ပြန်လည် မွေးဖွားခြင်း နတ်မိနယ်
Vol. 9 Ch. 859
“ပြန်လည် မွေးဖွားခြင်း နတ်မိမယ် ... ဟုတ်လား…”
ရှောင်မန်က မေးလိုက်သည်။
“ဟုတ်တယ် ... ပြန်လည် မွေးဖွားခြင်း နတ်မိမယ်က ပြန်လည် မွေးဖွားခြင်းလို့ ခေါ်တဲ့ အင်အားကြီးဂိုဏ်း တစ်ခုကပဲ ... အဲဒီ ဂိုဏ်းက ထိပ်တန်း ကောင်းကင် နယ်မြေ ဆယ်ခုရဲ့ အင်အား အကြီးဆုံး ဂိုဏ်းကြီးတွေထဲကတစ်ခု ဖြစ်တယ် ... သူတို့က ဟိုထျန်းဓားဂိုဏ်း ထက်တောင် အများကြီး ပိုပြီး အင်အားကြီးတယ်”
ထို့နောက် လင်းပိုင်ကွေးက ခေါင်းအား ခါယမ်း လိုက်သည်။
“ဒါပေမဲ့ ပြန်လည် မွေးဖွားခြင်း နတ်မိမယ်က လျှို့ဝှက် ဆန်းကြယ်တယ် ... သူ့က လူမြင်ကွင်းကို ထွက်ခဲတဲ့အတွက် တွေ့ရခဲတယ် ... ကမ္ဘာနှစ်ခု ဆုံမှတ် တစ်ဖက်မှာ ရတနာတွေ ရှိတယ် ဆိုပေမဲ့ ပြန်လည် မွေးဖွားခြင်း နတ်မိမယ် လာလိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး”
လင်းပိုင်ကွေ့က သူ၏ စကားကို အဆုံးသတ် လိုက်၏။
“ပြန်လည် မွေးဖွားခြင်းဂိုဏ်း…”
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နတ်မိမယ် ရှန်းရှီ ရှောင်မန်ကို ပေးခဲ့သော ပြန်လည် မွေးဖွားခြင်း အဆောင်ကို အမှတ်ရလိုက်မိ၏။
ထို့နောက် လင်းပိုင်ကွေ့က ချန်းဖန်အား သူနှင့်အတူ ဟင်းလင်းပြင် ဝိညာဉ် ရတနာကို အသုံးပြု၍ ဝင်ရန် ထပ်မံ ဖိတ်ခေါ်သည်။
သို့သော်လည်း ချန်းဖန်က ငြင်းပယ်ကာ ရှောင်မန်နှင့်အတူ ကမ္ဘာ နှစ်ခု ဆုံမှတ် ရှိရာသို့ ပျံသန်း သွားလိုက်သည်။ ထို့နောက် သူတို့သည် ကောင်းကင်အား ထက်ပိုင်းခွဲကာ အခြားကမ္ဘာသို့ ဝင်ရောက် သွားတော့၏။
***
“ဟူး ... ဟူး…”
အထဲသို့ ရောက်သည်နှင့် သူတို့သည် ကမ္ဘာတစ်ခုလုံး ပြောင်းလဲသွားသလို ခံစား လိုက်ရသည်။ ထိုကမ္ဘာသည် ဝိညာဉ်ချီသည် မြေပြင် တစ်ဝိုက်၌ မြူအလားခဲလျက် ရှိသည်။ ဝိညာဉ် ဆေးပင်များ၊ ရတနာ ဆေးပင်များမှာ နေရာတိုင်း၌ ပြန့်ကျဲ ပေါက်ရောက်နေသည်။
“အကို ... ဒါက နတ်ဘုရားတွေရဲ့ ဘုံတစ်ခု များလား…”
ရှောင်မန်က အံ့ဩတကြီး မေးလိုက်သည်။
“ဟဟ…”
ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။
“ဒီနေရာက နတ်ဘုရားတွေရဲ့ ဘုံလို့တော့ ခေါ်လို့ မရသေးဘူး ... အဲဒါက ကောင်းကင် နယ်မြေ အထွတ်အမြတ် နယ်မြေတွေနဲ့ ပိုပြီး ဆင်တူတယ် ... တကယ့် နတ်ဘုရားတွေရဲ့ ဘုံမှာဆို ရိုးရိုး အသက်ရှူရုံနဲ့တင် သာမန်လူ တစ်ယောက်က တန်ခိုးရှင် တစ်ပါး ဖြစ်လာနိုင်တယ်”
“ဒါဆို သမီးတို့ ဘာလုပ်မှာလဲ ... မမ ရှန်းရှီကို သွားပြီး ရှာမှာလား…”
ရှောင်မန်က ဆက်မေးသည်။
“ဟင့်အင်း ... အရှင်ပေ့ဟန်ကို အရင်ဆုံး ရှာတာပေါ့ ... ကမ္ဘာနှစ်ခု ဆုံမှတ်က မပွင့်သေးဘူး ဆိုတော့ သူ အထဲမှာပဲ ရှိဦးမှာပဲ”
ချန်းဖန်က ပြောလိုက်သည်။ ကမ္ဘာနှစ်ခု ဆုံမှတ်၏ အတွင်းပိုင်းရှိ ကမ္ဘာသည် အလွန် ကျယ်ပြောသည်။ ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက် ကြည့်သည့်တိုင် ထိုအရာက ဆယ်မိုင်ပတ်လည်ကိုသာ စူးစမ်းနိုင်၏။
“ထူးဆန်းတယ်…”
ချန်းဖန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားသည်။
ထို့နောက် သူသည် ပျံသန်းရန် ကြိုးစား လိုက်သည်။ သို့သော်လည်း ထိုကမ္ဘာရှိ မြေဆွဲအားမှာ အလွန် ပြင်းထန်လှရကား မီတာ တစ်ရာ အရောက်၌ မြေပြင်သို့ ပြန်လည် ဆင်းသက် လိုက်ရ၏။ သိပ်မကြာခင်မှာပင် ချန်းဖန်က တစ်စုံတစ်ခုကို ကောက်ချက်ချ လိုက်နိုင်သည်။
“ဒီနေရာက သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ဘဲ ဓမ္မ စွမ်းအားနဲ့ ဖန်တီးထားတာ ဖြစ်နိုင်တယ် ... ဒီကမ္ဘာမှာ ရှိတဲ့ သစ်ပင်တွေ ကျောက်တုံး ကျောက်ခဲတွေက အစအရာ အားလုံးက ကန့်သတ်ခြင်း အဆောင်တွေနဲ့ ပြည့်နေတယ် ... ဒီနေရာမှာ မြို့တစ်မြို့ကို ဖျက်ဆီးနိုင်တဲ့ ကျင့်ကြံသူတောင် ဒီနေရာက တောင်တစ်လုံးကို ခွဲနိုင်မှာ မဟုတ်ဘူး ... နောက်ပြီး ငါခန့်မှန်းတာ မမှားရင် ရွှေအမြုတေ ထိပ်ဆုံးအဆင့်နဲ့ အခြေတည် ဝိညာဉ်အဆင့်တွေတောင် ဒီကမ္ဘာရဲ့ ကောင်းကင်မှာ ပျံနိုင်မှာ မဟုတ်ဘူး….”
“ဟုတ်လား…”
ရှောင်မန်က တအံ့တဩဖြင့် နံဘေးရှိ ကျောက်တုံး တစ်ခုကို ကောက်ယူ မ,ကြည့်လိုက်၏။ သို့သော်လည်း ထိုအရာက တောင်ကြီး တစ်လုံးကဲ့သို့ လေးလံနေကြောင်း သူမ တွေ့လိုက်ရသည်။ ရုတ်ခြည်းပင် ရှောင်မန်၏ မျက်နှာလေးက စူပုပ် သွားသည်။
“စိတ်မပူနဲ့ ... အဲဒါက ဒီမှာ မလို့ ဖြစ်တာ ... အပြင်ကို ရောက်တာနဲ့ အားလုံးက ပုံမှန် ပြန်ဖြစ် သွားလိမ့်မယ်”
ချန်းဖန်က ပြုံးရင်း မိန်းကလေး၏ ဦးခေါင်းကို ပွတ်သပ်လိုက်၏။
“နောက်ပြီးတော့ ပျံလို့ မရရင်လည်း ငါတို့ ပြေးလို့ ရသေးတာပဲ မလား”
ချန်းဖန်၏ ခန္ဓာကိုယ်မှာ ထူးခြား အောင်မြင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ထိုမြေဆွဲအား လောက်က သူ၏ အမြန်နှုန်းအား နှောင့်နှေးစေမည် မဟုတ်ချေ။
ထို့နောက် ...
ချန်းဖန်က ရှောင်မန်အား ပေ့ချီကာ တစ်တောင်မှ တစ်တောင်သို့ ခုန်ကူးကာ စတင် ပြေးလွှားလိုက်၏။
“ဘုန်း ... ဘုန်း ... ဘုန်း…”
ချန်းဖန်၏ ခြေလှမ်းတိုင်း၌ တောင်များမှာ ကွဲကြေ ကျန်ရစ်ခဲ့သည်။ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်ကား အလွန် အစွမ်းထက်၏။ ချန်းဖန်၏ ကြွက်သားများ၊ အရိုးများမှာ စွမ်းအားများဖြင့် ပြည့်နှက်၍ နေသည်။
လမ်းတစ်လျှောက်၌ သားရဲ အချို့က သူတို့အား တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော်လည်း ချန်းဖန်က ၎င်းတို့အား လက်ဖြင့် ဆွဲဖဲ့ကာ သတ်ပစ်ခဲ့သည်ချည်း ဖြစ်၏။
မိုင်ရာဂဏန်းခန့် သွားပြီးနောက်၌ ချန်းဖန်က ခဏမျှ ရပ်ကာ အရှေ့သို့ မျှော်ကြည့် လိုက်သည်။
“ငါတို့ ရှေ့နားမှာ တိုက်ခိုက်သံတွေ ကြားရတယ်…”
ထိုနေရာနှင့် တဖြည်းဖြည်း နီးကပ် လာပြီးနောက် ချန်းဖန်တို့သည် နတ်မိမယ် ရှန်းရှီကို တွေ့လိုက်ရ၏။
နတ်မိမယ် ရှန်းရှီ၏ ခန္ဓာကိုယ်သည် အလင်းဖြင့် ဝန်းရံနေပြီး သူမ၏ ကျောထက် တွင်မူ ငွေရောင် တောင်ပံကိုတစ်စုံ ဖြစ်ပေါ် နေသည်။ သူမသည် ကောင်းကင်တွင် ပျံသန်းကာ ရေခဲမီး နဂါး တစ်ကောင်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ရေခဲမီး နဂါးသည် ပေရာဂဏန်းခန့် ရှည်လျားပြီး လက်ရှစ်ခုနှင့် ခေါင်းနှစ်လုံးကို ပိုင်ဆိုင်သည်။ ၎င်း၏ ခေါင်းတစ်လုံးသည် မီးကို မှုတ်ထုတ်ကာ အခြားခေါင်း တစ်လုံးက ရေခဲအား ထုတ်လွှတ်နေ၏။
ပုံမှန်ဆိုလျှင် နတ်မိမယ် ရှန်းရှီသည် ရွှေအမြုတေ အလယ်ဆင့် မိစ္ဆာတစ်ကောင်ကို အလွယ်တကူ သတ်နိုင်သော်လည်း ယခုတွင်မူ အနည်းငယ် ရုန်းကန် နေရပုံ ပေါ်သည်။
ဤကမ္ဘာသည် အစီအရင်များဖြင့် လူတိုင်း၏ ကျင့်ကြံခြင်း ဓမ္မစွမ်းအားများကို ကန့်သတ်ထားသည်။ သို့ဖြစ်ရာ ဤနေရာ၌ ဓမ္မစွမ်းအားနှင့် နတ်ဘုရား စွမ်းအား ကျင့်ကြံသူများမှာ ပို၍ အားနည်းပြီး ခန္ဓာကိုယ် ကျင့်ကြံသူများမှာ ပို၍ သန်မာ ကြသည်။
“သွားစမ်း…”
နတ်မိမယ် ရှန်းရှီက အလင်းတစ်ခုအား ပစ်လွှတ်လိုက်ရာ နဂါးမှာ နောက်သို့ လွင့်စဉ် သွားသည်။
ထိုအခါ သူမက နောက်သို့ လှည့်၍ ရှောင်မန်အား စိတ်ပူစွာ ကြည့်လိုက်၏။
“ရှောင်မန် ... နင် ဘာလို့ လိုက်လာတာလဲ ... ငါ ပြန်သွားဖို့ မပြောဘူးလား ... ဒီနေရာက အရမ်း အန္တရာယ်များတယ်”
ထို့နောက် သူမက ချန်းဖန်ကိုပါ အေးစက်စွာ ကြည့်လိုက်သည်။
“ရှောင်မန်ကို ဒီကို ခေါ်လာတာ ရှင်မလား ... ဒီနေရာက သူ့အတွက် အရမ်းအန္တရာယ် များတယ် ဆိုတာ ရှင် မသိဘူးလား ... ရှင်က သူ့ကို သတ်နေတာပဲ”
“မဟုတ်ဘူး မမ ရှန်းရှီ ... သမီးက အကြိမ်ကြိမ် လိုက်ခွင့်တောင်းလို့ အစ်ကိုက ခေါ်လာတာပါ ... သူ့ကို အပြစ် မပြောပါနဲ့”
ရှောင်မန်က ရှင်းပြလိုက်သည်။
“ဒါနဲ့ စကားမစပ် ... နင် အကူအညီ လိုသေးလား…”
ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်၏။
“ဟမ့်…”
နတ်မိမယ် ရှန်းရှီက နှာခေါင်းရှုံ့ကာ တစ်ဖက်သို့ လှည့်လိုက်၏။ ထို့နောက် သူမက ငွေရောင် အတောင်ပံများကို ကောင်းကင်ဓား အသွင်သို့ ပြောင်းလဲကာ မီးရေခဲ နဂါးအား အပိုင်းပိုင်း ပိုင်းပစ်လိုက်သည်။
နဂါးအား သတ်ပြီးချိန်၌ ရှန်းရှီမှာ လေပေါ်တွင် ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ မြေပြင်သို့ ဆင်းသက်လိုက်ရ၏။ ထိုအချိန်၌ သူမ၏ ဖြူဝင်း ချောမွတ်သော နဖူးတွင် ချွေးများပင် အနည်းငယ် စို့နေခဲ့ပြီ ဖြစ်သည်။
“မမရှန်းရှီ ... မမက အရမ်းအစွမ်းထက်တာပဲ ... ဒီလောက်ကြီးတဲ့ နဂါးကိုတောင် သတ်လိုက်နိုင်တယ်”
ရှောင်မန်က သူမ အနားသို့ သွားကာ လက်အား ဆွဲရင်း ပြောလိုက်သည်။
“ရှောင်မန် ... ဘာလို့ လိုက်လာရတာလဲ ... ဒီနေရာက ဘယ်လောက် အန္တရာယ်များလဲ ဆိုတာ မသိဘူးလား…”
နတ်မိမယ် ရှန်းရှီက ရှောင်မန်၏ လက်ကို ဆွဲကာ စိုးရိမ်တကြီး ဆူပူလိုက်၏။
“ဘာလဲ ဆိုတာ သေချာ မသိပေမဲ့ ရှောင်မန်ရဲ့ ပါရမီက အရမ်း မြင့်မားတယ် ဆိုတာ မမ ခန့်မှန်းနိုင်တယ် ... အနာဂတ်မှာ ရှောင်မန်က အခြေတည် ဝိညာဉ်အဆင့်ကိုတောင် ရောက်နိုင်တယ် ... ကိုယ့်အသက်ကို တန်ဖိုးမထားဘဲ မနေနဲ့ ကြားလား…”
“ဟုတ် ... မမ ရှန်းရှီ…”
ရှောင်မန်က သူမ၏ လျှာလေးအား ထုတ်လိုက်၏။ ထို့နောက် သူမက ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။
“ဒါပေမဲ့ အစ်ကိုက သမီးကို ကာကွယ် ပေးနိုင်တယ်လေ”
“သူလား…”
နတ်မိမယ် ရှန်းရှီက ချန်းဖန်အား ကြည့်လိုက်သည်။ ရှင်းလင်းစွာပင် သူမသည် ထိုအရာကို မယုံကြည်ချေ။
***