အတူတူ တိုက်ကြမယ်
Vol. 9 Ch. 862
လင်းပိုင်ကွေးကို သတ်ပြီးနောက် ချန်းဖန်သည် ပုထျန်းပင်ကို သူ၏ သိုလှောင်လက်စွပ် အတွင်းတွင် တွေ့ရသည်။
“အရမ်း ကောင်းတယ် ... ငါ ဒါကို ကျူးဝမ် မျိုးနွယ်တွေအတွက် အခြေခံ အုတ်မြစ်အဖြစ် ပေးရမယ်”
ချန်းဖန်က ပုထျန်းပင်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
ထို့နောက် သူတို့ နှစ်ယောက်သည် ဆက်လက် စောင့်ဆိုင်း၏။ တောင်ကြား အတွင်းရှိ တိုက်ပွဲကား အလွန် ပြင်းထန်နေခဲ့ပုံပေါ်သည်။ တောင်ကြားကို ကာကွယ်ထားသော အစီအရင် ပင်လျှင် တုန်ရီနေ၏။
သူတို့သည် စစ်မြေပြင်မှ လက်လျှော့ကာ ထွက်လာသော ကျင့်ကြံသူများထံမှ နောက်ဆုံးရ သတင်းများကို ကြားရသည်။ ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် ကြည့်ရာ အပြင်းအထန် တိုက်ခိုက်နေသော ငွေရောင် အလင်း၊ ကောင်းကင်မြိုမြွေနှင့် ဝံပုလွေ ပုံရိပ်တို့ကို တွေ့ရသည်။
“ကြည့်ရတာ ငါ နတ်မိမယ် ရှန်းရှီကို ထပ်ပြီး အထင်သေးမိပြန်ပြီ ထင်တယ်”
အရှင် ဝိညာဉ် စိုက်ပျိုးခြင်း၊ အရှင် ယွမ်ဝူနှင့် ဘိုးဘေး တကောင်းတို့သည် ဓားဧကရာဇ် ကဲ့သို့ အစွမ်းထက်သူများ ဖြစ်သည်။ ထို့အပြင် အရှင် ပေ့ဟန်မှာ ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ကမ္ဘာ၌ အစွမ်း အထက်ဆုံး ဖြစ်သည်။
သို့သော်လည်း နတ်မိမယ် ရှန်းရှီသည် ထိုသူများ အားလုံး၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်။ သူမကား ဟန်ရှုံး သတ်မှတ်ချက်ဝင် နာမည်ကျော် တစ်ယောက်ဖြစ်ရာ ထိုသူများက သူမအား အရင်ဆုံး ရှင်းထုတ်လိုဟန် ရသည်။
နှစ်ရက် ကြာပြီးနောက်…
“ဘုန်း …”
ပေါက်ကွဲသံနှင့်အတူ နတ်မိမယ် ရှန်းရှီ တောင်ကြား အပြင်ဘက်သို့ ပြေးထွက်လာ၏။ ထိုအချိန်၌ သူမကား အခြေအနေ ကောင်းတော့ဟန် မရချေ။ သူမ၏ ငွေရောင် အတောင်ပံများပင်လျှင် မှိန်ဖျော့နေခဲ့ပြီ ဖြစ်သည်။
“ပြေးတော့ …”
ရှန်းရှီက သူတို့ နှစ်ယောက်အား မြင်သည်နှင့် အော်ဟစ် လိုက်သည်။
“မမ ရှန်းရှီ ... အဆင်ပြေလား …”
ရှောင်မန်က မေးလိုက်သည်။
“ဝေါ့ …”
ရှန်းရှီက ပြန်မဖြေခင် ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ် လိုက်၏။ ထို့နောက် သူမ၏ မျက်နှာက ပို၍ ဖြူရော် သွားသည်။
“မမ ဘာမှမဖြစ်ဘူး ... နည်းနည်း ဒဏ်ရာ ရရုံတင်ပါ ... ကုသဖို့ အချိန်ရရင် ပြန်ကောင်း လာလိမ့်မယ်”
ထိုအချိန်မှာပင် တောင်ကြား အတွင်းမှ ကမ္ဘာပျက် မတတ် ဟိန်းဟောက်သံ တစ်ခု ပေါ်ထွက် လာ၏။
“နတ်မိမယ် ရှန်းရှီ ... ပြေးဖို့ မစဉ်းစားနဲ့ ... ပုထျန်းသီးကို ထားခဲ့စမ်း”
ရှန်းရှီက ဘာမှ ပြန်မပြောပဲ ချန်းဖန်နှင့် ရှောင်မန်ကို သယ်ဆောင်ကာ ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်းပိုင်းသို့ ပျံသန်း ပြေးသည်။ သို့သော်လည်း အခြားလူများမှာ သူတို့နှင့် ပေတစ်သောင်း အကွာအဝေးမှ မျက်ခြည်မပြတ် လိုက်နေဆဲ ဖြစ်၏။ အဆုံး၌ ရှန်းရှီမှာ လျှို့ဝှက်နည်းစနစ်များကိုပင် အစွမ်းကုန် ထုတ်သုံး လာရ၏။
“မမ ရှန်းရှီ ... သမီးတို့ကို ချထားခဲ့ လိုက်တော့ ... မမ လွတ်အောင်ပြေး”
ရှောင်မန်က ပြောလိုက်သည်။
“မဖြစ်ဘူး ... ရှောင်မန်တို့ မောင်နှမကို ထားခဲ့ရင် သေတွင်း တွန်းပို့သလို ဖြစ်သွားမှာပေါ့”
သို့သော်လည်း နတ်မိမယ် ရှန်းရှီးက ငြင်းဆို ဆိုလိုက်၏။
“အစ်ကို ... မမ ရှန်းရှီကို ကူညီပါဦး”
ရှောင်မန်က ချန်းဖန်အား အားကိုးတကြီး ကြည့်လိုက်သည်။
ချန်းဖန်က ခေါင်းညိတ်ရန် ပြင်လိုက်သော်လည်း သူ့ထက် အရင် ရှန်းရှီကသာ ဖြတ်၍ ပြောလိုက်၏။
“သူ့ကို ရူးရူးမိုက်မိုက်တွေ လျှောက်လုပ်ခိုင်း မနေနဲ့ ... ကျိုးကျူရှင်းရဲ့ တိုက်ခိုက်မှုတွေက အရမ်း ကြောက်ဖို့ ကောင်းတယ် ... သူ သေသွားလိမ့်မယ်”
အဆုံး၌ ချန်းဖန်မှာ ပခုံးတွန့်ရုံသာ တတ်နိုင် တော့၏။ သူ၏ ဘဝက မည်သည့် အချိန်က မိန်းကလေး တစ်ယောက်၏ စောင့်ရှောက်ခံအဖြစ်သို့ ရောက်သွားရ သနည်း။ ထိုအရာက ယောက်ျား သိက္ခာကို ကျစေ၏။
“ဟူး ... ဟူး …”
သူတို့ ထွက်ပြေး လာသည်မှာ ခုနစ်ရက် တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ ထိုအတော အတွင်း၌ ရှန်းရှီမှာ ပို၍ ဖြူရော်ကာ အားနည်းလာ၏။ သူမသည် ဟန်ရှုံး သတ်မှတ်ချက်ဝင် တစ်ယောက် ဖြစ်သော်လည်း တစ်ခါမျှ ယခု ကဲ့သို့ အခြေအနေ မဆိုးသေးချေ။
သို့သော်လည်း ရှန်းရှီကို ပို၍ စိတ်ပူစေသည့် အရာမှာ ကမ္ဘာနှစ်ခု ဆုံမှတ် ပိတ်မည့် အချိန်က ပို၍ နီးကပ်လာခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ အပြင်သို့ အချိန်မီ မထွက်နိုင်ပါက ရာစုနှစ် သုံးခုလုံး ဤနေရာတွင် ပိတ်မိ သွားလိမ့်မည် ဖြစ်သည်။
ဘိုးဘေး တကောင်းနှင့် အခြားလူများ မှာလည်း ထိုအကြောင်းကို သိကြ၏။ သူတို့က ညှိနှိုင်းရန် စတင် ကြိုးစား လာကြသည်။
“နတ်မိမယ် ရှန်းရှီ ... ခင်ဗျား ပုထျန်းသီးကို ကျုပ်တို့ကို မပေးဘူး ဆိုရင် အကုန်လုံး ကမ္ဘာ နှစ်ခုဆုံမှတ် အတွင်းမှာ ပိတ်မိ နေလိမ့်မယ် ... အဲဒီ အခါကျရင် ပြန်လည် မွေးဖွားခြင်း ဂိုဏ်းချုပ်တောင် ခင်ဗျားကို ရှာတွေ့မှာ မဟုတ်တော့ဘူး”
“ပြန်လည် မွေးဖွားခြင်း နတ်မိမယ် ... ပုထျန်းသီးကို ကျုပ်တို့ အညီအမျှ ခွဲယူလို့ ရပါတယ်”
သို့သော်လည်း ရှန်းရှီက သူတို့၏ စကားကို နားမထောင်ဘဲ ဆက်လက် ပြေး၏။ ပုထျန်းသီးသည် ကောင်းကင် အမြုတေ အောင်မြင်ရန် အလွန် အရေးကြီးရာ သူမ အနေဖြင့် လက်လျှော့ရန် ဆန္ဒ မရှိချေ။
“ဟူး ... ဟူး …”
အဆုံး၌ ရက်သတ္တပတ် နှစ်ပတ်၏ နောက်ဆုံး နေ့ရက်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
“ဘုန်း …”
ရှန်းရှီသည် ပေပေါင်းများစွာ မြင့်မားသော တောင်ထိပ် တစ်ခု၌ ချန်းဖန်တို့နှင့် အတူ ဆင်းသက် လိုက်သည်။ ထို့နောက် သူမက ရှောင်မန်အား အဆောင်များကို ပေးကာ ပြောလိုက်သည်။
“ရှောင်မန် ... ဒီကောင်းကင် အဆောင်တွေကို အဆင်သင့် ပြင်ထား ... သူတို့ စပြီး တိုက်ခိုက် တာနဲ့ အသက်သွင်းလိုက် ... မမ ဒဏ်ရာတွေကို ပြန်ကုလိုက်ဦးမယ်”
“မမ ရှန်းရှီ ... မမ တကယ်ပဲ အဆင်ပြေ ရဲ့လား …”
ရှောင်မန်မှာ စိတ်ပူမှုကြောင့် ငိုလုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရှန်းရှီ၏ တစ်ကိုယ်လုံးသည် ဖြူရော်နေကာ ဓမ္မ အငွေ့အသက်မှာလည်း ကင်းမဲ့နေ၏။ သူမသည် နှစ်ပတ် နီးပါး မနားတမ်း ပြေးခဲ့ရရာ သူမ၏ ရွှေအမြုတေ ပင်လျှင် မတည်မငြိမ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“စိတ်မပူနဲ့ ... မမ ဘာမဖြစ်ဘူး”
ရှန်းရှီက ရှောင်မန်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်၏။ ထို့နောက် သူမက ချန်းဖန်အား နတ်ဘုရား စိတ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်သည်။
“အခြေအနေ မကောင်းတာနဲ့ ရှောင်မန်ကို ခေါ်ပြီး ချက်ချင်း ထွက်သွားနော် ... သူတို့က ဒီအချိန်မှာ ကျွန်မဆီက ပုထျန်းသီးကိုပဲ လိုချင် နေတာ ... ရှင်တို့ နောက်ကို လိုက်ဦးမှာ မဟုတ်ဘူး ... တကယ်လို့ ကျွန်မ သေသွားရင် ပြန်လည် မွေးဖွားခြင်းဂိုဏ်းကို သွားပြီး …”
သူမ၏ စကား မဆုံးခင်မှာပင် ချန်းဖန်က သူမ၏ လှပသော မျက်လုံးများကို ကြည့်ကာ ပြောလိုက်၏။
“ခင်ဗျား မသေပါဘူး …”
ရှန်းရှီမှာ အနည်းငယ် တိတ်ဆိတ်သွားကာ ခေါင်းအား ခါယမ်း လိုက်သည်။
“ကောင်းကင် အဆောင်တွေက အစွမ်းထက်တယ် ဆိုပေမဲ့ သူတို့ကိုတော့ မသတ်နိုင်ဘူး ... သူတို့က အရမ်း ပါးနပ်တယ် ... တစ်ခုခု လွဲနေတာကို သိတာနဲ့ ချက်ချင်း နောက်ဆုတ်မှာပဲ ... နောက်ပြီး …”
“ကျုပ်ပြောပြီးပြီပဲ နတ်မိမယ် ရှန်းရှီ ... ခင်ဗျား မသေပါဘူးလို့”
ချန်းဖန်က ဖြတ်ကာ ပြောလိုက်ပြန်၏။
“ရှင် …”
ရှန်းရှီက မျက်မှောင်ကြုတ် လိုက်သည်။ ရုတ်တရက် သူမ၏ အကြည့်များက အဝေး တစ်နေရာသို့ ရောက်ရှိ သွား၏။
“သူတို့ ဒီကို ရောက်လာတော့မယ် ... ကျွန်မ အရင်ဆုံး ဒဏ်ရာ ကုသဖို့ အစီအရင် တစ်ခု ခင်းလိုက်ဦးမယ် ... ရှင် ကျွန်မ ပြောတာ မမေ့ပါနဲ့”
မကြာခင်မှာပင် ကျိုးကျူရှင်း၊ ဘိုးဘေး တကောင်းတို့ အပါအဝင် အလင်းတန်း ငါးခုသည် ကောင်းကင်ကို ဖြတ်သန်းကာ ပျံသန်း လာ၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
သူတို့သည် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းအား ဝန်းရံကာ လေဟာနယ် စွမ်းအားများကို တိုက်ရိုက်ပင် ထိုးဖောက် လာသည်။ ဤကမ္ဘာသည် စွမ်းအားကို ကန့်သတ် ထားသည့်တိုင် သူတို့သည် အစွမ်းထက်နေဆဲ ဖြစ်သည်။
“နတ်မိနယ် ရှန်းရှီ ... နင် ဆက်ပြီး မပြေးနိုင်တော့ဘူးပေါ့”
အရှင် ဝိညာဉ် စိုက်ပျိုးခြင်းက ပြုံးရင်း ပြောလိုက်သည်။
“မင်းလည်း မပြေးဘူးပေါ့ ကောင်းတယ် ... ငါ မင်းကို သတ်ပြီး ကျိုးမိသားစုအတွက် လက်စား ချေမယ်”
ကျိုးကျူရှင်းက ချန်းဖန်ကို စူးစိုက် ကြည့်လိုက်သည်။
“နတ်မိမယ် ... အညံ့ခံပြီး ပုထျန်းသီးနဲ့ ပြန်လည် မွေးဖွားခြင်း ကျင့်စဉ်ကို လွှဲပေး ... ဒါဆို ကျုပ်တို့ ခင်ဗျား အသက်ကို ချမ်းသာ ပေးမယ်”
ဘိုးဘေး တကောင်းကလည်း ပြော၏။
“ဟမ့် …”
ရှန်းရှီက နှာခေါင်းရှုံ့ကာ တားမြစ် နည်းစနစ်တစ်ခုကို သုံးရန် ပြင်လိုက်သည်။ ယခု တစ်ကြိမ်တွင်မူ ချန်းဖန်မှာ သွေးအေး မနေနိုင်တော့ချေ။ သူက နတ်မိမယ် ရှန်းရှီ၏ ဘေးတွင် ရပ်ကာ ကောင်းကင်ရှိ အရှင်ခင် ငါးယောက်ကို ကြည့်လိုက်သည်။
“အတူတူ တိုက်ကြမယ် …”
***