← Chapters

ရှေးဟောင်း နတ်ဆိုး

Vol. 9 Ch. 866

ရှေးဟောင်း နတ်ဆိုး

Vol. 9 Ch. 866

“ဟူး ...”

ချန်းဖန်သည် လက်တစ်ဖက်ဖြင့် အရှင် ပေ့ဟန်အား ဆုပ်ကိုင်ကာ ကောင်းကင်မှ ဆင်းသက်လာ၏။ စက္ကန့် တစ်ခုချင်းစီ၌ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ သိသိသာသာ ကျဆင်းလာနေခဲ့သည်။ မြေပြင်သို့ အရောက်တွင်မူ သူ၏အသွင်က သာမန်လူ တစ်ယောက် အဖြစ်သာ ကျန်ရှိတော့သည်။

“သူက သူ့ရဲ့ စွမ်းအားကို အချိန် အကြာကြီး မထုတ်ဖော်နိုင်ဘူး ထင်တယ် ... မဟုတ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ပေါ်လာနိုင်တယ်”

နတ်မိမယ် ရှန်းရှီနှင့် အရှင်ပေ့ဟန် နှစ်ယောက် စလုံးမှာ ထိုအရာကို သတိထား လိုက်မိ၏။

“အစ်ကို ... အဆင်ပြေရဲ့လား ...”

ရှောင်မန်ကလည်း စိတ်ပူစွာဖြင့် ချန်းဖန်အနားသို့ ကပ်လာခဲ့သည်။ ချန်းဖန်က မိန်းကလေး၏ ခေါင်းအားပွတ်ရင်း ပြုံးလိုက်၏။

“အစ်ကိုက ထိပ်တန်း ကျင့်စဉ်တွေ အများကြီးကို လေ့ကျင့်ထားတယ် ... တကယ်လို့ အစ်ကိုသာ ဆန္ဒရှိရင် ဒီထျန်းဟောင်ဂြိုဟ်ပေါ်က တန်ခိုးရှင်တိုင်းကို အနိုင်ယူတောင် နိုင်တယ်”

“ဟမ့် ...”

နတ်မိမယ် ရှန်းရှီက နှာခေါင်းရှုံ့ လိုက်၏။

ထျန်းဟောင်ဂြိုဟ်သည် အလွန် ကျယ်ဝန်းပြီး မရေမတွက်နိုင်သော အစွမ်းထက် ကျင့်ကြံသူများ နေထိုင်ကြသည်။ ချန်းဖန်သည် ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်သည့်တိုင် ထျန်းဟောင်ဂြိုဟ်၏ တန်ခိုးရှင်တိုင်းကို အနိုင်ယူနိုင်သည်ဟု ပြောခြင်းကမူ အလွန် ကြီးကျယ်လွန်းသည်။ တိတိကျကျ ဆိုရလျှင် ထိုအရာက လေကြီးခြင်း ဖြစ်သည်။

ချန်းဖန်ကမူ သူမနှင့်ဖက်၍ ငြင်းခုံရန် စိတ်မပါချေ။ သူက လူသားအသွင် ပြန်လည် ပြောင်းလဲထားသော အရှင် ပေ့ဟန်ကို ရှေ့သို့ ပစ်ချလိုက်၏။

“ငါ့မှာ မင်းကို မေးစရာတွေ ရှိတယ် ...”

“မင်းဘာမေးမှာလဲ ဆိုတာ ငါသိတယ် ... ဒါပေမဲ့ အဖြေကို မသိတာက မင်းအတွက် ပိုကောင်းလိမ့်မယ် ...”

အရှင် ပေ့ဟန်က အနည်းငယ် ပြုံးရင်း ဆက်ပြောလိုက်သည်။

“ကျူးဝမ် မျိုးနွယ်အပေါ် ကျိန်စာ တိုက်ခဲ့တဲ့ သူတွေက မင်း စော်ကားလို့ရတဲ့သူ မဟုတ်ဘူး ... သူတို့အတွက် ပေ့ဟန်နယ်ရော ကျူးဝမ် မျိုးနွယ်က ပုရွက်ဆိတ်လောက်ပဲ ရှိတယ် ... ငါတို့ ကျိုးမျိုးနွယ်တောင် သူတို့ရဲ့ အစေခံ အဆင့်ပဲ ရှိတယ် ...”

“ဟုတ်လား ...”

ချန်းဖန်က တိတ်ဆိတ်စွာ ပြုံးရင်း နားထောင်နေ၏။

“ကလေး ... ဘိုးဘေး တကောင်းနဲ့ ဝိညာဉ် စိုက်ပျိုးခြင်းတို့ကို နိုင်ရုံနဲ့ ဒီဂြိုဟ်မှာ မင်း ထင်တိုင်းကြဲနိုင်မယ် မထင်နဲ့ ... သူတို့ထဲက ဘယ်သူမဆို မြေရိုင်းနယ် တစ်ခုကို အသာလေး ဖျက်ဆီးပစ်နိုင်တယ် ... သူတို့က ကောင်းကင်ဂိုဏ်းတွေ ကောင်းကင် အရှင်တွေကိုတောင် မျက်လုံးထဲထည့်တာ မဟုတ်ဘူး”

အထင်ကြီး လေးစားမှု တစ်ခုက ကျိုးကျူရှင်း၏ မျက်လုံး၌ တောက်ပလာ၏။

“သူတို့တွေက အရမ်းကို ရှေးကျတယ် ... အစွမ်းထက်တယ် ... ငါတို့တွေ အားလုံးက သူတို့ရဲ့ ခြေထောက်အောက်က ကျွန်တွေ သာသာပဲ”

“မင်းပြောတာက အတိအကျ ဘယ်သူလဲ ...”

ချန်းဖန်က မေးလိုက်၏။ ရှန်းရှီမှာမူ တစ်စုံတစ်ခုကို သတိထားမိဟန် မျက်မှောင်ကြုတ် သွားသည်။

“သူတို့က ...”

“ဝူး ...”

ကျိုးကျူရှင်းက ပြန်ဖြေရန် ဟန်ပြင်လိုက်စဉ်မှာပင် အဝေးမှ အသံများ ထွက်ပေါ်လာသည်။ ထိုအသံများသည် ကီလိုမီတာ တစ်ထောင်ခန့် အကွာအဝေးမှလာခြင်း ဖြစ်သော်လည်း ကြည်လင် ရှင်းလင်းနေ၏။ အသံတွင် ပါဝင်သော နတ်ဆိုးစွမ်းအား အငွေ့အသက်ကိုပင် သူတို့အားလုံး ခံစား၍ ရနေခဲ့သည်။

“မကောင်းတော့ဘူး ... အဲဒါဘာလို့ သူတို့ ရောက်လာတာလဲ ... သူတို့က ကမ္ဘာနှစ်ခု ဆုံမှတ်မှာ ပေါ်မလာတာ နှစ်ထောင်ချီ ရှိပြီလေ ...”

ကျိုးကျူရှင်း၏ မျက်နှာက ချက်ချင်းပင် အိုစာကျ သွားသည်။ ရှန်းရှီ၏ မျက်နှာမှာလည်း လေးနက်သွား၏။

“အဲဒါက အခြား ကမ္ဘာက ရှေးဟောင်း နတ်ဆိုးတွေ ...”

ချန်းဖန်သည် ထိုအရာကို သူတို့ မတိုင်ခင်ကပင် သတိထားမိခဲ့ပြီး ဖြစ်သည်။ သူက အားလုံး၏ အရှေ့တွင် ရပ်ကာ ကောင်းကင်သို့ မော့ကြည့်နေ၏။

“ခရက် ...”

မကြာခင်မှာပင် လေဟာနယ်သည် ကွဲအက်လာကာ အနက်ရောင် နတ်ဆိုး သင်္ဘောတစ်စင်း ပေါ်လာခဲ့သည်။ ထိုနတ်ဆိုး သင်္ဘောသည် ပေတစ်ထောင်ခန့် ရှည်လျားပြီး အနက်ရောင်သံဖြင့် ပြုလုပ်ထားသည်။ ၎င်း၏ ကိုယ်ထည်တွင်မူ များစွာသော သွေးစင်းရာများ၊ ဓားရာများ ဖြစ်ပေါ်နေ၏။

“ဟူး ... ဟူး ...”

နတ်ဆိုး သင်္ဘော၏ တစ်ဖက်တစ်ချက်တွင်မူ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်ရှိများဖြင့် ပြည့်နှက်နေသည်။ ထိုသက်ရှိများ အားလုံးသည် အနက်ရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး အနီရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူတို့၏ နဖူးထက်တွင်မူ ချိုများ ပါရှိသည်။

နတ်ဆိုး သင်္ဘော တစ်စင်းသာ ပေါ်လာသောကြောင့် ကျိုးကျူရှင်းနှင့် ရှန်းရှီတို့မှာ အနည်းငယ် စိတ်သက်သာရာ ရသွား၏။

“ကံကောင်းတာပဲ ... နတ်ဆိုး သင်္ဘောက တစ်စင်းတည်းပဲ မလို့ ...  သူတို့က ကမ္ဘာနှစ်ခု ဆုံမှတ်မှာ အမဲလာလိုက်ရင်း ဒီကို မတော်တဆ ရောက်လာတာ ထင်တယ် ... နောက်ပြီး အဲဒီ အုပ်စုတည်းက အစွမ်း အထက်ဆုံးတောင် ရွှေအမြုတေ အဆင့်မှာပဲ ရှိတယ် ... ငါတို့ အနိုင်ယူ နိုင်မှာပါ”

နတ်မိမယ် ရှန်းရှီက ထိုင်ရာမှ ထရပ်လိုက်သည်။ အချိန်တချို့ ပြန်လည် ကုစားပြီးနောက် သူမသည် နောက်တစ်ဖန် ထပ်မံ တိုက်ခိုက်ရန် အတွက် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က ဘာမှ ပြန်မပြောဘဲ ကောင်းကင်ကိုသာ ငေးကြည့်နေ၏။ ထို့နောက် လေဟာနယ်သည် ထပ်မံ ကွဲအက်လာကာ ဒုတိယ၊ တတိယနှင့် စတုတ္ထ နတ်ဆိုး သင်္ဘောများ ထွက်ပေါ်လာသည်။ မကြာခင်မှာပင် ကောင်းကင်တစ်ခုလုံးသည် နတ်ဆိုး သင်္ဘောများဖြင့် ပြည့်နှက်သွားသည်။

“ဘာလဲ ...”

နတ်မိမယ် ရှန်းရှီနှင့် ကျိုးကျူရှင်း နှစ်ယောက်စလုံးမှာ ဆွံ့အသွားသည်။

သို့သော်လည်း ထိုနတ်ဆိုး သင်္ဘောများကား ၎င်းတို့ချည်း လာခြင်း မဟုတ်ချေ။ အဆုံး၌ ပေတစ်သောင်းခန့် ကြီးမားသော နတ်ဆိုး သင်္ဘောကြီးပါ ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း၌ ပေါ်လာခဲ့သည်။ ထိုနတ်ဆိုး သင်္ဘောကြီး၏ ဦးခေါင်းသည် နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ကို ထွင်းထုထား၏။ ၎င်း၏ အမြင့်ဆုံး နေရာ၌ နတ်ဆိုးပုံ ရေးဆွဲထားသော အနက်ရောင် အလံကို လွှင့်ထူထားသည်။

ရှန်းရှီနှင့် ကျိုးကျူရှင်းတို့ နှစ်ယောက်စလုံးမှာ ထိုနတ်ဆိုး သင်္ဘောကို မြင်သည်နှင့် အေးခဲ ငြိမ်သက်သွားသည်။

“အဲ ... အဲဒါက ရှေးဟောင်းနတ်ဆိုး တော်ဝင် မိသားစုရဲ့ အလံမလား ... ဘယ်လို ဖြစ်နိုင်မှာလဲ ... ဘယ်လိုလုပ်ပြီး သူတို့ရဲ့ တော်ဝင် မိသားစုက ကမ္ဘာနှစ်ခု ဆုံမှတ်မှာ ပေါ်လာတာလဲ ... သွားပြီ ... ငါတို့တော့ လုံးဝကို သွားတာပဲ ...”

ကျိုးကျူရှင်းမှာ ကြောက်လန့်မှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ ရှန်းရှီကမူ အံကို တင်းတင်းကြိတ်ကာ ရှောင်မန်အား ကြည့်လိုက်သည်။

“ရှောင်မန် ... နင့်အစ်ကိုကို ခေါ်ပြီး ထွက်သွားတော့ ... ငါ တားထားပေးမယ် ... ငါ့အတွက် လက်စားချေပေးဖို့ မမေ့နဲ့”

“မမ ရှန်းရှီ ...“

ရှောင်မန်က ရှန်းရှီ၏ လက်ကိုကိုင်ကာ ပြောလိုက်သည်။

“သမီး အစ်ကိုက အရမ်း အစွမ်းထက်တယ် ... စိတ်မပူနဲ့ ... သမီးတို့အားလုံး ဒီကနေ လုံလုံခြုံခြုံ ထွက်နိုင်မှာပါ”

“ငါတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး ...”

နတ်မိမယ် ရှန်းရှီက ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။

“အခု ဒီနေရာကို ရှေးဟောင်း နတ်ဆိုး တော်ဝင် မိသားစုတောင် ရောက်နေပြီ ... ဘယ်သူက သူတို့နဲ့ တိုက်ခိုက်နိုင်မှာလဲ ... သူတို့ရဲ့ အရေအတွက်ကို ထည့်မတွက်နဲ့ဦး ... ကမ္ဘာနှစ်ခု ဆုံမှတ်ရဲ့  ကန့်သတ်ချက်တွေထဲမှာ ရှောင်မန်ရဲ့ အစ်ကိုက ဘယ်လောက် အစွမ်းထက်နိုင်မှာလဲ”

အရှင်ပေ့ဟန်က ဖြူရော်စွာဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်၏။ သူသည် ထွက်ပြေးခြင်းကိုပင် လက်လျှော့ နေခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်း နတ်ဆိုး မျိုးနွယ်များသည် အလွန် အစွမ်းထက်သည်။ အရွယ်ရောက်လာသော ရှေးဟောင်း မျိုးနွယ် တစ်ယောက်ချင်းစီသည် ရွှေအမြုတေ အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်လာကြသည်။ တော်ဝင် မိသားစုသည် မျိုးနွယ် အတွင်း၌ အစွမ်း အထက်ဆုံး ဖြစ်ကာ သူတို့၏ မျိုးနွယ်ဝင်များမှာ အခြေတည် ဝိညာဉ်အဆင့် သက်ရှိများပင် ဖြစ်လာနိုင်ကြသည်။

တော်ဝင် မိသားစု၏ သန့်စင်သော သွေးမျိုးဆက်များသည် သူတို့ အရွယ် မရောက်မီမှာပင် မျိုးဆက် တစ်ခုတည်းမှ ရန်သူများကို အနိုင်ယူ နိုင်ကြသည်။ ဘုရားသားတော် ကဲ့သို့သော ကောင်းကင် အဆင့်အမြုတေ၊ ကောင်းကင် ခန္ဓာနှင့် နတ်ဘုရားသွေးကြော ပိုင်ဆိုင်ထားသူများမှ လွဲ၍ မည်သူမျှ ရှေးဟောင်းနတ်ဆိုး တော်ဝင် မိသားစုကို မယှဉ်နိုင်ကြချေ။

ရှေးဟောင်း နတ်ဆိုးများ၏ စည်းမျဉ်းအရ ဆိုလျှင် နတ်ဆိုးသင်္ဘော တစ်ခုချင်းစီတွင် သန့်စင်သော သွေးပိုင်ရှင် ရှေးဟောင်း နတ်ဆိုးတစ်ယောက် ပါရှိသည်။ ယခု ကောင်းကင်တွင် နတ်ဆိုးသင်္ဘော တစ်ရာခန့် ပါရှိရာ ထိုအရာက ရွှေအမြုတေ အဆင့် ကျင့်ကြံသူတစ်ရာခန့် ပါရှိသည်ဟု ဆိုလိုသည်။ ထိုသို့သော အင်အားမှာ မည်သို့သော ရွှေအမြုတေ အဆင့်ကို မဆို သတ်ဖြတ်ရန် လုံလောက်သည်။

ရှောင်မန်က ထိုင်ရာမှ ထကာ ပြောလိုက်သည်။

“မမ ရှန်းရှီ ... သမီးမှာ နတ်ဘုရား သွေးကြော ရှိတယ်လို့ မမ ပြောဖူးတယ် မလား ... သမီး မမကို ကာကွယ်ပေးမယ် ...”

“ရှောင်မန် ... ညီမလေးသာ နှစ်ပေါင်း တစ်ရာလောက် လေ့ကျင့်ပြီး ရွှေအမြုတေ ထိပ်ဆုံး အဆင့်ကို ရောက်နေမယ် ဆိုရင်တော့ ရှေးဟောင်း နတ်ဆိုး တော်ဝင် မိသားစုကို အနိုင်ယူ နိုင်မှာပါ ... ဒါပေမဲ့ ခု ညီမလေးက အရမ်းငယ်သေးတယ် ... ညီမလေးရဲ့ အစ်ကိုကို ခေါ်ပြီး ဒီကနေ မြန်မြန် ထွက် ... နောက်ပြီး  ပြန်လည် မွေးဖွားခြင်း ကောင်းကင် နယ်မြေရဲ့ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းကို သွား ... သူတို့က ညီမလေးကို အစစ်အမှန် ကျင့်ကြံခြင်း ကျင့်စဉ်တွေ သင်ပေးလိမ့်မယ်”

ရှန်းရှီက မိန်းကလေး၏ ခေါင်းကို ပုတ်ကာ ထိုင်ရာမှ ထလိုက်သည်။ ထိုအချိန်မှာပင် ကောင်းကင်မှ ကြီးမားသော ကျောက်ဆူးတစ်ခု ပြုတ်ကျလာကာ ဟင်းလင်းပြင် တစ်ခုလုံး အေးခဲသွား၏။

“အဲဒါက ရှေးဟောင်း နတ်ဆိုးတွေ အာကာသ သားရဲတွေကို အမဲလိုက်တဲ့ နေရာမှာ သုံးတဲ့ ဟင်းလင်းပြင် ကျောက်ဆူးမလား ... ငါတို့တော့ သေပြီ ... လျှို့ဝှက် ရတနာတွေ ကျင့်စဉ်တွေ သုံးတောင် လွတ်မှာ မဟုတ်တော့ဘူး”

အရှင် ပေ့ဟန်မှာ အေးခဲကာ မြေပြင်ပေါ် လဲကျသွားသည်။ နတ်မိမယ် ရှန်းရှီမှာလည်း အကူအညီမဲ့မှုကို ဆိုးရွားစွာ ခံစားလာရ၏။

“ဘုန်း ... ဘုန်း ...”

ရုတ်တရက် ထစ်ချုန်းသံများ အဆုံးမသတ်နိုင်အောင် ထွက်ပေါ်လာသည်။ လူတိုင်းသည် ကြည့်လိုက်ရာ ကမ္ဘာ နှစ်ခုမှာ စတင်ကာ ကွာဟလာသည်ကို တွေ့ရသည်။ အခြား တစ်ဖက်၌ ကျန်းရှင်း ကုန်းပြင်မြင့် ရှိပြီး အခြား တစ်ဖက်တွင်မူ ဟင်းလင်းပြင် မုန်တိုင်းများ တိုက်ခတ်နေသော အဆုံးမဲ့ ဟင်းလင်းပြင် ရှိသည်။ ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်း ကမ္ဘာသည် ထျန်းဟောင်ဂြိုဟ်မှ ခွာကာ ဟင်းလင်းပြင် အတွင်းသို့ ဦးတည်နေခြင်း ဖြစ်သည်။

***

ထိုအချိန် ကမ္ဘာနှစ်ခု ဆုံမှတ် အပြင်ဘက်၌ ...

များစွာသော ဝမ်ရှင်း တန်ခိုးရှင်များသည် ကမ္ဘာ နှစ်ခုဆုံမှတ် စတင်ကာ ရွေ့လျားလာသည်အား တွေ့မြင်ရသည်။

“မကောင်းတော့ဘူး ... ကမ္ဘာ နှစ်ခု ဆုံမှတ်က ပိတ်တော့မယ် ...”

ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်က ပြောလိုက်သည်။

“ဒါပေမဲ့ အရှင် ဝိညာဉ် စိုက်ပျိုးခြင်း၊ အရှင် ပေ့ဟန်နဲ့ ဘိုးဘေးတကောင်းတို့က အထဲမှာ ရှိသေးတယ်လေ ...”

အခြားတစ်ယောက်ကလည်း ဖြူရော်စွာ ဆိုလိုက်သည်။

ကမ္ဘာနှစ်ခု ဆုံမှတ်သည် ပိတ်ပြီးသည်နှင့် နောက်တစ်ကြိမ် ပြန်လည်ပွင့်ရန် ရာစုနှစ် သုံးခုကြာအောင် စောင့်ရလိမ့်မည် ဖြစ်သည်။ သူတို့သည် အခြေတည် ဝိညာဉ်အဆင့် အရှင်များ မဟုတ်ရာ ထျန်းဟောင်ဂြိုဟ်သို့ ပြန်လာရန် အခြား လမ်းကြောင်း တစ်ခုကို ရှာဖွေနိုင်မည် မဟုတ်ချေ။

***

ထိုအခိုက် ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်းတွင်မူ နတ်မိမယ် ရှန်းရှီပင်လျှင် လက်လျှော့ နေခဲ့ပြီ ဖြစ်သည်။

“ငါ ဒီလိုနေရာမှာ သေရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး ... ငါသာ ပြန်နိုင်ရင် ဒီပုထျန်းသီးနဲ့ ကောင်းကင်အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်မှာ ... နှမြောစရာပဲ”

သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။ စိတ်ပျက်မှု တစ်ခုက လှပသော နတ်မိမယ်၏ မျက်နှာ၌ မှိန်ဖျော့ဖျော့ ပေါ်နေခဲ့၏။

“သူတို့ကို သတ်ပြီး ပုထျန်းသီးကို ယူခဲ့ ... ငါ မိန်းကလေး နှစ်ယောက်ကို အသက်ရှင်လျက် လိုချင်တယ် ...”

ထူးဆန်းသော စကားသံ တစ်ခုသည် တော်ဝင် မိသားစု နတ်ဆိုး သင်္ဘောမှ ထွက်ပေါ်လာသည်။ ထိုဘာသာစကားသည် ကမ္ဘာကို ခြောက်လှန့်နိုင်သည့် ရှေးဟောင်း စွမ်းအားကို သယ်ဆောင်ထား၏။

“ဘုန်း ...”

များစွာသော ရှေးဟောင်း နတ်ဆိုးများက သူတို့၏ အရှိန်အဝါများကို ထုတ်‌ဖော်ကာ ချန်းဖန်တို့အား သွေးရောင် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

“ငါတို့ ဘာလုပ်ကြမလဲ ...”

ရှန်းရှီက ဖြူရော်စွာ မေးလိုက်သည်။

“ရှောင်မန်ကိုခေါ်ပြီး ထွက်သွား ... သူ့ကို ကာကွယ်ပေးပါ”

ချန်းဖန်က သူမကိုကြည့်ရင်း ဆိုလိုက်သည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်ရှိ အမြုတေများသည် တစ်ခုပြီးတစ်ခု အသက်ဝင်လာကာ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်၏။

“အစ်ကိုက အဲဒီ လျှို့ဝှက် နည်းစနစ်ကို ခုနက သုံးပြီးပြီမလား ... ခု ထပ်သုံးလို့ အဆင်ပြေပါ့ မလား ...”

ရှောင်မန်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။ ရှန်းရှီမှာလည်း ချန်းဖန်အတွက် စိတ်ပူသွားမိ၏။

“ငါ့အတွက် စိတ်မပူနဲ့ ရှောင်မန် ... ခု ရှန်းရှီနဲ့ လိုက်သွား ... နောက်ကျမှ ငါ နင့်ကို လာရှာမယ်”

ချန်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တင်းဟိုင် ပုလဲ ပေါ်လာခဲ့၏။

“ဒါက ...”

ရှန်းရှီမှာ တင်းဟိုင် ပုလဲကို မြင်ပြီးနောက် ချန်းဖန်၏ စိတ်ကူးကို နားလည်သွားသည်။

“လာကြ ...”

ချန်းဖန်က ရှောင်မန်နှင့် ရှန်းရှီတို့ကို တင်းဟိုင် ပုလဲအတွင်း ထည့်သွင်းလိုက်သည်။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်သည် အရောင်ငါးမျိုးဖြင့် တောက်ပလာကာ စွမ်းအင်အားလုံးက သူ၏လက်တွင် စုစည်းလာ၏။

“အစ်ကို ... မလုပ်နဲ့ ...”

ရှောင်မန်က ပုလဲ အတွင်းမှ အော်ဟစ်လိုက်၏။ သို့သော်လည်း သူမသည် ချန်းဖန်ကို တားနိုင်စွမ်း မရှိချေ။

“သူ့ကိုတား ...”

နတ်ဆိုး သင်္ဘောအတွင်းမှ တစ်ယောက်ကလည်း အလောတကြီး အမိန့်ပေးလိုက်သည်။ သို့သော်လည်း ထိုအရာက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“သွားကြတော့ ...”

ချန်းဖန်က ပြောကာ တင်းဟိုင် ပုလဲကို လွှင့်ပစ်လိုက်၏။ ပုလဲသည် လျင်မြန်သော အရှိန်ဖြင့် လေဟာနယ် ကျောက်ဆူး၏ တားဆီးမှုကို ချိုးဖျက်၏။ ထို့နောက် ၎င်းက လေဟာနယ် မုန်တိုင်း တစ်ခုကို ဖန်တီးကာ ထျန်းဟောင်ဂြိုဟ် ရှိရာသို့ ပျံသန်း သွားတော့သည်။

“အစ်ကို ...”

ရှောင်မန်၏ မျက်လုံး၌ မျက်ရည်များ စီးကျလာ၏။ ရှန်းရှီက နောက်သို့ ပြန်လှည့်ကြည့်ရာ အရောင်ငါးမျိုးဖြင့် တောက်ပနေသော အလင်းလုံး တစ်ခုကို တွေ့ရသည်။ ထိုအလင်းလုံး၏ အရှေ့တွင်မူ ရှေးဟောင်း နတ်ဆိုး စစ်တပ်ကြီး ရှိနေခဲ့၏။

“မငိုနဲ့တော့ ရှောင်မန် ... ညီမလေးရဲ့ အစ်ကိုက သူရဲကောင်း တစ်ယောက်ပါ ... သူ့အတွက် ဂုဏ်ယူလိုက်ပါ”

ရှန်းရှီက ပြောလိုက်၏။ သို့သော်လည်း သူမ၏ အသံက အနည်းငယ် တုန်ရီနေခဲ့သည်။

“ဟူး ... ဟူး ...”

တင်းဟိုင် ပုလဲသည် ကမ္ဘာနှစ်ခု ဆုံမှတ်အား ထိုးဖောက်ကာ ကျန်းရှင်းနယ်ကို ဖြတ်သန်း၍ ပျံသန်းသွားသည်။ ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သော ဝမ်ရှင်း တန်ခိုးရှင်များသည် ကောင်းကင်သို့ မော့ကြည့်ရာ ကြယ်ပျံ တစ်စင်းကို တွေ့မြင်ရ၏။

ကမ္ဘာနှစ်ခု ဆုံမှတ် ကောင်းကင်တွင်မူ ချန်းဖန်သည် ရှေးဟောင်း နတ်ဆိုးများကို မျက်နှာချင်း ဆိုင်ကာ ရပ်နေခဲ့သည်။ သူ၏ မျက်နှာတွင်မူ အပြုံးတစ်ခု ရှိနေခဲ့၏။

“ဒီလို စိတ်လှုပ်ရှားစရာ တိုက်ပွဲမျိုး မတိုက်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ... မင်းတို့ ငါ့ကို အထင်ကြီးအောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ် ...”

***

All Chapters