← Chapters

အနိုင်ယူခြင်း

Vol. 9 Ch. 865

အနိုင်ယူခြင်း

Vol. 9 Ch. 865

“ဘုန်း ...”

အမြုတေ ငါးခုစလုံး အသက်ဝင်လာသည်နှင့် လှိုင်းတစ်ခု ဖြာထွက်လာသည်။ ထိုလှိုင်းသည် လေဟာနယ်ကို ဖြတ်သန်းကာ ကမ္ဘာနှစ်ခု ဆုံမှတ်ကိုပင် ပိုင်းဖြတ်ရန် ကြိုးစား၏။ ထိုကမ္ဘာ အတွင်းရှိ သက်ရှိတိုင်းမှာ အလွန် ကြောက်လန့်သွားကာ သူ့ထက်ငါ ပုန်းအောင်းကြလေသည်။

“ဒါက ...”

ဘိုးဘေးတကောင်း၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ဝိုင်းစက်သွား၏။

“ကောင်းကင် အမြုတေ ...”

နတ်မိမယ် ရှန်းရှီပင်လျှင် ဆွံ့အသွား၏။

“ဟူး ... ဟူး ...”

ချန်းဖန်သည် လေထု၌ တည်ငြိမ်စွာ ရပ်တည်နေ၏။ သူ၏ စွမ်းအားမှာမူ တရိပ်ရိပ် မြင့်တက်လာနေပြီး မခန့်မှန်းနိုင်သည့် အဆင့်အထိ ရောက်ရှိသွားသည်။ တစ်ချိန်တည်း၌ ကောင်းကင်တွင် မည်းမှောင်သော တိမ်စိုင်အချို့ စတင် ဖြစ်ပေါ်လာ၏။

“ငါက အပျင်းထူတဲ့ လူတစ်ယောက်မလို့ ဒီစွမ်းအားကို ထုတ်မသုံးချင်ဘူး ... ဒါပေမဲ့ မင်းတို့က ငါ့ကို ဘာရွေးချယ်စရာမှ မကျန်အောင် တွန်းအားပေးခဲ့တယ်”

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ နောက်တွင်မူ ရွှမ်ဝူ၊ အဇူရာ သက်ရှည်၊ ခွန်ပန်၊ လိန်ဟူနှင့် ရွှေရောင် အလင်း စက်ဝိုင်းတို့မှာ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့၏။ ၎င်းတို့သည် တိမ်များကဲ့သို့ တစ်ခုနှင့် တစ်ခု ယှက်နွယ်ကာ အဆုံးမဲ့ စွမ်းအားကို ထောက်ပံ့ပေး နေခဲ့သည်။

“မင်းရဲ့ လှည့်ကွက်လေးတွေက ပျော့လွန်းတယ် ...”

အရှင်ပေ့ဟန်က ချန်းဖန်အား သွေးရောင် မျက်လုံးများဖြင့် ကြည့်လိုက်၏။ ချန်းဖန်သည် သူ၏ မျက်နှာ တစ်ဖက်ကို နင်းခြေကာ သူ့အား အရှက်ရှ စေခဲ့သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူရန် အတွက် ချန်းဖန်အား အနိုင်ယူရန် လိုအပ်ပေသည်။

“ဟဟ ...”

ချန်းဖန်က ပြုံးကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။

“ဘုန်း ...”

အမြုတေ ငါးခု၏ စွမ်းအား ထောက်ပံ့မှုတွင် ကောင်းကင်၌ လက်ဝါးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလက်ဝါးက တစ်ခဏ အတွင်းမှာပင် အရွယ်အစား ကြီးမားလာကာ အရှင်ပေ့ဟန်အား အပေါ်စီးမှ ရိုက်နှက်ချ လိုက်သည်။

“ဘုန်း ...”

ကောင်းကင်မျိုမြွေသည် မြေပြင်သို့ကျရာ ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ကမ္ဘာ တစ်ခုလုံး တုန်ရီ သွား၏။ မြေပြင်တွင်မူ ကြီးမားသော အပေါက်ကြီး တစ်ခု ရှိနေပြီး အရှင် ပေ့ဟန်မှာ ထိုအထဲ၌ နစ်မြုပ်နေခဲ့သည်။

“တစ်စက္ကန့် ...”

ချန်းဖန်က အချိန်ကို စတင်ကာ ရေတွက်လိုက်သည်။

ယခု အချိန်၌ အမြုတေ ငါးခုလုံးသည် အပြည့်အဝ အသက်ဝင်နေပြီ ဖြစ်ရာ ဆယ်စက္ကန့်သာလျှင် အချိန်ရသည်။ ထိုဆယ်စက္ကန့်ထက် ပိုပါက မိုးကြိုးကပ်ဘေး ဆင်းသက်လာကာ နတ်ဘုရား စစ်ဆေးခြင်း စတင် ပေလိမ့်မည်။

ထိုမြင်ကွင်းကို ကြည့်ကာ အရှင်ဝိညာဉ် စိုက်ပျိုးခြင်းမှာ အနည်းငယ် ထိတ်လန့်သွား၏။ ဘိုးဘေး တကောင်း၏ မျက်နှာမှာလည်း မည်းမှောင် သွားခဲ့သည်။  အရှင် ပေ့ဟန်သည် သူတို့ အားလုံးထဲ၌ အားအနည်းဆုံး ဖြစ်သော်လည်း သူ့အား ယခုကဲ့သို့ ကြက်ကလေး ငှက်ကလေး အလား ရိုက်နှက်ပစ်ခြင်းမှာမူ လွန်လွန်းပေသည်။

“ဘုန်း ...”

ထိုအချိန်မှာပင် ချန်းဖန်က လက်သီးကို ညင်သာစွာ ထိုးလိုက်ပြန်၏။ အစစ်အမှန် နတ်ဘုရား လက်သီးသည် ရွှေရောင် အလင်းကို သယ်ဆောင်ကာ လေထု၌ ဖြစ်ပေါ်လာသည်။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ၎င်းက အိမ်တစ်လုံးစာခန့် ကြီးမားလာကာ အရှင် ဝိညာဉ် စိုက်ပျိုးခြင်းထံသို့ တိုးဝင်လေ၏။

“ဘုန်း ...”

လဝံပုလွေက ပေထောင်ချီ မြင့်မားသော မီးတောက်များကို မှုတ်ထုတ်ကာ ချန်းဖန်၏ လက်သီးကို ခုခံသည်။ သို့သော်လည်း လက်သီးသည် ဆူနာမီအလား အရာရာကို တိုက်ဖျက်ကာ လဝံပုလွေအပေါ် တည့်တည့် ကျဆင်းလေ၏။

“ဘုန်း ...”

လက်သီးသည် လဝံပုလွေကို ဖျက်ဆီးပြီးသည်နှင့် အရှင်ဝိညာဉ် စိုက်ပျိုးခြင်း အပေါ်သို့ ထပ်မံ ပြိုကျ၏။  အရှင် ဝိညာဉ် စိုက်ပျိုးခြင်းသည် ဝိညာဉ်ကို အထူးပြု ကျင့်ကြံသူ တစ်ယောက် ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ ကျိုးကျူရှင်းလောက်ပင် သန်မာခြင်း မရှိချေ။ သို့ဖြစ်ရာ လက်သီး၏ ကျဆင်းမှုတွင် သူ၏ ခန္ဓာမှာ ပေါက်ကွဲကာ သွေးမြူအဖြစ် ပြောင်းလဲသွားရတော့၏။

လက်သီး တစ်ချက် အတွင်းမှာပင် အရှင်ဝိညာဉ် စိုက်ပျိုးခြင်းကား သေဆုံးသွားရပြီ ဖြစ်လေသည်။

“နှစ်စက္ကန့် ...”

ချန်းဖန်က ရေတွက်ကာ အခြား တစ်ဖက်သို့ လှည့်လိုက်ပြန်၏။

“မကောင်းတော့ဘူး ...”

ထို့နောက် အတွေးတစ်ခုက ရန်သူ အားလုံး၏ စိတ်အတွင်းသို့ တူညီစွာ ဝင်ရောက်လာခဲ့သည်။

“ပြေး ...”

ချန်းဖန်ကား အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့်ထက် ကျော်လွန်သော စွမ်းအားကို သယ်ဆောင်ထားသည်။ ထိုစွမ်းအားက ဘိုးဘေးတကောင်းကိုပင် ကြောက်လန့်စေ၏။ သူ စဉ်းစားမိသမျှ အရာအားလုံးမှာ ချန်းဖန်၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းကာ နောက်မှ တစ်ဖန်ပြန်၍ တိုက်ခိုက်ရန် ဖြစ်သည်။

သို့သော်လည်း ကံဆိုးစွာပင် ချန်းဖန်သည် သူတို့အား ထွက်ပြေးခွင့် မပြုခဲ့ချေ။

“ကောင်းကင် အကျဉ်းထောင် ကျင့်စဉ် ...”

ချန်းဖန်သည် စကြဝဠာငယ် တစ်ခုကို သိမ်းပိုက်သည့် အလား သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်သို့ စုစည်းလိုက်သည်။

ခွန်ပန် ဓမ္မ အသွင်သည် ဟင်းလင်းပြင်ကို ဖောက်ထွက် ပျံသန်းကာ အတောင်ပံများကို ဖြန့်ကြက်၍ ကောင်းကင် တစ်ခုလုံးကို ပိတ်ဆို့၏။ ကောင်းကင် အကျဉ်းထောင် ကျင့်စဉ်သည် ခွန်ပန်၏ နတ်ဘုရား စွမ်းအား တစ်ခုဖြစ်သည်။ ၎င်းသည် အဇူရာ သက်ရှည်၏ နဂါးဖမ်းကြိုးထက် အားနည်းခြင်း မရှိချေ။

“ဘုန်း ...”

ဘိုးဘေးတကောင်းနှင့် အခြားလူများသည် ခွန်ပန်ကို ကျော်ဖြတ်ရန် ကြိုးစားကြ၏။ မရေမတွက် နိုင်သော ဓားအလင်းများသည် ခွန်ပန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သို့သော်လည်း ထိုအရာကား တံတိုင်းအလား ခိုင်ခံ့ကာ အရာအားလုံးကို ပိတ်ဆို့ ထားနိုင်ဆဲဖြစ်၏။

“အသုံးမဝင်ဘူး ...”

ချန်းဖန်က လက်တစ်ဖက်ကို မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။ သူ၏လက်သည် လေထုကို ခွဲဖျက်ကာ အက်ကြောင်း တစ်ခုကို ဖန်တီး၏။ ထိုအက်ကြောင်း အနက်ပိုင်းမှ နဂါးတစ်ကောင် ထွက်လာကာ အလင်းများကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းများသည် တစ်ခုနှင့် တစ်ခု ယှက်နွယ်ကာ စွမ်းအင်ဓားများအလား ဖွဲ့စည်း၏။

“ကလန့် ...”

ဓားများသည် လျင်မြန်စွာ ရွေ့လျားကာ အရှင် ယွမ်ဝူ၏ ခန္ဓာကိုယ်အား တိုဟူးအလား ပိုင်းဖြတ် သွားကြသည်။ ကောင်းကင် မိုးကြိုးဓားကလည်း အရှင် ယွမ်ဝူ၏ လက်နက်ဖြစ်သော မူလဝိညာဉ် ရတနာကို အပိုင်းပိုင်း အစစ ဖြစ်အောင် ပိုင်းဖြတ်သွားသည်။

“သုံးစက္ကန့် ...”

ထို့နောက် ချန်းဖန်က သူ၏လက်ဝါး နှစ်ဖက်ကို ရိုက်လိုက်သည်။ ထိုအခါ ခွန်ပန် သားရဲကလည်း ၎င်း၏ အတောင်ပံ နှစ်ဖက်ကို ရိုက်ကာ အရှင်ရွှမ်ဖုန်းကို တိုက်ခိုက်လိုက်သည်။ အရှင် ရွှမ်ဖုန်းသည် လျှို့ဝှက် နည်းစနစ် တစ်ခုကို ဖော်ထုတ်၍ လွတ်မြောက်ရန် ကြိုးစားသော်လည်း အဆုံး၌ အတောင်ပံ နှစ်ခု၏ ပိုင်းဖြတ်ခြင်းကိုသာ ခံလိုက်ရ၏။

“လေးစက္ကန့် ...”

ချန်းဖန်က ထပ်မံ ရေတွက်ကာ ထွက်ပြေးရန် ကြိုးစားနေသော ဘိုးဘေးတကောင်း ဘက်သို့ လှည့်လိုက်သည်။

ဘိုးဘေးတကောင်းသည် မြေခွေးအို တစ်ယောက် ဖြစ်ရာ သူ့တွင် လွတ်မြောက်ရန် အစီအစဉ် ရှိခဲ့ပြီး ဖြစ်သည်။ ထျန်းလန်နယ်၏ လင်းမိသားစုသည် များစွာသော လျှို့ဝှက် ကျင့်စဉ်များကို ပိုင်ဆိုင်ကာ သူတို့၏ အင်အားမှာ ဟူးကောင်း ကောင်းကင် နယ်မြေထက်ပင် ပို၍ ကြီးမားသည်။

“ဝှစ် ...”

ဘိုးဘေး တကောင်းသည် တစ်စက္ကန့် အတွင်းမှာပင် ကိုးကီလိုမီတာ အကွာသို့ ရောက်ရှိသွားသည်။ အသံ၏ အမြန်နှုန်း ပင်လျှင် သူနှင့် ယှဉ်ပါက မှေးမှိန်ရသည်။

ချန်းဖန်မှာမူ သူ့အား ဖမ်းဆီးရန် အတွက် အလျင်လိုပုံ မရချေ။ သူက ဖြည်းညင်းစွာပင် လက်တစ်ဖက်ကို မြှောက်ကာ ကောင်းကင်သို့ ညွှန်လိုက်သည်။

“ဘုန်း ...”

ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် လေထုတွင် မှေးမှိန် ပျောက်ကွယ်သွားကာ ဘိုးဘေးတကောင်း၏ အရှေ့၌ လက်ညှိုးညွှန်လျက် ပြန်ပေါ်လာသည်။ ထိုလက်ညှိုး၏ ညွှန်မှုတွင် ဘိုးဘေးတကောင်း၏ ခန္ဓာကိုယ်မှာ အေးခဲသွားကာ အက်ကွဲကြောင်းများ စတင် ဖြစ်ပေါ်လာသည်။ ထို့နောက် ၎င်းအက်ကွဲကြောင်းများက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ အဆုံး၌ မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ် ပေါက်ကွဲ သွားတော့သည်။

“ငါးစက္ကန့် ...”

ချန်းဖန်က ရေတွက်မှုကို အဆုံးသတ်လိုက်သည်။ သူ့တွင် တိုက်ပွဲကို အဆုံးသတ်ရန် တစ်ဆယ်စက္ကန့် အချိန်ရခဲ့သည်။ သို့သော်လည်း သူသည် ငါးစက္ကန့် အတွင်းမှာပင် ပွဲသိမ်း နိုင်ခဲ့သည်။ ချန်းဖန်က လှည့်ဖြားခြင်း အစီအရင်ကို အသက်သွင်းလိုက်ရာ သူ၏နောက်ရှိ ပုံရိပ်ယောင် ငါးခုမှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွား၏။ ထို့နောက် သူက မိန်းကလေး နှစ်ယောက်ဘက်သို့ လှည့်လိုက်သည်။

ရှန်းရှီမှာ ထိုမြင်ကွင်းကြောင့် ဆွံ့အနေခဲ့၏။ ထိုအရာက သူမအနေဖြင့် တစ်စုံတစ်ယောက်ကို ပထမဆုံး အကြိမ်အဖြစ် အံ့သြ အထင်ကြီးခြင်း ဖြစ်သည်။

“မမ ... သမီး မပြောဘူးလား ... အစ်ကိုက အရမ်း အစွမ်းထက်တယ်လို့ ... ခု မမ ယုံပြီလား ...”

ရှောင်မန်က အပြုံးဖြင့် ပြောလိုက်၏။

နတ်မိမယ် ရှန်းရှီမှာမူ ချန်းဖန်ကိုသာ ငေးကြောင် ကြည့်နေမိဆဲ ဖြစ်သည်။ သူသည် ငါးစက္ကန့် အတွင်းမှာပင် အရှင်သခင် ငါးယောက်ကို သတ်ဖြတ်ခဲ့သည်။ ထိုသို့သော စွမ်းအားမျိုးက ကောင်းကင်နယ် တစ်ခုတွင်ပင် ထိပ်သီး ပါရမီရှင်အဖြစ် ရပ်တည်ရန် လုံလောက်၏။

“သူ့ရဲ့ အစစ်အမှန် ပုံရိပ်က ဘာလဲ ...”

ထိုမေးခွန်းက ရှန်းရှီ၏ စိတ်အတွင်း ကျယ်လောင်စွာ ဖြစ်ပေါ်လာခဲ့သည်။

*

All Chapters