ချောင်ဟုန်ယန် : ဒီကိုလာ၊ ငါမင်းကို စားပစ်ရအောင်_၂
Vol. 20 Ch. 273
ကျန်းချွမ်သည် ပြိုင်ပွဲစင်အား သရော်သည့်ပြုံးဖြင့် ကြည့်လိုက်ပြီး ပြောသည်။
“ဟုတ်ပ။ သူက ကျားဖြူခန်းမရဲ့ အရှက်သိက္ခာအတွက် အနိုင်ယူပေးခဲ့တယ်။ ဆိုတော့ သူ့ရဲ့အဆင့်အတန်းက ကျွန်တော်တို့ထက် မြင့်မားသွားတာ သဘာဝကျပါတယ်”
“ကျွန်တော်တို့ ကျားဖြူခန်းမအတွက် ဆယ်စုနှစ်တစ်ခုကျော် အစွမ်းကုန် ကြိုးစားအလုပ်လုပ်ပေးခဲ့တော့ရော ဘာဖြစ်သလဲ။ သူရဲ့ အောင်နိုင်မှုလေးတစ်ပွဲကိုတောင်မှ မယှဉ်နိုင်ဘဲ!”
ဖုန်းရွှမ်မှ ကျန်းချွမ်ကိုကြည့်၍ ပြောသည်။
“ညီငယ်၂ကို ကြည့်ရတာ အငြိုးအတေးတချို့ ထားရှိနေပုံပဲ ဟမ်?”
“အငြိုးအတေးတဲ့လား ဟက် ကျွန်တော့်မှာ ဘာအငြိုးအတေးရှိနိုင်မှာတဲ့လဲ။ ကျားဖြူခန်းမက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ အစ်ကိုကြီးက အကြီးဆုံးသားလေ၊ အစ်ကိုကြီးကသာ ကျားဖြူခန်းမကို ဆက်ခံရမယ့်သူပါ”
“ဟက် ဒါပေမဲ့ မွေးစားအဖေက မင်းကို သဘောကျတယ်လေ မဟုတ်ဘူးလား”
ဖုန်းရွှမ်သည် ကျန်းချွမ်ကို ကြည့်နေခဲ့သည်။ ကျန်းချွမ်မှ ပြောသည်။
“ကျွန်တော့်ကို သဘောကျတယ်တဲ့လား။ မွေးစားအဖေက အစ်ကိုကြီးကို သဘောကျတာပါ”
…
သူတို့နှစ်ဦးသည် အပြန်အလှန် ကြည့်နေကြသည်။ ထို့နောက် တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြပြီး ပြိုင်ပွဲစင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ကြသည်။
ဒါပေမဲ့ အခုအချိန်က စပြီးတော့ ညီငယ်၅ကို ပိုသဘောကျနိုင်ခြေရှိတယ်။ အဆုံးသတ်ကျ ညီငယ်၅က ကျားဖြူခန်းမကို သေတွင်းထဲကနေ ပြန်ဆွဲထုတ်ပေးခဲ့တာပဲလေ။
ဒါက သူ ကျားဖြူခန်းမကို ပြန်တည်ဆောက်လိုက်သလိုပဲ မဟုတ်လား။
သူ့ရဲ့ဂုဏ်သတင်းကိုလည်း အမြင့်ဆုံးရောက်အောင် မြှင့်တင်လိုက်နိုင်တယ်။
ပြီးတော့လည်း မွေးစားအဖေက သူ့ကို သံမဏိလက်ဝါးသိုင်းကို လက်ဆင့်ကမ်းပေးလိုက်သေးတယ်။ ငါတို့ သံမဏိလက်ဝါးသိုင်းကို မသင်ဖူးတာတောင်မှ ကျားဖြူခန်းမတစ်ခုလုံးက သံမဏိလက်ဝါးသိုင်းကို သင်ယူခွင့်ရတဲ့သူက ကျားဖြူခန်းမရဲ့ နောက်တက်မယ့်သခင်ဖြစ်လာလိမ့်မယ်ဆိုပြီး တီးတိုးပြောဆိုနေကြတာ။
သူတို့နှစ်ဦး စကားထပ်မပြောတော့ပေ။ သူတို့၏နောက်မှ အဖွဲ့သားများ၏ အော်ဟစ်သံများကိုသာ နားထောင်နေခဲ့သည်။
“သခင်၅!”
သူတို့နှစ်ဦးမှာ ညအမှောင်ထုထဲ နစ်မြုပ်သွားသည့်အလားပင်။
သို့သော် ချန်ကျဲ့၏အကြည့်များ သူတို့ထံ ကျရောက်လာချိန်တွင် နှစ်ဦးစလုံးသည် မည်သည့်ပြဿနာကိုမဆို ဖုံးလွှမ်းပစ်နိုင်မည့် နွေဦးလေပြေသဖွယ် ပြုံးလိုက်ကြသည်။
ဤသည်မှာ သိုင်းလောက၏ယဉ်ကျေးမှုဖြစ်သည်။ မိမိ၏အရေးကိစ္စများကို မြင်သာအောင် ဘယ်သောအခါမျှ ထုတ်မပြသင့်ပေ။
ကျားဖြူခန်းမတစ်ခုလုံး ပျော်မြူးတက်ကြွနေကြ၏။ ထိုအချိန်၌ သူဖုန်းစားဂိုဏ်းမှာမူ နှင်းကိုက်ဒဏ်ခံရသည့် ခရမ်းပင်အလား ညှိုးငယ်နေကြသည်။ ကျိုးဖန်း၏မျက်နှာသည်လည်း ပြာနှမ်းနေခဲ့၏။
သူရှုံးသွားတယ်၊ သူတကယ်ကြီး ရှုံးသွားတယ်။
ကျိုးဖန်းသည် ချန်ကျိုစစ်မှ ထျန်းကျီးမြင်းပြိုင်ပွဲနည်းဗျူဟာဖြင့် အသာစီးရယူခြင်းကို စိတ်ထဲထားပါချေ။ သို့သော် ချန်ကျိုစစ်မှ ဖုန်းစန်းကို သတ်ဖြတ်နိုင်ခြင်းမှာမူ သူ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးသည့်အရာ ဖြစ်သည်။
ချန်ကျိုစစ်ရဲ့ တိုက်ခိုက်ချေမှုန်းစွမ်းရည်က ဘယ်လိုလုပ်ပြီး အရမ်းအားကောင်းနေရတာလဲ။
ထို့ပြင် ဖုန်းစန်း၏သေဆုံးမှုနှင့်အတူ သူဖုန်းစားဂိုဏ်း၏ အဓိကအဖွဲ့အစည်းကြီးတစ်ခုအဖြစ် အာဏာကြီးထွားစေမည့် ရည်မှန်းချက်ကြီးသည်လည်း ပျက်သုဉ်းသွားခဲ့လေပြီ။
သူဖုန်းစားဂိုဏ်း၏ နှစ်ပေါင်းများစွာ အသေးစိတ်စီစဉ်ထားသော အကြံအစည်ကြီးသည် ဤနေရာတွင် ပြိုလဲပျက်စီးသွားရလိမ့်မည်ဟု ကျိုးဖန်း မျှော်လင့်မထားခဲ့ပေ။
ချန်ကျိုစစ်!
ထိုအချိန်၌ ကျိုးဖန်းသည် ချန်ကျိုစစ်ကို စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။ ချန်ကျိုစစ်သည်တော့ သူ့အား ဂရုမထားပေ။
ထို့နောက် ချန်ကျဲ့သည် သူ၏လှံရှည်ကို ပြန်ဆွဲထုတ်၍ သွေးများကို ခါထုတ်လိုက်သည်။
ဒေါက်!
လှံကို ဆွဲထုတ်လိုက်သည်တွင် ဖုန်းစန်း၏ အလောင်းသည်လည်း ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့သည်။
ချန်ကျဲ့သည် ကြမ်းပြင်ပေါ်ပြုတ်ကျနေသည့် ဖုန်းစန်း၏ဓားကို သာမန်ကာလျှံကာမျှ သဘောထား၍ ကောက်ယူလိုက်သည်။
ဒီဓားကို ရွှေနဲ့သွန်းလုပ်ထားတယ်လို့ ပြောကြပေမဲ့ အဲဒါက အမှန်လားဆိုတာကို ဘယ်သူသိမှာလဲ။
ဒါပေမဲ့လည်း ဓားက အတော်လေး ကောင်းတဲ့ပုံပဲမို့လို့ သိမ်းယူထားလိုက်ပါမယ်လေ။
ထိုစဉ် စွင်းပုအာသည် အော်ဟစ်အားပေးနေသည့် လူအုပ်ကြီးကိုဖြတ်၍ ပြိုင်ပွဲစင်ပေါ်သို့ တက်လာကာ အားကုန်သုံး၍ အော်ပြောသည်။
“လူကြီးမင်းအပေါင်းတို့၊ ကျုပ်ကြေညာတယ်။ ဒီပွဲစဉ်မှာ ကျားဖြူခန်းမရဲ့ ချန်ကျိုစစ်က အနိုင်ရရှိပါတယ်!”
“ဝိုး!”
ထိုကြေညာချက်တွင် စင်အောက်ရှိ လူအုပ်ကြီးသည် ကျယ်လောင်စွာ အားပေးချီးမြှောက်ကြသည်။
စွင်းပုအာမှ ဆက်ပြောသည်။
“ဒါက ပွဲစဉ်သုံးခုပြိုင်ပြီး အနည်းဆုံး နှစ်ပွဲအနိုင်ရရမယ့် ပြိုင်ပွဲဖြစ်တာကြောင့်၊ ကျားဖြူခန်းမက ပွဲစဉ်နှစ်ပွဲ အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံးအနိုင်ရရှိသူက ကျားဖြူခန်းမဖြစ်ပါတယ်!”
“ဒီပြိုင်ပွဲမတိုင်မီမှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ ကျားဖြူခန်းမ ရှုံးနိမ့်ခဲ့ရင် ယုံချန်လမ်းမ၊ ငြိမ်းချမ်းခြင်းလမ်းမနဲ့ အသီးအရွက်ဈေးလမ်းမကြီးတွေရဲ့ ထိန်းချုပ်ခွင့်ကို လက်လွှဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူဖုန်းစားဂိုဏ်း ရှုံးနိမ့်ခဲ့ရင် နန်ရေကန်နယ်မြေတစ်ခုလုံးကို လက်လွှဲပေးရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အခုအချိန်က စပြီးတော့ နန်ရေကန်ကို ကျားဖြူခန်းမက ပိုင်ဆိုင်သွားပါပြီ!”
ထိုအခါ စင်အောက်ရှိ ပွဲကြည့်ပရိသတ်များသည် အံ့ဩမှုကြောင့် ပင့်သက်ရှိုက်မိကြ၏။
ဤပြိုင်ပွဲနောက်ကွယ်၌ ဤမျှတန်ကြေးမြင့်မားသည့်အလောင်းအစား တည်ရှိနေကြောင်း သူတို့ မသိခဲ့ကြချေ။
ဒီပြိုင်ပွဲက အဖွဲ့အစည်းနှစ်ခုစလုံးရဲ့ အခြေခံအုတ်မြစ်ကို သက်ရောက်လိမ့်မယ်လို့ သတင်းတွေပြန့်နေတာ မထူးဆန်းတော့ပါဘူး။
သူတို့သည် အစက မယုံကြည်ခဲ့ကြပေ။ သို့သော် ယခုတွင်တော့ အကုန်ထွက်ပေါ်လာပြီဖြစ်ရာ ၎င်းသတင်းမှာ ဟာသတစ်ခုမဟုတ်ကြောင်း နားလည်သွားရတော့သည်။
သူတို့က ဒီလောက်တန်ကြေးမြင့်တဲ့လောင်းကြေးကို သီးသန့်လုပ်ထားခဲ့ကြတာပဲ။
သူတို့ရဲ့ဂုဏ်သတင်းကိုပါ လောင်းကြေးထပ်ခဲ့ကြတယ်။
ကျားဖြူခန်းမရဲ့ လမ်းမကြီးသုံးခုကိုသာ တကယ်လက်လွှဲပေးလိုက်ရရင် ကျားဖြူခန်းမအနေနဲ့ လုပ်ကိုင်ရှာဖွေဖို့အတွက် ကျားခေါင်းလမ်းမတစ်ခုပဲ ကျန်ခဲ့တော့မှာ။ အဲဒီလမ်းမတစ်ခုတည်းနဲ့ အဖွဲ့သားငါးရာ၊ ခြောက်ရာကို ဘယ်လိုထောက်ပံ့ပါ့မလဲ။ သေချာပေါက် အလိုအလျောက် ပြိုကွဲသွားရမှာပဲ။
အဆုံးသတ်ကျ သိုင်းလောကအဖွဲ့အစည်းတွေရဲ့ နောက်လိုက်အဖွဲ့သားတွေမှာလည်း ထောက်ပံ့ကျွေးမွေးဖို့ မိသားစုရှိကြတယ်လေ။ စားသောက်နေထိုင်ဖို့အတွက် ငွေကြေးအလုံအလောက် မရှာနိုင်ရင် ဘာလို့များ အဖွဲ့အစည်းထဲမှာ အလုပ်လုပ်ပါဦးမလဲ။
အဲဒါကြောင့် ကျားဖြူခန်းမက ဒီတစ်ခေါက် တကယ့်ကို သေရေးရှင်ရေးအခြေအနေနဲ့ ရင်ဆိုင်လိုက်ရတာပဲ။
ဤတွင် ဖန်းရှစ်ကျုံးသည် ကုန်သည်အဖွဲ့သားများ ဖိအားအလွန်အကျွံ ခံစားရကာ မကိုင်တွယ်နိုင်ကြမည်ကို စိုးရွံ့သောကြောင့် ထိုအကြောင်းတို့ကို ထုတ်ဖော်မပြောခဲ့ပေ။
သို့သော် ယခု သူတို့အနိုင်ရခဲ့လေပြီ။
ထို့ပြင် သူတို့အနိုင်ရခဲ့သည်မှာ တန်ဖိုးမရှိသည့် နယ်မြေလေးတစ်ခုမဟုတ်ဘဲ တရားမဝင် ဆားထုတ်လုပ်ရေးလုပ်ငန်းရှိသည့် နန်ရေကန်တစ်ခုလုံးဖြစ်၏။
၎င်းမှာ ရွှေတွင်းကြီးပင် ဖြစ်ပေသည်။
သူဖုန်းစားဂိုဏ်းသည် နန်ရေကန်ကို အမှီပြု၍ ချမ်းသာကြွယ်ဝနေခြင်းဖြစ်သည်။ သို့တိုင် သူတို့သည် ၎င်းကို လောင်းကြေးထပ်ခဲ့၏။ တကယ့်ကို တန်ကြေးမြင့်သည် အလောင်းအစားပါပင်။
ထိုအချိန်တွင် ပွဲကြည့်စင်မြင့်ပေါ်၌
ဖန်းရှစ်ကျုံးသည် သူဖုန်းစားအိုကြီးကို ပျော်ရွှင်တက်ကြွစွာဖြင့် ပြောသည်။
“သူဖုန်းစားအိုကြီး ခင်ဗျားက အရှုံးကို ခံနိုင်ရည်မရှိတဲ့သူတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”
သူဖုန်းစားအိုကြီးမှ ဖန်းရှစ်ကျုံးကို စူးစိုက်ကြည့်လျက် ပြန်ပြောသည်။
“ဒီလူအိုကြီးက အရှုံးကို လက်ခံနိုင်ပါတယ်!”
“ကောင်းပြီ၊ မနက်ဖြန်က စပြီးတော့ ကျားဖြူခန်းမက နန်ရေကန်ကို လက်လွှဲယူမယ်”
သူဖုန်းစားအိုကြီးမှ ချေပပြောဆို၏။
“ဟမ့် ဘာလို့ မနက်ဖြန်အထိ စောင့်နေဦးမလဲ။ ကျုပ် ခင်ဗျားကို ဒီနေ့ပဲ ပေးလိုက်မယ်”
ထိုသို့ပြောပြီးနောက် သူဖုန်းစားအိုကြီးမှ ဆက်ပြောသည်။
“တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျုပ် ကြာကြာဆက်မနေတော့ပါဘူး။ နှုတ်ဆက်ပါတယ်!”
သူဖုန်းစားအိုကြီးသည် ဒေါသတကြီးဖြင့် ထွက်သွားခဲ့သည်။ ဒီနေ့ပြိုင်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်၏။ သူဖုန်းစားအိုကြီးသည် ထွက်မသွားမီတွင် ပြိုင်ပွဲစင်ပေါ်ရှိ ချန်ကျိုစစ်ကို တစ်ချက်ကြည့်လိုက်သေးသည်။
ဒီကောင်စုတ်လေးက ငါ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တာပဲ။
ထိုသို့ရေရွတ်လိုက်ပြီးနောက် သူဖုန်းစားအိုကြီးသည် သူဖုန်းစားဂိုဏ်းသားများကို ဦးဆောင်၍ ထွက်သွားခဲ့သည်။
သူဖုန်းစားအိုကြီး ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ပရိသတ်များလည်း ဖြည်းဖြည်းချင်း စတင်၍ ပြန်ကုန်ကြသည်။
ချောင်ဟုန်ယန်မှ မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“သွားစို့”
သို့ဖြင့် ချောင်ဟုန်ယန်သည် ပွဲကြည့်စင်မြင့်ထက်မှ ဆင်းလာခဲ့သည်။ ထိုစဉ် ချန်ကျဲ့လည်း ပြိုင်ပွဲစင်ပေါ်မှ ဆင်းလာပြီဖြစ်၏။
ချန်ကျဲ့သည် လုရုံနှင့် စကားပြောနေခဲ့သည်။ လုရုံမှ တက်ကြွစွာဖြင့် ပြော၏။
“ညီငယ်၅ မင်းက တကယ့်ကို ကိုယ့်ကိုယ်ကိုယ် သေချာဖုံးကွယ်နှိမ့်ချပြီး နေထိုင်တတ်တာပဲ။ မင်းဒီနေ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်သတင်းကြီးအောင် လုပ်ဆောင်နိုင်ခဲ့တာပဲ!”
“မဟုတ်ဘူးလား အစ်ကိုကြီး၊ အစ်ကို၂?”
လုရုံမှ ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့ကို ကြည့်လျက် မေးလိုက်၏။ ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့သည်လည်း ရုတ်ချည်းပြုံးလိုက်ပြီး ပြန်ပြောသည်။
“တကယ့်ကိုပဲ ကျိုစစ်က ထူးချွန်ပြောင်မြောက်ပါပေတယ်။ အခု ကျားဖြူခန်းမရဲ့အနာဂတ်က မင်းအပေါ် မူတည်နေပါပြီ”