← Chapters

အခန်း (၂၇၈)

Vol. 20 Ch. 278

အခန်း (၂၇၈)

Vol. 20 Ch. 278

ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး! မြေပြင်ထက်တွင် သွေးနှင့်ရောနှောနေသည့် ဦးနှောက်အစအနများ ပြန့်ကျဲနေ၏။ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့နှစ်ဦးသည် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး နှမြောတသဖြစ်နေခဲ့ကြ၏။

သူတို့ ခုနက အနည်းငယ် ပို၍ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် လုပ်ဆောင်ခဲ့ပါက သူဖုန်းစားအိုကြီး သေဆုံးသွားခဲ့မည် မဟုတ်ပေ။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ရယူနိုင်မည့် အခွင့်အရေးကိုလည်း လက်လွှတ်လိုက်ရမည် မဟုတ်ပေ။

သူဖုန်းစားအိုကြီး၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်ခဲ့သော်လည်း ဘာမျှရှာမတွေ့ခဲ့ပေ။

ကြည့်ရတာ သိုင်းကျမ်းကို ကိုယ်ပေါ်မှာ သိမ်းထားပုံမရဘူး။ ဒါပေါ့လေ၊ ဒီလိုအဖိုးတန်တဲ့အရာကို နေရာတကာ သယ်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့သည် ချီမုကောအား အနည်းငယ် စိတ်ပျက်နေသောအကြည့်တို့ဖြင့် ကြည့်နေခဲ့သည်။

ချီမုကောသည်လည်း မြေပြင်ရှိ အလောင်းကိုကြည့်၍ စိတ်ပျက်နေခဲ့သည်။

နှမြောစရာပဲ၊ ဒီလူရဲ့ ရိုက်ချက်ကလည်း တိကျပြတ်သားလိုက်တာ။

နန်ပါးထျန်းမှ ပြောသည်။

“တကယ့်ကို ခေါင်းမာလိုက်တဲ့အဖိုးကြီးပဲ… ဒါနဲ့ တပ်မှူးချီမုကော၊ သူဖုန်းစားဂိုဏ်းသားတွေ ဘယ်ရောက်ကုန်လဲဗျ”

ထိုအခါ ချီမုကောမှ အမိန့်ပေးသည်။

“သူတို့ကို ခေါ်လာခဲ့စမ်း!”

ချီမုကော၏အမိန့်စကားတွင် သံမဏိသူဖုန်းစားဦးဆောင်သည့် သူဖုန်းစားဂိုဏ်းသားတစ်စုမှာ ရုတ်ချည်း ဆွဲခေါ်လာခံ‌ရ၏။

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့ သူဖုန်းစားအိုကြီးနှင့် တိုက်ခိုက်နေချိန်တွင် ချီမုကောလည်း အချည်းနှီး မနေခဲ့ချေ။ ချီမုကောသည် သံနက်မြင်းစစ်သည်၅၀ကို ဦးဆောင်၍ သူဖုန်းစားဂိုဏ်းသားများ ဆုတ်ခွာရာလမ်းကြောင်းကို ပိတ်ဆို့ကာ အင်အားဖြင့် ဖမ်းဆီးထိန်းချုပ်ခဲ့သည်။

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့ အပြန်အလှန် အကြည့်ချင်းဆုံလိုက်ကြ၏။ ချီမုကောမှ ပြောသည်။

“ကျုပ် ဒီလူတွေကို စစ်မေးဖို့ခေါ်သွားမယ်။ သူဖုန်းစားဂိုဏ်းရဲ့နယ်မြေကိုတော့ ခင်ဗျားတို့ဘာသာ အဆင်ပြေသလို ‌ခွဲဝေနိုင်ပါတယ်”

ထိုအခါ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် စကားတုံ့ပြန်ရန် ဟန်ပြင်၏။ သို့သော် ချီမုကော၏ အပြုံးဖြင့် ကြားဖြတ်ပြောဆိုခြင်းခံလိုက်ရသည်။

“ခေါင်းဆောင်နှစ်ဦး ဘာမှမစိုးရိမ်ပါနဲ့။ ကျုပ်တို့သခင်ကြီးက ပြောလိုက်ပါတယ်၊ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ရယူနိုင်ခဲ့ရင် ခေါင်းဆောင်တို့တစ်ဦးစီတိုင်းကို တစ်အုပ်စီ ကူးရေးပြီး ပေးပါ့မယ်တဲ့။ ခေါင်းဆောင်တို့ စိတ်ချနေနိုင်ပါတယ်”

ထိုအခါ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တညီတညွတ်တည်း အရိုအသေပြုလိုက်သည်။

“ကျွန်တော်တို့အစား သခင်ကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး”

ချီမုကောမှ အမိန့်ပေးသည်။

“သွားကြစို့၊ အကျဉ်းသားတွေအားလုံးကို ပြန်ခေါ်သွားမယ်။ ပြင်းထန်တဲ့ပြစ်ဒဏ်စီရင်ဖို့ ပြင်ဆင်မယ်!”

“ဟုတ်ကဲ့!”

သံနက်မြင်းတပ်သည် လျင်မြန်စွာ‌သော အရှိန်နှုန်းဖြင့် ထွက်ခွာသွားခဲ့ပြီး နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့လည်း အမြန် ထွက်ခွာသွားခဲ့ရာ သွေးဖုံးလွှမ်းနေသည့် အလောင်းတစ်လောင်းသာလျှင် နေရာတွင် ကျန်ရစ်ခဲ့တော့သည်။

ပြိုင်ပွဲကွင်းမှ ထွက်ခွာလာကြသည့် အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်များ မျန့်ရွှေစီရင်စု အပြင်ဘက်ရှိ ဤအလွန်ဆိုးရွားလှသည့် သေဆုံးမှုမြင်ကွင်းကို မမြင်တွေ့ခဲ့ရခြင်းမှာ နှမြောတသဖွယ်ပင်။

နောက်တစ်နာရီကြာပြီးနောက် ထိုနေရာမှ နောက်ထပ်လူတစ်စု ဖြတ်သွားပြန်သည်။

၎င်းလူတစ်စုတွင် မြင်းသုံးကောင်ပြေးဆွဲသည့် ရထားလုံးနှစ်လုံးနှင့်အတူ လက်အောက်ငယ်သားများ ပါဝင်ကြသည်– ဤသည်မှာ မြို့ထဲသို့ ဦိးတည်ပြန်‌နေကြသည့် ကျားဖြူခန်းမအဖွဲ့ဖြစ်ပေသည်။

လူအုပ်စုသည် တောအုပ်အစွန်းနားသို့ ရောက်သောအခါ လက်အောက်ငယ်သားတစ်ယောက်သည် တစ်စုံတစ်ရာ မူမမှန်ကြောင်း သတိထားမိလိုက်သည်။

“ခန်းမအရှင်သခင် ရှေ့နားမှာ အလောင်းတစ်လောင်းရှိနေပါတယ်”

ရှေ့မှ ဦးဆောင်သွားနေသည့် လက်အောက်ငယ်သားသည် ရုတ်ချည်း လာရောက်သတင်းပို့သည်။

ထိုအခါ ဖန်းရှစ်ကျုံးသည် ရထားလုံး၏လိုက်ကာစကို မ,တင်လိုက်ကာ ခေါင်းပြူထွက်၍ ပြော၏။

“ကျိုစစ်၊ လူတချို့ခေါ်သွားပြီး သွားကြည့်လိုက်ပါ”

“ဟုတ်ကဲ့”

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးကို ပြန်တုံ့ပြန်လိုက်ပြီးနောက် ကျိုးချူကို အတူလိုက်ခဲ့ရန် ခေါ်လိုက်သည်။ သူတို့သည် အလောင်းရှိရာသို့ အမြန်သွားလိုက်ကြသည်။ အလောင်းအနီးသို့ ရောက်သောအခါ သူတို့မှာ ခတ္တမျှ ‌မင်သက်သွားကြ၏။ အလောင်း၏ ဦးခေါင်းသည် မမှတ်မိနိုင်လောက်အောင် ကြေမွပျက်စီးနေသည့်တိုင် ခန္ဓာကိုယ်ကိုမူ ခွဲခြားမှတ်မိနိုင်ပါ၏– သူဖုန်းစားအိုကြီးပဲ!

“ကျိုစစ် ဒါက သူဖုန်းစားဂိုဏ်းရဲ့ သူဖုန်းစားအိုကြီးပဲ!”

ကျိုးချူသည် အရမ်းအံ့ဩနေခဲ့သည်။ အစောင့်အရှောက်ကြီး၁၃ဦးမှ မျန့်ရွှေစီရင်စုကို အုပ်စိုးလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီးဖြစ်၏။ ထိုအဖွဲ့ဝင်တစ်ဦး သေဆုံးခြင်းမှာ အသေးအဖွဲကိစ္စလေး မဟုတ်ပေ။

ချန်ကျဲ့သည်လည်း သူဖုန်းစားအိုကြီး၏ သေဆုံးမှုကို အံ့ဩသွားခဲ့ရာ သူ၏မျက်နှာအမူအရာသည်လည်း တည်ကြည်လေးနက်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤလူသည် ဖန်းရှစ်ကျုံးကို လက်ဝါးတစ်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်ခဲ့သည့် အင်အားကြီးမားသည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုသို့တွေးတောလျက် ချန်ကျဲ့ နောက်လှည့်၍ ပြောလိုက်သည်။

“လောင်ကျိုး မွေးစားအဖေကို သတင်းပို့လိုက်”

“အင်း”

ကျိုးချူသည် ရထားလုံးဆီသို့ ချက်ချင်း အပြေးပြန်သွားခဲ့သည်။ အလောင်းမှာ သူဖုန်းစားအိုကြီးဖြစ်ကြောင်း ပြောပြလိုက်သည်တွင် ဖန်းရှစ်ကျုံးလည်း တွေဝေတွန့်ဆုတ်သွားခဲ့၏။

“ဘာ! သူဖုန်းစားအိုကြီး သေပြီလား!”

ဖန်းရှစ်ကျုံးသည် ရထားလုံးပေါ်တွင် ဆက်မထိုင်နိုင်တော့ပေ။ ဖန်းရှစ်ကျုံးသည် လိုက်ကာစကို ဘေးဖယ်၍ ဖန့်ဖူ၏‌တွဲကူမှုနှင့်အတူ သူဖုန်းစားအိုကြီး၏အလောင်းဆီသို့ လျှောက်လာခဲ့သည်။

ထိုအချိန်၌ ချန်ကျဲ့သည် အလောင်းကို စစ်ဆေးနေခဲ့သည်။

သူဖုန်းစားအိုကြီးသည် အလွန်ပြင်းထန်သည့်တိုက်ပွဲကို တိုက်ခိုက်ခဲ့ရကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်ထက်တွင် မီးလက်ဝါးစွမ်းအင်၏ အမှတ်အသား ကျန်ရစ်နေခဲ့၏။

ထို့ပြင် ဒဏ်ရာရထားသည့် လက်မောင်းတွင်လည်း ရေခဲစွမ်းအင်၏သဲလွန်စများ ကျန်ရစ်နေခဲ့သည်။ လက်မောင်းကို ဖမ်းဆွဲပြီး ရေခဲစွမ်းအင်ဖြင့် တိုက်ခိုက်ခံခဲ့ရသောကြောင့် ကြွက်သားနှင့် အရွတ်များ အေးခဲသွားခဲ့ကာ နောက်ဆုံးတွင် ‌ဆွဲဖြုတ်ခံခဲ့ရခြင်း ဖြစ်လိမ့်မည်။

အလောင်းရှိ ဒဏ်ရာမှ အရိုးထိစိမ့်အောင်သော အေးစက်မှုများ ထုတ်လွှတ်နေဆဲပင်။

ဆက်လက်ကြည့်ရှုစစ်ဆေးရာ ချန်ကျဲ့သည် အတိုင်းကျယ်သည့် မြင်းခွာရာများကို ရှာတွေ့ခဲ့သည်။ ၎င်းမြင်းခွာများသည် ဆင်တူဖြစ်ကြရာ ၎င်းခြေရာများမှာ မြင်းတပ်တစ်တပ်ဖြစ်ကြောင်း ထင်ရှားပေသည်။

မျန့်ရွှေစီရင်စု၌ ဤသို့ကြံအင်လက္ခဏာမျိုးဖြင့် မြင်းတပ်သည် တစ်ခုတည်းရှိ၏– စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ရဲ့ သံနက်မြင်းတပ်!

ကြည့်ရတာ ဒီကိစ္စမှာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်လည်း ပါဝင်ပတ်သက်နေပုံပဲ။

ချန်ကျဲ့ အတွေးထဲ နစ်မြောနေစဉ် ဖန်းရှစ်ကျုံး ရောက်လာသည်။ မြေပြင်ရှိ သူဖုန်းစားအိုကြီး၏အလောင်းကို မြင်သောအခါ ဖန်းရှစ်ကျုံး မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ပြောသည်။

“သွားစို့ ကျိုစစ်၊ တောထဲဝင်ပြီး တစ်ချက်လောက်ကြည့်ရအောင်”

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးကို တွဲကူပြီး တောထဲသို့ ဝင်သွားခဲ့သည်။ ကျန်အဖွဲ့သားများလည်း နောက်မှ လိုက်လာကြသည်။ ထိုအခါ ရထားလုံးတစ်စီးထဲမှ ဒဏ်ရာကုသနေကြသည့် ဖန်းရှစ်ကျုံး၏မွေးစားသားသုံးဦးသည်လည်း လိုက်ကာကို မ,တင်၍ ချန်ကျဲ့မှ ဖန်းရှစ်ကျုံးကို တွဲကူသွားနေသည်ကို ကြည့်နေကြသည်။

ကျန်းချွမ်မှ ပြောသည်။

“ဟေး အစ်ကိုကြီး မြင်လား…”

ဖုန်းရွှမ်သည် တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်မောလျက် ပြောသည်။

“ဟက် ငါတို့က ဒဏ်ရာအပြင်းအထန်ရထားတာလေ။ အဲဒီတော့ မွေးစားအဖေက ညီငယ်၅အပေါ် မှီခိုအားထားတာ ဘာဖြစ်သလဲ”

“ဟုတ်လား ဟက်…”

ကျန်းချွမ် ရယ်လိုက်၏။ သို့သော် ‌၎င်းရယ်သံမှာ တောင့်တင်းနေခဲ့သည်။

ဖုန်းရွှမ်သည်လည်း တောထဲသို့ ‌ဦးတည်သွားနေသူနှစ်ဦးကို ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းတွင် ဖခင်တစ်ဦး၏ နူးညံ့‌မှုနှင့် သားတစ်ယောက်၏ ဝတ္တရားကျေပွန်မှုတို့ကို မြင်တွေ့နေရ၏။ သို့သော် ထိုသို့မြင်ကွင်းသည် သူ၏မျက်လုံးများကို မခံမရပ်နိုင်ဖြစ်စေသည်။

လုရုံတစ်ဦးတည်းသာလျှင် အရေးမထားဟန်ရှိ၏။

အနာဂတ်တွင် ကျားဖြူခန်းမကို မည်သူဆက်ခံရသည်ဖြစ်စေ သေချာပေါက် သူ မဟုတ်နိုင်ပေ။ လုရုံသည် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်တည်ငြိမ်အေးဆေး၏။

ထိုစဉ် ဖန်းရှစ်ကျုံးနှင့် ချန်ကျဲ့တို့ တောအုပ်ထဲ ဝင်သွားခဲ့လေပြီ။ တောအုပ်ထဲတွင် သစ်ပင်ဒါဇင်ချီ လဲကျနေကာ အခြားသစ်ပင်များတွင်လည်း ရေခဲစွမ်းအင်၏ အငွေ့အသက်များ၊ သစ်ခေါက်များထက်မှ မီးလျံမီးစများ စသဖြင့် တိုက်ခိုက်မှု၏ အမျိုးမျိုးသော ခြေရာလက်ရာများ ကျန်ရစ်ခဲ့သည်။

ထို့ပြင် အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသည့် သစ်ပင်အချို့လည်း ရှိသေး၏။

ဤသည်မှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးများ၏ စွမ်းအားဖြစ်သည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်၌ သိုင်းပညာရှင်သည် အတွင်းအားထုတ်သုံးနိုင်ပြီး သူတို့၏ပင်ကိုအရည်အချင်းကို ပြောင်းလဲမှုများ ဖြစ်‌တည်စေနိုင်သည်။ သို့နည်းဖြင့် မတူကွဲပြားသော ချီစွမ်းအင်သုံးသိုင်းပညားကို ဖြစ်တည်စေသည်။

အတွင်းအားသည် အဘယ်နည်း။ ချီစွမ်းအင်ဟူသည် အဘယ်ဖြစ်မည်နည်း။

အတွင်းအားသည် ခန္ဓာကိုယ်ပြင်ပသို့ မထုတ်ဘဲ ခန္ဓာကိုယ်အတွင်း ထိန်းသိမ်းထားသည့် စွမ်းအားဖြစ်ပြီး ၎င်းကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်သုံးလိုက်ခြင်းကို ချီစွမ်းအင်ဟု ခေါ်သည်။

ဘွင်းဘွင်းရှင်းရှင်းဆိုရသော် ၎င်းနှစ်ခုသည် တစ်ခုတည်းဖြစ်ပြီး တူညီသည့်အရာဖြစ်သည်။

လူသားခန္ဓာကိုယ်မှ ထိန်းချုပ်အသုံးချနိုင်သည့် စွမ်းအင်တစ်မျိုး ဖြစ်၏။

All Chapters