကျေးဇူးပြုပြီး ကုန်သည်ခေါင်းဆောင်နှစ်ဦးက ကျုပ်ကို ကူညီပေးပါဦး”

ထို့နောက် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် သူဖုန်းစားအိုကြီးအနီးသို့ လျှောက်သွားကြသည်။

ထိုအခါ သူဖုန်းစားအိုကြီးသည် လှောင်ရယ်၏။

“ဟားဟား… မင်းတို့အားလုံးက နောက်လိုက်ခွေးတွေပဲ!”

ထိုသို့ပြောလျက် သူဖုန်းစားအိုကြီးသည် သူ၏အကောင်းအတိုင်းကျန်ရှိနေသေးသည့် ညာဘက်လက်ကို မြှောက်၍ အင်အားစုစည်းလိုက်သည်။ သို့ဖြင့် နဂါးဟိန်းဟောက်သံကြီး ရုတ်ချည်း ထွက်ပေါ်လာသည်။

“မကောင်းတော့ဘူး။ သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်!”

သို့သော်ငြား မည်သူမျှ မတားဆီးနိုင်လိုက်မီ သူဖုန်းစားအိုကြီးသည် သူ၏ဦးခေါင်းကို ရိုက်ချလိုက်၏။ ဦးနှောက်အစအနများ ပြန့်ကျဲလွင့်ထွက်သွားပြီး သူဖုန်းစားအိုကြီးသည် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

All Chapters