ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး!_၂
Vol. 20 Ch. 279
ဖန်းရှစ်ကျုံးနှင့် ချန်ကျဲ့တို့သည် တောအုပ်ကို တစ်ပတ်ပတ်ခဲ့ကြသည်။ ထို့နောက် ဖန်းရှစ်ကျုံးမှ မေးသည်။
“မင်းဘယ်လိုထင်လဲ။ တွေးမိတာရှိလား”
ချန်ကျဲ့သည် တွန့်ဆုတ်နေခဲ့ပြီးနောက် ပြန်ပြောသည်။
“သူဖုန်းစားအိုကြီးကို လူတစ်စုက သတ်သွားတာဖြစ်လိမ့်မယ်။ အဲဒီလူအုပ်စုမှာ တစ်ယောက်က ရေခဲစွမ်းအင်သိုင်းကို ကျွမ်းကျင်ပြီး နောက်တစ်ယောက်က မီးစွမ်းအင်သိုင်းကို ကျွမ်းကျင်တဲ့သူဖြစ်လိမ့်မယ် ထင်ပါတယ်”
“အင်း အဲဒီနှစ်ယောက်က ဘယ်သူတွေဖြစ်နိုင်မယ်ထင်လဲ”
အချိန်ခဏမျှ တွေးတောပြီးနောက် ချန်ကျဲ့မှ ပြောသည်။
“မွေးစားအဖေ အရင်က ပြောပြဖူးတာအရဆို ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းရဲ့ အထူးပြုသိုင်းပညာက ရေခဲစွမ်းအင်အခြေခံသိုင်းဖြစ်တဲ့ ရေခဲစိတ်စွမ်းအင်သိုင်းလို့ သိထားပါတယ်။ အဲဒါကြောင့် လူသတ်သမားတွေထဲက တစ်ယောက်က ခေါင်းဆောင်နန်ဖြစ်လိမ့်မယ်လို့ ကျွန်တော် သံသယဝင်မိပါတယ်”
“အင်း မဆိုးဘူး။ နောက်တစ်ယောက်ကရော?”
ချန်ကျဲ့ တစ်ဖန် ထပ်စဉ်းစားလိုက်ပြီးနောက် ပြောသည်။
“နောက်တစ်ယောက် လျိုလောင်ကွေ့ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
“အို ဘာလို့ တခြားသူမဟုတ်ဘဲ သူဖြစ်ရတာလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော် ဆုံတွေ့ဖူးတဲ့ အစောင့်အရှောက်ကြီး၁၃ဦးထဲမှာ မီးစွမ်းအင်သိုင်းကို ကျွမ်းကျင်တာ အနည်းငယ်ပဲရှိပါတယ်။ ကျွန်တော် မတွေ့ဖူးတဲ့သူတွေကတော့ သူတို့ရဲ့အထူးပြုသိုင်းကျင့်စဉ်တွေကို ကျွန်တော် မသိပါဘူး”
“ဒါပေမဲ့ အဲဒါကလည်း အရေးမကြီးပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ ရလဒ်ကိုကြည့်ပြီး ဖြစ်စဉ်ကို ကောက်ချက်ချလို့ရပါတယ်”
“အို ဘယ်လိုကောက်ချက်ချမှာလဲ”
ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို တမင်စမ်းသပ်နေခဲ့သည်။ ချန်ကျဲ့မှ ရှင်းပြ၏။
“ပထမအချက် သူတို့ သူဖုန်းစားအိုကြီးကို အလစ်တိုက်ခိုက်တာမှာ တိုက်ခိုက်လိုရတဲ့အကြောင်းအရင်း သေချာပေါက်ရှိလိမ့်မယ်။ အဲဒါက သူဖုန်းစားဂိုဏ်းကို တိုက်ခိုက်သိမ်းယူဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါထက် ပိုပြီးဖြစ်နိုင်တဲ့ အကြောင်းအရင်းကတော့ သူဖုန်းစားအိုကြီးရဲ့ အထူးသိုင်းကျင့်စဉ်ပဲ!”
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”
ဖန်းရှစ်ကျုံးသည် ၎င်းသိုင်းအမည်ကို ဖြည့်စွက်ပြောပေး၏။
“အမှန်ပါပဲ၊ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်အတွက်ပါ။ ကျွန်တော်တို့ သိုင်းသမားတွေက ကောင်းမွန်တဲ့သိုင်းကျမ်းတစ်ခုရဲ့ အရေးပါမှုကို နားလည်သဘောပေါက်ကြတယ်။ အထူးသဖြင့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်လို နတ်သိုင်းကျင့်စဉ်တွေရဲ့ အရေးပါမှုကိုပေါ့။ အဲဒီသိုင်းကျမ်းကို ဘယ်သူမှ စိတ်မဝင်စားဘူးလို့ ကျွန်တော်တော့ မယုံဘူး။ ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စီရင်စုအုပ်ချုပ်ရေးမှူး အပါအဝင်ပါပဲ”
“အင်း သူဖုန်းစားအိုကြီးကို အလစ်ချောင်းတိုက်ခိုက်မှုမှာ စီရင်စုအုပ်ချုပ်ရေးမှူးလည်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုလိုချင်တာလား”
ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို ကြည့်နေသည်။
ချန်ကျဲ့မှ ပြန်ပြောသည်။
“အမ်း တောအုပ်အပြင်ဘက်က မြင်းခွာရာတွေကို မွေးစားအဖေ သတိထားမိရဲ့လားမသိဘူး”
ဖန်းရှစ်ကျုံး မျက်မှောင်ကြုတ်လိုက်သည်။ သူ ထိုခြေရာများကို အထူးတလည် အာရုံမစိုက်ခဲ့ပေ။ ထိုအချိန်က သူ၏အာရုံအလုံးစုံမှာ အလောင်းထံတွင်သာ ရှိနေခဲ့၏။
သေးငယ်တဲ့ အသေးစိတ်အချက်အလက်လေးတွေကနေ အခြေအနေရဲ့ ရင်းမြစ်ကိုရှာဖွေနိုင်တာက အသိအမှတ်ပြုလောက်စရာ စွမ်းရည်တစ်ခုပဲတဲ့။ ပြီးတော့ အဲဒီလိုစွမ်းရည်ကို ငါ့ရဲ့ဒီမွေးစားသားက ပိုင်ဆိုင်ထားတာပဲ။
ဖန်းရှစ်ကျုံးသည် မိမိမှာ ရတနာစင်စစ်တစ်ပါးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု မထိန်းချုပ်နိုင်စွာ တွေးမိရပေသည်။
ထိုသို့အတွေးဖြင့် ဖန်းရှစ်ကျုံးမှ ပြောသည်။
“အဲဒီလက်ဝါးသိုင်းက တကယ့်ကိုပဲ ခေါင်းဆောင်လျိုရဲ့ ပြင်းထန်မီးစွမ်းအင်သိုင်းနဲ့ အတော်လေး ဆင်တူပါတယ်”
“ပြင်းထန်မီးစွမ်းအင်သိုင်း?”
ချန်ကျဲ့ ဖန်းရှစ်ကျုံးကို ကြည့်လိုက်သည်။ ဖန်းရှစ်ကျုံးမှ ရှင်းပြ၏။
“အမှန်ပဲ၊ ပြင်းထန်မီးစွမ်းအင်သိုင်းနဲ့ ရေခဲစိတ်စွမ်းအင်သိုင်း နှစ်ခုစလုံးက ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ရဲ့ အရင်ခေါင်းဆောင်တွေ အမှတ်တမဲ့ ရရှိခဲ့ပြီးတော့ လက်ဆင့်ကမ်းအမွေပေးခဲ့တဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်အထက် သိုင်းကျင့်စဉ်တွေပဲ။ အဲဒီလိုနဲ့ အဲဒီသိုင်းတွေက ကုန်သည်အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ နတ်သိုင်းကျင့်စဉ်တွေ ဖြစ်လာခဲ့တာပေါ့”
ချန်ကျဲ့ မေးလိုက်သည်။
“အရင်ခေါင်းဆောင်ဟောင်းတွေက အဲဒီသိုင်းတွေကို အမှတ်တမဲ့ ရရှိခဲ့ကြတာလား”
“အင်း ငါလည်း အတိအကျမသိဘူး။ ဒါပေမဲ့ မျန့်ရွှေနဂါးခရီးစဉ်နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ ပြောကြတယ်”
“နဂါး?”
“အင်း မျန့်ရွှေစီရင်စုမှာ နဂါးကို မမြင်တွေ့ရတာ နှစ်၆၀နီးပါး ရှိနေပြီ။ အဲဒါကြောင့် အဲဒါက အမှန်ဟုတ်၊မဟုတ်ကို အတည်ပြုလို့ မရခဲ့ဘူး”
သူတို့နှစ်ဦးသည် တောအုပ်ထဲမှ အေးအေးဆေးဆေး ပြန်ထွက်လာခဲ့ကြသည်။ သူဖုန်းစားအိုကြီး၏ ရုပ်ပျက်ဆင်းပျက်အလောင်းကို မြင်သောအခါ ဖန်းရှစ်ကျုံးသည် မထိန်းချုပ်နိုင်စွာ စိတ်မကောင်းဖြစ်မိရ၏။ ဖန်းရှစ်ကျုံးမှ သက်ပြင်းချလိုက်ရင်း ပြောသည်။
“သူက တစ်ချိန်က အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ဖူးတယ်။ သေဆုံးပြီးနောက်မှာ လူမြင်ကွင်းမှာ ဖြစ်သလို စွန့်ပစ်မခံရသင့်ဘူး။ ကျိုစစ် မင်းဒီမှာနေခဲ့ပြီး သူ့ကို မြှုပ်နှံပေးလိုက်ပါ”
ထို့နောက် ရထားလုံးဆီသို့ ပြန်လျှောက်သွား၏။ ဖန်းရှစ်ကျုံးမှ ထပ်ပြောသည်။
“ဒါနဲ့ ကျိုစစ်၊ မနက်ဖြန် မနက်စောစော ကျားဖြူခန်းမမှာ ငါ့ကိုလာတွေ့လှည့်။ ဒီနေ့ညတော့ ကောင်းကောင်းအနားယူလိုက်ဦး”
“ဟုတ်ကဲ့ပါ မွေးစားအဖေ”
ချန်ကျဲ့မှ ပြန်လည်တုံ့ချိန်တွင် ဖန်းရှစ်ကျုံးသည် ရထားလုံးပေါ်သို့ တက်၍ ထွက်ခွာစွားခဲ့သည်။
ကျိုးချူလည်း အတူကျန်နေခဲ့၏။ ကျိုးချူသည် ငါးဖမ်းကုန်သည်အဖွဲ့မှ ညီနောင်အချို့ကို ခေါ်ယူကာ စတင်၍ မြေတူးလေသည်။ အလောင်းကို မြှုပ်နှံနေရင်း ကျိုးချူမှ ပြောသည်။
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ဘယ်သူမှ မမြင်လိုက်ရတာတော့ နှမြောစရာပဲ”
ချန်ကျဲ့သည် ထိုစကားတို့ကို ဘာမျှမတုံ့ပြန်ဘဲ နားထောင်နေခဲ့သော်ငြား စိတ်ထဲတွင်မူ တကယ်ကြီး ဘယ်သူမှ ရှာမတွေ့ဘူးလားဟု တွေးနေခဲ့သည်။
စာစဉ်ပြီး၏