ရန်သူများစွာနှင့် တိုက်ခိုက်ခြင်း
Vol. 9 Ch. 864
ကျိုးကျူရှင်းသည် အလွန် အစွမ်းထက်သည်။ ပေ့ဟန်နယ်၏ လက်ရှိ အရှင်အနေဖြင့် သူ၏ ကောင်းကင်မျိုမြွေ သွေးမျိုးဆက်သည် ပြီးပြည့်စုံ လုနီးပါး ဖြစ်နေပြီ ဖြစ်ကာ အစစ်အမှန် ကောင်းကင်မျိုမြွေ ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ထိုခြေတစ်လှမ်းကို လှမ်းနိုင်သည်နှင့် သူသည် အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်သည့် ကောင်းကင် သားရဲ အဆင့်ကို ရောက်ရှိ ပေလိမ့်မည်။
သို့သော်လည်း ယခုတွင်မူ သူကား ချန်းဖန်၏ ခြေထောက်အောက်၌ ပုရွက်ဆိတ် တစ်ကောင် ကဲ့သို့ နင်းခြေ ခံခဲ့ရသည်။ ထိုအရာက သူ၏ ခန္ဓာကိုယ်ကိုသာမက ဂုဏ်သိက္ခာ အလုံးစုံကိုပါ ချနင်းခံခဲ့ရခြင်း ဖြစ်သည်။
"ကျိုးကျူရှင်းကို လွှတ်လိုက်စမ်း ...”
အရှင် ဝိညာဉ် စိုက်ပျိုးခြင်းက ဒေါသတကြီး အော်ဟစ် လိုက်၏။ အဆင့်တူ မြေရိုင်းနယ် အရှင် တစ်ယောက် ယခုကဲ့သို့ သူတစ်ပါး၏ ရက်စက်စွာ အနိုင်ကျင့် ခံနေရခြင်းက သူ့အား ခံပြင်းစေပုံ ရသည်။
"ကျိုးကျူရှင်းနဲ့ ငါ့ အကြားမှာ စာရင်း ရှင်းစရာတွေ ရှိတယ် ... မင်းတို့က သူ့ကို ကူညီချင် တာလား"
ချန်းဖန်က အရှင်သခင် လေးယောက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူ၏ အကြည့်များက ရေခဲအလား အေးစက် နေ၏။
အရှင်သခင် လေးယောက်၏ မျက်လုံးများ၌ ကြောက်လန့်သည့် အရိပ်အယောင် အချို့ ဖြစ်ပေါ်လာသည်။ ချန်းဖန်၏ စွမ်းအားသည် သူတို့ မျှော်လင့်ထားသည့် အရာထက် ကျော်လွန် နေ၏။ သူတို့သည် ချန်းဖန်အား မုန်းတီးသော်လည်း ဖြစ်နိုင်လျှင် တိုက်ပွဲ မဖြစ်လိုချေ။
"ကျုပ်တို့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က အဲဒီလို မဟုတ်ပါဘူး မိတ်ဆွေလေး ... မိတ်ဆွေလေးနဲ့ ကျိုးကျူရှင်းရဲ့ ရန်ငြိုးကို ကျုပ်တို့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး ... မိတ်ဆွေလေး အနေနဲ့လည်း ပုထျန်းသီး ကိစ္စမှာ လက်ရှောင် ပေးစေလိုပါတယ်"
ဘိုးဘေး တကောင်းက မိမိကိုယ်ကို ယုံကြည်မှု ရှိသော လေသံဖြင့် ပြောလိုက်သည်။ သူ၏ ရှည်လျားသော အင်္ကျီလက်များသည် လေနှင့်အတူ လွင့်ပါနေ၏။
ဘိုးဘေးတကောင်း၏ စကားဆုံးသည်နှင့် အခြား အရှင်သခင်များမှာ သူတို့၏ ကျင့်စဉ်များကို အသက်သွင်း လိုက်ကြသည်။ သူတို့သည် ချန်းဖန်ဘက်မှ ငြင်းဆန်သည်နှင့် စတင် တိုက်ခိုက်တော့မည့်ပုံ ရ၏။
"အစ်ကို ...”
ရှောင်မန်က ဖြူရော်စွာဖြင့် ချန်းဖန်အား ကြည့်လိုက်သည်။
ရှန်းရှီကမူ တုန်ချိစွာဖြင့် အားတင်းကာ ထရပ်ရန် ကြိုးစား နေ၏။ အလွန် မာနကြီးသူ တစ်ယောက် အနေဖြင့် သူမသည် မည်သည့် အခါမျှ ဒူးထောက် လက်လျှော့မည် မဟုတ်ချေ။
"နတ်မိမယ် ရှန်းရှီက ငါ့ညီမရဲ့ မိတ်ဆွေပဲ ... ပုထျန်းသီးက သူ့လက်ထဲမှာ ဆိုတော့မင်းတို့ လက်လျှော့လိုက်ပါ"
ချန်းဖန်က ပြောလိုက်သည်။ သူ၏ အသံမှာ သူ၏ အကြည့်များကဲ့သို့ အလွန် လေးနက် နေ၏။
"ငါတို့ဘက်ကတော့ လက်လျှော့ဖို့ လုံးဝ မဖြစ်နိုင်ဘူး ...”
ဘိုးဘေး တကောင်း၏ မျက်လုံးများ၌ အေးစက်သော အလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"မင်း အနေနဲ့ပဲ ထပ်ပြီး နောက်တစ်ကြိမ် စဉ်းစားသင့်တယ် ...”
"ဟဟ ...”
ချန်းဖန်က အနည်းငယ် ရယ်မော လိုက်သည်။ ထို့နောက် သူက စိတ်မရှည်သော လေသံဖြင့် ပြောလိုက်၏။
"ထွက်သွားမလား သေမလား ... ကြိုက်တာ ရွေးစမ်း"
"မင်း ...”
ချန်းဖန်၏ စကားကြောင့် အရှင်သခင် လေးယောက်၏ မျက်နှာများမှာ နီရဲသွားခဲ့သည်။ ဘိုးဘေးတကောင်း ဆိုလျှင် ဒေါသကြောင့် ဆံပင်များပင် ထောင်မတ်လာခဲ့၏။
"သတ်စမ်း ...”
သူက ရေခဲကဲ့သို့ အေးစက်သော လေသံဖြင့် အော်ဟစ်လိုက်၏။
"ဘုန်း ...”
တိုက်ပွဲကား မကြာခင် ထပ်မံ စတင်တော့မည် ဖြစ်သည်။
အရှင်သခင် လေးယောက် စလုံးသည် သူတို့ တစ်ယောက်ချင်းစီ တိုက်ခိုက်ပါက ချန်းဖန်ကို အနိုင်မယူနိုင်ကြောင်း နားလည်လာကြ၏။ စုပေါင်း တိုက်ခိုက်ခြင်းကသာလျှင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
"လာစမ်း ...”
အရှင် ဝိညာဉ် စိုက်ပျိုးခြင်းက သူ၏ လက်မောင်း နှစ်ဖက်ကို ယှက်ကာ လဝံပုလွေအား ဆင့်ခေါ်လိုက်သည်။ အရှင် ရွှမ်ဖုန်းက လေထု၌ စက်ဝိုင်း သဏ္ဌာန်ကို ရေးဆွဲကာ လေဓားများကို ဆင့်ခေါ်လိုက်သည်။ တစ်ချိန်တည်း၌ အရှင် ယွမ်ဝူကလည်း ငွေရောင် ဓားအလင်း တစ်ခုကို ဖန်ဆင်း၏။
သူတို့ အားလုံး၌ ဘိုးဘေး တကောင်းသည် အစွမ်းအထက်ဆုံး ဖြစ်သည်။ သူသည် လက်သီးအား ဆုပ်ကာ သူ၏ ချီစွမ်းအားကို နဂါး တစ်ကောင်အဖြစ် ပြောင်းလဲလိုက်၏။ ထိုနဂါးသည် ဘိုးဘေး တကောင်း၏ အင်္ကျီ လက်အိုးများမှ ထွက်ကာ ကောင်းကင်သို့ ကြယ်ပျံ တစ်စင်းအလား တိုးဝင်၏။
ရွှေအမြုတေ အထွတ်အထိပ် အဆင့် အရှင်သခင် လေးယောက်ကား တစ်ပြိုင်နက်တည်းလိုလို တိုက်ခိုက်လိုက်ကြပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ နတ်မိမယ် ရှန်းရှီ၏ မျက်နှာက မည်းမှောင်သွားသည်။ ကမ္ဘာနှစ်ခု ဆုံမှတ်၏ အတွင်း၌ ဓမ္မစွမ်းအားသည် ကန့်သတ်ခံ ထားရသည့်တိုင် အရှင်သခင် လေးယောက်၏ တိုက်ခိုက်မှုများက အင်အားကြီးနေဆဲ ဖြစ်လေသည်။ သူမအနေဖြင့် စွမ်းအားအမြင့်ဆုံး အနေအထားတွင် ရှိလျှင်ပင် ထိုတိုက်ခိုက်မှုများကို ထိပ်တိုက် ရင်ဆိုင်ရန် ယုံကြည်ချက် မရှိချေ။
"အစ်ကို ...”
ရှောင်မန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် သူမ၏ လက်သီးများကို ဆုပ်လိုက်၏။
"ကလေးကွက်တွေ ...”
ချန်းဖန်က အေးဆေးစွာ ပြုံးလိုက်သည်။ ထိုအချိန်၌ ကမ္ဘာသစ်ပင်သည် နဂါးဖမ်းကြိုး အသွင်ဖြင့် အရှင် ပေ့ဟန်အား ရစ်ပတ် ချည်နှောင်ထားရာ သူ့အနေဖြင့် ထိုအရာကို ထပ်မံသုံး၍ ရတော့မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူက ရွှမ်ဝူ အမြုတေကို အသက်သွင်း လိုက်သည်။
"ဘုန်း ...”
ရွှမ်ဝူ ဓမ္မအသွင်သည် ချန်းဖန်၏ နောက်၌ ပေါ်လာကာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်၏။ တစ်ခဏ အတွင်းမှာပင် ချန်းဖန်သည် လူသား အသွင်မှ ကြီးမားသော ရွှမ်ဝူ သားရဲ အသွင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းက အော်ဟစ်ကာ လက်သည်းအား ဆန့်ထုတ် ကုတ်ခြစ်လိုက်၏။
"ဘုန်း ...”
လဝံပုလွေမှာ ကောင်းကင်မှ ပြုတ်ကျသွားသည်။ အရှင်ဝိညာဉ် စိုက်ပျိုးခြင်းသည် လဝံပုလွေအား နှစ်နှစ်ထောင်တိတိ မွေးမြူ ပျိုးထောင်ထားခြင်း ဖြစ်ပြီး ယခု ဆိုလျှင် ထိုဝိညာဉ်သားရဲသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့်အလား အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် ၎င်းကို တစ်ချက်တည်းနှင့် အနိုင်ယူခဲ့သည်။
"ဘုန်း ... ဘုန်း ...”
တစ်ချိန်တည်း၌ အရှင် ရွှမ်ဖုန်း၏ လေဓားများနှင့် အရှင် ယွမ်ဝူ၏ ဓားအလင်းတို့သည် ချန်းဖန်ထံသို့ တိုးဝင်သည်။ သို့သော်လည်း ထိုဓားများကား ရွှမ်ဝူ၏ အနက်ရောင် အကာအကွယ် အလင်းကို ကျော်ဖြတ်နိုင်ခြင်း မရှိချေ။
"ဘုန်း ...”
အဆုံးတွင် ချန်းဖန်သည် ဘိုးဘေး တကောင်း၏ နဂါးကို လက်သီးဖြင့် ထိုးကာ နောက်သို့ လွင့်စဉ် သွားစေ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်သည် အရှင်သခင် လေးယောက်၏ တိုက်ခိုက်မှုကို အသာအယာပင် ချေဖျက် ပြလိုက်ပြီ ဖြစ်သည်။
"အဲဒါက ဘာလဲ ...”
ဘိုးဘေး တကောင်းမှာ ချန်းဖန်၏ ဓမ္မအသွင်ကို ကြည့်ကာ အံ့ဩ ထိတ်လန့် သွားသည်။
"မြွေတစ်ပိုင်း လိပ်တစ်ပိုင်း ... အဲဒါက မြောက်အရပ်ရဲ့ ဒဏ္ဍာရီလာ သားရဲ အရှင် ရွှမ်ဝူလား ... ဒါပေမဲ့ ရွှမ်ဝူက မြင့်မြတ်တဲ့ ကောင်းကင် သားရဲလေ ... လူတစ်ယောက်မှာ သူ့ သွေးမျိုးဆက် ရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး"
အရှင် ဝိညာဉ် စိုက်ပျိုးခြင်းတို့မှာလည်း ဆွံ့အနေ၏။ နတ်မိမယ် ရှန်းရှီပင်လျှင် မျက်လုံး အပြူးသား ဖြစ်နေခဲ့သည်။
ထိုအရာက ရွှမ်ဝူသားရဲ ဖြစ်သည်။ ကြယ်အစုအဝေး များစွာကို လက်တစ်ဖက် ဝှေ့ရုံဖြင့် ဖျက်ဆီးနိုင်သည့် မြောက်အရပ်၏ အရှင်ဖြစ်သည်။ ထိုလူငယ်လေးက မည်ကဲ့သို့ ထိုသို့သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသနည်း။
ရှောင်မန်မှာမူ အထူးတလှယ် အံ့ဩခြင်း မရှိချေ။ ထိုအရာက ရွှမ်ဝူ သားရဲကို သူမ ဒုတိယ အကြိမ်မြောက် တွေ့မြင်ရခြင်း မဟုတ်ပါလား။
"ဆက်တိုက်ကြဟေ့ ... သူ့ရဲ့ အကာအကွယ်က အနှေးနဲ့ အမြန် ပြိုမှာပဲ"
ဘိုးဘေးတကောင်းက သူ၏ စိတ်ထဲမှ အံ့ဩခြင်းကို မောင်းထုတ်ကာ ချန်းဖန်ထံသို့ တိုးဝင် တိုက်ခိုက် လိုက်၏။ အခြားသော အရှင်သခင် သုံးယောက်မှာလည်း တုံ့ဆိုင်းခြင်း မရှိဘဲ တရကြမ်း တိုက်ခိုက် လိုက်ကြသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
အဆုံးမဲ့ တိုက်ခိုက်မှုများက ချန်းဖန်ထံ ကျဆင်းလာ၏။ ရွှမ်ဝူ သားရဲသည် လက်သည်းများကို ဆန့်ထုတ်ကာ ပြန်လည် တိုက်ခိုက်သည်။ သို့သော်လည်း အချိန် ကြာလာသည်နှင့် အမျှ ရွှမ်ဝူ သားရဲမှာ နောက်သို့ တဖြည်းဖြည်း ဆုတ်နေရ၏။
"ငါ့ရဲ့ ရွှမ်ဝူ အမြုတေက ရွှေအမြုတေ မဖြစ်သေးတာ နာတာပဲ ... မဟုတ်ရင် သူတို့ကို ငါ တစ်ချက်တည်းနဲ့ အပိုင်းပိုင်းဖြတ် ပစ်နိုင်မှာ"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ မည်သို့ပင် ဆိုစေ ထိုလေးယောက် စလုံးမှာ ရွှေအမြုတေ ထိပ်ဆုံး အဆင့်များ ဖြစ်သည်။ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ဖြင့် ထိုသို့သော အရှင်သခင်များကို ရင်ဆိုင် တိုက်ခိုက်ရခြင်းက အမှန်တကယ်ပင် မလွယ်ကူချေ။
အထူးသဖြင့် ဘိုးဘေး တကောင်း၏ တိုက်ခိုက်မှုများသည် အလွန် လျှို့ဝှက်ကာ အစွမ်းထက်သည်။ သူသည် လျှို့ဝှက် ကျင့်စဉ် တစ်ခုကို အသက်သွင်းကာ တစ်နေရာမှ တစ်နေရာသို့ တစ္ဆေ တစ်ကောင်အလား ရွေ့လျားနေ၏။ သူ တစ်ခါ ပြန်လည် ပေါ်လာတိုင်း၌ ချန်းဖန်ထံသို့ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုက ကျရောက် လာစမြဲ ဖြစ်သည်။
"အဲဒါက ထျန်းလန်နယ် လင်းမိသားစုရဲ့ ကောင်းကင်ကိုးခု ကောင်းကင် ကျင့်စဉ်ပဲ ... အဲဒီ ကျင့်စဉ်က ကျင့်ကြံသူကို ဟင်းလင်းပြင်ကို ဖောက်ထွက် သွားလာနိုင်အောင် ကူညီပေးတယ် ... နောက်ပြီး လင်းမိသားစုက တထျန်း ဂိုဏ်းရဲ့ နောက်ဆုံး လက်ကျန် မျိုးဆက်ပဲ"
နတ်မိမယ် ရှန်းရှီက ချန်းဖန်အား ရှင်းပြလိုက်သည်။
"အပျက်မ ... ပါးစပ် ပိတ်ထားစမ်း"
ဘိုးဘေးတကောင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်နှင့် မြေကြီး အကြား၌ ခြေကိုးလှမ်း လှမ်းကာ မိုင်ပေါင်းများစွာ ကြီးမားသော သတ္တဝါကြီး အဖြစ် ပြောင်းလဲ လိုက်၏။
"သေစမ်း ...”
ထို့နောက် ၎င်းက ခြေထောက်ကို မြှောက်ကာ ချန်းဖန်အား နင်းခြေလိုက်၏။
"ဘုန်း ...”
ခြေထောက်ကြီး၏ နင်းကန်မှုအောက်၌ ရွှမ်ဝူမှာ ကောင်းကင်မှ ပြုတ်ကျကာ မြေကြီး၌ မီတာ တစ်ရာလောက် အထိ နစ်မြုပ်သွားသည်။ သို့သော်လည်း ၎င်းက ချက်ချင်းပင် ပြန်ထကာ ရွှမ်ဝူ ကိုယ်ပိုင် နယ်မြေကို ဆင့်ခေါ် လိုက်သည်။
"ဘုန်း ...”
ရုတ်တရက် ချန်းဖန်၏ နံဘေး၌ ရွှမ်ဝူမြစ် ဖြစ်ပေါ်လာသည်။
ရွှမ်ဝူမြစ် အတွင်းရှိ ရေတစ်စက်ချင်းစီသည် မြစ်တစ်ခုကို ဖြည့်တင်း နိုင်သော ရေပမာဏကို သယ်ဆောင်ထား၏။ ရွှမ်ဝူမြစ် စတင် စီးဆင်းလာသည်နှင့် အရှင်သခင် လေးယောက် စလုံးမှာ သူတို့ကိုယ် သူတို့ အစီအရင်များဖြင့် ကာကွယ်ကာ နောက်ဆုတ် လိုက်ကြသည်။
"ဟူး ... ဟူး ...”
တစ်ခဏ အတွင်းမှာပင် အရှင်သခင် လေးယောက်စလုံးမှာ အနည်းငယ် ဝေးရာသို့ ရောက်ရှိ သွားခဲ့၏။ ချန်းဖန်က ရှေ့ဆက်တိုးရန် ဟန်ပြင် လိုက်သော်လည်း သူ၏ ရွှမ်ဝူမြစ်မှာ တဖြည်းဖြည်း အားနည်း လာနေသောကြောင့် ရပ်တန့် လိုက်ရသည်။
"ငါ့ရွှမ်ဝူမြစ်က အစစ်အမှန် စွမ်းအားကို မထုတ်ဖော်နိုင်သေးတာ ဆိုးတာပဲ ... မဟုတ်ရင် သူတို့ နောက်ဆုတ်ချိန်ရှိမှာ မဟုတ်ဘူး"
ချန်းဖန်၏ မျက်လုံး၌ စိတ်ပျက်ခြင်းများ ဖြစ်ပေါ် လာသည်။
နတ်မိမယ် ရှန်းရှီမှာ ထိုတိုက်ပွဲကို မျက်တောင် မခတ်ဘဲ ကြည့်ရှုနေသည်။ သူမ၏ စိတ်အတွင်းတွင်မူ ခံစားချက်များစွာက ရှုပ်ထွေးနေ၏။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
တစ်ချိန်တည်း၌ တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေသည်။
အရှင်သခင် လေးယောက်၏ တိုက်ခိုက်မှုများမှာ အဆုံးမဲ့ကာ ပြင်းထန်လွန်းသည်။ ချန်းဖန်သည် သူတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်နေဆဲ ဖြစ်သော်လည်း အရှင် ပေ့ဟန်ကို ချည်နှောင်ထားသည့် ကမ္ဘာသစ်ပင်ကိုမူ အာရုံစိုက်ကာ ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
"ငါ ဒီအတိုင်း ဆက်ပြီး အချိန်ဆွဲနေလို့ မရတော့ဘူး"
ချန်းဖန်သည် ရွှမ်ဝူ အမြုတေဖြင့် ထိုလေးယောက်ကို အနိုင်တိုက်ရန် မဖြစ်နိုင်ကြောင်း သိထားသည်။ အကယ်၍ ထိုတိုက်ပွဲသာ ဆက်လက်၍ အချိန် ကြာမြင့်နေပါက သူတို့ ကမ္ဘာနှစ်ခု ဆုံမှတ်မှ ထွက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
"ဝှစ် ...”
ချန်းဖန်က ရုတ်တရက် နောက်ဆုတ်ကာ ရွှမ်ဝူ အသွင်မှ လူသားအသွင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်း၌ ကမ္ဘာ သစ်ပင်သည် အလင်းအသွင်ဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း ပြန်လည် ဝင်ရောက်သွား၏။ အထိန်းအကွပ် ကင်းမဲ့သည်နှင့် အရှင် ပေ့ဟန်သည် မီးတောက်အား ထုတ်လွှတ်ကာ ကောင်းကင်သို့ တက်သည်။
"ဆက်ပြီး တိုက်ခိုက်ဖို့ လက်လျှော့ လိုက်ပြီလား မိတ်ဆွေလေး ... အရမ်း ကောင်းတယ် ... ကျုပ်တို့ ပုထျန်း ဆေးမြစ် တစ်စိတ်တစ်ပိုင်းကို မိတ်ဆွေလေးကို ပေးပါ့မယ် ... မိန်းမ တစ်ယောက် အတွက် သွေးစွန်းတာ မကောင်းပါဘူး"
အရှင် ဝိညာဉ် စိုက်ပျိုးခြင်းက ညင်သာစွာ ပြောလိုက်၏။
"မဟုတ်ဘူး ... ငါ အရာ အားလုံးကို အဆုံးသတ်တော့မလို့"
ချန်းဖန်က ပြုံးလိုက်၏။ တစ်ချိန်တည်း၌ ကျန်ရှိနေသော အမြုတေ သုံးခုမှာ အတားအဆီးများ ကျိုးပျက်ကာ အသက်ဝင် လာတော့သည်။
***