ရှေ့ထွက်ပြီး အသေခံစမ်း
Vol. 9 Ch. 860
ထို့နောက် နတ်မိမယ် ရှန်းရှီက ချန်းဖန်နှင့် ရှောင်မန်တို့အား သူမနောက်မှ ကပ်ပြီး လိုက်ရန် စေခိုင်းလိုက်သည်။
“ဒီနေရာက အရမ်း ထူးဆန်းတယ် ... ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်တောင် အသက်ရှင်ဖို့ မလွယ်ကူဘူး ... မမ ကြားရသလောက်ဆို အခြားကမ္ဘာတစ်ခုက သက်ရှိတွေလည်း ကမ္ဘာနှစ်ခု ဆုံမှတ်ကို ဝင်ကြတယ်တဲ့”
နတ်မိမယ် ရှန်းရှီက ပြောလိုက်သည်။
“မမ ရှန်းရှီ ... အဲဒီလူတွေက ဘာမျိုးနွယ်တွေလဲ”
ရှောင်မန်က မေးလိုက်သည်။
“သူတို့ကို ရှေးဟောင်း နတ်ဆိုးတွေလို့ ခေါ်တယ် ... သူတို့က အရမ်း အစွမ်းထက်တယ် ... အထူးသဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေပေါ့ ... နောက်ပြီး သူတို့က တိုက်ခိုက်ရေး နည်းစနစ်တွေ လျှို့ဝှက် ကျင့်စဉ်တွေကိုလည်း ပိုင်ဆိုင်ထားတယ်”
နတ်မိမယ် ရှန်းရှီက ဆက်လက် ရှင်းပြ လိုက်သည်။
“ဒါပေမဲ့ ကံကောင်းတာက ရှေးဟောင်း နတ်ဆိုးတွေကို ကမ္ဘာနှစ်ခု ဆုံမှတ်မှာ ဆုံရခဲတယ် ... မမ လေ့လာထားသလောက် ဆိုရင် သူတို့ကို မတွေ့ရတာ နှစ်တစ်ထောင်လောက် ရှိပြီတဲ့ ... အကြီးအကဲတွေကတော့ ရှေးဟောင်း နတ်ဆိုးတွေက ကမ္ဘာနှစ်ခု ဆုံမှတ်ကို လက်လျှော့သွားပြီလို့ ခန့်မှန်းကြတယ်…”
“ကောင်းတာပေါ့…”
ရှောင်မန်က ပျော်ရွှင်စွာ ခေါင်းညိတ်ရင်း ပြောလိုက်၏။
“ရှေးဟောင်း နတ်ဆိုး…”
ချန်းဖန်ကမူ ထိုနာမည်ကြောင့် အနည်းငယ် အံ့အားသင့် နေခဲ့သည်။ သူသည် ထိုနာမည်ကို ကြားဖူး၏။
ရှေးဟောင်း နတ်ဆိုး မျိုးနွယ်သည် စကြဝဠာ အတွင်း၌ ထိပ်တန်း မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့၏ အဆင့်အတန်းမှာ အလင်း မျိုးနွယ်၊ အမှောင် ဝံပုလွေ မျိုးနွယ်များထက် ပိုမို မြင့်မား၏။
ရှေးဟောင်း နတ်ဆိုးများသည် မရေမတွက်နိုင်သော နည်းစနစ်များကို တတ်ကျွမ်းသကဲ့သို့ အရွယ်ရောက်သည်နှင့် ရွှေအမြုတေ အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ဆက်ခံ နိုင်ကြသည်။ သူတို့၏ ခွန်အားက လူသား ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အသာလေး ဆွဲဖဲ့ပစ်နိုင်၏။
သို့သော်လည်း နတ်ဆိုး မျိုးနွယ်များက နှစ်တစ်ထောင်ကြာအောင် ပေါ်မလာတော့ဟု ဆိုရာ ချန်းဖန်မှာ ရှည်ရှည်ဝေးဝေး တွေးမနေတော့ချေ။
“ဟူး ... ဟူး…”
ထို့နောက် သူတို့ သုံးယောက်သည် ဆက်လက် လျှောက်လာကြ၏။
အချိန် အများစု၌ ရှောင်မန်သည် ရှန်းရှီအား မေးခွန်းများ တရစပ် မေးနေခဲ့၏။ ရှန်းရှီ ကလည်း သူမ၏ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်လည် ဖြေပေးနေခဲ့သည်။
တစ်ခါတစ်ရံ၌ နတ်မိမယ် ရှန်းရှီက နတ်ဘုရား စိတ်အာရုံဖြင့် ချန်းဖန်အား ဆက်သွယ်ကာ ဖျောင်းဖျ ပြောဆို၏။
“ရှောင်မန်က နတ်ဘုရား သွေးကြောကို ပိုင်ဆိုင်ထားပြီးတော့ ကောင်းကင်အရှင် ဖြစ်ဖို့ ပါရမီ ပါတယ် ... သူသာ ရှင်နဲ့အတူ ပေ့ဟန်နယ်မှာ နေရင် သူ့ရဲ့ ပါရမီတွေက အလဟဿ ဖြစ်သွားလိမ့်မယ် ... ကျွန်မ သူ့ကို ဂိုဏ်းကို ခေါ်သွားပြီး အစစ်အမှန် ကျင့်စဉ်တွေ သင်ပေးချင်တယ် ... အဲဒါဆိုရင် သူက နှစ်တစ်ရာ အတွင်းမှာတောင် အခြေတည် ဝိညာဉ် အဆင့်ကို ရောက်နိုင်တယ်”
သို့သော်လည်း ချန်းဖန်က ချက်ချင်းပင် အပြတ်ငြင်း၏။
“စိတ်မပူပါနဲ့ ... ရှောင်မန်က ငါ့ညီမပါ ... ငါ သူ့ကို ပြိုင်ဘက်ကင်း ကျင့်ကြံသူ ဖြစ်လာအောင် ကူညီပေးနိုင်တယ်”
“ရှင် စိတ်ကြီးဝင် မနေနဲ့ ... ရှင့်ခန္ဓာကိုယ်က သန်မာတယ် ဆိုပေမဲ့ ဘယ်လိုလုပ်ပြီး နှစ်သောင်းချီ သမိုင်းကြောင်း ရှိတဲ့ ဂိုဏ်းကို ယှဉ်နိုင်မှာလဲ ... ရှောင်မန်က ကျွန်မနဲ့ မလိုက်ချင်ဘူး ဆိုရင်လည်း အခြားဂိုဏ်းတွေဆီ ကျွန်မ အပ်နှံပေးလို့ ရတယ် ... သူ့လို ပါရမီရှင်ကို မလိုချင်တဲ့ဂိုဏ်း ရှိမှာ မဟုတ်ဘူး…”
ရှန်းရှီက ချန်းဖန်အား ထပ်မံ၍ ဖျောင်းဖျ ပြောဆို၏။ သို့သော်လည်း ထိုအရာက ချန်းဖန်အား နားချရန် မည်ကဲ့သို့ အသုံးဝင်မည်နည်း။
“နတ်မိမယ် ရှန်းရှီ ... ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီး မနေနဲ့ ... ခင်ဗျား ပြောတဲ့ ဂိုဏ်းကြီးတွေ ဆိုတာက ကျုပ်အတွက်တော့ အရှုံးသမားတွေထက် မပိုဘူး ... ကျုပ် ညီမကို ကျုပ်ကိုယ်တိုင် ပြိုင်ဘက်ကင်း ဖြစ်အောင် လုပ်ပေးနိုင်တယ်”
“ဟမ့်…”
နတ်မိမယ် ရှန်းရှီက နှာခေါင်းရှုံ့ကာ ဘာမှ ထပ်မပြောတော့ချေ။
ထိုခရီးလမ်းကြောင်းကား နတ်မိမယ် ရှန်းရှီ၏ ဦးဆောင်မှုတွင် အရာရာ ချောမွေ့ အဆင်ပြေ နေခဲ့သည်။ ချန်းဖန်မှာ အားလပ်နေကာ ပတ်ဝန်းကျင်ကိုသာ လေ့လာနေခဲ့၏။
“ဟူး ... ဟူး…”
ထိုကမ္ဘာ၏ ဝိညာဉ်ချီမှာ အပြင် ကမ္ဘာထက် ဆယ်ဆမျှ ပိုမို ထူထပ်ရုံသာမက ဟင်းလင်းပြင် စွမ်းအားမှာလည်း အလွန် ထူထပ်လှသည်။ ချန်းဖန်၏ ခွန်ပန် အမြုတေမှာ အရှိန်ပြင်းစွာ လည်ပတ်ရင်း ဟင်းလင်းပြင် စွမ်းအားများကို စုပ်ယူနေသည်။
“ငါသာ ဒီမှာ လအနည်းငယ်လောက် နေရရင် ငါ့ရဲ့ ခွန်ပန် အမြုတေက ပြည့်စုံသွားလိမ့်မယ် ... အဲဒီလိုဆို ဟင်းလင်းပြင် ကျောက်တုံးတောင် လိုမှာ မဟုတ်တော့ဘူး”
ချန်းဖန်က တွေးလိုက်သည်။
သို့သော်လည်း ကံမကောင်းသည်က ကမ္ဘာနှစ်ခု ဆုံမှတ်မှာ နှစ်ပတ်သာ ပွင့်ခြင်း ဖြစ်သည်။ ထိုအရာ ပြန်လည် ပိတ်သွားပါက အထဲ၌ ရာစုနှစ် သုံးခုခန့် စောင့်ရလိမ့်မည် ဖြစ်သည်။
“ဟူး ... ဟူး…”
သုံးရက် တိုင်တိုင် ခရီးနှင်လာပြီး နောက်၌ သူတို့၏ အရှေ့တွင် တောင်ကြားတစ်ခု ပေါ်လာခဲ့၏။
“နောက်ဆုံးတော့ ကန့်ထျန်း တောင်ကြားကို ရောက်လာပြီ ... စာအုပ်တွေထဲက အတိုင်းဆို ဒီနေရာမှာ အဖိုးတန်တဲ့ ရတနာဆေးဝါးတွေ ရှိတယ်တဲ့”
နတ်မိမယ် ရှန်းရှီ၏ မျက်လုံးများက တောက်ပ သွားသည်။
“မမ ရှန်းရှီ ... မမက ဒဏ္ဍာရီလာ နတ်ဘုရား ဆေးဝါးအတွက် ဒီကို လာတာလား”
ရှောင်မန်က မေးလိုက်သည်။
“မဟုတ်ဘူး ... နတ်ဘုရား ဆေးဝါးတွေက အရမ်း ရှားတယ် ... မမ ဒီကို လာတာက ကောင်းကင် ဆေးဝါးတစ်ခုကို လာရှာရုံ သက်သက်ပဲ”
ရှန်းရှီက ခေါင်းအား ခါယမ်းရင်း ပြောလိုက်သည်။
“ခင်ဗျားက ပုထျန်းသီးကို လာရှာတာ များလား”
ရှောင်မန်က မေးသည်။
“ပုထျန်းသီး လာရှာတယ် ဆိုတာ ရှင် ဘယ်လို သိနေတာလဲ…”
ရှန်းရှီက ချန်းဖန်အား အံဩတကြီး ကြည့်လိုက်သည်။
“ကောင်းကင် ဆေးဝါးတွေထဲမှာ ပုထျန်းသီးက လွဲပြီး ဘယ်ဆေးဝါးက ဂိုဏ်းကြီး တစ်ခုရဲ့ တပည့်ကို ဆွဲဆောင်နိုင်မှာလဲ”
ချန်းဖန်က ပြုံးလိုက်သည်။
“ဟုတ်တယ် ... ကျွန်မက ပုထျန်းသီးကို လာရှာတာ ... ကျွန်မ သိထားသလောက်ဆို ကန့်ထျန်း တောင်ကြားမှာ ရှိတဲ့ ပုထျန်းပင်က မကြာခင် ရင့်မှည့် လာတော့မှာတဲ့”
နတ်မိမယ် ရှန်းရှီက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ သူမ၏ ချန်းဖန် အပေါ် အေးစက်ခြင်းက အနည်းယ် လျော့နည်း လာ၏။
“ဟဟ ... ကံမကောင်းတာဘဲ ... ပုထျန်းသီးအကြောင်း သိနေတာက ခင်ဗျား တစ်ယောက်ပဲ မဟုတ်ဘူး ထင်တယ်”
ချန်းဖန်က ပြောလိုက်သည်။
“ဟုတ်လို့လား…”
နတ်မိမယ် ရှန်းရှီ တွေဝေ သွားစဉ်မှာပင် သူတို့ အနီးသို့ လင်းပိုင်ကွေ့ အပါအဝင် လူတစ်စု နီးကပ် လာသည်ကို တွေ့လိုက်ရ၏။
လင်းပိုင်ကွေ့မှာ ချန်းဖန်နှင့် ရှန်းရှီကို တွဲလျက် တွေလိုက်ရရာ အံ့အားသင့် သွားသည်။ သူက အပြုံးဖြင့် မေးလိုက်၏။
“ခင်ဗျားတို့လည်း ဒီကို ရောက်နေတာပဲ ... ကြည့်ရတာ ပုထျန်းသီးအတွက် ရောက်လာကြတာ ထင်တယ်”
“ပုထျန်းသီး အကြောင်း လူ တော်တော် များများ သိနေတာလား…”
ရှန်းရှီက မျက်မှောင်ကြုတ်ရင်း ရေရွတ် လိုက်၏။
လင်းပိုင်ကွေးက ယဉ်ကျေးသည့် အမူအရာဖြင့် ဆက်ပြော လိုက်သည်။
“အရှင်ပေ့ဟန်ဟာ ပုထျန်းသီးကို တွေ့ရှိခဲ့တယ် ... သူက ဒီဆေးဝါးကို စောင့်ရှောက်ဖို့ အတွက် ရာစုနှစ် နှစ်ခုအထိ ဒီကမ္ဘာမှာ နေခဲ့တယ် ... သူက အပြင်ကမ္ဘာမှာ သူသေပြီလို့တောင် သတင်းဖြန့် လိုက်သေးတယ် ... ဒါပေမဲ့ မကြာခင်မှာ လူတိုင်းက အမှန်တရား ဘာဆိုတာ သိသွားကြတယ် ... အဲဒီ ဆေးပင်ကြောင့်ပဲ နယ်အချို့က ထိပ်သီး အရှင်သခင်တွေနဲ့ ကျုပ်ရဲ့ ဘိုးဘေး ဝမ်ရှင်း တန်ခိုးရှင် တကောင်းတို့က ဒီနေရာကို ရောက်လာကြတာ”
ပုထျန်းသီးသည် နတ်ဘုရား ဆေးပင်ကဲ့သို့ တန်ဖိုးရှိသော ရတနာ ဖြစ်သည်။
နတ်မိမယ် ရှန်းရှီပင်လျှင် ၎င်းကို ကောင်းကင် အဆင့် ရွှေအမြုတေ ပြုလုပ်ရန် လိုချင်နေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အခြားတန်ခိုးရှင်များတွင်လည်း ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေနိုင်သည်။
နတ်မိမယ် ရှန်းရှီ၏ မျက်ခုံးများက တွန့်ကွေး သွား၏။ သူမသည် သူမ၏ ပစ်မှတ်မှာ ထိုမျှ ပြိုင်ဆိုင်မှုများ ရှိလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။
“နေပါဦး ... အရှင် ပေ့ဟန်က အဲဒီ ဆေးပင်ကို အစောတည်းက ဘာလို့ ယူမသွားတာလဲ ... ဘာလို့ သူက ပြဿနာတွေကို စောင့် နေတာလဲ”
ရှန်းရှီက မေးလိုက် ပြန်၏။
လင်းပိုင်ကွေ့က အနည်းငယ် စဉ်းစားကာ ပြန်ဖြေ လိုက်သည်။
“ပုထျန်းသီးက ရင့်မှည့်ဖို့ ရက်အနည်းငယ် လိုနေသေးတယ် ... အရှင် ပေ့ဟန်က အဲဒီအပင် ရှေ့မှာ စောင့်ရှောက်နေတာ ... နောက်ပြီး သူက အဲဒီ အပင်ကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက် နေသေးတယ် ... အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေက သူနဲ့ ညှိနှိုင်းဖို့ အရင် ဝင်သွားကြပြီ ... ကျုပ်တို့လည်း အထဲရောက်ရင်တော့ ဘာတွေ ဖြစ်နေလဲဆိုတာ တွေ့ရမှာပါ”
ထို့နောက် ချန်းဖန်တို့ သုံးယောက်နှင့် လင်းပိုင်ကွေးတို့ အုပ်စုသည် ကန့်ထျန်း တောင်ကြား အတွင်းသို့ ဝင်လာခဲ့၏။
“ဟူး ... ဟူး…”
ကန့်ထျန်း တောင်ကြားသည် ပေသောင်းချီ မြင့်မားသော တောင်တန်းများ၏ ဝန်းရံမှု အလယ်၌ တည်ရှိကာ မိုင်တစ်ရာခန့် ကျယ်ဝန်းသည်။ တောင်ကြား အတွင်းတွင်မူ အပြင်ဘက်နှင့် ကွာခြားစွာပင် ဝမ်ရှင်းတန်ခိုးရှင်များဖြင့် ပြည့်နှက်နေခဲ့၏။
ချန်းဖန်က လှည့်ပတ် အကဲခတ်လိုက်ရာ ချောက်ကမ်းပါးကို တွယ်လျက် ပေါက်နေသော သုံးပေခန့် အမြင့်ရှိသည့် အပင် တစ်ပင်ကို တွေ့လိုက်ရသည်။ အပင်၏ ထိပ်တွင်မူ ကျောက်မျက်နှင့် တူသော အသီးတစ်ခုသည် တွဲလျက် ကျနေ၏။ ထိုအရာကား အားလုံး အလိုရှိနေသော ပုထျန်းသီးပင် ဖြစ်လေသည်။
“အသုံးမဝင်ဘူး ... မင်းတို့ အားလုံး ကြိုးစားမနေကြနဲ့ … မရင့်မှည့်ပင် ဘယ်သူမှ ပုထျန်း အပင်နားကို မကပ်နိုင်ဘူး”
ပုထျန်းပင်၏ ရှေ့ရှိ ကျောက်ဖြာတွင် ထိုင်နေသော ဆံပင်ဖြူ အဘိုးအိုက အော်ဟစ် လိုက်၏။
ထိုအဘိုးအို၏ ရုပ်ရည်သည် အလွန် အိုမင်းနေကာ သူ၏ အသံမှာလည်း လှိုက်ကာ တုန်ရီ နေသည်။ သို့သော်လည်း မည်သူမျှ သူ့အား မထင်မသေးရဲ ကြချေ။
သူကား အခြားသူ မဟုတ်။ လက်ရှိ အရှင်ပေ့ဟန် ဖြစ်သော ကျိုးကျူးရှင်း ပင် ဖြစ်သည်။
ကျိုးကျူးရင်းသည် လွန်ခဲ့သည့် နှစ်တစ်ထောင်ကပင် ရွှေအမြုတေ ထိပ်ဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ ယခု အချိန်၌ သူ မည်မျှ အစွမ်းထက်ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်၏။
ထို့အပြင် သူသည် ကောင်းကင်မြိုမြွေ၏ သွေးကိုပါ ပိုင်ဆိုင်ထားရာ ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ကမ္ဘာ၌ ခြွင်းချက်မရှိ အစွမ်းအထက်ဆုံးလူ ဖြစ်သည်။ နတ်မိမယ် ရှန်းရှီနှင့် လင်းမိသားစုမှ ဘိုးဘေး တကောင်းပင်လျှင် မျက်မှောက်ကြုတ် နေခဲ့၏။
ရုတ်တရက် ကျိုးကျူးရှင်းက ချန်းဖန်ကို ကြည့်ကာ မေးလိုက်သည်။
“မင်းက ငါ့မိသားစုကို အပြတ် ရှင်းပြီး ငါ့ ဆက်ခံသူ ကျိုးတုလော့ကို သတ်ခဲ့တဲ့ ကျူးဝမ် မျိုးနွယ်မလား ... မင်းက ကန့်ထျန်း တောင်ကြားကို ဝင်လာရဲတယ် ဆိုတော့ ငါကလည်း မင်းကို လိုက်ရှာစရာ မလိုတော့ဘူးပေါ့”
ထို့နောက် ကျိုးကျူရှင်းက အော်ဟစ် ရယ်မော လိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ…”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မေးလိုက်သည်။
နတ်မိမယ် ရှန်းရှီမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားသည်။ ထိုကောင်စုတ်က အရှင် ပေ့ဟန်နှင့် ရန်ငြိုး ရှိနေသည်လား။
“ဘုန်း…”
ကျိုးကျူရှင်းက ထိုင်ရာမှ ထလိုက်ရာ သူ၏ နောက်တွင် ကောင်းကင်မြို မြွေ၏ပုံရိပ် ဖြစ်ပေါ်လာ၏။ များစွာသော ဝမ်ရှင်း တန်ခိုးရှင်များမှာ ကြောက်လန့်စွာဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။
“သောက်ကလေး ... ရှေ့ထွက်ပြီး အသေခံစမ်း…”
ကျိုးကျူရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
များစွာသော ဝမ်ရှင်း တန်ခိုးရှင်များမှာ ချန်းဖန်အား သနားစွာ ကြည့်လိုက်ကြ၏။ သူတို့၏ အမြင်၌ ချန်းဖန်မှာ အားနည်းပြီး ကျိုးကျူရှန်းကို မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
နတ်မိမယ် ရှန်းရှီက မျက်မှောက်ကြုတ်၍ ချန်းဖန် ဘက်မှ ဝင်ရောက်ပြောရန် ဟန်ပြင် လိုက်သည်။ သို့သော်လည်း သူမထက် ဦးစွာပင် ချန်းဖန်၏ အသံက မောက်မာစွာ ထွက်ပေါ်လာ၏။
“ကျိုးကျူရှင်း ... မင်းက ဘာလို့ သေဖို့ကို အဲဒီလောက် အလျင်လိုနေတာလဲ…”
“ ... ”
ရုတ်တရက် လူတိုင်းမှာ ဆွံ့အသွားကြတော့၏။
***