← Chapters

ဟန်ရှုံး သတ်မှတ်ချက်ဝင်

Vol. 9 Ch. 858

ဟန်ရှုံး သတ်မှတ်ချက်ဝင်

Vol. 9 Ch. 858

ချန်းဖန်တို့သည် တောင်ခြေသို့ ရောက်သည်နှင့် တစ်ရာခန့်သော လူများကို တွေ့လိုက် ရသည်။ သူတို့သည် ကိုယ့်အုပ်စုနှင့် ကိုယ် သီးခြား ရပ်နေကြ၏။

သူတို့ထဲမှ အများစုမှာ ရွှေအမြုတေ အလယ်ဆင့်များ ဖြစ်သည်။ အားအနည်းဆုံး တစ်ယောက်ပင်လျှင် ရွှေအမြုတေ အစောပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်သည်။ သူတို့ တစ်ယောက်ချင်းစီသည် အလွန် အစွမ်းထက်ကာ ထူးခြားသော သွေးမျိုးဆက် သို့မဟုတ် ကျင့်ကြံခြင်း ကျင့်စဉ်များကို ပိုင်ဆိုင် ကြသည်။

သို့သော်လည်း ချန်းဖန်ကို အံ့အားသင့်စေသည့် အချက်ကား ထိုအုပ်စု၌ ရွှေအမြုတေ အထွတ်အထိပ်အဆင့် ဝမ်ရှင်း တန်ခိုးရှင်များ မပါရှိခြင်းပင်။ နတ်မိမယ် ရှန်းရှီမှာလည်း ထိုနေရာ၌ မရှိချေ။

“ကမ္ဘာနှစ်ခု ဆုံမှတ်က ပွင့်တော့မယ် ... တောင်တန်းနဲ့ ဝိညာဉ်ရေတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရပြီ ... သူတို့ အပြည့်အဝ ဆုံတွေ့တာနဲ့ ငါတို့ ဆုံမှတ်ကို ဖြတ်ပြီး ကမ္ဘာ နှစ်ခုကို ကူးလူး သွားလာလို့ ရပြီ”

အသက်လတ် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်က ပြောသည်။

သူသည် ထူးဆန်းသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထား၏။ သူ၏ ဘေးတွင်မူ ပုံရိပ်ယောင်နှင့် ဆင်တူသည့် ကြီးမားသော အဇူရာ ဝံပုလွေကြီး တစ်ကောင် ရှိသည်။ ထိုလူမှာ ပေ့ဟန်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော “ဝိညာဉ် စိုက်ပျိုးခြင်း” နယ်မှ ဖြစ်ကြောင်း ချန်းဖန် သတိထား လိုက်မိ၏။

“ဝိညာဉ် စိုက်ပျိုးခြင်း” နယ်မှ လူများသည် သားရဲ ထိန်းချုပ်ရာတွင် ကျွမ်းကျင်သည်။

သူတို့သည် ချီသန့်စင်ခြင်း အဆင့်တွင် ရှိစဉ်ကပင် သားရဲ ဝိညာဉ်ကို စတင် ဖွဲ့စည်း နိုင်ကြသည်။ သားရဲ ဝိညာဉ်များသည် အစစ်အမှန် ဝိညာဉ် သားရဲများ၏ စွမ်းအားကို ပိုင်ဆိုင်ရုံသာမက ကျင့်ကြံသူကို သားရဲ အသွင်သို့ ပြောင်းလဲ နိုင်အောင်ပါ ကူညီ ပေးနိုင်သည်။

“အင်း ... တကယ် အစွမ်းထက်တဲ့ လူတွေကတော့ ဝင်သွားကြပြီ ... ငါတို့လို ရွှေအမြုတေ ထိပ်ဆုံးအဆင့် မဟုတ်တဲ့ လူတွေနဲ့ ဟင်းလင်းပြင် ဝိညာဉ်ရတနာ မရှိတဲ့ လူတွေကတော့ ပွင့်လာတဲ့ အထိ စောင့်ရမှာပေါ့”

အဖြူရောင် ဝတ်ဆင်ထားသည့် အခြားဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်ကလည်း ပြောသည်။ သူသည် ဤဧရိယာ တစ်ဝိုက်၌ အစွမ်း အထက်ဆုံး မြေရိုင်းနယ် ဖြစ်သည့် ထျန်းလန်နယ်မှ ဖြစ်၏။

“ဒါနဲ့ ... ဟို နတ်မိမယ်လေးက ဘယ်သူ ဖြစ်မယ်လို့ ခင်ဗျားတို့ ထင်လဲဗျ…”

ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်က မေးလိုက် ပြန်၏။

“အဝတ်အစားနဲ့ ကျင့်ကြံခြင်း ကျင့်စဉ်အရ အကဲခတ် ရရင်တော့ အဲဒီ နတ်မိမယ်လေးက ကောင်းကင်ဂိုဏ်း တစ်ဂိုဏ်း ဒါမှမဟုတ် ဒဏ္ဍာရီလာ မိသားစုကြီး တစ်ခုက ဖြစ်မှာ သေချာတယ်”

ဝိညာဉ် စိုက်ပျိုးခြင်းနယ်မှ ဝမ်ရှင်း တန်ခိုးရှင်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“အင်း ... သူက တကယ်ပဲ ကောင်းကင်နယ် တစ်ခုရဲ့ အင်အားကြီး ဂိုဏ်းကြီး တစ်ခုက လာတာ ... နောက်ပြီး သူက ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ယောက် ဆိုလည်း ဟုတ်တယ်”

အဖြူရောင်ဝတ် ဝမ်ရှင်း တန်ခိုးရှင်က ပြောလိုက်သည်။

“ဘယ်လို…”

ဟန်ရှုံး သတ်မှတ်ချက် ဆိုသော အမည်ကို ကြားသည်တွင် များစွာသော လူများမှာ လန့်ဖျပ် သွားကြ၏။

ချန်းဖန်ပင်လျှင် မျက်မှောင်ကြုတ် သွားခဲ့သည်။ ထိုအရာက သူ့အတွက် ဟန်ရှုံး သတ်မှတ်ချက် ဆိုသော အမည်ကို ပဉ္စမအကြိမ်မြောက် ကြားရခြင်း ဖြစ်သည် မဟုတ်ပါလား။

“အစ်ကိုကြီး ... ဟန်ရှုံး သတ်မှတ်ချက် ဆိုတာ ဘာကြီးလဲ…”

ရှောင်မန်က မေးသည်။

“ဟမ်…”

အဖြူရောင်ဝတ် ဝမ်ရှင်း တန်ခိုးရှင်မှာ ရှောင်မန်ကို ကြည့်ကာ အံ့အားသင့်သွား၏။ ထိုကလေးမက ဤမျှ နိမ့်ကျသော တန်ခိုး အဆင့်ဖြင့် ကမ္ဘာနှစ်ခု ဆုံမှတ်သို့ လာရဲသည်လား။

“ကလေးမ ... နင်က ဟန်ရှုံး သတ်မှတ်ချက်ကိုတောင် မသိဘူးလား ... ဒါဆို အိမ်ကို ပြန်ပြီး နင့်အမေ လက်ထဲမှာပဲ အိပ်နေလိုက်တော့”

ထိုသို့ ပြောပြီးနောက် အဖြူရောင်ဝတ် ဝမ်ရှင်း တန်ခိုးရှင်က ချန်းဖန်တို့အား လျစ်လျူရှုကာ အခြား တစ်ဖက်သို့ လှည့်လိုက်၏။ ထိုကလေး နှစ်ယောက်ကား ရွှေအမြုတေ အဆင့်သို့ပင် မဝင်ရောက်သေးရာ သူ့ အနေဖြင့် ဖက်၍ မပြောဆိုလိုချေ။

“ငါ့ညီမကို ပြန်တောင်းပန်စမ်း”

ချန်းဖန်က အေးစက်စွာ ပြောလိုက်သည်။

“ဟမ်…”

အဖြူရောင်ဝတ် ဝမ်ရှင်း တန်ခိုးရှင်က မျက်မှောင်ကြုတ်ကာ ချန်းဖန်အား စူးစိုက် ကြည့်လိုက်၏။

တဖြည်းဖြည်း သူ၏ မျက်နှာတွင် စိုးရိမ် ပူပန်ခြင်းများ ဖြစ်ပေါ်လာသည်။ သာမန် ကြည့်လျှင် ထိုကောင်လေးသည် မည်သည့် အရှိန်အဝါ စွမ်းအားကိုမျှ ပိုင်ဆိုင်ထားပုံ မရချေ။

သို့သော်လည်း ထိုသို့သော သာမန်လူ တစ်ယောက်က ဤနေရာသို့ မည်သို့ ဝင်လာသနည်း။ မည်ကဲ့သို့ ကျန်းထျန်း ကုန်းပြင်မြင့်ရှိ မရေမတွက်နိုင်သော သားရဲများကို ဖြတ်ကျော်နိုင်မည်နည်း။ သူက ရုပ်ဖျက်ထားသော အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေသည်လား။

“ကျုပ်မှားသွားပါတယ် ... ကျုပ် နာမည်က လင်းပိုင်ကွေ့ပါ ... ကျေးဇူးပြုပြီး ခွင့်လွှတ် ပေးပါ”

အဖြူရောင်ဝတ် ကျင့်ကြံသူက ချက်ချင်းပင် တောင်းပန်လိုက်၏။

“လင်းပိုင်ကွေ့ ... သူက ထျန်းလန်နယ် လင်းမိသားစုက လင်းပိုင်ကွေ့ လား”

ထိုနာမည်က များစွာသော လူများကို ဖြူရော် သွားစေသည်။

လင်းမိသားစုသည် ထျန်းလန်နယ်၏ ထိပ်တန်း မိသားစုဖြစ်ပြီး လင်းပိုင်ကွေ့မှာ လင်းမိသားစု၏ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သည်။  ဤသူက ပတ်ဝန်းကျင် နယ်များ အထိပင် ကျော်ကြားသော လင်းပိုင်ကွေ့ ဖြစ်နေသည်လား။

“ကျုပ် အဲဒီ နတ်မိနယ် မိန်းကလေးကို ဟန်ရှုံး သတ်မှတ်ချက်ဝင်လို့ တွေးရတဲ့ အကြောင်းရင်းက သူက ကျန်းထျန်း ကုန်းပြင်မြင့်ကို တစ်ယောက်တည်း ဖြတ်ကျော် လာခဲ့တာ မလို့ဘဲ ... ဒီလို အစွမ်းထက်တာက ဒဏ္ဍာရီလာ ဂိုဏ်းကြီးက တပည့်တွေနဲ့ ဟန်ရှုံး သတ်မှတ်ချက်ဝင်တွေပဲ ရှိတာလေ”

လင်းပိုင်ကွေ့က ဆက်ပြောလိုက်သည်။

“ဟုတ်တယ်…”

လူတိုင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့မှ စိတ်ရှည်စွာပင် ကမ္ဘာနှစ်ခု ဆုံမှတ် ပွင့်လာမည့် အချိန်ကို စောင့်နေကြသည်။

“သွားကြမယ်…”

ချန်းဖန်က ရှောင်မန်၏ လက်ကို ဆွဲကာ ကမ္ဘာနှစ်ခု ဆုံမှတ်သို့ သွားရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း လင်းပိုင်ကွေ့က သူတို့ အနီးသို့ ကပျာကယာ ကပ်လာကာ အပြုံးဖြင့် ပြောလိုက်သည်။

“မိတ်ဆွေလေးတို့ ... ကျုပ် ခုနက ပြုမိတဲ့ အပြုအမူ အတွက် ထပ်ပြီး တောင်းပန်ပါတယ် ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ... ကျုပ်မှာ ကမ္ဘာနှစ်ခု ဆုံမှတ်ကို ဖြတ်ကျော်နိုင်တဲ့ ဟင်းလင်းပြင် ရတနာတစ်ခု ရှိတယ် ... ဒါပေမဲ့ အသက်သွင်းဖို့က တစ်ယောက် လိုနေပါသေးတယ် ... မိတ်ဆွေလေး ကျုပ်နဲ့ ပူးပေါင်း နိုင်မလား”

သို့သော်လည်း ချန်းဖန်က တွန့်ဆိုင်းမှု မရှိဘဲ ငြင်းပယ် လိုက်၏။

“မလိုဘူး ... ငါတို့က ဒီအတိုင်း အထဲကို ဝင်နိုင်တယ်”

လင်းပိုင်ကွေ့မှာ အနည်းငယ် စိတ်ပျက် သွားသည်။ ထို့နောက် သူက ချန်းဖန်တို့ အနားတွင် ကပ်ကာ ချန်းဖန်ထံမှ အချက်အလက်များ နှိုက်ထုတ်ရန် ကြိုးစား၏။ သို့သော်လည်း ချန်းဖန်မှာ စိတ်ဝင်စားခြင်း မရှိချေ။

အဆုံး၌ လင်းပိုင်ကွေ့မှာ အကြံတစ်ခု ရလာ၏။ သူက ပိုင်နိုင်စွာ ပြုံးရင်း ဆိုလိုက်သည်။

“ဟန်ရှုံး သတ်မှတ်ချက်ဝင်တဲ့ ... ဒီဂြိုဟ်မှာ ဘယ်လောက်တောင် ထူးကဲလိုက်တဲ့ ဂုဏ်ပုဒ်လဲ”

ရှောင်မန်မှာ ချက်ချင်းပင် သူ၏ စကားကို စိတ်ဝင်စား သွားသည်။ ထိုအခါ လင်းပိုင်ကွေ့၏ အပြုံးက ပို၍ တောက်ပလာ၏။

“ဟန်ရှုံး သတ်မှတ်ချက် ဆိုတာ ထျန်းဟောင်ဂြိုဟ်ရဲ့ အခြေတည် ဝိညာဉ်အဆင့်အောက် အထူးချွန်ဆုံး ပါရမီရှင် တွေကို စီထားတဲ့ ဇယားပေါ့…”

“အခြေတည် ဝိညာဉ်အဆင့်တွေကို ကောင်းကင် အရှင်တွေလို့ ခေါ်တယ် ... သူတို့က နှစ်တစ်သောင်း နေထိုင်နိုင်တဲ့အတွက် သာမန် လူတွေရဲ့ အမြင်မှာ မသေမျိုးတွေလိုပဲ ... ဟန်ရှုံး သတ်မှတ်ချက်ကို ကောင်းကင် အရှင် လောင်းလျာ သတ်မှတ်ချက်လို့လည်း ခေါ်တယ် ... ဆိုလိုတာက ဟန်ရှုံး သတ်မှတ်ချက်ဝင် တွေဟာ အနာဂတ်မှာ ကောင်းကင်အရှင် ဖြစ်လာဖို့ အခွင့်အရေး များတယ်ပေါ့လေ”

ထို့နောက် လင်းပိုင်ကွေ့က ခဏရပ်ကာ ဆက်ပြော လိုက်၏။

“ကျုပ်အထင် ပြောရရင် ခုနနတ်မိမယ်လေးက ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ ပြန်လည် မွေးဖွားခြင်း နတ်မိမယ် ဖြစ်မယ် ထင်တယ်”

***

All Chapters